ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် (ဝမ်ခ) (၂၁၁) ● ဝမ်းနည်းစွာနဲ့ ထွက်တော်မူ နန်းကခွာ

စိုးလွင် (ဝမ်ခ) (၂၁၁) ● ဝမ်းနည်းစွာနဲ့ ထွက်တော်မူ နန်းကခွာ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂ဝ၁၆

စစ်အစိုးရနဲ့ ကလလတအဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ပြန်လာတဲ့ ကျနော်၊ ကျနော့်ဘဝရှေ့ရေးအတွက် စဉ်းစားရပါပြီ။
ရန်သူနဲ့အပစ်အခတ် ရပ်စဲလိုက်ပြီးဖြစ်တဲ့ ကလလတနယ်မြေမှာ ရန်သူကို လက်နတ်ကိုင်လမ်းစဉ်နဲ့ အောင်ပွဲခံမယ်လို့ယုံကြည် ထားတဲ့ကျနော်တို့ ABSDF အဖွဲ့အနေနဲ့ ဘာမှမလုပ်နိုင်တော့ဘူးဆိုတာ ကျနော်သိလိုက်ပါတယ်။

ဒါဆိုရင် ကျနော် ဘာဆက်လုပ်ရမလဲစဉ်းစားလိုက်တော့ လက်နက်ချမလား...။ ဒါတော့ လုံးဝမလုပ်နိုင်။ (ABSDF ဗဟိုမကွဲ ခင်ကထဲက ခေါင်းဆောင်တချို့ရဲ့ သောက်တလွဲလုပ်တာတွေ၊ ကိုယ်ကျင့်တရားပျက်တာတွေ၊ အုပ်စုဖွဲ့နေရာလုတာတွေ ကြောင့် အဖွဲ့ရဲ့အခြေအနေမကောင်းဘူးဆိုတာ သိထားပေမဲ့ ရန်သူ့ထံ ဘယ်တော့မှ လက်နက်မချဘူးဆိုတာ ဆုံးဖြတ်ထား သူပါ)။

ဒါဆိုရင် ဘာဆက်လုပ်ရင်ကောင်းမလဲလို့စဉ်းစားလိုက်တော့ မြန်မာပြည်မပြန်ဘဲ ထိုင်းနိုင်ငံထဲမှာပဲ ဖြစ်သလိုလုပ်ကိုင်စား သောက်ပြီး ဘဝကိုမြုပ်နှံတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံဖြတ်ချက်ကျတာနဲ့ နုတ်ထွက်စာကို ကောက်ရေး။ ပြီးတော့ ဗဟိုကော်မတီဝင်တယောက်ကို ပေးပြီး နှုတ်ထွက်ခွင့်ပြုကြောင်းစာကို စောင့်နေလိုက်တယ်။

တပတ်လောက်အထိအကြောင်းမပြန်လို့ နှုတ်ထွက်စာပေးထားတဲ့ဗဟိုကော်မတီဝင်ကို မေးပြန်တော့ တခြားဗဟိုကော်မ တီဝင်တွေကို အသိမပေးရသေးဘူးလို့ ပြောလာတယ်။ ဒါနဲ့ပဲ စိတ်ပျက်ပျက်နဲ့ ထိုင်းနိုင်ငံ မဲစရိယန်မြို့မှာဖွင့်ထားတဲ့ ရုံးခွဲရှိရာ မှာ သွားနေနေလိုက်တယ်။ ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်နေထိုင်ဖို့ အဆက်အသွယ်ရှာရင်ပေါ့လေ။

ဒီလိုနဲ့နေရင်းကနေ တနေ့ကျတော့ ကလလတ စီးပွားရေးတာဝန်ခံ စိုင်းစိုးလွင် အလုပ်ကိစ္စတခုနဲ့ ကျနော်တို့ရုံးကိုရောက်လာ တယ်။ စကားပြောကြရင်း ခင်မင်သွားကြပြီး (ငြိမ်းချမ်းရေးပွဲတုန်းက သူ ကျနော့်အကြောင်းကို လေ့လာမိထားပုံရတယ်) သူ့ရုံးကိုလာလည်ဖို့ ကျနော်ကို ဖိတ်သွားခဲ့တယ်။

ကျနော်လည်း ဘာအလုပ်မှ မယ်မယ်ရရမရှိတော့ သူ့ရုံးကို မကြာမကြာသွားလည်တယ်။ ကြာလာတော့ ပိုခင်မင်မှုတွေများ လာပြီး ကျနော်မသွားဖြစ်ရင်တောင် တယောက်ယောက်နဲ့ခေါ်ခိုင်း တဲ့အထိ ခင်လာကြတယ်။

သူတို့အဖွဲ့နဲ့ စီးပွားရေးအရဆက်ဆံနေတဲ့ ထိုင်းထောက်လှမ်းရေးအိမ်ကိုပါခေါ်သွားပြီး မိတ်ဆက်ပေးတယ်။ ကုန်ကုန်ပြောရ ရင်သူနဲ့ဆက်သွယ်ပြီး ကျောက်အရောင်းအဝယ်လုပ်နေတဲ့ မြန်မာပြည်သူ (ရှမ်းလူမျိုး) အမျိုးသမီးနဲ့ပါ နှစ်ယောက်ထဲ လွှတ် ပေးတဲ့အထိ (ကောင်မလေးကတော့ ကျနော်လို ငနူကောင်ကို သူ့အဆင့်နဲ့ ဘယ်သဘောကျမလဲ။ သူ့ဆရာစကား မပယ် ရဲလို့သာ အတွေ့ခံတာ)
(အေးလေး ကောင်မလေးဘက်က မကြိုက်လို့ပေါ့။ ကြိုက်လို့ကတော့ ကိုယ်တွေအဲဒီတုန်းက ခွာယှက် ဂျို (ချို) သွေးပုံမျိုးနဲ့ဆို ပွဲပြီးပေါ့) ကျနော့်ကို ခင်လာတယ်။

ဒီလိုနဲ့နေကြရင်း တရက်မနက်စောစော ၅ နာရီလောက်မှာ ကျနော်တို့ရဲ့ရုံးတံခါးကို လာခေါက်လို့ ဖွင့်ပေးလိုက်တော့ ထိုင်း နယ်ခြားစောင့်စစ်တပ်က ဖြစ်နေတာတွေ့ရတယ်။

တရုံးလုံးကို သေနတ်တွေနဲ့ ဝိုင်းထားကြတာ။ ပြီးတော့ ကျနော်တို့ကို ဘာလူမျိုးလဲ ဘာကိစ္စနဲ့လာနေတာလဲမေးတော့မှ ကျနော်တို့ကျောင်းသားမှန်းသိသွားတော့တယ်။ (နောက်တော့မှသိရတာက.. ဘေးအိမ်ကတိုင်တာ။ သေနတ်တွေနဲ့ မသ င်္ကာစရာလူတစု ဒီအိမ်မှာ ရှိနေတယ်ပေါ့)

နောက်တော့ ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့်လက်မှတ်ရှိမရှိ စစ်ပါလေးရော။ ကျန်တဲ့သူအားလုံး လက်မှတ်ရှိပေမဲ့ လက်မှတ် မရှိတဲ့ကျနော်နဲ့ လက်မှတ်ရှိသော်လည်း ရက်လွန်နေတဲ့ အောင်လင်းကို ဖမ်းရောပေါ့ဗျာ။
(အလုပ်ကိစ္စနဲ့မဟုတ်ဘဲ လာနေနေတဲ့ကျနော့်ကို ရုံးတာဝန်ခံက လက်မှတ်မလုပ်ပေးရုံမဟုတ်ဘူး..သူ့ရုံးမှာ တာဝန်နဲ့မဟုတ် ရင် မနေဖို့ ပြောလာခဲ့လို့..ငါ ထွက်စာတင်ထားတယ်..နှုတ်ထွက်စာ မရသေးခင်အထိနေမယ်၊ ရတဲ့နေ့ မနေပါဘူးလို့ ပြော ထားပြီသား)

အောင်လင်းနဲ့ ကျနော်ကို နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ရှိရာကို ခေါ်သွားပြီး စစ်မေးပြန်တယ်။ ကျောင်းသားမှန်း ပိုကြိမ်း သေသွားမှ နယ်ခြားစောင့်အရာရှိတွေလည်း လာဖမ်းတုန်းကလို မျက်နှာတင်းတင်းမာမာမဟုတ်တော့ဘဲ ရီရီပြုံးပြုံးဖြစ်လာ တယ်။ (အော်...ထိုင်းအရာရှိတွေနဲ့ ပြောတယ်ဆိုလို့ ကျနော်တို့နှစ်ယောက်လုံးကိုအထင်မကြီးနဲ့… ထိုင်းစကားကို တလုံးနှစ် လုံးပဲ ပြောတတ်ကြတာ။ အများအားဖြစ် လက်ဟန်ခြေဟန်ပဲ)။ ပြီးတော့ ကျနော်တို့ကို ရဲစခန်းအချုပ်ထဲ ပို့လိုက်ရောပေါ့ဗျာ။ အချုပ်တခါမှမကျဖူးတဲ့ ကျနော်တို့နှစ်ယောက်လည်း စိတ်ပျက်အားငယ်စွာနဲ့ နံရံသံတိုင်တွေမှီပြီး ကိုယ့်အဖွဲ့က ဘယ်တော့ လာထုတ်မလဲလို့ မျှော်ရတာပေါ့။

နာရီဝက်လောက်နေတော့ အောင်လင်းနဲ့ ကျနော့်နံမည်ကို ထိုင်းသံဝဲဝဲနဲ့လှမ်းခေါ်သံကို ကြားရလို့ လှည့်ကြည့်လိုက်တော့ ထိုင်းအရပ်ဝတ်ဝတ်တယောက်နဲ့ ရဲတွေ ကျနော်တို့ကို ကြည့်နေတာ တွေ့ရတယ်။ သူတို့တွေ ငါတို့နှစ်ယောက်အကြောင်း ပြောနေတာဖြစ်မှာပဲဆိုပြီး ကျနော်တို့နှစ်ယောက်လည်း ရဲတွေကို ကျောပေးပြီး ပြန်ထိုင်နေလိုက်တယ်။

ခဏနေတော့ ထိုင်းရဲတယောက်ရောက်လာပြီး ကျနော်တို့နှစ်ယောက် ကျောကိုပုတ်လို့ လှည့်ကြည့်လိုက်တော့ ပြုံးပြံးကြီး ကြည့်နေတဲ့ စိုင်းစိုးလွင်နဲ့ သူ့ရဲ့စီးပွားဘက် ထိုင်းထောက်လှမ်းရေးကို အံသြစွာတွေ့လိုက်ရတယ်။

(အံ့သြမှာပေါ့ ကိုယ်မျှော်နေတာက ကိုယ့်အဖွဲ့ကိုး).. ဒီတော့မှပဲ သိလိုက်ရတယ်။ ကိုစိုင်း သူ့ထောက်လှမ်းရေးကိုခေါ်လာပြီး ကျနော်တို့ကို လာထုတ်တယ်ဆိုတာ။

အချုပ်အပြင်ရောက်တာနဲ့ ကျနော်တို့ဖမ်းခံထိတာ ဘယ်လိုသိလဲလို့ ကိုစိုင်းကိုမေးလိုက်တော့ "အချိန်တန်လို့ ခင်ဗျား မရောက်လာတာနဲ့ ကျနော့်ကျောက်ကုန်သည်မလေးကို ခင်ဗျာတို့ရုံးကိုလွတ်ပြီးခေါ်ခိုင်းလိုက်တာ ဖမ်းခံထိမှန်းသိသိချင်း လာခေါ်ထုတ်တာ" လို့ ပြောပြတယ်။

နောက်တော့ အောင်လင်းကို ရုံးပြန်ပို့ပြီး ကိုစိုင်းခေါ်လို့ တနေရာကိုလိုက်သွားပြန်ရော။ ရောက်သွားမှ မယ်စရီယန်မြို့ ရဲမှူးရဲ့မယားငယ်အိမ်ဖြစ်နေမှန်းသိရတော့တယ်။

ရောက်နေတဲ့ ရဲမှူးနဲ့ ကျနော့်ကို မိတ်ဆက်ပေးတယ်။ မယ်စရီယန်မြို့ ရေကြီးနေလို့ လိုအပ်ရင် ကူညီရအောင်ဆိုပြီး လာတာ လို့ ကိုစိုင်းပြောပေမဲ့ ကျနော်တို့ ဘာမှအထွေအထူးမလုပ်ရပါဘူး။ မြို့နယ်ရဲမှူးနဲ့အတူ ရေကြီးတဲ့နေရာတွေ လိုက်ကြည့် တာပဲ။

ညနေစောင်းလို့ပြန်ကြမယ်လုပ်တော့ ရဲမှူးက ကျနော်ကိုမေးတယ် "မင်းတို့ရုံး ဘယ်မှာဖွင့်ထားတာလဲ" တဲ့...နေရာပြောပြလိုက်တော့.."အဲဒီနေရာမကောင်းဘူး ငါ့အိမ်ရှေ့မှာ အိမ်တလုံးငှားဖို့ရှိတယ် အဲဒီမှာ ပြောင်းဖွင့်ကြပါလား။ ငါ တာဝန်ယူ တယ်" လို့ ပြောတယ်။ ကိုစိုင်းလည်း ကျနော့်ကို ပြုံးပြုံးကြည့်နေတော့တယ်။

(မယ်စရီယန်ရေကြီးတာ ကျနော်ဘာမှအကူအညီမပေးနိုင်တာသိရက်နဲ့ ရဲမှူးအိမ်ခေါ်လာတဲ့ကိုစိုင်းကို ခေါ်လာခါစက နားမ လည်ပေမဲ့ ပြန်ခါနီး ရဲမှူးရဲ့ပြောစကားနဲ့ ကိုစိုင်းရဲ့အပြုံးကိုကြည့်ပြီး ကျနော်နားလည်းလိုက်ပါပြီ။ ကျနော်တို့ရဲ့လုံခြုံရေးကို ကောင်းစေချင်လို့ဆိုတာ)

ဒီအကြောင်းကို ကျနော်တို့အဖွဲ့ရဲ့တာဝန်ရှိသူကို ဝမ်းသာအားရပြောပြပေမဲ့ ဘာမှအကြောင်းပြန်ကြားချက်မရခဲ့ဘူး။

ဒီလိုနဲ့နေကြရင်း တရက်ကျတော့ ကျနော့်ကို သူနဲ့အဖော်လိုက်ပေးဖို့ ဝင်းနိုင်ဦး (ဗဟိုကော်မတီ) လာခေါ်တယ်။ ဘာကိစ္စလဲမေးတော့ ထောင်ဝင်စားသွားတွေ့ဖို့လို့ ပြောတယ်။ ဒါနဲ့လိုက်သွားရင် လမ်းမှာမေးကြည့်တော့ ဝင်းတင့်ဟန် (ဆေးမှူး)နဲ့ ကမ်းပူးခြား (နံမည်အရင်း မမှတ်မိတော့)(မိုင်းထိပြီး ခြေတဖက်ပြတ်သွားသော တပ်ရင်း ၂ဝ၄-၂ဝ၅ ရဲဘော်) ဆိုတဲ့ ရဲဘော်နှစ်ဦး မူးယစ်ဆေးမှုနဲ့ အဖမ်းခံနေရကြောင်း သိရတယ်။ (အမှန်က...နိုင်ငံခြားသားအလှူရှင်တွေပေးတဲ့ဆေး တွေကို Dr.စင်သီယာ ဆေးခန်း (မဲဆောက်) ကနေ မဲစရီယန်ကိုသယ်ဆောင်လာရာမှာ ကျနော်တို့အဖွဲ့ကို မကျေနပ်တဲ့ ကရင်ထောက်လှမ်းရေးတွေက ထိုင်းရဲတွေကို အတို့အထောင်လုပ်လိုက်လို့ ဒဏ်ရာရရင်ထိုးရတဲ့ဆေးတွေကို မူးယစ်ဆေး တွေဆိုပြီး အကြောင်းပြအဖမ်းခံရတာ)

တရားရုံးကိုရောက်သွားတော့ အမှုစစ်ပြီးလို့ အချုပ်ထဲပြန်ထည့်တော့မယ့် ဝင်းတင့်ဟန်တို့နှစ်ယောက်ကို တွေ့ရတယ်။ အ ကျိုးအကြောင်းမေးကြည့်တော့ သူတို့ထောင်ထဲရောက်တာ သုံးလလောက်ရှိပြီ။ တရားရုံးထုတ်တာလဲ အကြိမ်ကြိမ်ရှိပြီ။ အခုထိ တရားရုံးက အမိန့်မချသေးကြောင်း သိရတယ်။သူတို့နှစ်ယောက်လုံးလည်း မျက်နှာမကောင်းကြဘူး။ ကိုယ်လည်း ကိုယ်ရဲဘော်တွေကို ဒီလိုတွေ့ရတော့ စိတ်မကောင်းပေမဲ့ ဘာမှမတတ်နိုင်ဘူး။ ကိုယ်ကိုတိုင်တောင် နေထိုင်ခွင့်လက်မှတ် မရှိလို့ ရဲကြောက်နေရတာ။ ကျနော်နဲ့ဝင်းနိုင်ဦးလည်း သူတို့နှစ်ယောက်ကို ပေးစရာရှိတာပေးပြီး ရုံးကိုပြန်လာခဲ့ကြတယ်။

ရုံးရောက်လည်း ဒီအကြောင်းပဲတွေးနေမိလို့ စိတ်ပြေလက်ပျောက် ကိုစိုင်းတို့ရုံးကို ထွက်လာခဲ့လိုက်တယ်။ မျက်နှာမကောင်းဘဲရောက်လာတဲ့ကျနော်ကို ဘာဖြစ်လာခဲ့တာလဲလို့ ကိုစိုင်းမေးလို့ အကျိုးအကြောင်းပြောပြလိုက်တယ်။ နောက်တော့ ကိုစိုင်းက..သူ မဲစရီယန်ရဲမှူးရုံးကို သွားစရာရှိလို့ လိုက်ခဲ့ပါ အုံးခေါ်တာ မလိုက်ချင်ပေမဲ့ (ဘာလက်မှတ်မှမရှိဘဲ ကိုယ့်ကိုဖမ်းနိုင်တဲ့ရဲတွေဆီသွားရမယ်ဆိုတော့ ဘယ်သွားချင်ပါမလဲ) အားနာတာရော… သူ့အားကိုးနဲ့ရောကြောင့် လိုက်သွားခဲ့တယ်။
ရဲစခန်းရောက်တော့ ပိုကြောက်သွားခဲ့တယ်။ မြင်တွေ့နေကျရဲအင်းအားထက်ပိုများနေလို့ ကိုစိုင်းကိုမေးကြည့်တော့ မဲစရီ ယန် မြို့ရေကြီးလို့ ခရိုင်တခုလုံးမှာရှိတဲ့ မြို့နယ်ရဲမှူးတွေ ရောက်နေတာတဲ့။ ကိုစိုင်းကတော့ ရောက်တာနဲ့ မယ်စရီယန်ရဲမှူးနဲ့ စကားသွားပြောနေတယ်။ ကျနော်ကတော့ ချောင်တချောင်မှာ ကုပ်ကုပ်လေး ထိုင်နေပေါ့။

ခဏနေတော့ မဲစရီယန်ရဲမှူးက ကိုစိုင်းကို ခရိုင်တခုလုံးရဲ့ရဲမှူးကြီးဖြစ်တဲ့ ချင်းမိုင်ရဲမှူးနဲ့ မိတ်ဆက်ပေးနေတာ တွေ့ရတယ်။ သူတို့လည်း ရယ်ရယ်မောမောပြောနေကြပြီး စကားနားမလည်တဲ့ကျနော် ငုပ်တုပ်ပေါ့။ နာရီဝက်လောက်ကြာတဲ့အချိန်မှာ ကိုစိုင်းက ကျနော့်ကိုလှမ်းခေါ်ပြီး ကျနော်တို့ရဲဘော်နှစ်ယောက်ဖမ်းခံထိတဲ့အကြောင်း ချင်းမိုင်ရဲမှူးအရှေ့မှာ ကျနော်ကိုမေး ပါလေရော။

ကျနော်ပြောသမျှကို ချင်းမိုင်ရဲမှူးကို ကိုစိုင်းက ဘာသာပြန်ပေးတယ်။ ကျနော်ပြောလို့ပြီးတာနဲ့ ချင်းမိုင်ရဲမှူးက ဝင်းတင့်ဟန်တို့ကိုဖမ်းတဲ့ရဲမှူးကိုခေါ်ပြီး မေးပြန်တယ်။ ရဲမှူးနှစ်ယောက်ပြောတာ ကျနော်နားမလည်ပေမဲ့ ဖမ်းခဲ့တဲ့ရဲမှူးရဲ့မျက်နှာက အ တော်မကျေမနပ်ဖြစ်နေပုံပဲ။

နောက်တော့ ကိုစိုင်းက တရားရုံးသွားကြမယ်လို့ ကျနော့်ကိုခေါ်လို့သွားကြရင်း လမ်းမှာမေးကြည့်တော့ ကျနော်ပြောပြတာ တွေကိုသိသွားတဲ့ ချင်းမိုင်ရဲမှူးက ရဲဘော်နှစ်ယောက်ကိုဖမ်းတဲ့ရဲမှူးကို ပြေလည်အောင်လုပ်ပေးဖို့ ပြောသတဲ့။ ဖမ်းတဲ့ရဲ မှူးက ပထမတော့ လုပ်ပေးဖို့ငြင်းပေမဲ့ ရာထူးကြီးတဲ့ ချင်းမိုင်ရဲမှူးရဲ့အမိန့်ကို မလွန်ဆန်နိုင်တာနဲ့ မကျေမနပ်နဲ့ သဘောတူ လိုက်ရတာတဲ့။

ဖမ်းတဲ့ရဲမှူးလည်း မျက်နှာရှစ်ခေါက်ချိုးနဲ့ တရားရုံးကို လိုက်လာတာပေါ့ဗျာ။

တရားရုံးရောက်တော့ ကိုစိုင်းနဲ့ မယ်စရီယန်ရဲမှူးက အချုပ်ခံတာဝန်ရှိသူတွေနဲ့ သွားပြောနေချိန်မှာ ကျနော်က တရားရုံး အရှေ့မှာ မျက်နှာသေနဲ့ထိုင်နေတာပေါ့။ ဒီအချိန်မှာပဲ ဖမ်းတဲ့ရဲမှူးကလည်း ကျနော်ဘေးနားမှာ မျက်နှာစူပုတ်ပုတ်နဲ့ လာ ထိုင်တယ်။ သူ့နိုင်ငံလည်းဖြစ်ပြန်၊ ကိုယ်ကလည်း တရားမဝင်နေလို့ သူ့ကိုကြောက်ရမယ့်အပြင် သူကလည်း ကိုယ့်ကို မကျေနပ်မှန်းသိနေတော့ ကိုယ့်အခြေအနေက ထဘဲပြေးရတော့မလိုလို အနေအထိုင်ကြပ်လိုက်သည်ဖြစ်ခြင်း။

နောက်တော့ ရဲမှူးက ဒေါသမျက်နှာနဲ့ ထိုင်းလို ကျနော့်ကိုမေးလို့ ငါ ထိုင်းလိုမတတ်ဘူး အင်္ဂလိပ်လိုနည်းနည်းရတယ်ပြောလိုက်တော့ သူ့မျက်နှာမှာ ဒေါသတွေပျောက်ပြီး ကျနော့်ကို အထင်ကြီးတဲ့ပုံပေါက်လာတယ်။ မင်း အင်္ဂလိပ်လို ဘယ်လိုဖြစ်လို့ ပြောတတ်တာလဲလို့ မေးလာလို့ ကျနော်ရဲ့အဖြစ်ကို ကျနော်တတ်တဲ့ အင်္ဂလိပ်အကျိုးအပဲ့နဲ့ရော လက်ဟန်ခြေဟန်နဲ့ရော ပြောပြလိုက်တယ်။

ငါ မြန်မာပြည်မှာ သချာင်္နဲ့ ဘွဲ့ရလာတာ၊ အစိုးရကိုမကြေနပ်လို့ တောခိုလာတာ။ ငါတို့ရဲဘော်တွေ သယ်လာတဲ့ဆေးတွေဟာ မူးယစ်ဆေးဝါးတွေမဟုတ်ဘူးဆိုတာ ပြောပြလိုက်တယ်။

ထိုင်းရဲမှူးပြောပြလို့ သူလည်း ချူလာလောင်ကွန်တက္ကသိုလ်က physics နဲ့ ဘွဲ့ရလာကြောင်းသိလိုက်ရတယ်။ နောက်ဆုံး တော့ ကျနော်တို့နှစ်ယောက် ရီရီမောမောဖြစ်သွားကြတယ်ပေါ့ဗျာ။ မကြာခင်မှာပဲ ကိုစိုင်းလာခေါ်လို့ အချုပ်ကျနေတဲ့ ရဲဘော်တွေရှိရာ လိုက်သွားလိုက်တယ်။ ကျနော့်ကိုတွေ့တော့ ဝင်းတင့်ဟန်တို့နှစ်ယောက် အံ့သြနေကြတယ်။

(သူတို့အံ့သြလည်း အံ့သြစရာ၊ အချုပ်သားတွေကို တရက်ထဲ နှစ်ကြိမ် ရုံးထုတ်ရိုးထုံစံမရှိဘူးလေ။ သူတို့ကိုလာထုတ်တဲ့ ကိုစိုင်းကို သူတို့မသိတော့ လူမှားပြီး လာထုတ်တယ်ပဲထင်နေကြတာ)

ကျနော်လည်း အဖြစ်အပျက်ကို သူတို့ကိုရှင်းပြလိုက်တယ်။ နောက်တော့ ထိုင်းရဲတွေ တရားသူကြီးတွေနဲ့ ညှိနှိုင်းလာတဲ့ ကိုစိုင်းက အခြေအနေတွေကို ကျနော်ကိုရှင်းပြတယ်။ ဒီတခါ တရားရုံးထုတ်လို့ ကျနော်တို့ရဲဘော်နှစ်ယောက်က ဟုတ်မှန် ကြောင်းဝန်ခံလိုက်ရင် တရားသူကြီးက တယောက်ကို ထိုင်းငွေတသောင်းစီဒဏ်ရိုက်ပြီး လွတ်ပေးမယ်။ ဝန်မခံရင် ဒီလိုပဲ တရားရုံးထုတ်လိုက် အချုပ်ထဲထည့်လိုက်လုပ်နေအုံးမယ်လို့ ပြောတယ်။

ဒီအကြောင်းကို ရဲဘော်နှစ်ယောက်ကို ရှင်းပြတော့ သူတို့ကလက်မခံချင်ဘူး။ ဟုတ်မှမဟုတ်ဘဲ ဝန်မခံချင်ဘူးလို့ ပြောတယ်။ ကျနော်လည်း သူတို့ကို ဖြောင့်ဖျရတော့တာပေါ့။

ဟုတ်တာမဟုတ်တာ အဓိကမဟုတ်၊ လွတ်မြောက်ဖို့က အဓိကလို့ ရှင်းပြတော့မှ သူတို့လည်း လက်ခံတော့တယ်။ ဒါနဲ့ပဲ ကိုစိုင်းကိုသဘောတူကြောင်းပြန်ပြောပြတော့ ဒဏ်ငွေကို သူစိုက်ထားပေးမယ်လို့ ကိုစိုင်းကပြောတယ်..

ကျနော်လည်း ရုံးကိုဝမ်းသာအားရပြန်လာပြီး ဝင်းနိုင်ဦး (ဗဟိုကော်မတီ) ကိုပြောပြတော့ ဒီငွေနှစ်သောင်းကို သူမရှာပေးနိုင် ဘူးတဲ့။ ကျနော်တော်တော့်ကို စိတ်ပျက်သွားတယ်(ငွေ နှစ်သောင်းကို လွယ်လွယ်နဲ့ရှာလို့မရဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ရဲတွေနဲ့ညှိပေးမယ့်သူ ငွေစိုက်ထားပေးမယ့်သူမရှိရင် ဘယ်လောက်ကြာအောင် ထောင်ထဲမှာနေရမှန်းမသိတဲ့ ရဲဘော်နှစ်ယောက်အတွက် ကျနော်တို့ ဒီငွေကိုရအောင်ကြိုးစားကြတာပေါ့လို့ မပြောသင့်ပေဘူးလာဗျာ)

ကျနော်ဟာ အဖွဲ့ရဲ့တာဝန်အရှိဆုံးသူလည်းမဟုတ်၊ မကြာခင်မှာဘဲ အဖွဲ့ကထွက်တော့မယ်သူဖြစ်တဲ့အတွက် ကျနော်ဘာ များ တတ်နိုင်ပါအုံးမလဲ။

နှစ်ရက်လောက်နေတော့ အောင်သူငြိမ်း (ဒုဥက္ကဋ္ဌ) ဘန်ကောက်ကနေ မယ်စရီယန်ကို ရောက်လာတယ်။ တောထဲကစခန်းကို သွားဖို့ ကျနော့်ကိုခေါ်လို့ အဖော်လိုက်သွားခဲ့တယ်။ တညအိပ်ပြီးပြန်လာတော့ လမ်းမှာသူ့ကို ကျနော် ပြောတယ်။ ကျနော် ထွက်စာတင်ထားပြီးပြီ။ လမ်းစရိတ်လည်း ရှိနေပြီ။ (ဘန်ကောက်မှာနေတဲ့ ညွန့်ဝင်း (တပ်ရင်း ၂ဝ၄-၂ဝ၅) က ကျနော့်ကို လမ်းစရိတ်ပို့ထားပေးတယ်)။

ကျနော့်ကို ဘန်ကောက်ခေါ်သွားပေးဖို့ပြောတော့ သူ သဘောတူတယ်။ ကျနော်တို့ မယ်စရီယန်ရုံးရောက်တော့ ရုံးကမရှိ တော့ဘူး၊ ပြောင်းသွားပြီ။ ကျနော်တို့နှစ်ယောက်လည်း စုံစမ်းပြီး ရုံးသစ်ကိုလိုက်သွားတော့ ထောင်ကလွတ်ပြီး ရုံးရောက်နေ တဲ့ဝင်းတင့်ဟန်နဲ့ ကမ်းပူးခြားကို ဝမ်းသာစွာတွေ့လိုက်ရတယ်။

(သူတို့ဘယ်လိုလွတ်လာလဲဆိုတာ ကျနော်မေးဖို့အချိန်မရှိခဲ့ဘူး။ ကိုစိုင်းကျေးဇူးကြောင့် လွတ်လာတယ်ဆိုရင်လည်း ဒီငွေတွေကို ပြန်ပေးခဲ့လား ကျနော်မသိတော့ဘူး) (ကျနော်ထွက်လာတာကို ကိုစိုင်းကို ပြောမပြခဲ့တဲ့အတွက် သူမသိခဲ့ဘူး။ ကျနော် အဖွဲ့ကထွက်မယ်ဆိုတာ ဘာကြောင့်မှန်းမသိ ကိုစိုင်းကိုပြောပြဖို့ ရှက်နေခဲ့တယ်)

ကျနော်နဲ့ အောင်သူငြိမ်းတို့နှစ်ယောက် ညကားနဲ့ ဘန်ကောက်ကိုတက်လာခဲ့ကြတယ်။ မနက်ရောက်ပြီး ညဘက်မှာတော့ မိုးသီးဇွန်နဲ့ တွေ့ရတယ်။ ကျနော်ထွက်မှာကိုသိသွားတဲ့ မိုးသီးဇွန်ကလည်း အမျိုးမျိုးပြောပြီးတားပေမဲ့ နောက်နေ့မနက် စော စော အားလုံးအိပ်ကောင်းနေတဲ့အချိန်မှာ ကျနော်ထွက်လာခဲ့လိုက်တယ်။ သူတို့နိုးတဲ့အချိန်မှာ မထွက်ချင်ဘူး။ ရဲဘော်ရဲဘက်ဆိုတဲ့သံယောဇဉ်ကြိုးနဲ့ ငြိနေမှာစိုးလို့.။ ဒါတောင် ရုံးအပြင်ရောက်တော့ လှည့်ကြည့်လှည့်ကြည့်နဲ့ မျက်ရည်က ထွက် ကျလာသေးတယ်။

နောက်တော့ တော်လှန်းရေးကို ငါနိုင်သလောက်လုပ်ခဲ့တာပဲလေဆိုပြီး စိတ်ကိုဖြေက ထွက်လာပါတော့တယ်။

စိုးလွင် (ဝမ်ခ) (၂၁၁)