ဇင်လင်း - လက်နက်ချရေး ထောင့်ကျဉ်းထဲ မောင်းသွင်းနေသမျှ ပြည်တွင်းစစ် အဓွန့်ရှည်နေဦးမည်



ဇင်လင်း - လက်နက်ချရေး ထောင့်ကျဉ်းထဲ မောင်းသွင်းနေသမျှ ပြည်တွင်းစစ် အဓွန့်ရှည်နေဦးမည်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၆


သမ္မတ ဦးထင်ကျော် အစိုးရ၏ ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ’ (ပထမ အကြိမ်) ကို သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ညီလာခံ ကျင်းပပြီးစီးခဲ့သည်မှာ ရက်သတ္တ (၇) ပတ်ခန့် ရှိပြီဖြစ်သော်လည်း တိုင်းရင်းသား ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် အစိုးရတပ်မတော်၏ ထိုးစစ်များ တိုးမြှင့် ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ လျော့ကျသွားခြင်း မရှိသည်ကို သတင်းမီဒီယာများတွင် ဖတ်ရှုသိရှိနေ ရသည်။ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပထမအကျော့ ကျင်းပပြီးသည့်နောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလျှက်ရှိ သည်။ ယခု စစ်ပွဲများကြောင့် ထိခိုက်နစ်နာမှု အများဆုံးခံစားရသူများမှာ အပြစ်မဲ့အရပ်သူအရပ်သားများသာဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဝေဖန် သုံးသပ်နေကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းများအရ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ဘေးရှောင်နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူပေါင်း အနည်းဆုံး (၁၀၀,၀၀၀) ခန့်ရှိသည်ဟု သတင်းများက ဆိုသည်။ လက်ရှိ အခြေအနေမှာပင် ကချင်၊ ရှမ်းနှင့်ကရင်ပြည်နယ်များအတွင်း တိုက်ပွဲများကြောင့် ထောင်ချီသော စစ်ဘေးဒုက္ခသည်များ နေ့စဉ် တိုးများလာနေပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း အထူး လိုအပ်နေပေသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကျော့အပြီး အစိုးရတပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIO ထိန်းချုပ် နယ်မြေများအား ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း တနိုင်းမြို့ရှိဒေသခံပြည်သူများက သိရှိပြီးနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် အောက်တိုဘာ ၃ ရက်နေ့က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တနိုင်းမြို့ ၌ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းအစီအစဉ်ကို တနိုင်းမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ဒေသခံပြည်သူ (၇၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၃ ရက်နေ့ နံနက်က တနိုင်းမြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရသည့် ရည်ရွယ်ချက်မှာ အစိုးရ တပ်မတော်၏ ထိုးစစ်များ ရပ်တန့်် ပေးရန် တနိုင်းဒေသခံ ပြည်သူများ စုပေါင်းလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်သည်ဟု တနိုင်းမြို့ ‘ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ’ ဥက္ကဋ္ဌ ဦးအင်ဒိန်ဇော်နော် က RFA ရေဒီယိုသတင်းဌာနအား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီနေ့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်အစီအစဉ်လုပ်ရခြင်းဟာ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ၂၁ ပင်လုံ ညီလာခံ လုပ်နေစဉ်မှာပဲ စစ်တပ်ကထိုးစစ်ဆင်လာပြီး ကချင်ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်လာပြီး ကျွန်တော်တို့ ဒီ စစ်မီးကြီးဟာ ဒီထက်မကပိုပြီးပြင်းထန်းလာလို့ရှိရင် ဒီပြည်သူလူထုတွေ ရောစစ်ပြေးဒုက္ခသည် စစ်ရှောင်ဒုက္ခသည်တွေ ပါ အတော်များများ ဒုက္ခရောက်နိုင်မယ့် အနေအထားတွေရှိပါတယ်။ အခုကျွန်တော်တို့ ဒီစစ်မီးကို ငြိမ်းဖို့အတွက်နဲ့ ကချင် ပြည်နယ်မှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လူစုဝေးပြီးမှ ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ပါ တယ်” ဟု ဦးအင်ဒိန်ဇော်နော် က RFA သို့ ပြောကြားခဲ့ကြောင်း ကြားရသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ပြည်သူများက ကချင်ဒေသတွင် တပ်မတော် ထိုးစစ်ချက်ချင်းရပ်ရေး၊ စစ်ဘေးရှောင်များဂုဏ် သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ ကချင် ပြည်နယ်တွင် ဖယ်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ နိုင်ငံပြဿနာ မပြေလည်သရွေ့ အကြီးစား စီးမံကိန်းများ ရပ်ဆိုင်းထားရေး စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းကဆိုသည်။ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများကြောင့် တပ်မတော် က ငြိမ်းချမ်းရေး လိုလားမှု ရှိပုံမရဟု လူထုက မြင်နေသည်။ ယခု ထိုးစစ်များ ဆင်နေပုံအရ တပ်မတော်က ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ’အပေါ် ယုံကြည်မှု ရှိပုံမရဟု နိုင်ငံရေးအကဲခတ်များက ထင်နေကြသည်။ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခများ ရပ်စဲရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းလက်မှတ်ထိုး တောင်းဆိုမှု ပြုလုပ်ကြရန် ရှိသည်ဟု မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ဆိုသည်။ တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရေးအတွက် ပြည်သူလူထု၏ ကိုယ်စားလှယ်များအနေဖြင့် လက်မှတ်ရေးထိုးတောင်းဆိုသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက RFA ရေဒီယိုသတင်းဌာနအား ပြောကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် KIO/KIA တပ်ဖွဲ့များ အကြား ဖြစ်ပွား လျှက်ရှိသော တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ပြည်သူလူထု တစ်သောင်းကျော် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။ ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စုဝေးခဲ့ကြပြီး မြို့ထဲက ရပ်ကွက်တွေမှာ လှည့်လည် ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။ ဆန္ဒပြတောင်းဆိုသူများက ထိုးစစ်ချက်ချင်းရပ်၊ စစ်ဘေးဒုက္ခသည်များ ဂုဏ်သိက္ခာ ရှိစွာနေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေး စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဤ ရက်ပိုင်းမှာပင် မြစ်ကြီးနား၊ ဆင်ဘို၊ တနိုင်း စသည့် မြို့များတွင်လည်း အစိုးရတပ်မတော်၏ ထိုးစစ်များ ရပ်တန့်ရေး အတွက် ဆန္ဒပြခဲ့တောင်းဆိုကြသည့်အပြင်၊ KIO/KIA တပ်ဖွဲ့များအနေဖြင့်လည်း တောင်သူများ၏ လယ်ယာမြေများ တ၀ိုင်တွင် မိုင်းမထောင်ရန်၊ လူထုထံ ဆက်ကြေးကောက် မကောက်ရန်၊ လူသစ်စုဆောင်းမှု မလုပ်ရန် တို့ကိုလည်း တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။ အောက်တိုဘာ ၆ ရက်နေ့ ဆန္ဒပြပွဲတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး စသည့် မြို့ရွာ များမှ ဒေသခံများ စစ်ဘေးဒုက္ခသည်များနှင့် ကချင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်ခဲ့ကြ ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံးရပ်တန့်ကာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေပြု အမျိုးသမီးအဖွဲ့အစည်း ၄၀ ခန့်က အောက်တိုဘာ ၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြောင်းလည်း RFA ရေဒီယိုသတင်းအရ သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ City Park Royal စားသောက်ဆိုင်၌ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ကျင်းပခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် အမျိုးသမီးအဖွဲ့အစည်း ၄၀ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ လက်ရှိ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းများနှင့် ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရပြီး ၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးက ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လကလည်း SNLD ပါတီ၏ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေး က တိုက်ပွဲများကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင် ဖြစ်နေကြောင်း၊ ကျောင်း သူ ကျောင်းသားများလည်း ကျောင်းမတက်ရကြောင်း၊ စစ်တပ်၏ ပေါ်တာဆွဲခံရမှုများလည်း ရှိနေကြောင်း ရှမ်းပြည်နယ် လွှတ်တော်သို့တင်ပြခဲ့သည်။ သို့ဖြစ်၍ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရေးနှင့် စစ်ရေးတင်းမာမှု များ ကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့က ကြားဝင်ဖြန်ဖြေပေးရေး တိုက်တွန်းသည့် ‘အရေးကြီးအဆို’ ကို ဒေါ်နန်းစန်းစန်းအေး က ရှမ်းပြည်နယ်လွှတ်တော်တွင် ဇူလိုင်လက အဆိုကိုတင်သွင်းခဲ့ဖူးသည်။ SNLD ကိုယ်စားလှယ်၏ ၎င်း စစ်ပွဲများ ရပ်တန့်ပေးရေး တိုက်တွန်းသည့် အဆိုကို ဇူလိုင် ၁၄ ရက်နေ့ကတင်သွင်းခဲ့ကြောင်းသိရပြီး၊ နယ်/လုံဝန်ကြီး က မှတ်တမ်းတင်ထားရန် ဆွေးနွေးသော်လည်း မဲခွဲဆုံးဖြတ်ရာ အဆို အနိုင်ရသဖြင့် အတည်ပြုနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) တို့ကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူများအနေဖြင့် သွားလာရန်ခက်ခဲလာခြင်း၊ လုပ် ကိုင်စားသောက်ရန် ခက်ခဲလျှက်ရှိခြင်း၊ ဒေသခံများ စစ်ဘေး ဒုက္ခသည်များအဖြစ် စစ်ရှောင်စခန်းများတွင် နေထိုင်ကြရပြီး မိမိတို့ နေရပ်သို့ ပြန်လည်နေထိုင်ရန် အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောဝ်ကျေးရွာအုပ်စု၏ အနောက်ဘက်တွင် အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံများ မိမိရပ်ရွာ နေအိမ်၌ မအိပ်ရဲကြဘဲ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းအိပ်နေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်သည် (RCSS/ SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ( NCA) လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်သည်။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းပန် က “လွှတ်တော်မှာစစ်ပွဲ ရပ်တန့်ဖို့ အဆိုတင် သွင်းထားတာရှိပေ မယ့်လည်း အခုထက်ထိ ဆက်ဖြစ်နေတုန်းဘဲ။ ကျနော်တော့ အဆိုဆက်တင်မယ်။ကျနော်တို့သိသလောက် မြင် သ လောက်တော့ NCA လက်မှတ်ထိုးတယ်ဆိုပေမယ့် အပစ်ရပ်ကြတယ် ဆိုပေမယ့် မကြာမကြာဆိုသလို ပစ်နေကြတာပဲ။ နောက်ပိုင်း NCA လက်မှတ်ထိုး ထားတဲ့ စစ်ပွဲမဖြစ်တော့ဘူးလို့အယုံအကြည်မရှိနိုင်ဘူးပေါ့။ ရှေ့ဆက် စစ်ပွဲမဖြစ်လာ နိုင်ဘူးလို့ မပြောနိုင်ဘူး” ဟု ဆိုသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ အစိုးရတပ် မတော် နှင့် သျှမ်းပြည်တပ်တော်ကြား အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိတိုက်ပွဲဖြစ်ပြီး စစ်ပြေးဒုက္ခသည် ၂,၀၀၀ ခန့် တုံလောကျေးရွာ တောင်ကျောင်း နှင့်မြောက်ကျောင်း တွင် ခိုလှုံကြောင်း သိရသည်။ မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများ အထူးသဖြင့် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်နေမှု အမြန်ဆုံးရပ်တန့်ရန် ချင်းလူငယ်ကွန်ယက်အဖွဲ့ကလည်း အောက်တိုဘာလ ၄ ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်တောင်းဆိုထားကြောင်း ‘ခိုနူမ်းထုန် သတင်း’ (Khonumthung News) က ဖေါ်ပြခဲ့သည်။

“မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို မျှော်ကိုးလျက် တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ဆင်နေမှုအား တစ်နိုင်ငံလုံးအဆင့်ရပ်ဆိုင်းပေးရန် လေးလေးနက်နက် တိုက်တွန်း သည်” ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သတင်းက ဆိုသည်။

လွန်ခဲ့သည့် စက်တင်ဘာလဆန်းမှ အစပြု၍ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များ ဖြစ်သည့် ‘တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်’ (DKBA)၊ ‘ကချင်လွတ်မြောက်ရေးတပ်ဖွဲ့’ (KIO/KIA) တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့ပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် RCSS/SSA)နှင့် အစိုးရတပ်မတော်တို့အကြားလည်း မကြာသေးမီက တိုက်ပွဲဖြစ်ပွားခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က အပစ်ရပ်လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ “အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” (NRPC)၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တစ်ပြိုင်တည်း ကြေညာပြီး အပစ်ရပ်စဲကြရေးကို တောင်းဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ကိုယ်စားလှယ်တို့၏ တောင်းဆိုချက်ကို ရရှိရန် ကြိုးပမ်းပေးမည်ဟု ပြောကြားခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင် ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့သည်။ အခြေအနေ အရပ်ရပ် ကို သုံးသပ်ကြည့်ပါက NLD အစိုးရသစ်အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားပုံရကြောင်းတွေ့ရသည်။

“ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက် ဒရယ်ကောင်စီ” (UNFC) က အောက်တိုဘာ ၈ ရက်နေ့တွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ “မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်၏ အခြေခံ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ခေတ်အဆက်ဆက် အုပ်စိုးသူ နှင့် အစိုးရတို့ကို လိုလားတောင်း ဆိုခဲ့ သော်လည်း တိုင်းပြည်အာဏာကို ရယူထားသည့် အာဏာရှင်အဆက်ဆက်က စစ်မှန်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ များအား ယနေ့ထိတိုင် မဖော်ဆောင်သေး။” ဟု UNFC က ထုတ်ပြန်ကြေညာခဲ့ကြောင်း မွန်သတင်းအေဂျင်စီသတင်းက ဖေါ်ပြခဲ့သည်။ UNFC အနေဖြင့် ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေးမူဘောင် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၂ - ၂၀၁၃ ခုနှစ် ကာလတွင်လည်းကောင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို NCCT အနေဖြင့် ၂၀၁၃- ၂၀၁၅ ခုနှစ်ကာအတွင်းလည်းကောင်း၊ အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်၍ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်စဲနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဦးသိန်းစိန် အစိုးရအနေဖြင့် NCCT အဖွဲ့ဝင်များအားလုံးကို NCA တွင် အတူတကွ ပါဝင်လက်မှတ် ရေးထိုးရန် လက်မခံခဲ့ သဖြင့် ယနေ့ထိတိုင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို မဖော် ဆောင်နိုင်ပဲ စစ်ပွဲ၏ အနိဌာရုံများအား တိုင်းပြည် အနေ ဖြင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ထိုးစစ်များ အမြန်ဆုံး ရပ်တန့်၍ တိုင်းပြည်၏ အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေမရှာဘဲ စစ်အင်အားသုံး ဖြေရှင်းနေမည်ဆိုပါက ပြည်တွင်း ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဦးမည်သာ ဖြစ်ကြောင်း၊ အောက်တိုဘာ ၈ ရက်နေ့ UNFC ၏ သဘောထားထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

သို့ဖြစ်၍ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုကို အလေးထားခြင်း နှင့် အပြန်အလှန် ယုံကြည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရေးအတွက် စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ရပ်တန့်ပေးသင့်ပေသည်။ လက်ရှိ အခြေအနေတွင် အစိုးရနှင့် တပ်မတော်အကြား၊ အစိုးရနှင့် တိုင်းရင်းသားများအကြား၊ တိုင်းရင်းသားများနှင့် တပ်မတော်အကြား မူဝါဒ သဘောထားဆိုင်ရာ အမြင် ကွဲလွဲမှုအချို့ ရှိနေသည်ဟု ယူဆပါသည်။ ၎င်းကိစ္စကို အမြော်အမြင်ကြီးစွာဖြင့် ညှိနှိုင်း ဆွေးနွေး အဖြေရှာသင့်ပါသည်။ တဦးအပေါ်တဦး နားလည်စေရန်၊ တဦးနှင့် တဦးယုံကြည်မှု ခိုင်မြဲစေရန် သဘောထားကြီး စွာထား၍ Dialogue နည်းလမ်းဖြင့် အဖြေရှာ ဖို့လိုပါသည်။ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားများအကြား ပြည်တွင်း စစ် အခြေခံဇစ်မြစ်နှင့် စပ်လျဉ်း၍ သုံးသပ်ပုံ ကွဲလွဲမှုအချို့ ရှိနေသည်ကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းသင့်ပါသည်။ အရှိကို ရိုးရိုးသားသား လက်ခံ၊ တန်းတူညီမျှမှု စိတ်ဓါတ်ကို အခြေခံ ညှိနှိုင်းမှသာ လက်ရှိ စစ်ရေး ပဋိပက္ခများကို အဆုံးသတ်နိုင် မည် ထင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်တွင် NLD အစိုးရသည် တိုင်းရင်းသားများ၏ ဆုံးရှုံးနစ်နာမှုများနှင့် စိတ် ခံစားချက်များကို မှန်မှန်ကန်ကန် နားလည်ရန် ကြိုးစားနေပြီး၊ စစ်ရေးပဋိပက္ခအားလုံးကို အဆုံးသတ်ပစ်လိုပုံရပါသည်။ တိုင်းရင်းသားပြည်သူလူထု၏ စစ်မုန်တီးရေး ဆန္ဒထုတ်ဖေါ်မှုများကိုလည်း NLD အစိုးရက သဘောတူ လက္ခံပုံရပါသည်။

သို့သော် တပ်မတော်က တိုင်းရင်းသားများအပေါ် စစ်ရေးအရ ဖိအားပေး အကျပ်ကိုင် ပြောဆိုနေသဖြင့် နားလည်မှု ရရှိရန် အခက်အခဲ ဖြစ်နေသည်။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးလိုသော သဘောထားအမှန်တကယ်ရှိလျှင် ကြိုတင်စည်းမျဉ်း ကန့်သတ် မထားဘဲ၊ စိတ်ကောင်း နှလုံးကောင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲ Open Political Talks လုပ်သင့်ပါသည်။ အပြုသဘောဖြင့် ဆွေးနွေးညှိနှိုင်းရပါမည်။ စစ်ရေးဖိအားသုံး ဇွတ်အတင်း လက်နက်ချရေး ထောင့်ကျဉ်းထဲ မောင်းသွင်း ရန် ကြံစည်နေသမျှ မယုံသင်္ကာစိတ်များ ပိုမိုကြီးထွားလာနိုင်သည်။ အချင်းချင်း အပြန်အလှန် ယုံကြည်မှု ရရှိအောင် မလုပ်နိုင်သမျှကာလပတ်လုံး စစ်ပွဲများ အဓွန့်ရှည်နေမည်သာ ဖြစ်သည်ကို တပ်မတော်ခေါင်းဆောင်များ နှလုံးသွင်း နိုင်ကြပါစေကုန်။