ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အမျိုးသမီးသိပ္ပံပညာရှင် သုတေသနသမားအဖြစ် ရပ်တည်ချင်တဲ့ ပါရဂူဘွဲ့ရပြည်တော်ပြန် ဒေါက်တာနီလာလွင်


အမျိုးသမီးသိပ္ပံပညာရှင် သုတေသနသမားအဖြစ် ရပ်တည်ချင်တဲ့ ပါရဂူဘွဲ့ရပြည်တော်ပြန် ဒေါက်တာနီလာလွင်
(တွေ့ဆုံမေးမြန်းခန်း)
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆
 

တွေ့ဆုံမေးမြန်းသူ ■ ခင်စန္ဒာမြင့်
တည်းဖြတ် ပြင်ဆင်သူ ■ ငြိမ်းချမ်းအေး

 
နိုင်ငံရေးအပြောင်းအလဲကာလမှာ နိုင်ငံအတွက် အားသစ်တွေထပ်လောင်းပေးဖို့ ပြည်တော်ပြန်ခဲ့သူ Materials Engineering ပညာရှင် ဒေါက်တာ နီလာလွင်နှင့် အမေး-အဖြေ
---------


"ဗမာပြည်မှာ အစ်မကျောင်းတက်ခဲ့တာက Arts and Science အောက်ကတက်ခဲ့ရတာ။  အစ်မ ဟိုမှာဘယ်လိုပဲ အင်ဂျင်နီ ယာတယောက် ဖြစ်ခဲ့ပေမယ့် ဒီမှာက ခွဲခြားမှုရှိနေတယ်။ သူတို့က အင်ဂျင်နီယာကျောင်းဆင်းဖြစ်မှလိုချင်တယ်။ အဲ့လိုဖြစ် နေတယ်။ အစ်မ အခု နိုင်ငံခြား ပါရဂူဘွဲ့ရတယောက်အနေနဲ့ နည်းပညာ အင်ဂျင်နီယာတက္ကသိုလ်မှာ ဆရာတယောက် သွားလုပ်မယ်ဆို သူတို့က လက်ခံချင်မှ လက်ခံမယ်…."

ဒါတွေကတော့ ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ကိုယ်သင်ထားတဲ့ပညာနဲ့ ကိုယ်နိုင်တဲ့ဝန်ကို ၀င်ထမ်းမယ်ဆိုတဲ့စိတ်ဖြင့် ပြန်တော် ပြန် ဝင်လာခဲ့တဲ့ Materials Engineering ဘာသာရပ်နဲ့ ပါရဂူ ဘွဲ့ယူခဲ့ပြီး နိုင်ငံရပ်ခြားမှာ သုတေသနတွေ လုပ်ခဲ့ဖူးသူ ဒေါက်တာဒေါ်နီလာလွင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တုန်းက စကားသံအချို့ဖြစ်ပါတယ်။  ဒေါက်တာ ဒေါ်နီလာလွင်ရဲ့ ပြည်တော်ပြန် မျှော်လင့်ချက်၊ လက်တွေ့လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေတဲ့ အတွေ့အကြုံ၊ အခက်အခဲ စတာတွေကို မိုးမခ စာဖတ်ပရိသတ်အတွက် သူ စာတမ်း တစောင် ဖတ်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်Regional Conference on Materials Engineering 2016 ညီလာခံ၊ မှာ အောက်တိုဘာ လ ၂၆ ရက်နေ့ အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်……။
ပထမဦးဆုံး အစ်မရဲ့နာမည်နဲ့ ပညာသင်ယူခဲ့တဲ့ တက္ကသိုလ်တွေရဲ့နာမည်ကို ပြောပြပေးပါ။
အစ်မရဲ့နာမည်က ဒေါက်တာနီလာလွင်ဖြစ်ပါတယ်။  အစ်မက ပထမဦးဆုံး ရေနံချောင်းကောလိပ်မှာ ရူပဗေဒ  အထူးပြုနဲ့ ၂ နှစ်တက်ခဲ့ပါတယ်။ နောက်တော့ ဂုဏ်ထူးတန်းဝင်တော့ မကွေးတက္ကသိုလ်မှာ ၃ နှစ်တက်ခဲ့ပါတယ်။  ပြီးတော့ ရန်ကုန် တက္ကသိုလ်ကို Engineering Physics ဆိုပြီး ၂ နှစ်ပြောင်းတက်ခဲ့ပါတယ်။  အဲ့ဒီကနေမှ Master of Research ၀င်သွားတယ်။  ပြီးတော့ PhD ပထမနှစ်အတွက် လုပ်နေတုန်းမှာ အစ်မရဲ့ Senior အစ်မတယောက်လည်းလိုလဲဖြစ်၊ ဆရာမလည်းဖြစ်တဲ့ သူက JICA ကနေ ပညာသင်ဆုရသွားတယ်။  ဟိုရောက်တော့ သူက သုတေသနအတွက် Grant (ထောက်ပံကြေး) တွေလျှောက်တဲ့အခါမှာ အစိုးရကပေးတဲ့ Grant အကြီးကြီး တခုကို ရသွားတယ်။  အဲ့တော့ ကျောင်းသားလိုလာတာပေါ့။ အဲ့ဒီမှာသူက အစ်မကို မလေးရှာနိုင်ငံမှာ PhD လာလုပ်ဖို့ စိတ်ဝင်စားလားဆိုပြီး မေးလာပါတယ်။  အစ်မက လုပ်ချင် တယ်ဆိုတော့ သူက သူ့ရဲ့ပါမောက္ခနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို မေးမြန်းပြီး အစ်မကို ပို့ခိုင်းတယ်။ ဒီလိုနဲ့ အစ်မလည်း ကျောင်းတက်ခွင့်ရခဲ့တယ်။  ပထမကတော့ ကျောင်းကပေးတဲ့ Grant ထဲက ရတဲ့ထောက်ပံ့ငွေ Allowance  နဲ့ပဲ အစ်မနေ ခဲ့တယ်။ Registration Fees တွေကိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးပါတယ်။  ရေရှည်ကျတော့ ပေးရတဲ့ ပမာဏကများတော့ အစ်မလည်း မတတ်နိုင်ဘူး။ ဒါနဲ့ ကျောင်းကပေးတဲ့ ပညာသင်ဆုတွေကို လျှောက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ တကြိမ်ပဲ လျှောက်ရတယ်။ အဲ့ဒီက ပညာသင်ဆုကို အစ်မရခဲ့ပါတယ်။ အခက်အခဲတွေတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမယ့် လေးနှစ် ကျော်ကျော်လောက်မှာတော့ အစ်မ PhD ရခဲ့ပါတယ်။ 



အစ်မ PhD ပြီးသွားတော့ရော အဲ့ဒီကျောင်းမှာပဲ ဆက်ပြီး အလုပ်လုပ်ခဲ့တာပါလား။
Research Officer အနေနဲ့ ယာယီလုပ်ခဲ့ပါတယ်။  ၆လ၊ ၇ လလောက်လုပ်ခဲ့တယ်။ ဒီကြားထဲမှာလည်း တခြားကျောင်းတွေကို လျှောက်ခဲ့သေးတယ်။ နောက်တော့ University of Malaya, Kuala Lumpur ကနေ အစ်မကို ခေါ်စာ Offer Letter ပို့လာ ပါတယ်။  သိပ္ပံ သုတေသနတွေပြုလုပ်ရတဲ့ပညာရှင် Research Scientist  (Research Fellow)  အနေနဲ့ပါ။  အဲ့ဒီမှာ ပါရဂူ ဘွဲ့လွန် သုတေသနသမား Post doctorate  Research Fellow အနေနဲ့ ၂ နှစ်လောက် ကြာအောင်လုပ်ခဲ့ပါတယ်။

သူတို့နိုင်ငံမှာက နိုင်ငံခြားသားဆိုရင် စာချုပ်တွေနဲ့ပဲ သက်တမ်းတိုးပြီးတော့လုပ်ရတာဆိုတော့ ပြီးခဲ့တဲ့ဇွန်လလောက်မှာ စာချုပ်သက်တမ်းကပြည့်တော့မယ်။ အဲ့ဒီအချိန်မှာပဲ အစ်မတို့ မြန်မာပြည်မှာလည်း တက္ကသိုလ်တွေအတွက် ဆရာ ဆရာမ တွေခေါ်တယ်ဆိုတော့ ပြန်ရင်ကောင်းမလား စဉ်းစားတယ်။ ပြီးတော့ ဟိုမှာနေရင်းနဲ့လည်း ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက် တွေကို အများကြီး မြင်လာရတယ်။ တခါတလေကျတော့လည်း ကိုယ့်မောင်၊ ညီမအရွယ်လေးတွေ ပညာသင်နေကြရတာဟာ နိုင်ငံတကာနဲ့ အများကြီး ကွာခြားနေပါလားဆိုတာကို မြင်လာရတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲ့တော့ ငါတတ်နိုင်သ လောက် ဘာလုပ်ပေးမလဲဆိုတဲ့ စိတ်မျိုးတွေလည်း ရှိတယ်။ ဟိုမှာလည်း တသက်လုံး အခြေမချချင်ဘူး ကိုယ့်နိုင်ငံအတွက် လည်း ငါတတ်နိုင်သလောက်လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ပြန်လာခဲ့ပါတယ်။  ပြန်လာတော့လည်း မကွေးတက္ကသိုလ်မှာလျှောက်မယ်ဆိုတဲ့ စိတ်နဲ့ လျှောက်ပါတယ်။
အဲ့လိုတွေလျှောက်မယ်လို့ ဆုံးဖြတ်တော့ ဘယ်လို ပုံစံနဲ့ အဆင့်ဆင့်လျှောက်ခဲ့ရလဲ။
သူတို့ကတော့ အွန်လိုင်းမှာရော သတင်းစာတွေထဲကရော ခေါ်တယ်ပေါ့။ သူငယ်ချင်းတွေ အကူအညီနဲ့ လျှောက်လွှာ တွေယူတယ်။  နောက်ပိုင်း ပြန်လာပြီးတော့ ကိုယ်တိုင်ပဲ လျှောက်လွှာတွေကို တင်ခဲ့ပါတယ်။  အစ်မက ရေးဖြေမလိုတော့ ဟိုကို ပြန်သွားတယ်။ နှုတ်ဖြေ ဖြေရမယ့်စာရင်းထုတ်တော့ အစ်မနာမည်ပါလာတော့မှ ပြန်လာပြီး လူတွေ့ အင်တာဗျူးထိုင် တယ်။  နောက် Result (အောင်စာရင်း) ထွက်လာတော့ အစ်မရတယ်ပေါ့။  အဲ့ဒီအချိန် ဟိုဘက်မှာက အစ်မ စာချုပ်မပြည့် သေးဘူး။ အဲ့တော့ အစ်မ ချက်ခြင်းပြန်လာပြီး ဒီမှာအလုပ်ဝင်လို့ မရဘူး။ သူတို့က ဘယ်နေ့မှာ အလုပ်ဝင်ရမယ်ဆိုတဲ့ Target Date ပေးထားတယ်။ မ၀င်နိုင်ဘူးဆိုရင် မရဘူးပေါ့။  အဲ့တော့ ကျမကဒါကိုလျှောက်ဖို့ တခေါက်သပ်သပ်ပြန်လာတယ်၊ အင်တာဗျူးလည်း ကိုယ်တိုင်ကိုယ်ကျပြန်လာဖြေတယ်။ ဒါကိုမှ အစ်မကို မစောင့်နိုင်ဘူး၊ မခန့်နိုင်ဘူးဆိုလည်း ပြန်မလာ တော့ ဘူးဆိုပြီး နေလိုက်တယ်။  ဒါပေမယ့် အစ်မ စာတွေတင်လိုက်တော့ ပါမောက္ခချုပ်ကြီးက အထက်ကညွှန်ချုပ် တွေအ ထိ စာတင်ပေးတယ်။ အားလုံးရဲ့ သဘောတူညီချက် ဆုံးဖြတ်ချက်နဲ့ အစ်မကို ၃ လ စောင့်ပေးခဲ့တယ်။  အဲ့ဒီ အတွက် အမ မကွေးတက္ကသိုလ် ပါချုပ်ကြီးနဲ့ ရူပဗေဒဌာနမှူး ပါမောက္ခ တို့ကို ဒီနေရာကနေ ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။
အခုအစ်မပြန်လာတော့ ဘယ်ရာထူးနဲ့ အလုပ်ဝင်ခွင့်ရခဲ့တာပါလဲ။
အစ်မက သရုပ်ပြရာထူးနဲ့ပဲ အလုပ်ဝင်ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ ဘယ်သူဘယ်လောက်ပဲ ဘယ်နိုင်ငံ ကဘွဲ့တွေရနေပါစေ သရုပ်ပြရာထူးကနေပဲ စ၀င်ရပါတယ်။  ဒီကိုမလာခင်မှာ နိုင်ငံခြားက သူငယ်ချင်းတွေကမေးတယ်။ နီလာ မင်းက PhD လည်းရပြီးသွားပြီဆိုတော့ မင်းနိုင်ငံကိုပြန်သွားရင် ကထိကရာထူးနဲ့ အလုပ်လုပ်ရတော့မှာပေါ့လို့မေးကြတယ်။  မဟုတ်ဘူး သရုပ်ပြရာထူးနဲ့ပဲ စလုပ်ရမှာလို့ရှင်းပြတော့  သူတို့အားလုံးအံ့သြကြတယ်။  ဒီမှာက လုပ်သက်နဲ့ရာထူးက တက်တာဆိုတာကို ပြောပြရတယ်။

အရင်ကတော့ သရုပ်ပြရာထူးနဲ့ ၇နှစ်နေမှ လက်ထောက်ကထိကရာထူးကို ရတယ်။ အခုတော့ ၃ နှစ်နေရင် ဖြစ်တယ်။ အခုတော့ သူတို့ Key Performance Indicator (KPI) ဆိုပြီး ကျွမ်းကျင်မှု၊ လုပ်ရည်ကိုင်ရည် သုတေသန အလုပ် တွေပေါ်မူတည်ပြီး ရာထူးတိုးပေးဖို့ ကိစ္စတွေကို လုပ်ဖို့စတင်နေကြပြီလို့တော့ သိရပါတယ်။
အစ်မအနေနဲ့ သူများနိုင်ငံမှာနေတုန်းက ပညာရှင်တယောက်အနေနဲ့ နေခဲ့ရပေမယ့် အခု ကိုယ့်နိုင်ငံကို အကျိုးပြုဖို့ ပြန် လာတော့မှ သရုပ်ပြရာထူးပဲရခဲ့တဲ့ အပေါ်မှာရော ဘယ်လို ခံစားရပါသလဲ။
အမှန်တကယ်က နိုင်ငံရေး စိတ်နဲ့ပြန်လာတာပါ။ ဘယ်ရာထူးပဲရရ ပိုက်ဆံ ဘယ်လောက်ပဲရရ ငါသိသလောက် ငါတတ် နိုင်သလောက် ငါ့ပတ်ဝန်းကျင်ကို လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ပြန်လာတာပါ။ တကယ်တမ်း အလုပ်ဝင်လိုက်တဲ့ အခါကျတော့ အခုမှကျောင်းပြီး အလုပ်ဝင်တဲ့ကလေးတွေနဲ့ အတူတူဖြစ်နေတာပေါ့။ တချို့ဆို Master of Research ပြီးခါစပဲရှိသေးတယ်။  ကိုယ်က သူတို့နဲ့ တန်းတူ Level ဖြစ်သွားတာပေါ့။  နောက်တခုက ဒီမှာက သရုပ်ပြဆိုတော့ Lecture ခန်းတွေ ဘာတွေ ပေးမ၀င်သေးဘူးပေါ့နော်။  အခု လက်တွေ့ခန်း Practical ခန်း ပဲ ၀င်ရတယ်။  အဲဒီ လက်တွေ့ခန်းမှာပဲ အစ်မသိထားသလောက်၊ တတ်သလောက်တော့ ကလေးတွေကို အားရ ပါရ ရှင်းပြ၊ သင်ပြခွင့်ရပါတယ်။ ဒါတွေကို အစကတဲက ကြိုတင်သိထားပြီး၊ တွေးဆ ထားပြီး ဖြစ်တဲ့ အတွက် သိပ်ပြီးတော့ မခံစားရပါဘူး။ ကိုယ်တတ်နိုင်တဲ့ အနေအထားနဲ့ ကိုယ့်ဌာန၊ ကိုယ့် တက္ကသိုလ်ကို တထောင့် တနေရာကနေပြီး ပါဝင်ဖြည့်ဆည်းပေးလိုက်မယ်လို့ ပဲခေါင်းထဲမှာ ထည့်ထားလိုက်တယ်။
သူများနိုင်ငံတွေမှာ သုတေသနတွေအများကြီးလုပ်မှ ရာထူးတွေအဆင့်ဆင့်တက်ပေမယ့် ဒီမှာကတော့ လုပ်သက်အရ ရာထူးတက်တဲ့အပေါ်မှာ အစ်မအမြင်ကို ပြောပြပေးပါ။
လုပ်အသက်အရတက်တဲ့အခါကျတော့ လူတွေက ဒီလုပ်သက်နှစ်ပြည့်ရင် ငါဒီရာထူးကိုရမှာပဲဆိုတဲ့စိတ်နဲ့ သူတို့မှာ အလုပ် အပေါ် အာရုံစိုက်မှုနည်းမယ်လို့ထင်တယ်။  ကိုယ့်ရဲ့ လုပ်ဆောင်မှုအလိုက် ရာထူးတက်မယ်ဆိုရင်တော့ ဒီဟာကို ပြည့်မီ အောင် ကိုယ်ကဖြည့်ရတော့မှာ။ အဲ့ဒါကို မဖြည့်နိုင်ရင် ရာထူးကလည်း မတက်တော့ဘူး၊ လစာကလည်းမတိုးတော့ဘူး။  အဲ့ဒီလိုဆိုရင် လူတွေက အလုပ်အပေါ်ပိုပြီး အာရုံစိုက်လာလိမ့်မယ်လို့ အစ်မတော့ထင်တယ်။
အစ်မပြန်လာတုန်းကတော့ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်ပေးနိုင်သလောက်လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ပြန်လာခဲ့တယ်။ ဒီရောက်လို့ တကယ်လုပ်ငန်းခွင်ဝင်တော့ အစ်မမျှော်လင့်သလောက် လုပ်ခွင့်ရရဲ့လား။
အခုလောလောဆယ်အထိတော့ အစ်မသိသလောက်တတ်သလောက် လုပ်ခွင့်မရသေးပါဘူး။



အဲ့ဒီလို လုပ်ခွင့်မရအောင် ဘယ်လိုအရာတွေက အဟန့်အတားဖြစ်စေခဲ့တာလဲ။
ဥပမာ- အစ်မက ဟိုဘက်မှာ သုတေသနတွေ လုပ်ခဲ့တာဖြစ်တဲ့ အတွက် ဒီမှာလည်း သုတေသနနဲ့ ပတ်သက်တာတွေ ဆက်လုပ်ချင်တဲ့ ဆန္ဒရှိတယ်။  ဒါပေမယ့်လည်း နယ်တက္ကသိုလ်ဆိုတော့… နယ်တက္ကသိုလ်ရယ်မှမဟုတ်ပါဘူး။ ရန်ကုန် တက္ကသိုလ်လိုနေရာမှာတောင် အထောက်အကူပြုကိရိယာ Equipment Facility ပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေရှိနေ တာလေ။  ဒါပေမယ့် မကွေးတက္ကသိုလ်မှာ University Research Centre (URC) ဆိုပြီး အဆောက်အအုံတော့ ရှိထားပြီးပြီ။  ဒါပေမယ့် အထဲမှာ Equipment တွေသိပ်ပြီေးတာ့ အပြည့်အစုံ မရှိသေးဘူး။  ဒါတွေမရှိတော့ သုတေသန လုပ်ဖို့ရာ အဆင်မပြေဘူးပေါ့။ ကိုယ့်မှာရှိနေတဲ့ အနေအထားနဲ့ အလွယ်ကူဆုံး စမ်းသပ်မှု Experiment တွေကို ကလေးတွေအတွက် စဉ်းစားပြီးတော့ လုပ်သွားရမှာပေါ့။  ဒါပေမယ့်ရလာတဲ့ ရလဒ် Product တွေကို အမျိးအစား အတန်းခွဲ Characterize လုပ်ရတောမယ်ဆိုတဲ့ အခါမှာတော့ ရန်ကုန်တက္ကသိုလ်တို့လို နေရာကို လှမ်းပြီးပို့ရတာပေါ့။  ဒါပေမယ့်လည်း ဒီလို လုပ်နိုင် လောက်ရုံနဲ့ မပြည့်စုံသေးဘူး၊ အများကြီးပဲလိုအပ်ချက်တွေရှိနေသေးတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ပညာရေးနဲ့ သုတေသနတွေလုပ်နိုင်ဖို့ အတွက် ဘတ်ဂျက်တွေပိုပြီးချထားပေးဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။ 



● နိုင်ငံခြားကျောင်းမှာ လုပ်ခဲ့တဲ့သူတယောက်အနေနဲ့ ဟိုဘက်နိုင်ငံတွေမှာတုန်းက အစ်မရဲ့ လုပ်နိုင်စွမ်းအပေါ် လုပ်ပိုင်ခွင့်နဲ့ ဒီနိုင်ငံရောက်လာတော့ အစ်မရဲ့ လုပ်နိုင်စွမ်းပေါ် လုပ်ပိုင်ခွင့်တွေမှာ ဘာတွေကွာခြားတာရှိလဲ။
ဟိုမှာက ဘယ်သူ့ဘယ်သူကမှ တယောက်ယောက်ကို လွှမ်းမိုးလို့မရဘူး။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ပဲ။ စောစောကပြောတဲ့ KPI နဲ့ ဆုံးဖြတ်နေတာဖြစ်တဲ့အတွက် လွတ်လပ်မှုရှိတယ်။ ဒီမှာကြတော့ အခုမှဒါကို စလုပ်နေတာဆိုတော့ သူတို့ဘာတွေနဲ့ စံသတ်မှတ်မယ်ဆိုတာ ဌာနက အစည်းအဝေးမှာတော့ပြောတယ်။  တကယ်လက်တွေ့ အကောင်အထည်ပေါ်မပေါ် တော့ စောင့်ကြည့်ရဦးမှာပေါ့နော်။  ဟိုက တက္ကသိုလ်တွေမှာက သူ့ဟာနဲ့သူရှိပြီးသား၊ ကျောင်းသား အပေါ် စာတမ်းကြီးကြပ်ရမှု Supervision ကဘာတွေရှိတယ်။  ကိုယ့်ရဲ့ သင်ကြားရေးကဏ္ဍ Teaching ပိုင်းက ဘာ၊ နောက်ပြီးတော့ သုတေသနမှာ စာတမ်း ရေးသား ထုတ်ဝေမှု Publication တွေက ဘယ်လောက်အထိရထားသလဲ၊ လူမှုပတ်ဝန်းကျင် Community အပေါ် မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိအောင်လုပ်နေလဲ။  ဒါတွေကိုကြည့်ပြီးတော့ အမှတ်ပေးတာ။

အစ်မဒီကိုပြန်လာတော့ အခု သရုပ်ပြအနေနဲ့ စပြီးလုပ်ရတယ်။ နောက်ပိုင်းဘယ်လိုတွေ အဆင့်ဆင့်ရာထူးတိုးနိုင်တယ်ဆိုတဲ့ အာမခံချက်မျိုးရထားတာရှိလား။

အဲ့လိုမျိုးတော့ မရှိပါဘူး။ စောစောကပြောသလို Performance နဲ့ ကြည့်ပြီး လုပ်မလား။ မလုပ်ဘူးလားဆိုတာကိုတောင် သေချာမသိသေးပါဘူး။

● ဌာနတွင်းဆက်ဆံရေးအခြေအနေကိုလည်းပြောပြပေးပါ။
ဌာနတွင်းဆက်ဆံရေး အဆင်ပြေပါတယ်။ ရလာတဲ့ပညာကိုတော့ လေးစားကြပါတယ်။

● အစိုးရအပြောင်းအလဲမှာ အစ်မလို နိုင်ငံရေးအသိစိတ်နဲ့ ပြန်လာတဲ့ ပညာရှင်တွေ ဘယ်လောက်ရှိလဲ။
မကွေးတက္ကသိုလ်မှာတော့ မရှိဘူး။  မရှိဘူးဆိုတာက အမက မြန်မာနိုင်ငံအစိုးရက ပညာသင်လွှတ်တာမျိုးမဟုတ်ပဲ ကိုယ့် နည်းကိုယ်ဟန်နဲ့ PhD သွားလုပ်ခဲ့တာဆိုတော့ နိုင်ငံတော်နဲ့ ပြန်လာရမယ်ဆိုတဲ့ Bond ထိုးထားတာမျိုး မရှိဘူး။ အမပြန်မလာချင်ဘူးဆိုလဲဖြစ်တယ်။ တခြား တပြည်လုံး အတိုင်းအတာနဲ့တော့ မသိပါဘူး။



● အစ်မက နိုင်ငံရေး စိတ်နဲ့ရောက်လာတယ်။ အစိုးရသစ်လက်ထက်မှာ တထောင့်တနေရာကနေ၀ိုင်းဝန်းမယ်ဆိုတဲ့ စိတ်နဲ့ရောက်လာပေမယ့် တကယ့်လက်တွေ့မှာ ကိုယ်ထင်သလောက် လုပ်နိုင်ရဲ့လား။
ကိုယ်ထင်သလောက်တော့ တချို့ကိစ္စတွေမှာ သွားနိုင်မယ် မထင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အခု သရုပ်ပြရာထူးအနေနဲ့ပဲရှိနေသေးတဲ့အတွက် အချို့ကိစ္စတွေမှာဆိုရင်… ဥပမာ- ကျောင်းသား ကလေးတယောက်ကို ကြီးကြပ်သူ Supervisor လုပ်တော့မယ်ဆိုရင် ကိုယ်က သရုပ်ပြရာထူးဖြစ်နေတဲ့အတွက် ဒီကလေးရဲ့ အဓိက ကြီးကြပ်သူ Main Supervisor ဖြစ်လို့မရဘူး။ ကထိကတွေကသာ လုပ်ခွင့်ရှိပြီး၊ အစ်မကတော့ Co-supervisor တွဲဖက် အနေနဲ့သာ လုပ်ခွင့်ရှိတယ်။  ဒါပေမယ့် အစ်မကလည်း အဲ့ဒါကိုပဲ ကျေကျေနပ်နပ်နဲ့ ခံယူလိုက်ပါတယ်။  အကောင်းဘက်ကပဲမြင်ပြီး ဒီကလေးကို ငါလုပ်ခွင့်ရသလောက် လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ အကုန်လုံးလုပ်ပေးတယ်။ ဟိုမှာ ကိုယ် PhD ကျောင်းသူ ဘ၀ဖြစ်ခဲ့တုန်းက ကိုယ့်ကို Supervisor က Train လုပ်သလိုမျိုး ကိုယ့်ကျောင်းသားတွေကိုလဲ Train လုပ်မယ်။
 
● ဟိုမှာဆိုရင် ဆရာတယောက်ဟာ သူ့ရဲ့အခွင့်အရေးနဲ့သူ လုပ်ပိုင်ခွင့်ရှိတာမျိုးရှိနေပြီး၊ ဒီကိုရောက်တော့ အထက်အောက်အဆင့်ဆင့်လုပ်နေရတဲ့အပေါ် အစ်မရဲ့ အမြင်ကို ပြောပြပေးပါ။
တချို့ကိစ္စတွေမှာ သူ့အပိုင်းနဲ့သူ ကဏ္ဍတွေရှိပေမယ့်  ဒီကလူတွေက သူတို့မှာ သီးခြား လွတ်လပ်တဲ့ လုပ်ပိုင်ခွင့် Authority ရှိတယ်လို့ မထင်ဘူး။  ရှိရင်လည်း ဒါကို အသုံးချဖို့ ဝန်လေးနေကြတယ် ထင်တယ်။  ဥပမာတခုပြရမယ်ဆိုရင် အစ်မဒီကိုရောက်တော့ အဆောင်ရတယ်။ အဲ့အဆောင်ကိုရောက်တော့ အခန်းထဲမှာ ဘာမှမရှိဘူး။ အခန်းထဲမှာရှိနေတဲ့ ကုတင်ကလည်း အတော်လေးကို စုတ်ပြတ်နေပြီး အိပ်လို့တောင်မရဘူး။ အစစအရာရာ ပစ္စည်းတွေဝယ်ပြီး ကိုယ့်ဟာကိုယ်ထည့်ရမယ်။ မထည့်ခင်မှာ ဆရာ/ ဆရာမ အချို့က အကြံ ဉာဏ်  ပေးတယ်။ တက္ကသိုလ်မှာ အင်ဂျင်နီယာဌာနရှိတယ်။  ဒါတွေဟာ အင်ဂျင်နီယာဌာနရဲ့ တာဝန်။  အဲ့ဒီကို အကြောင်းကြားရမယ်ဆိုတော့။  အဲ့တော့ အစ်မသွားအကြောင်းကြားတော့ သူတို့က သူတို့မှာ အသစ်တွေရှိတယ်။  စားပွဲတွေလည်းရှိတယ်လို့ ပြောလိုက်တယ်။  ဒါပေမယ့် နောက်တနေ့ကျတော့ ပြန်ဖုန်းဆက်တယ်။  ဆရာမ ကျွန်တော်တို့ မှားပြီးပြောတာ ကုတင်လည်း မရှိဘူး။ စားပွဲလည်း မရှိဘူးလို့ ပြောလာတယ်။  ဆရာမတကယ်လို့ လိုချင်တယ်ဆိုရင် အခုဆရာမအခန်းထဲက ကုတင်ဟောင်းကို ပြင်ပေးမယ်။  ဒါပေမယ့် အဲ့လိုပြင်ဖို့အတွက် ပါမောက္ခချုပ်ကြီးဆီကို စာတင်ရမယ်လို့ ပြောလာပါတယ်။

အဲ့တော့ ဆိုချင်တာက ပါမောက္ခချုပ်က ဒီဟာတွေအထိ လိုက်လုပ်ရမှာလား။  ဒီအင်ဂျင်နီယာဌာနမှာ လုပ်ပိုင်ခွင့်မရှိဘူးလား။  ဒီအင်ဂျင်နီယာဌာနရဲ့ အကြီးဆုံးက သူ့ဟာနဲ့သူ မဖြေရှင်းနိုင်ဘူးလား။ ဒါမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ အစ်မယူဆပါတယ်။  ဒါက ထောက်ပံ့မှု ပစ္စည်းရေးရာ Facility အပိုင်း။ သင်ကြားရေးအပိုင်ကတော့ အစ်မက အခုမှ အလုပ်စ၀င်တာလဲမကြာသေးတော့ ပါဝင်ခွင့်ကို မရသေးတာ။  


● နိုင်ငံခြားတိုင်းပြည်တွေမှာက စာချုပ်နဲ့ခေါ်ပြီး သင့်တော်တဲ့ရာထူးပေးတယ်။ ဒီမှာက ဘယ်လောက်တော်တော် အောက်ခြေကပဲ ပြန်စရတယ်။ အဲ့ဒီနှစ်ခု ကွားခြားချက်အပေါ် အစ်မရဲ့ အမြင်ကို ပြောပြပေးပါ။
အစ်မကိုသူတို့ အသုံးမချသေးဘူးလို့ပဲ ပြောရမလား။ အဲ့ဒီအတွက် သူတို့မှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှု မရှိသေးဘူးလို့ပြောရမှာပေါ့။  ဖွဲ့စည်းပုံမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချတာမျိုး၊ လူတယောက်ကို သူနဲ့သင့်တော်တဲ့ နေရာမှာ နေရာပေးတာမျိုးဖြစ်သင့်တယ်လို့ထင်ပါတယ်။

● ဟိုဘက်ကကျောင်းတွေမှာ သူတို့ရဲ့သက်ဆိုင်ရာဌာနအလိုက်လုပ်ပိုင်ခွင့်တွေနဲ့ ပက်သတ်ပြီးပြောပြပေးပါ။
ဥပမာ - ဟိုမှာက ဌာနတခုမှာ ပါမောက္ခ တွေအများကြီးရှိတယ်။ ဒီမှာက ဌာနတခုမှာ ၂ ယောက်ပဲရှိတယ်။ P1 နဲ့ P2 ပေါ့။ P1 က ပိုပြီး လုပ်ပိုင်ခွင့်ရှိတယ်။  ဟိုမှာကျတော့ ဌာနတခုမှာ ပါမောက္ခ က ၁၀ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ ၁၅ ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒီထဲမှာမှ အကြီးအကဲ Head of Department တယောက်ရှိတယ်။  အဲ့ဒီပါမောက္ခ တွေကလည်း ကိုယ့်သုတေသနကိုယ် လုပ်နေကြတာ။ တယောက်နဲ့တယောက် ဘယ်သူ့ကိုမှ ဘာမှမပြောဘူး။ ဘယ်သူကတော့ ရာထူးပိုမြင့်တယ်ဆိုပြီး လွှမ်းမိုးခြင်းလည်းမရှိဘူး။ ဒီမှာကျတော့ အားလုံးက အဆင့်ဆင့်တွေလုပ်နေရတယ်။  ဒီမှာလည်း ပါမောက္ခတွေများများထား။ ကျောင်းသားတွေကလည်း သူ့ရဲ့ ကျွမ်းကျင်ရာ၊ စိတ်ဝင်စားရာကိုလိုက်ပြီး ဒီပရော်ဖက်စာလုပ်နေတဲ့ သုတေသနကို စိတ်ဝင်စားရင် ဒီပရော်ဖက်ဆာရဲ့ သုတေသနအုပ်စုနဲ့ ဆက်မယ်၊ ဟိုပရော်ဖက်ဆာလုပ်တာကို စိတ်ဝင်စားရင် ဟိုပရော်ဖက်ဆာ အုပ်စုမှာ ဆီမှာဝင်မယ်။  Professor ပဲ ဖြစ်ဖြစ်၊ Lecturer ပဲ ဖြစ်ဖြစ် ကျောင်းသား စိတ်ကြိုက်ရွေး ချယ်တာပဲ။ ဒါမျိုးတွေဖြစ်သင့်တယ်လို့ထင်ပါတယ်။

● အစ်မကိုယ်တိုင်လည်း ဟိုဘက်ကိုမသွားခင် ရေနံချောင်း၊ မကွေး၊ ရန်ကုန်စတဲ့ တက္ကသိုလ်၊ ကောလိပ်တွေတက်ခဲ့သလို၊ ဟိုဘက်မှာလည်း ကျောင်းဆက်တက်ခဲ့တော့ ကျောင်းသားဘ၀အတွေ့အကြုံတွေကရော ဘယ်လိုကွာခြားလဲ။
အစ်မ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန် မဟာဘွဲ Master of Science လုပ်ခဲ့တယ်ပေါ့နော်၊ စာတွေ့ Coursework နဲ့ ပါ။  ဒါပေမယ့် ဒီမှာ Master လုပ်တာက နည်းနည်းလေးပဲရှိတယ်။ အဲ့ဒါတွေကလည်း ဘာမှထိရောက်မှုမရှိဘူးဆိုတာကို ကိုယ်တိုင်လုပ်ခဲ့ရတာမို့သိတယ်။  တချို့ဆို ကျောင်းတောင်လာကြတာမဟုတ်ဘူး။  Thesis ကို ကျောင်းတောင်မလာဘဲနဲ့ အငှားရေးခိုင်းတဲ့ shadow တွေပေါ့ အဲ့လိုတွေလည်း အများကြီးပဲ။ ဟိုမှာကျတော့ တကယ်ကိုပဲ ကိုယ်တိုင်လုပ်ရတော့တာ။ ကိုယ့်ရဲ့ ကြီးကြပ်သူ Supervisor က ဘာလုပ်ပါလို့ ခိုင်းတာမဟုတ်ဘူး။  ကိုယ်ဘာလုပ်ချင်သလဲဆိုတာကို ပြောရတာ။   ကိုယ်လုပ်ချင်တဲ့ဟာကိုရဖို့ ပထမဦးဆုံး စာတွေလိုက်ဖတ်ရတယ်။ ပြီးမှ သူ့ကို သွားပြီးဆွေးနွေးရတယ်။  ကျမတော့ဒါတွေလုပ်ချင်ပါတယ် ဆိုတာကို။  သုတေသန စမ်းသပ်မှု Experiment တွေလုပ်တဲ့ အခါမှာ ကိုယ့်ဟာကိုပဲ သင်ယူ တတ်မြောက်ရတာပဲ။ လုပ်နေရင်းနဲ့ မသိဘူးဆိုရင် နီးစပ်ရာကို လိုက်မေး။  အဲ့လိုမျိုးကိုယ့်ကိုယ်ကို တည်ဆောက်ယူရတယ်။



နောက်တခါ အတန်းတက်တော့လည်း အစ်မက Materials Engineering  ဖြစ်တဲ့အတွက် ဟိုရောက်သွားတော့ အင်ဂျင်နီယာလေ၊ ဒီမှာလို ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် လက်အောက်မှာမဟုတ်ဘူး။  အဲ့တော့ အင်ဂျင်နီယာတွေလို လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်းရတဲ့ Field Trip တွေသွားရတာမျိုးတွေရှိတယ်။  မလေးရှားနိုင်ငံထဲက ကုမ္ပဏီတွေမှာသွားလေ့လာရတာပေါ့။ အဲ့တော့ ရောက်ရောက်ချင်း ၁နှစ်၊ ၂ နှစ်လောက်မှာ အတော့်ကို ခက်ခဲပါတယ်။  စိတ်ဓာတ်ကျလောက်အောင်ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေရှိခဲ့ပါတယ်။  ပထမ ၁ နှစ်လောက်မှာ သုတေသနတွေသာလုပ်နေတာ ဘာအဖြေကောင်းမှ မရခဲ့ဘူး။  လုပ်တာတော့ အများကြီးပဲ ဒါပေမယ့် လိုချင်တဲ့ အဖြေကို မရခဲ့ဘူး။ ဒီ Grant ကလည်း အစိုးရကပေးထားတဲ့ ဟာဆိုတော့ အစိုးရကို Report တွေတင်ရမယ်။  အစ်မကလည်း ၁နှစ်လောက်ရှိနေပြီ ဘာမှမဖြစ်လာသေးဘူး။ ကိုယ်လည်း စိတ်ဓာတ်တွေကျပြီ၊ Research ဆိုတဲ့ သဘောတရားအတိုင်း အကြိမ်ကြိမ်အခါခါစဉ်းစားပြီး အမျိုးမျိုးပြန်ပြီး သုတေသနလုပ်ကြည့်နေရတာ။  နောက်မှ အစ်မရဲ့ ပရော်ဖက်ဆာက အစ်မရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ပြီး “နီလာ ဒီလိုလေး လုပ်ရင်ရော” ဆိုပြီး အကြံပေးတော့မှ နောက်ဆုံး အစ်မလိုချင်တဲ့ အဖြေအကုန်ထွက်လာတာ။  အဲ့တော့မှ အစ်မအခြားအဆင့် တွေကိုဆက်ပြီး လုပ်လို့ရသွားတာ။

ပြီးတော့ အစ်မတို့လုပ်နေတဲ့အလုပ်က Material Engineering ဖြစ်တဲ့အတွက် ထုတ်လိုက်တဲ့ Material တွေကို ထုတ်တယ် ပြီးရင် တကယ် အသုံးချလို့ရမရ စမ်းသပ်ရတယ်။ အစ်မ ပရော်ဖက်ဆာက ဘာမှဝင်မပြောဘူး။ သုံးလို့ရမရဘဲ သိချင်တယ်မေးတာ။ အားလုံးကိုယ့်ဟာကိုယ်ရှာရတယ်။  ငါ့ရဲ့Materials က ဘယ်လို Application မျိုးမှာ သုံးလိုရမလဲရှာရတာ။

အစ်မလုပ်ခဲ့တာက Magnetic Materials အဲ့ဒါက အသုံးချလို့ရတာ အများကြီးပဲ။  Electronics Device တွေမှာသုံးတယ်။  မိုက်ခရိုဝေ့ဖ်တို့၊ အင်တနာတို့ နောက်ပြီး Biomedical ဘက်သွားရင် Drug delivery တို့၊ hyperthermia တို့ ပေါ့၊ အဲ့လိုတွေအထိအသုံးချလို့ရပါတယ်။ ဒါပေမယ့် အစ်မကတော့ Antenna Application ပိုင်းကိုသွားခဲ့ပါတယ်။ ကိုယ်ဒီလိုလုပ်တော့လည်း ကိုယ်နဲ့ တွဲလုပ်ဖို့ ပရော်ဖက်ဆာတွေကို ကိုယ့်ဟာကိုယ်ရှာရတာပါ။ အစ်မရဲ့ ပရော်ဖက်ဆာက ရှာမပေးပါဘူး။ အဲ့လိုရှာတော့လည်း အစ်မအကူအညီတောင်းတဲ့ ပရောဖက်ဆာက သူ့ကို Co-supervisor အဖြစ် ထောက်ခံပေးမှ ကူညီပေးမယ်ဆိုတာမျိုးပြောလာတယ်။  ဒါဟာ ဘာကြောင့်လဲဆိုရင် သူတို့ဆီမှာ Performance နဲ့ ရာထူးတိုးတဲ့အတွက်ကြောင့် အသားလွတ်တော့ သူတို့ မကူညီပေးကြပါဘူး။  ဒါနဲ့ အစ်မရဲ့ Supervisor ကို ပြန်ပြောပြတော့ သူကလည်း ဒီလိုလုပ်ပေးဖို့ အချိန်က လွန်နေတော့ လုပ်ပေးလို့မရဘူး။  အကောင်းဆုံးနည်းလမ်းဝိုင်းစဉ်းစားကြတော့ အစ်မက ဒီသုတေသနအောင်မြင်သွားရင် International Paper တွေရေးရမှာလေ အဲ့လိုရေးတဲ့အခါကျရင် သူ့နာမည်ထည့်ပေးပါမယ်လို့ ပြန်ပြောရတယ်။  အဲ့တော့မှ ကူညီပေးတယ်။

● အဲ့တော့ ဘယ်လောက်ပဲ အခက်အခဲရှိရှိ၊ လူ့သဘာဝ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုတွေ ရှိရှိ၊ စနစ်ကကောင်းနေတဲ့ အတွက်ကြောင့် ကိုယ့်အတွက်ရော သူ့အတွက်ပါ အဆင်ပြေ အောင်မြင်တဲ့ ရလဒ် တခု၊ ထုတ်ကုန်တခုထွက်လာတယ်လို့ ပြောလို့ရတာပေါ့။
ဟုတ်ပါတယ်။

● အစ်မကိုယ်တိုင်လည်း ကိုယ့်အားကိုယ်ကိုးပြီးသုတေသနတွေလုပ်ခဲ့ရတယ်။  ဒီနိုင်ငံကို ပြန်ရောက်တော့လည်း Lab အခန်းတွေဝင်တဲ့အခါမှာ ကျောင်းသားတွေကို ကိုယ့်အားကိုယ်ကိုးပြီးရှာဖွေလိုစိတ်ရှိအောင် ဘယ်လိုသင်ကြားပေးမယ်လို့ရည်ရွယ်ထားလဲ။
အခုအစ်မမှာ Master of Research ကလေးတယောက်ရှိတယ်။  ဒီကလေးကို အစ်မကိုယ်တိုင် လုပ်ခဲ့ရသလို လေ့ကျင့်ပေးမယ်။  ကိုယ်ကသိပြီးသားစမို့ အစစအရာရာချပြလိုက်တာမျိုး မဟုတ်ဘဲနဲ့ ဒါကိုရအောင်ရှာခဲ့။  ဒါလုပ်ခဲ့ဆိုတာမျိုးနဲ့ပဲ သင်ပေးမယ်။

● အစ်မသင်ခဲ့ရတဲ့ Materials Engineering ကရော ဒီမှာ သီးသန့်ဌာနတခုအနေနဲ့ရှိပြီလား။
မရှိသေးပါဘူး။ Department of Science အောက်မှာ လုပ်နေကြတာ။

● ဌာနတခုအနေနဲ့ရော ရှိသင့်တယ်လို့ မထင်ဘူးလား။
ရှိသင့်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီပညာရပ်ကတော်တော်ကို တွင်ကျယ်နေပြီလေ။
သူ့ရဲ့အရေးပါမှုဟာလည်း ကြီးမားတော့ လူတွေက စိတ်ဝင်စားကြတယ်လေ။ အခု အစ်မ မလေးရှားမှာတက်ခဲ့တဲ့ ကျောင်းဆိုရင် School of Materials and Mineral Resources Engineering ဆိုပြီးတော့ သီးသန့်ကျောင်း၊ ဌာနကြီးကိုရှိတာ။

● အဲ့တော့ အစ်မဒီကိုပြန်လာတော့ ဘာဖြစ်လို့ စက်မှုတက္ကသိုလ် ကို မလျှောက်တာလဲ။
အမှန်တော့လျှောက်လို့ရပါတယ်။  ဒါပေမယ့် စောစောကပြောသလို  ဗမာပြည်မှာ အစ်မကျောင်းတက်ခဲ့တာက Arts and Science အောက်ကတက်ခဲ့ရတာ။  အစ်မ ဟိုမှာဘယ်လိုပဲ အင်ဂျင်နီယာတယောက် ဖြစ်ခဲ့ပေမယ့် ဒီမှာက ခွဲခြားမှုရှိနေတယ်။ သူတို့က အင်ဂျင်နီယာကျောင်းဆင်းဖြစ်မှလိုချင်တယ်။ အဲ့လိုမျိုးတွေရှိနေတယ်။ အစ်မ အခု နိုင်ငံခြား ပါရဂူ ဘွဲ့ရ တယောက် အနေနဲ့ နည်းပညာ အင်ဂျင်နီယာ တက္ကသိုလ်မှာ ဆရာတယောက်သွားလုပ်မယ်ဆို သူတို့က လက်ခံချင်မှ လက်ခံမယ်။  တကယ်လို့သာ လုပ်ခွင့်ရခဲ့ရင်တော့ ကောင်းတာပေါ့။ ပိုပြီးတော့ အစ်မလုပ်နိုင်တာတွေကို အသုံးချလို့ရတာပေါ့။ သုတေသနတွေကောင်းကောင်း လုပ်နိုင်ချင်လုပ်နိုင်မှာပေါ့။

● အဲ့တော့ နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့ သူတွေအတွက် သူတို့အထူးပြုသင်ခဲ့ရတာတွေက ဒီမှာ အသုံးချလို့မရဘူးဖြစ် နေတာပေါ့။  အစ်မလည်း အခုအဲ့ဒါကို ရင်ဆိုင်နေရတာပေါ့။
ဟုတ်ပါတယ်။ ဒါပေမယ့်လည်း ဘာသာရပ်တွေက သူ့ဟာနဲ့သူနှီးနှော ဆက်စပ်နေတာတွေတော့ရှိပါတယ်။ အဲ့တော့ အစ်မအနေနဲ့လည်း ရူပဗေဒလက်အောက်ကနေ ဒါတွေကို လုပ်လို့ရနေပါသေးတယ်။

● အစ်မအလုပ်လုပ်ခဲ့ ပညာသင်ခဲ့တဲ့ တက္ကသိုလ်တွေနဲ့ ဒီကတက္ကသိုလ်တွေနဲ့ ဘယ်လိုကွာခြားသလဲ။
ကွာတာပေါ့ ဟိုမှာ အလုပ်လုပ်ခဲ့တဲ့ တက္ကသိုလ်တွေက နိုင်ငံတကာအဆင့်မှာ အဆင့် ၁၄၀ ကျော်တွေ။ နိုင်ငံတကာက ကျောင်းသားတွေအများကြီးပဲ။  မလေးရှားဆိုတော့ အရှေ့အလယ်ပိုင်း ချမ်းသာတဲ့ တိုင်းပြည်တွေက အများစု လာကြပေမယ့် တခြား နိုင်ငံကြီးတွေကလည်း အများကြီး ရှိပါတယ်။  ဂျပန်နဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတော့ ဂျပန်ပရော်ဖက်ဆာတွေလည်း အများကြီးအသွား၊အလာ ရှိတယ်။

● အခုကတော့အစ်မက ရန်ကုန်တက္ကသိုလ်ကို စာတမ်းဖတ်ပွဲအတွက် မကွေးကနေလာရတာပေါ့နော်။ အခုစာတမ်းဖတ်ပွဲတွေရဲ့ အရည်အသွေးကရော အစ်မရန်ကုန်တက္ကသိုလ်မှာ ကျောင်းသူဘ၀ကထက် အများကြီးကောင်းလာပြီလို့ထင်လား။
အများကြီးတိုးတက်လာပါတယ်။
အနာဂတ် အတွက် မျှော်မှန်းထားတာ ဘာတွေ ရှိပါသလဲ။
အခု အစ်မက ပါရဂူ ရပြီး ပြီ ဆိုတော့ ကျောင်း အနေနဲ့ တော့ ဆက်တက်ဖို့ မရှိတော့ပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှု ရအောင်လုပ်ချင်ပါတယ်။  ကိုယ်ရဲ့ Academic Career, သုတေသန နယ်ပယ်၊ သင်ကြားရေးပိုင်းတွေမှာ အမျိုးသမီးငယ်တွေနဲ့ နောက်မျိုးဆက်တွေ အတွက် စံနမူနာ ယူလောင်စရာ Inspirational Role Model တယောက်ဖြစ်ချင်တယ်။  အခုဆိုရင် အမေရိကားနဲ့ ဥရောပ နိုင်ငံကြီးတွေ အပါအဝင် တကမ္ဘာလုံး မှာ သုတေသန အတွက် ထောက်ပံ့ပေးတဲ့ Fellowship အစီအစဉ်တွေ၊ ဆွေးနွေးပွဲတွေ ရှိပါတယ်။  အထူးသဖြင့် အမျိုးသမီး သိပ္ပံပညာရှင်တွေ အများအပြား မွေးထုတ်နိုင်ဖို့၊ သုတေသန လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ တွေ ကူညီပေးကြတာတွေ ရှိပါတယ်။ အဲဒီလို အစီအစဉ်တွေကို လျှောက်ပါမယ်။  အခု အစိုးရ ဌာနတွေ မှာ အဲဒီလို ပညာတော်သင်သွားတာ၊ Fellowship သွားတာတွေ အတွက်လည်း ပိုမို လွယ်ကူချောမွေ့ လာပါပြီ။  နိုင်ငံတကာ က သုတေသန အစီအစဉ် တွေမှာ ပါဝင်ရင်း ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ဝန်းကျင်မှာ အကျိုးပြုမယ့်၊ သုတေသန စမ်းသပ်မှုတွေ လုပ်မယ်၊ နိုင်ငံတကာအဆင့် စာတမ်းတွေ တင်မယ် ရေးမယ် မျှော်မှန်းထားပါတယ်။
အခု ပြန်လာပြီး  တက္ကသိုလ် ဆရာမ အဖြစ် အစိုးရ အလုပ် ဝင်လုပ်နေတဲ့ လက်တွေ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ပြောရရင်တော့ စာသင်ခန်းမှာ ဆရာနဲ့ကျောင်းသားအချိုးမမျှတာပါပဲ။  နောက် အားကစားပွဲတွေ၊ မယ်ရွေး/မောင်ရွေးပွဲတွေမှာ ဆရာတွေက ပါနေရတာပါပဲ။  အခြားကိစ္စတွေမှာအဲ့လိုဝင်ပါနေရတာတွေဟာ အဆင်မပြေဘူး။ သူ့ဟာနဲ့သူကဏ္ဍ တွေခွဲထားသင့်ပါတယ်။

နောက်တခုက သုတေသနကို အားပေးချင်တယ်လို့ အစိုးရကပြောတယ်ပေါ့နော်။ တကယ်အားပေးချင်တယ်ဆိုရင် ပညာရေးအတွက် ဘတ်ဂျက်တွေချပေးသင့်တယ်။ ဆရာဆရာမတွေအပိုင်းကတော့ Proposal တွေရေးရမှာပေါ့။ သူတို့ဘက်ကတော့ Ministry of Technology ၊ Ministry of Science၊ Ministry of Education စသဖြင့်ပေါ့ ဒီဌာနတွေအတွက် Grant တွေ ဘယ်လောက်ရှိတယ်။ ဒါနဲ့သင့်တော်တဲ့ Proposal တွေကို Grant တွေချပေးသင့်တယ်။  အဲ့ဒါကိုရသွားတဲ့ ပရော်ဖက်ဆာကလည်း လိုအပ်တဲ့ Equipment တွေကို ၀ယ်မယ်။ ကျောင်းသားကိုလည်း သူနိုင်သလောက် Allowance တွေပေး၊ Research Assistant အဖြစ်တွေနဲ့ ဌားမယ်ဆိုရင် ဒီသုတသနအလုပ်တွေ တဖြည်းဖြည်းနဲ့တိုးတက်လာမှာဖြစ်ပါတယ်။ အခုက ဒီမှာ သုတေသနသီးသန့်လုပ်နေတဲ့ ဆရာလည်းမရှိသလို သုတေသနလည်း မလုပ်နိုင်ကြဘူးဖြစ်နေကြပါတယ်။

အစ်မတို့ ရူပဗေဒဌာနမှာ ကျောင်းသား ၁,၀၀၀ နီးပါးလောက်ရှိတယ်။  ဆရာ/ဆရာမ ၃၇ ယောက်ပဲရှိတယ်။ ဆရာတွေလည်း အများကြီးလိုပါတယ်။ အခုအစ်မ လက်တွေခန်းမှာ ကျောင်းသား ၈၀ ကျော် ရှိတယ်။ ဒီကျောင်းသားတွေအတွက် လုံလောက်တဲ့ Equipment မရှိဘူး။ မကွေးတက္ကသိုလ်အနေနဲ့ဆိုရင်တော့ သုတေသနစင်တာကြီးရှိပေမယ့်လည်း ဒီအဆောက်အအုံကြီးက လက်တွေ့ သုတေသနတွေနဲ့ ရှင်သန်နေတဲ့ အနေအထား မရှိဘူး။  အစိုးရအနေနဲ့ ဒီအဆောက်အအုံကြီးကို ကျောင်းသူကျောင်းသားတွေနဲ့အတူ အလုပ် ဖြစ် ရှင်သန်ချင်တယ်ဆိုရင် လိုအပ်တာတွေကို ဖြည့်ဆည်းပေးပါ။ လိုအပ်တဲ့  ၀န်ထမ်းတွေကို ပံ့ပိုးပေးပါလို့ ပညာရေးဝန်ကြီးဌာန သက်ဆိုင်ရာ လူကြီးတွေကိုပြောချင်ပါတယ်။

ဒီလောက်ပါပဲ။

ဒေါက်တာ နီလာလွင်လို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ တကိုယ်ရေ အကျိုးအမြတ် စွန့်လွှတ်မှုတွေ အရင်းခံပြီး ပြည်တော်ပြန် ဝင်လာတဲ့ ပညာရှင်တွေ ဆန္ဒနဲ့ ဘဝ၊ ဆန္ဒနဲ့ စနစ် တထပ်တည်းကျပြီး တိုင်းပြည်နဲ့ လူမျိုး အကျိုး၊ ကမ္ဘာကြီး အကျိုး အမှန်တကယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း …. …။

တွေ့ဆုံမေးမြန်းသူ ■ ခင်စန္ဒာမြင့်
တည်းဖြတ် ပြင်ဆင်သူ ■ ငြိမ်းချမ်းအေး

မိုးမခ