ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မြန်မာ့စိုက်ပျိုးရေး ဝယ်လက် နဲ့ ဘကြီးမိုး


မြန်မာ့စိုက်ပျိုးရေး ဝယ်လက် နဲ့ ဘကြီးမိုး

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၆
 
ဘကြီးမိုးဟာ စာရေးဆရာ၊ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပေမဲ့ မြန်မာ့သီးနှံ အ ခြေအနေဖြစ်နေပုံကို စဉ်းစားလို့မရဘူးခင်ဗျ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဆိုပဲ။ သည်တော့ မြန်မာနိုင်ငံရဲ့ အဓိက ဝင်ငွေအားဟာ စိုက်ပျိုးရေးအပေါ်မှာ အ ခြေခံပါတယ်။ အဓိကအားဖြင့် မြန်မာလူမျိုးတွေဟာ ဆန်စားသုံးတဲ့လူမျိုးဖြစ်တဲ့ အပြင် ဆန်စပါးကို အဓိကထားပြီး စိုက်ပျိုးကြပါတယ်။

ပြဿနာဖြစ်ပုံက သည်လိုခင်ဗျ။ သည်နှစ် မိုးစပါးပေါ်တော့မယ့်အချိန်မှာ မြန်မာ နိုင်ငံက ဆန်တန်ချိန် အများဆုံး တင်ပို့ရတဲ့ တရုတ်နိုင်ငံ ဝယ်လက်က မဝယ်တော့ ဘူးဆိုတော့ မြန်မာ့ဆန် လောကဟာ ယောက်ယက်ခတ်သွားတော့ တာပေါ့။ အဓိကဝယ်လက်က တရုတ်ကိုး။

သည်ကြားထဲမှာ မိုးစပါးက ပေါ်ပြီး ဆန်က ရောင်းမထွက်တော့ဘူးဆိုတော့ ဆန်စက်တချို့က စပါးမဝယ်ပါဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားကြသတဲ့။ သည်တော့ မိုးကြီးလို့ စိုက်ပျိုးချိန်နောက်ကျ၊ စပါးပေါ် ချိန်ကျတော့ စပါးမဝယ်ကြဘူးဆိုတော့ စိုက်ပျိုးတောင်သူတွေ အခက်တွေ့ကြတာပေါ့။

နောက်ဆုံး ဆန်ကုန်သည်ကြီးများအ သင်းက စပါးကို သင့်တင့်လျောက်ပတ်တဲ့ ဈေးနဲ့ ဝယ်ယူတဲ့အပြင် စိုက်ပျိုးစရိတ်ချေးငွေကိုလည်း မပေးဆပ်သေးဘဲ ဆိုင်းငံ့ ထားဖို့ပါ စီစဉ်နေတဲ့သတင်း ကြားရတော့ အရှုံးကို ရင်ဆိုင်ကြရမယ့် တောင်သူတွေအတွက် သက်မနည်းနည်းချနိုင်တာပေါ့ လေ။

အဲဗျ သည်ကြားထဲမှာ ဖရဲတောင်သူတွေကလည်း သူတို့ဖရဲတွေကို တရုတ်က မဝယ်တော့လို့ ဒုက္ခကြီးစွာ ဖြစ်ပါပြီလို့ ငိုကြီး ချက်မအသံတွေ ကြားရပါတယ်။

ဖရဲစိုက်ပျိုးတယ်ဆိုတာ ဇာတ်လမ်း အစက တရုတ်ကပဲခင်ဗျ။ တရုတ်က မြေတွေကို ငှား၊ ဖရဲမျိုးတွေစိုက်ခိုင်းပြီး ထွက်သမျှ ဖရဲတွေကိုလည်း အကုန်ဝယ်ခဲ့တာ လေ။ သူတို့ လယ်တွေယာတွေငှားပြီး စိုက်တုန်းက ဝယ်ပြီး တောင်သူတွေ ကိုယ်တိုင်စိုက်တော့ မဝယ်ဘူးဆိုတော့ “ဂွမ်” တော့တာပေါ့ခင်ဗျ။

ဖရဲဆိုတာ ဆန်ထက်ဆိုးတာပေါ့ ခင်ဗျ။

ဘကြီးမိုး ဟိုလွန်ခဲ့တဲ့ နှစ်အတော် များများက မူဆယ်ကိုရောက်တုန်း မူ ဆယ်ရောက်လာတဲ့ ဖရဲတွေကို တရုတ် မဝယ် တော့လို့ လွှင့်ပစ်ရတဲ့ဘဝရောက် တာကို မြင်ဖူး ကြုံဖူးပါတယ်။ ဖရဲဆိုတာ ကြာကြာ ထားလို့ရတဲ့သီးနှံမှ မဟုတ်တာ။

မြန်မာနဲ့တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စကို တီးခေါက်ကြည့်တော့ မြန်မာဘက် ကတော့ ပို့သမျှ ဆန်၊ ဖရဲ၊ သရက်သီးနှံ မျိုးစုံနဲ့ တခြားပို့ကုန်တွေမှန်သမျှ တရား ဝင် တင်ပို့ရတာချည်းပဲတဲ့။ အဲ တရုတ် ဘက်ကတော့ ဆန်၊ သီးနှံအားလုံးကို တ ရားဝင် တင်သွင်းခွင့်ပြုထားတာ မဟုတ် ဘဲ သူ့နိုင်ငံသူ့ဒေသအတွက် လိုအပ်တဲ့ အချိန် လိုအပ်မှဝယ်ပြီး တင်သွင်းခွင့်ပြု တယ် ဆိုပဲ။

တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည် ရဲ့ အကျိုးစီးပွားကိုကြည့်တာ အပြစ်တင်လို့ မရသလို “ရောင်းသူတစ်ကျပ်၊ ဝယ်သူတစ်မတ်”ဆိုတဲ့ စကားလို ဈေးနှုန်းရဲ့ပကတိ သဘောအရ ဝယ်လက်ရဲ့အဆုံးအဖြတ်မှာ တည်မှီနေတာကို တွေ့ရပါတယ်။

သည်နေရာမှာ မြန်မာနိုင်ငံရဲ့ ဆန်နဲ့ သီးနှံတင်ပို့မှုတွေအားလုံးဟာ ပုဂ္ဂလိက ကုန်သည် တောင်သူတွေက လုပ်ကိုင်နေ ကြတာဖြစ်လို့ စိုက်စရိတ်ကြီး၊ သယ်ယူပို့ ဆောင်စရိတ်မြင့်မားပြီး ဝယ်လက်က မ ဝယ်တော့ ဒါမှမဟုတ် ဈေးအဆမတန် နှိမ်ခံရရင် တောင်သူပဲ အမျိုးမျိုးနာတော့တာပေါ့။

ဘကြီးမိုး ကြားဖူးတာတစ်ခုရှိတယ်။ ဘကြီးမိုးတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတစ်ခု မှာတော့ စပါးစိုက်သူတွေအတွက် အစိုးရ က စိုက်ပျိုးစရိတ်ထုတ်ပေးတဲ့အပြင် လို အပ် တဲ့မျိုး၊နည်းပညာတွေအကုန်လုံး ထောက် ပံ့ကူညီပြီး ထွက်သမျှစပါး တွေကိုလည်း သင့်မြတ်တဲ့ ဈေးနှုန်းနဲ့ ဝယ်ကာ နိုင်ငံတကာဈေးကွက်ကို အစိုးရကပဲ တာ ဝန်ယူပေးပို့ရောင်းချသတဲ့။

ဘကြီးမိုးတို့ဆီမှာတော့ လယ်တွေ မြေတွေ အသိမ်းခံရတဲ့အပြင် ဘာမှကို တာဝန်မယူတော့ ခံစရာရှိရင် တောင်သူတွေပဲ ခံရတာပေါ့ခင်ဗျ။

ဘကြီးမိုးတို့မြန်မာနိုင်ငံဟာ ကမıာ့ လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ တ ရုတ်နဲ့ အိန္ဒိယနိုင်ငံများအကြားမှာ ရှိတယ်ခင်ဗျ။

ပဲမျိုးစုံရဲ့ဝယ်လက်က အိန္ဒိယ၊ ဆန်နဲ့ သီးနှံဝယ်လက်က တရုတ်ဆိုတော့ အဲ သည် ဝယ်လက်နှစ်ခု မဝယ်ဘူး၊ အဝယ်လျှော့မယ်ဆိုရင် စိုက်ပျိုးတောင်သူတွေ ဒုက္ခလှလှကြီး တွေ့တော့တာပဲပေါ့။

သည်နေ့ နည်းပညာခေတ်ကြီးထဲမှာ စိုက်ပျိုးတဲ့ နည်းပညာတွေလည်း တိုး တက်ဖွံ့ဖြိုးအောင် နိုင်ငံတော်က လုပ် ဆောင်ပေးရမှာဖြစ်သလို စိုက်ပျိုးစရိတ် တွေ ထုတ်ပေးတဲ့အပြင် ထွက်တဲ့ ဆန်၊ ပဲနဲ့ သီးနှံတွေကိုလည်း တာဝန်ယူ ဝယ်ယူ ရောင်းချဖို့ လုပ်သင့်တာပေါ့။

အဲသည်လို မလုပ်ခဲ့၊ မလုပ်နိုင်လို့ တောင်သူရယ်၊ ကုန်သည်ပွဲစားရယ်တို့က သူတို့နည်း သူတို့ဟန်နဲ့ ဝယ်လက်ရဲ့ ဈေးကွက်မှာ ရောင်းချနေရလေတော့ ဝယ် လက်က ကစားတိုင်းခံနေရတော့တာပေါ့ ခင်ဗျ။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကောင်းဆုံး ကျွန်းသစ်ထွက်တဲ့ နိုင်ငံဖြစ်တဲ့အပြင် သစ်မာ အမျိုးပေါင်းများစွာထွက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ နောက်ဆုံးစစ်တမ်းအရ မြန် မာနိုင်ငံရဲ့သစ်တောတည်ရှိမှုအနေအထားဟာ အများကြီးမှ အများကြီးယုတ်လျော့သွားကြလို့ အစိုးရသစ်လက်ထက်မှာ သစ် မခုတ်ရဆိုတဲ့ ဥပဒေတွေ ထုတ်ပြန်ရတဲ့ ဘဝ ရောက်သွားရတာပါပဲလေ။ သစ် မခုတ် ရဆိုတဲ့ ဥပဒေ ထုတ်ပြန်ပြီးတဲ့ နောက်မှ ပိုင်ရှင်မဲ့သစ်လုံးတွေ အများကြီး အများ ကြီး ဖမ်းမိတဲ့သတင်း ထွက်နေသေးတယ်လေ။

ကျောက်စိမ်းဆိုရင် မြန်မာပြည်ကပဲ ထွက်တာတဲ့။ ကျောက်စိမ်းတူးဖော်တဲ့ ဖားကန့်ဒေသမှာ ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာတွင်းတွေက အဝီစိအထိ ရောက်နေကြပြီတဲ့။ မြန်မာပြည်သူတွေက တော့ တူးဖော်ကြသူများရဲ့ စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက် အလုအယက် ရှာဖွေနေရလို့ မြေစာပိပြီး ရာနဲ့ချီ သေဆုံး နေတဲ့ သတင်းတွေ ကြားနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရေမဆေးကျောက် ရှာကြသူ လက်လုပ်လက်စားတွေရဲ့ အဖြစ်ကတော့ မူးယစ်ဆေးဝါးစွဲသူတွေပဲ ဖြစ်ကုန်ကြပါသတဲ့။

အဲ မူးယစ်ဆေးဝါးဆိုလို့ပြောရဦးမယ်၊ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှု ဘိန်းထွက်နှုန်း ဒုတိယအများဆုံးနိုင်ငံပါတဲ့။ အာဖဂန် ပြီးရင် မြန်မာက ဒုတိယလိုက်သတဲ့။ အဲဒါ က စိုက်ပျိုးတဲ့ ဘိန်းကို ပြောတာနော်။

ခုတော့ ဆေးပြားခေတ်ရောက်လာ ပြန်ပါပြီ။ ဆေးပြားကတော့ ဓာတုပစ္စည်း များနဲ့ ထုတ်လုပ်တာတဲ့။ ဘယ်သူတွေကထုတ်၊ ဘယ်သူတွေကလုပ်၊ ဘယ်သူတွေက ရောင်းနေသလဲတော့ မသိပါဘူး။ မြန်မာတစ်ပြည်လုံးမှာ ဆေးပြားတွေ အလွယ်တကူ ဝယ်လို့ရနေကြပြီး အဲသည် ဆေးပြားတွေလည်း ပိုင်ရှင်မဲ့အပြင် မိလိုက်ပြီ ဆိုမှဖြင့် ကမ္ဘာမှာ ဒုတိယအများဆုံး  အရေ အတွက်နဲ့ မိနေကြဆိုပဲ။

မြန်မာသီးနှံ ဝယ်လက်အကြောင်းရေးရာက မူးယစ်ဆေးဝါးဝယ်လက်ရောက် လာတော့တာကိုး။ မူးယစ်ဆေးဝါး ဝယ် လက်ကတော့ မြန်မာပြည်သူပြည်သားများပါပဲ။ ရောင်းပြီး အမြတ်အစွန်း အများကြီး အများကြီးရသူများကိုတော့ ဘကြီးမိုးမသိပါ။ ရွှေသမင်ဘယ်ကထွက်လည်း မပြောတတ်ပါ။ ဘကြီးမိုးကတော့ သတင်း သမားဆိုတော့ သတင်းတွေကို စုစည်းတင်ပြရတာပဲပေါ့ခင်ဗျ။

မြန်မာ့စိုက်ပျိုးရေး ဝယ်လက်နှင့် ဘကြီးမိုးပါ။





ဘကြီးမိုး