ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၇)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ - အပိုင်း (၇)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇

● ဦးလေး ဦးအောင်ခင်
မုံရွာသားတဦးဖြစ်ပြီး မိမိဖခင်နှင့်အတူ အောင်ဆန်းမြို့ ကျန်းမာရေးမှူးသင်တန်းကျောင်းတွင် အတူတကွတက်ခဲ့သော ဦး လေးဦးအောင်ခင်သည် အရပ်ခပ်ပြတ်ပြတ် ခပ်ဖိုင့်ဖိုင့်ဖြစ်ပြီး ခေါင်းကလေးကိုငဲ့စောင်း၍ စကားဆိုတတ်သူဖြစ်သည်။ လူပုံ က ခပ်ဖိုင့်ဖိုင့်ပေမင့် ဖြတ်လတ်သွက်လက်သူတဦးဖြစ်သည်။ မိမိအားလက်ခံပေးထားသည်မှာ သူသည် မိမိဖခင်နှင့် မိတ် ဆွေဖြစ်ခြင်းသက်သက်ကြောင့်တော့ မဟုတ်ပေ။ သူကိုယ်တိုင်လည်း မတ်ဝါဒ လက်ဝဲဝါဒကိုလိုလားသူ CPB ကို လိုလားသူ တဦးဖြစ်သောကြောင့် ဖြစ်သည်။ သူ၏သားကြီးဖြစ်သူ မွေးလာတော့ မော်စီတုန်း၏ ရှေ့စာလုံး မော်နှင့်သခင်သန်းထွန်း၏ နောက်စာလုံး ထွန်းကိုယူ၍ မော်ထွန်းဟု နာမည်ပေးခဲ့သည်ဟု ကြားဖူးသည်။ "မထူးပါဘူးရှင် မော်စီတုန်းလို့သာ နာမည်ပေး လိုက်ပါတော့" သူဇနီးကဆိုသည်ဟု ကြားခဲ့ဘူးသည်။ နောက်တော့ သူသားကြီးအား မော်စီဟုခေါ်ကြသည်ဟု ထင်သည်။ မတ်ဝါဒ လက်ဝဲဝါဒသည် ထိုစဉ်က လူငယ်များ လူလတ်ပိုင်းများကြား ပညာတတ်များကြားတွင် ရေပမ်းစားသော အယူဝါဒ တခုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

သို့သော် ထူးခြားချက်တခုတော့ရှိသည်။ မုံရွာသား လက်ဝဲသမားများသည် အခြားနယ်မှ လက်ဝဲသမားများနှင့်မတူသော ထူးချွန်မှုတခုရှိသည်။ ထိုထူးချွန်မှုမှာ စီးပွားရေးလုပ်ရာတွင် အောင်အောင်မြင်မြင်လုပ်နိုင်စွမ်းရှိသကဲ့သို့ စီးပွားရေးအ ကွက် မြင်တတ်သူများလည်းဖြစ်သည်။ ထိုစဉ်က ထိုအချက်ကို ရေးရေးသာသိခဲ့သော်လည်း နောက်ပိုင်းတွင် သိကျွမ်းရသော မုံ ရွာ လက်ဝဲသမားများသည် အောင်မြင်သောစီးပွားရေးသမားဖြစ်လာသည်ကို တွေ့ရသောအခါ ပို၍ သူတို့၏အားသာချက်နှင့် ထူးချွန်မှုကိုပို၍ သဘောပေါက်လာခဲ့သည်။

ဦးလေးဦးအောင်ခင်သည် မော်တိတ်တွင် ကျန်းမာရေးမှူးတာဝန်ယူနေသော်လည်း မော်တိတ်၏ ဒေသအခြေအနေကို လေ့ လာပြီး စီးပွားရေးလုပ်ငန်းများလည်းလုပ်သည်။ ဒေသထွက် စပါးနှင့်မြေပဲကိုကြည့်၍ ဟာလာစပါးကြိတ်စက်နှင့် ဆီကြိတ် စက်ငယ်တလုံး တွဲ၍ထောင်သည်။ နာနတ်စိုက်သည်။ မဲဇာမြစ်ဘေးတွင် ကြံစိုက်သည်။ သူ့အခင်းမှ ကြံထွက်လာသော အခါတခါတည်း ကြံသကာကျိုသည်။ သူကိုယ်တိုင်က အစိုးရဝန်ထမ်းဖြစ်နေ၍ အချိန်သိပ်မပေးနိုင်သော်လည်း မုံရွာက သားချင်းနှစ်ဦးကိုခေါ်၍ ကြပ်မတ်လုပ်ကိုင်ခိုင်းပြီး သူကိုယ်တိုင်က စီစဉ်ညွှန်ကြားသည်။ ထိုကာလက အတော်ခက်ခဲသည် ဟုဆိုရမည်။ ဟာလာနှင့်ဆီစက်အတွက် အင်ဂျင်ပျက်တော့ စက်ပြင်ဆရာကို မန္တလေးအထိဆင်းခေါ်ရသည်။ မလွယ်ကူလှ ပေ။ ထိုသို့သောအခြေအနေအောက်တွင် သူဖြစ်အောင်လုပ်ကိုင်သည်။ စီးပွားရေးဇတော့ မသေးလှ။

နောက်ပိုင်း အစိုးရအလုပ်ကထွက်ပြီးနောက်ပိုင်းတွင်လည်း မုံရွာတွင် ဂျုံစက်တည်ပြီး အောင်မြင်သည့် စီးပွားရေးသမားဖြစ် လာသည်။ သူနှင့်တွဲဖက် မုံရွာလက်ဝဲသမားများဖြစ်ကြသည့် နိုင်ငံရေးမှု ဖြင့်လည်း ထောင်ကျခဲ့ကြဘူးသည့် ကိုကျော်မြင့် (တရုတ်ကြီး) ကိုချစ်ခင် (ပွဲစားကြီး) ကိုစန်းလှိုင် စသည့်သူများသည်လည်း ကြာဇံစက် ခေါက်ဆွဲစက်စသည့် စီးပွားရေး လုပ်ငန်းပေါင်းစုံကို အောင်မြင်စွာလုပ်ကိုင်နိုင်ကြသည်ကိုတွေ့ရသည်။ စီးပွားရေးအကွက်လည်းမြင် အောင်မြင်အောင်လည်း လုပ်နိုင်ကြသည့် ထူးချွန်သည့် မုံရွာလက်ဝဲသမားများဟုဆိုရပါမည်။

ထိုစဉ်မော်တိတ်မှာတုန်းကတော့ သူ၏စက်များတွင် မိမိလည်းဝင်ရောက်လုပ်ကိုင်သည်။ တောင်သူများထံမှ မြေပဲလာလျင် ဆီကြိတ်ရသည်။ စပါးလာလျင် စပါးကြိတ်ရသည်။ "ကြိတ်ခက ဆီဖိုးဘဲရတာကွ။ ဖွဲ စကွဲနဲ့ ပဲဖတ်ကျန်ခဲ့တာကမှ ကိုယ့်အ တွက် အမြတ်ရတာကွ" ဟုဆိုသည့် လက်တွေ့စီးပွားရေးသဘောတရားများကို ဦးလေးဦးအောင်ခင်ထံမှ လက်တွေ့သင် ယူရသည်။ သို့သော် စီးပွားရေးသဘောတရားသင်ယူရသည်ထက်ပို၍ ခက်ခဲသည်မှာ အလုပ်သမားလုပ်ရခြင်းဖြစ်သည်။ ဆီကြိတ်ရသည်က မထောင်းတာလှသော်လည်း စပါးကြိတ်ရလျင် အမှုံအမွှားလွင့်သဖြင့် အတော်လေးယားသည်။ မဲဇာမြစ် ဘေးက ကြံခင်းထဲကြံခုတ်ရသည်မှာလည်း မလွယ်လှ။ နေကပူ ချွေးကကျ ယားကလည်း အတော်လေးယားသည်။

ကြံကြိတ်သည်က ကျွဲနှင့်လှည့်သည့်ကြိတ်ဆုံဖြစ်သည်။ ကျွများက နေပူမခံသဖြင့် မနက်စောစောနှင့် ညနေပိုင်းကြိတ်ရသည်။ ကြံသကာကျိုလျင်လည်း သကာရည်ပြစ်လာသည်နှင့် မွှေသူက နားမရတော့။ မီးရှိန်နှင့်ဆိုတော့ ချွေးတလုံးလုံး။ ဖျာကြမ်း ပေါ်လောင်းချပြီးမှ အနားရသည်။ အနားရသည်ဆိုသည်ကလည်း နောက် တဒယ်ပြီး တဒယ် လာချေအုံးမည်။ မိမိကတော့ သကာရည်မမွှေတတ်သဖြင့် ကြံခုတ် ကြံကြိတ် ကျွဲမောင်း မီးထိုး စသည်ဖြင့် တနေကုန် ဖတ်ဖတ်မောသည်။ ညအလုပ် သိမ်းလျင်တော့ မဲဇာမြစ်ဘေးက တဲတလုံးတွင် အေးမြသောဆောင်းအရသာခံရင်း အိပ်စက်ရသည်။ တနေကုန် မောပမ်းနေ သည်ဖြစ်ရာ မည်မျှအေးသည်ဖြစ်စေ၊ ခေါင်းချသည်နှင့် အိပ်ပျော်သည်။ "အာ့ညယ် လယ်သမားဘဝ တကယ်မနားရပါလား မောင်" ဟု မိမိထအော်လျင် ဘေးလူများက မိမိအား ရယ်သွမ်းသွေးကြတော့သည်။ ထို့နောက်တွင် မဲဇာမြစ်နဘေး တဲငယ် လေးအတွင်း မီးခွက်မှိန်မှိန်လည်း မှိတ်၍သွားကာ တိတ်ဆိတ်ခြင်း မှောင်မိုက်ခြင်းတို့နှင့်အတူ နှင်းမြူ ဆိုင်းဖွဲ့ခြင်းအောက်သို့ ရောက်ရှိသွားပေတော့သည်။

မိမိအဖို့ကတော့ အခြေခံတောင်သူလယ်သမားဘဝ တိုင်းရင်းသားလူမျိုးတခု၏ဘဝကို လက်တွေ့ဝင်ရောက်ခံစားကြည့်မိ ကြည့်မိခြင်းဖြစ်သည်။ ပန်းခင်းကို မြင်းစီးကြည့်မျိုးမဟုတ်သည့် ပန်းခင်းထဲကို ထဲထဲဝင်ဝင်စတင် ဝင်ရောက်ကြည့်ရှု ခြင်း လည်းဖြစ်သည်။ နောက်တွင် မိမိ တဖြည်းဖြည်း ပို၍နားလည်လာခဲ့သည်မှာ သူတို့ဘဝဖြတ်သန်းမှု ဓလေ့စရိုက်များကို နား လည်ယူသည်နှင့်အတူ ထိုသူတို့၏ဘဝအခြေခံပေါ်မှ သူတို့၏ခံစားမှု စဉ်းစားမှုချဉ်းကပ်မှုနှင့် ကြည့်မြင်ပုံများကို နားလည် သဘောပေါက်အောင်ကြိုးစားကြည့်ဖို့ လိုသည်ဆိုခြင်းဖြစ်သည်။ သို့မှသာ မတူကွဲပြားသောလူမျိုး ထုံတမ်းဓလေ့ ဘာသာ စကားမှသည် မတူသည့်ဘဝဖြတ်သန်းမှုရှိသည့်သူများ အပြန်အလှန် နားလည်သဘောပေါက်နိုင်ပေလိမ့်မည်။

● ဘကြီးအံ
သူအမည်မှာ ဦးအံဖြစ်သည်။ အသက် ၃၅ နှစ် သို့မဟုတ် ၄ဝ လောက်တော့ရှိပြီထင်သည်။ မော်တိတ်ရွာသား ကဒူးလူ မျိုးတယောက်ဖြစ်သည်။ လည်ရေပတ်ရေရှိသဖြင့် ဦးလေးဦးအောင်ခင်က တချို့ကိစ္စများ မကြာခဏ ခေါ်ခိုင်းလေ့ရှိသဖြင့် မိမိတို့နှင့်လည်း ခင်မင်သွားသည်။ ဦးလေးဦးအောင်ခင်က သူ့အား မောင်အံဟုခေါ်သည်။ သူသည် အသက်သိပ်မကြီး သေးသော်လည်း မိမိတို့ကတော့ ရွာထဲကကလေးတွေခေါ်သကဲ့သို့ ဘကြီးအံဟုခေါ်ခဲ့ကြပါသည်။

လူရည်လည်သောဘကြီးအံသည် မော်တိတ်အကြောင်း ကဒူးတို့အကြောင်းကို နှံ့စပ်စွာသိသူဖြစ်ပေရာ သူထံမှ ထိုဒေသ၏ အယူအဆ ထုံးတမ်းများကို သိခွင့်ရခဲ့သည်။ သို့သော်ထိုစဉ်က မိမိအာရုံစိုက်မှု နည်းပါးခဲ့သည့်ပြင် စဉ်းစားမှု မပြည့်စုံ၍ သိ သင့်သလောက်တော့ မသိခဲ့ပေ။

တောတောင်ထူထပ်သော မော်တိတ်ဒေသတွင် တောထဲတွင် နတ်ကြီးသည်ဟု အယူရှိကြသည်။ တောထဲစခန်းချလျင် လေးစင်တိုင်ဖြင့် တဲမဆောက်ရ၊ အချိန်မရ၍ လေးစင်တိုင်ဖြင့် တဲဆောက်လျင်ပင် တိုင်တလုံး၌ နောက်တိုင်တလုံးပူးချီ၍ ငါးတိုင်ဖြစ်စေရသည်ဟု ဆိုသည်။ အဝတ်နက်ဝတ်မသွားရ။ ဤအချက်ကို မလိုက်နာပါက နတ်ကျားကိုက်တတ်သည်ဟုအယူရှိကြသည်။ ထိုအယူအဆကို မယုံသည့်မိမိက ဘကြီးအံကို ခံ၍ငြင်းသည်။ "ကဲဗျာ ကျနော်သွားမယ် အပေါ်အောက် အ နက်ဝတ်ပြီး ထီးအနက်ပါ ယူသွားအုံးမယ်ဗျာ။ ပြီးရင်လေးစင်တိုင်ဆောက်နေပြမယ်။ ဘာကြေးလောင်းမလဲ" ဟု စိန်ခေါ် သည်။ ဘကြီးအံကပြုံး၍ "အေးပါ့မောင်ရာ လူကြမ်းတော့လည်း နတ်ကြမ်းမခံနိုင်ဘူးပေါ့ညယ်" ဟု အလျှော့ပေးဆိုခဲ့သည်။

သူအလျှော့ပေးခဲ့သော်လည်း သူတို့အယူကိုတော့ သူတို့လျှော့ပုံမရပါ။ တောတောင်ထူထပ်၍ လူသွားလူလာပြတ်သည့် သူတို့ဒေသ၌ ထိုစဉ်ကသားရဲတိရိစ္ဆာန်ပေါများနိုင်သည့်ဖြစ်ရာ သူတို့ယုံကြည်မှုက သူတို့အား မည်သို့ပင်ဖြစ်စေ သူတို့အား စိတ်ငြိမ်းချမ်းမှု ကာကွယ်မှုပေးနိုင်သည်ကို မိမိနားမလည်နိုင်ခဲ့ဟုဆိုရမည်။ ထိုအရပ်၌ တခြားရွာများဖြစ်သည့် နမီးချောင်း ဖျားက တာ့ဖလာ၊ ခိုချေး၊ မင်းကုန်းစသည့် အသွားအပြန် တရက်ခရီးရှိသည့် ရွာများသို့ မိမိသွားလည်ဘူးသည်။ လမ်းတွင် တောအုပ်ကြီးကိုဖြတ်ရသည်။လမ်းတလျောက် အခြားခရီးသွား မဆုံခဲ့ရ။ စိုးရိမ်ပူပန်မှုရှိမည်ဆိုက ရှိကြမည်သာဖြစ်ပေသည်။

တညတော့ ကြက်တကောင်ချက်စားကြသည်။ ဘကြီးအံက မုန်ညင်းစိမ်းတွေပါခူးလာပြီး မုန်းညင်းပါထည့်ချက်စားဖို့လုပ် ပါသည်။ ကြက်သားလုံး၍ ဆီသတ်နေစဉ်မှာ သူက မုန်းညင်းစိမ်းများချိုး၍ ထည့်လုံးရန်ပြင်သည်။ မိမိက ပြင်းထန်စွာကန့် ကွက်သည်။ "ခုထဲက အရွက်တွေထဲရင် အရွက်တွေ အနူးလွန်သွားမှာပေါ့ဗျ။ ကြက်သားနူးမှ ထည့်လိုက်ရင် မုန်ညင်းက ခဏနူးသွားမှာဘဲလေ။ အသီးအရွက်စိမ်းဆိုတာ အပြုတ်လွန်သွားရင် ဗီတာမင် ဘယ်ရှိတော့မလဲ ကုန်သွားမှာပေါ့" ဟူ၍ မိမိနားလည်ထားသည်နှင့် အတင်းငြင်းရာ ထုံးစံအတိုင်း ဘကြီးအံက အလျှော့ပေးသည်။ တခွန်းတော့ဆိုသည်။ "အာ့ညယ် ပျက်ပါပြီမောင် ဘယ်စားကောင်းတော့မလဲညယ်" ဟု ငြီးတွားလေသည်။

တကယ်တော့ နောင်တွင် မိမိသိလာရသည်မှာ ထိုကဒူးဒေသတွင်သာမက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် မုန်းညင်း ကို အသားအရိုးတို့နှင့်ဖြစ်စေ အချဉ်တခုခုနှင့်ဖြစ်စေ အိနေအောင်ချက်ပြုတ်၍ စားသည့်အလေ့ရှိသည်။ ထိုအခါ အသား ဓာတ်က မုန်ညင်းအရိုးအရွက်ထဲ စိမ့်ဝင်ကာ အိနေပြီး အချိုဓာတ်ကဲကာ စား၍ကောင်းသည်။ ကြီးထွားပြီး အလယ်ရိုးထူသော မုန်ညင်းများကို ဤသို့ချက်စားကြလေ့ရှိသည်။ အချဉ်ကျိုလျင်တော့ ရှမ်းဘာသာဖြင့် ဖတ်စောဟု ခေါ်လေ့ရှိသည်။ နောင် တွင် မိမိအလွန်နှစ်သက်သည့်ဟင်းလျာတခွက် ဖြစ်သွားသည်။ ဗီတာမင်ပျက်မပျက်တော့မသိ။ စား၍ကောင်းသော အစဉ် အလာ ရိုးရာဟင်းချက်နည်းတခွက်ဖြစ်သည်။

ယခုတော့ မိမိပြန်စဉ်းစားကြည့်မိသည်။ အကယ်၍ ဦးလေးဦးအောင်ခင်၏မျက်နှာမရှိလျင် ဘကြီးအံ မိမိအားလျော့ပေး မည်မထင်။ ထို့အတူ မိမိနှင့်မသိသော တိုင်းရင်းသားတယောက်ဆိုလျင်လည်း မိမိစကားအား နားထောင်လိမ့်မည်မထင်ပါ။ ဒါတောင် ဟင်းတခွက်သာရှိသေးသည်။ တိုင်းရင်းများဒေသ အုပ်ချုပ်ရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်ပြီး သူတို့၏ ထုံးတမ်းဓလေ့ သူတို့၏အစဉ်အလာ သူတို့၏ စဉ်းစားတွေးတောမှုများကိုပစ်ပယ်ပြီး မိမိစဉ်းစားသကဲ့သို့ ဗီတာမင် ကောင်းကွက်တခုတည်း သို့မဟုတ် စိတ်ကောင်းစေတနာတခုတည်းအခြေခံပြီး မိမိတို့စဉ်းစားလုပ်ကိုင်ပါက တိုင်းရင်းသားတို့ လက်ခံဖို့ ခဲယဉ်းပေလိမ့်မည်။ ထိုစဉ်ကတော့ ဤသို့ တွေးတောမကြည့်တတ်ခဲ့ပါ။

တရက်မတော့ ဘကြီးအံက မိမိအား ညဘက် မဲဇာမြစ်ထဲ ငါးစောင့်ဖမ်းရအောင်ခေါ်ပါသည်။ သူ့လူများက ပြင်ဆင်ပြီးပြီဟု ဆိုသည်။ သို့နှင့် ညမိုးချုပ်စတွင် စောင်တထည်စီကိုယ်မှာ သိုင်းခြုံ၍ ညဘက်စားရန်ထမင်း ထုပ်တထုပ်စီထည့်၍ မဲဇာမြစ် ဆီသို့ ထွက်ခဲ့ကြသည်။ ထိုညက လသာပါသည်။ လရောင်အောက်၌ မဲဇာမြစ်ရေငွေရောင် တဖိတ်ဖိတ်တောက်ပ၍နေ သည်။ ထိုစဉ်က မဲဇာမြစ်ရေသည် ကြည်လင်နေဆဲဖြစ်သည်။ ယခုအခါတော့ ရွှေသတ္တုတူးဖေါ်မှုများကြောင့် နောက်ကျိနေ ပြီဟု ကြားသိရသည်။

မဲဇာမြစ်တွင်း ငါးစောင့်ဖမ်းမည်ဆို၍ မိမိက အလွယ်တကူထင်ခဲ့သော်လည်း သူတို့က အတော်လေးပြင်ဆင်ထားရသည်။ မဲဇာမြစ်လယ် မရောက်တရောက်တွင် ရေထဲ၌ တိုင်များစိုက်၍ ၁ဝ ပေပတ်လည်ခန့်ရှိသည့် စင်လေးတစင် ဆောက်၍ ထားသည်။ အလယ်တွင် မြေသားခံထားသည့် မီးဖိုလေးတခု ပြုလုပ်ထားသည်။ ထိုစင်လေးပေါ်တွင် လူ လေးငါးယောက် ခန့် ခြေဆန့်လုပ်၍ ရနိုင်ပါသည်။ အခင်းကတော့ သစ်လုံးများဖြတ်ခင်း၍ ခပ်ကြမ်းကြမ်းဟုဆိုရပါမည်။

ထိုစင်လေး၏ ရေဆန်ဘက်ကို ဦးတည်၍ ဘယ်ညာခပ်စောင်းစောင်းကား၍ ပေါင်လုံးခန့်ရှိ တိုင်လုံးများ တဖက်လျက် ပေ ၂ဝ ခန့်ထိ ခပ်စိတ်စိတ်စိုက်ထူထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မဲဇာမြစ်ရေသည် စင်လေးရှိရာသို့ စူးစိုက်၍စီးဝင်လာ အောင် လုပ်ထားခြင်းဖြစ်သည်။ ရေစီးနှင့်အတူပါလာမည့် ငါးများ စင်ဘက်ရှိရာလာအောင် လမ်းကြောင်းပေးထားခြင်းဖြစ်သည်ဟုဆိုရမည်။ မိမိအနေနှင့်သာ မဲဇာမြစ်ထဲဆင်း၍ တိုင်စိုက် စင်ဆောက်ရလျင် ဘယ်နှစ်ရက်ဆောက်ရမည် ပြောရန် ခက်ခဲသော်လည်း ဘကြီးအံလူနှစ်ယောက်ကတော့ နေ့တပိုင်းနှင့်ပြီးသည်ဟု ဆိုသည်။ ထိုစဉ်က မဲဇာမြစ်တဖက်ကမ်းတွင် တောအုပ်ကထူသေးသဖြင့် တိုင်ခုတ်ရန်လည်း မခက်ခဲပေ။

မိမိတို့ လေးယောက်စင်ပေါ်ရောက်တော့ ည ၈ နာရီခန့်ရှိလောက်ပေပြီ။ လူတယောက် ပိုက်ကို စင်ပေါက်ဝမြစ်ရေတွင်းချ ပြီး ကြိုးနဲ့ဆွဲကာ လက်တဖက်နှင့်ကိုင်၍ အသင့်စောင့်ပေးရသည်။ ငါးတိုးလာသည်ကိုသိရန် ကြိုးကို လက်နှင့်ကိုင်ထား ခြင်းဖြစ်သည်။ ပိုက်ကို ငါးတိုးသည်နှင့် ချက်ခြင်းဆွဲတင်ဖို့ ဖြစ်သည်။ နောက်ကျလျင် ငါးက ရေဆန်ပြန်တက်သွားပေလိမ့် မည်။ ဘာမှမတတ်သောမိမိကလွဲ၍ကျန်သူများက တလှည့်စီကြိုးကိုင်၍စောင့်ကြရသည်ကျန်သူများက ရေနွေးအိုးတည်၍ ရေနွေးကြမ်းသောက်လိုက် ဆေးပေါ့လိပ်ဖွာလိုက် စကားပြောလိုက်ဖြင့် မဲဇာညကိုဖြတ်သန်းကြသည်။

ည ၁ဝ နာရီခန့်တွင် အတန်ငယ်ကြီးသည့်ငါးတကောင်စရသည်။ ချက်ခြင်းပင် ကင်၍ ထမင်းထုပ်ဖြေစားလိုက်ကြသည်။ လတ်လတ်ဆတ်ဆတ်ဆိုတော့ ချိုလိုက် အရသာရှိလိုက်သည့်ငါးဟု ဆိုရမည်။ ဘာအမွှေးအကြိုင် ဘာဟင်းခတ်မှမပါ။ ဆားနယ်၍သာကင်လိုက်ခြင်းသာဖြစ်သော်လည်း လတ်ဆတ်မှုက ထူးကဲသည့် အရသာကိုပေးခဲ့ပေသည်။

စားသောက်ပြီးတော့ မဲဇာမြစ်လယ်က စင်ပေါ်တွင် ခြေလက်ဆန့်၍လှဲလျောင်းသည်။ လရောင်က မြူနှင်းများကြားတွင် ဝေကျနေဆဲဖြစ်သည်။လရောင်အောက်တွင် မဲဇာမြစ်ရေကား ငွေရောင်တလက်လက် တောက်ပ၍နေသည်။ ညင်သာသော မြစ်ရေစီးသံသည် တိုးညှင်းစွာ နားထဲဝင်ရောက်လာသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်ဆိုသော်လည်း ပိုး ကောင် မွှားကောင်လေးများ၏ အသံဗလံတော့ကြားနေရသည်။ တခါတရံ ဂျီဟောက်သံကြားရသည်။ သဘာဝတရား အတိုင်း သာယာလှပသည့် မဲဇာညတညကို ဖန်တီးပေးခဲ့သော ကဒူးလူမျိုး ဘကြီးအံကို ကျေးဇူးတင်မိသည်။ ဝမ်းပြည့်နေ သော မိမိလည်း မျက်လုံးများမှေးစင်းလာတော့သည်။ "အော် ခရီးဆက်စရာ အဝေးကြီးကျန်သေးပါလား" ဟု ကိုယ့်ကိုကိုယ် သတိပေးရင်းများမကြာမီ အိပ်ပျော်သွားခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။မောင်မောင်စိုး (Mg Mg Soe)