ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကျော် (မြရည်စမ်း) ● ဇာတိ၌ မှီတွယ်ခြင်း

ကျော်ကျော် (မြရည်စမ်း) ● ဇာတိ၌ မှီတွယ်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၇

ကျနော့်အိမ်ထောင်သက်နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပါပြီ။ ထိုအတောအတွင်း နေရာဒေသအမျိုးမျိုးသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ ရဖူးသည်။  ဘယ်နှအိမ်ပြောင်းပြီလဲဟုမေးလျှင် အတော်ပင်စဉ်းစားယူရမည်။ တကယ်တော့ ပြောင်းချင်လွန်း၍ ပြောင်းခဲ့ရ ခြင်းမဟုတ်ပါ။ မလွဲသာသောအကြောင်းခြင်းရာ အခြေအနေများကြောင့်သာ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်းပင်။

သက်ရှိသတ္တဝါအများစုအဖို့  ကိုယ်မွေးဖွားရာ သို့မဟုတ်  ပေါက်ဖွားရာ နေရာဒေသ၌သာ သက်ဆုံးတိုင် ကြီးပြင်းနေထိုင်လိုကြသည်မှာလည်း  လောကဓမ္မတာတခု ဖြစ်မည်ထင်ပါသည်။

ကျနော်နေထိုင်ခဲ့ဖူးသော တိုက်ခန်းရှေ့တွင် ဂျပန်ခေတ်အတွင်းက တည်ဆောက်ထားခဲ့သော ဆေးရုံဟောင်းတခုရှိသည်။ ထိုဆေးရုံဝင်းမျက်နှာစာတွင် ညောင်ပင်အိုကြီးတပင်ရှိသည်။

တနေ့သား တိုက်ခန်းလေးထဲ၌ ကျနော်တယောက်ထဲ ထမင်းစားနေစဉ်  အပြင်ဘက်မှ ဆူညံ ဆူညံ အသံများကြားရသည်။ စားလက်စ ထမင်းပန်းကန်ကိုချထားခဲ့ပြီး အပြင်သို့ လှမ်းကြည့်မိသည်။ ကလေးများအပါအဝင် ယောက်ျား မိန်းမအတော် များများသည် ညောင်ပင်ကြီးပေါ်မော့ကြည့်ရင်း တယောက်တပေါက်ပြောဆိုနေကြ၏။ ထိုနေရာသို့ ကျနော်ပါရောက်သွား သည်။

ပေနှစ်ဆယ်ခန့် မြင့်မည်ထင်သော ညောင်ပင်ခွဆုံနားတွင် သစ်ခေါင်းတခုရှိ၏။ ထိုသစ်ခေါင်းအနီးတွင် မြွေတကောင်သည် တောက်တဲ့တကောင်၏ ဦးခေါင်းကို  ကိုက်ခဲထားလေသည်။ တောက်တဲ့၏ ခြေကားယား လက်ကားယားဖြင့် ရုန်းကန်နေပုံ ၊အမြီး တဆတ်ဆတ်ခါနေပုံကို မြင်နေရ၍ အသက်ရှင်နေသေးမှန်းသိသာပါသည်။ အတော်ပင် ထိတ်လန့် နာကျင်နေပေလိမ့် မည်။

မြွေသည်လည်း  အလွန်အမင်း ဆာလောင်နေပုံရ၏။ တောက်တဲ့၏ကိုယ်ပိုင်းကို အားကြိုးမာန်တက်ရစ်ပတ်နေရင်း သူ့ အား ကုတ်ခြစ်နေသော  ခြေသည်းလက်သည်းများကိုပင် မမှုတော့ချေ။

ကျနော့်ဘေးမှလူများမှာ ဖျော်ဖြေပွဲတပွဲကို ကြည့်နေရသည့်အလား အားတက်သရောရှိလှပါ၏။ တချို့က တောက်တဲ့နှင့် မြွေကြား လောင်းကြေးပင်ထပ်နေကြသေးသည်။

သူတို့နှစ်ကောင်အနီးမှသစ်ခေါင်းကို တချို့က တောက်တဲ့၏အသိုက်ဟု ထင်ကြေးပေး၍ တချို့က မြွေသိုက်ဖြစ်မည်ဟု ငြင်း ချက်ထုတ်ကြသည်။ လူတယောက်ကတော့ စစ်ရေးအမြင်ရှိသည် ထင်ရ၏။  ယခုအမျိုခံနေရသော တောက်တဲ့ဘက်မှ  စစ် ကူတောက်တဲ့လာပေအုံးမည်ဟု အခိုင်အမာပြောဆိုနေလေ၏။

ထိုသို့ပြောဆိုနေတုန်းပင် တောက်တဲ့၏ ခေါင်းပိုင်းတခုလုံး   မြွေပါးစပ်အတွင်း ရောက်သွားပေပြီ။ ခြေများလက်များ လှုပ်ဆဲ၊ အမြီး တဆတ်ဆတ်ခါဆဲ၊ အသက်ရှင်ဆဲပင်။

စစ်ကူလာလိမ့်အုံးမည်ဟု ပြောထားသောသူသည် အပေါ်ဘက် ညောင်ကိုင်းဆီသို့ လက်ညှိုးထိုးရင်း တောက်တဲ့အမ  စစ်ကူ လာပြီဗျို့ဟု ဝမ်းသာအားရ အော်လေသည်။  သူမှန်းထားသလို ဖြစ်လာ၍  လူအများရှေ့၌  သူ့ကိုယ်သူ ဂုဏ်ယူနေဟန်ရှိသည်။ လေသံနှင့်ဟန်ပန်မှာ မြူးနေ၏။

ထိုသူ၏ခန့် မှန်းချက်သည်လည်း သဘာဝတော့ကျသည်ဟု ထင်ပါသည်။ အမျိုခံနေရသောတောက်တဲ့က အကောင်ကြီးပြီး နောက်မှရောက်လာသောတောက်တဲ့က အကောင်သေးလေသည်။  ထိုတောက်တဲ့နှစ်ကောင်သည် ဇနီးမောင်နှံလည်း ဖြစ် နိုင်သလို၊ သားအဖ၊ ညီအစ်ကို မောင်နှမလည်းဖြစ်နိုင်မည် ထင်ပါ၏။ သေချာသည်ကတော့ သူတို့သည် မျိုးရိုးတူသော တောက်တဲ့များ ဖြစ်နေကြခြင်းပင်။

လူအများပြောဆို ငြင်းခုန်၍ ထင်ကြေးပေးနေကြသည့်အကြောင်းအရာထဲမှတချို့ကိုတော့ ကျနော်စိတ်ဝင်စားမိပါသည်။ တွေးလည်း တွေးနေမိသည်။

ထိုညောင်ပင်ကြီးသည် လွန်ခဲ့သောပဝေသဏီက  ညောင်စေ့ကလေးဘဝမှစ၍ ကြီးထွားလာခဲ့ရမည်။ မြေပြင်ပေါ်အစေ့ ကျရာမှ အမှီသဟဲကင်းစွာ ပေါက်ရောက်ကြီးပြင်းလာခြင်း ဖြစ်နိုင်သလို၊ အခြားသစ်ပင်များပေါ် တွယ်ကပ်ပေါက်ရောက်ရာမှ သူမှီခိုခဲ့ရာကို တဖြည်းဖြည်းဝါးမျိုရင်း လက်ရှိအနေအထားသို့ ကြီးရင့်ခဲ့ခြင်းလည်း  ဖြစ်နိုင်ပြန်သည်။

တထွာတမိုက်မှစ၍  ကြီးထွားလာခဲ့သော ညောင်ပင်ကြီးပေါ်သို့  တောက်တဲ့နှင့်မြွေ၊ မည်သူက ဦးစွာအခြေချ နေထိုင်ခဲ့ကြ သနည်း ဟု ကျနော်သိချင်မိပါသည်။ ရှေ့နောက်ဆင့်ကာ ရောက်လာကြခြင်းဖြစ်နိုင်သလို၊ ပြိုင်တူရောက် လာကြခြင်းလည်း ဖြစ်နိုင်ပေ သည်။ ထိုနှစ်ကောင်အနီးမှ သစ်ခေါင်းသည်လည်း  နှစ်ကောင်အနက် တကောင်ကောင်၏ နေရာဖြစ်နိုင်သလို၊ လတ်တလော မမြင်တွေ့ ရသေးသည့် ငှက်ကလေးများ၊ ရှဥ့်ကလေးများ၏ နေရာဌာနလည်း ဖြစ်နိုင်မည်ထင်ပါ၏။

တောက်တဲ့နှင့် မြွေသည်  မည်သူက ကျူးကျော်သူဟု မှန်းဆရန်ပင် ခက်ခဲပေပြီ။ သူတို့တွင် သမိုင်းမှတ်တမ်းများမရှိ၍  သက်ဆိုင်ရာဗေဒပညာရှင်များကသာ စူးစမ်းပြီး သိရှိနိုင်မည့်အခြေအနေ။ သူတို့သည်  တိရစ္ဆာန်များဖြစ်သဖြင့်၊ အင်အားနည်း သူကို အင်အားကြီးသူက ရန်သတ္တုပြုရန်အတွက်ဖြစ်စေ၊ အစာအတွက်ဖြစ်စေ နိုင်စားညှဉ်းဆဲနိုင်သည့်  တောဥပဒေရှိနေ လေသည်။ လတ်တလော၌ပင် တောက်တဲ့သည်  မြွေ၏နိုင်စားခြင်းကို ခံလိုက်ရပေပြီ။ ထိုအခြေအနေများကို ထောက်ချင့်စဉ်း စားကြည့်လျှင် ရန်သူနှင့် အတူတကွနေထိုင်ရင်းဖြင့် ယခုတောက်တဲ့၏ ဘိုးဘေးများသည်လည်း ကြီးစွာသောသတိဖြင့် ခက်ခဲစွာရုန်းကန်ခဲ့ရပေမည်။

ထိုသို့သောအခက်အခဲများကြားမှ တခြားအပင်များသို့ မရွှေ့ပြောင်းပဲ ကြံ့ကြံ့ခံခဲ့ရိုးမှန်လျှင်တော့ အလွန်ပင်လေးစားဖွယ် ကောင်းလှပါသည်။ ညောင်ပင်အိုကြီးမှာ သူတွယ်တာစရာကောင်းလောက်အောင် အစာရေစာပေါများလွန်း၍လည်း ဖြစ်ချင် ဖြစ်နေနိုင်သေးသည်။

ကျနော့်ဘေးမှ လူအများက အားတက်သရော အော်ဟစ်လိုက်ကြပြန်သည်။ နောက်တိုး တောက်တဲ့လေးက အမြင့်သို့တက် ပြေးလေပြီ။ မြွေ၏မျိုချခြင်းသည်လည်း  ဆုံးခန်းတိုင်လေပြီ။ တောက်တဲ့တကိုယ်လုံး မမြင်ရတော့။ မြွေ၏ လည်ပင်းတ ဝိုက်သည် ဖောင်းကားနေ၏။ ပါးစောင်မှ သွေးများ တစိမ့်စိမ့်ကျနေသည်။ မကြာမီ သူ စည်းစိမ်ယူပေတော့မည်။ သို့သော် အ ခြေအနေက ကျနော်တွေးလိုက်သလို ဆက်မဖြစ်။

အမြီးဖျားလေးဖြင့်ရစ်ပတ်ထားသော သစ်ကိုင်းလေး ဆတ်ကနဲအကျိုး  အောက်သို့လျောကျလာသည်။လူအများ အလန့်တ ကြား နောက်သို့ဆုတ်သွားကြသည်။  လည်ပင်းဝ၌ အစာအပြည့်နှင့်မြွေသည် မြေကြီးပေါ် လူးလိမ့်ရုံသာ လူးလိမ့်နေနိုင်သည်။ သူမျက်လုံးများက တောက်ပြောင်နေသည်လား  မှိန်နေသည်လား ကျနော်မမှတ်မိ။

မထင်မှတ်ထားသော အဖြစ်အပျက်တခုကိုသာ မှတ်မှတ်ထင်ထင်။ လူအများထဲမှ စစ်ရေးအမြင်ရှိဟန်တူသူသည် ဇိုးက နဲဇတ်ကနဲဖြင့် မြွေ၏အမြီးဖျားကိုကိုင်ကာ  ဇောက်ထိုးကြီးဆွဲထားလိုက်သည်။  အရိအရွဲများဖြင့်စိုစွတ်နေသော တောက်တဲ့ သည် မြေကြီးပေါ်သို့ ဘုတ်ကနဲပြုတ်ကျလာခဲ့သည်။ မောပန်းနေသောမြွေသည်လည်း ညောင်ပင်အိုကြီးပေါ်သို့ ဖြည်းညင်း စွာသာ ပြန်တက်နိုင်ရှာသည်။

အခန်းလေးသို့ ကျနော်ပြန်လာချိန်တွင်   ညောင်ပင်အိုကြီးအောက်၌  တောက်တဲ့အသေတကောင်နှင့်  ကလေးတသိုက်သာ ကျန်ရစ်ခဲ့၏။ မှတ်မိနေတာ ရှိသေးသည်။ ထိုနေ့က စားရင်းတန်းလန်းထားပစ်ခဲ့သောထမင်းကို ဆက်မစားဖြစ်ခြင်းပင်။

သမီးလေး၏ပညာရေးအခြေအနေအရ တနယ်တကျေးသို့ ပြောင်းရွေ့ခဲ့ရသည့်တိုင်၊ ထိုဖြစ်ရပ်ကို မကြာခဏ သတိရတတ်ပါ သည်။

(၂)
ကျနော်တို့မိသားစုဖွင့်ထားသော လက်ဘက်ရည်ဆိုင်ကလေးသည်  မြို့လေး၏ ရေနုတ်မြောင်းပေါ်မှေးတင်၍ ဆောက်ထား ခြင်းဖြစ်သည်။ ဆိုင်ရှေ့မျက်နှာစာတွင် အဝေးပြေးလမ်းမကြီးရှိပြီး အနောက်ဖက်နှင့် နံဘေးဖက်တွင် အတော်အတန်ကျယ် ဝန်းသော မြေကွက်လပ်များ ရှိပါသည်။

ဆိုင်ကိုအုပ်မိုးထားသော ကုက္ကိုပင်ကြီးကြောင့်  နွေရာသီ၌ အေးချမ်းသော်လည်း ဆောင်းကုန်ရွက်ကြွေများကို ရှင်းရသည်မှာ မသက်သာလှ။ ဆိုင်​နံ​ဘေးကွက်​လပ်​​လေးကို ​ပြောင်လက်​သန့်​ပြန့်​​နေ​အောင်​ တံမြက်​စည်းခတ်​ထားပြီး အားလပ်​ချိန်​၌ စာ ထိုင်​ဖတ်​ရသည်​မှာ အရသာရှိလှပါ၏။

ရေနုတ်မြောင်းလေးသည် မိုးတွင်းကာလ၌ ရေစီးကြမ်းသလောက် နွေဦးပေါက်ပြီဆိုလျှင် တစ တစ ခြောက်ခမ်းသွားလေ့ရှိ၏။ ထိုအခါ ချိုင့်နေခွက်နေသော နေရာများ၌သာ ရေအိုင်လေးများအဖြစ် ကျန်ရစ်သည်။  မကြာမတင် ခမ်းခြောက်သွားဦးမည့် ရေအိုင်ငယ်လေးများတွင် ငါးလေးတွေကူးခတ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ရသည်။

ကျနော်တို့ဇနီးမောင်နှံသည် ထိုရေအိုင်လေးထဲမှ ငါးများကို ပလတ်စတခွက်လေးဖြင့်  တတ်နိုင်သရွေ့ခပ်ယူပြီး ရေပေါများရာ ချောင်းမကြီးဆီသို့ သွားလွှတ်ပေးလေ့ရှိပါသည်။ ထိုအခါမျိုးတွင် ငါးရံ့တချို့မှာ အလွယ်တကူခပ်မရ။ နွံအတွင်း အတင်းထိုး ဆင်းကာ ပျောက်သွားကြသည်။ သူတို့သည် နေရာသစ်သို့ လိုက်လိုဟန်မရှိကြပါ။ ရေများအကုန်အစင်ခမ်းခြောက်၍ အပေါ် ယံ မြေမျက်နှာပြင် မာကျောလာသည့်တိုင်၊ အောက်ခြေမြေသား တကိုယ်စာတွင်းကလေးထဲ၌ အသက်ရှင်နိုင်သည်ဟု တချို့က  ဆိုကြသည်။ ရေနုတ်မြောင်းလေးထဲသို့  နောက်ထပ်ရေများဝင်လာချိန်ထိတောင့်ခံရင်း  အသက်မွေးထားကြသည် ဟု ပြောကြသည်။

မိုးတွင်းကာလမျိုးတွင်တော့  မြို့လေး၏ အနောက်မြောက်တောင်တန်းကြီးပေါ်မှ တောင်ကျရေများဆင်းလာသောကြောင့် ရေနုတ်မြောင်းသည် ပြည့်လျှံစမြဲ။ မနိုင်မနင်းရေများကြောင့် နံဘေးပတ်ဝန်းကျင်သို့ ရေများအန်ထုတ်ပစ်ရစမြဲ။ ထိုအခါမျိုး တွင် ကြမ်းတမ်းလှသော ရေစီးကြောင်းသည်၊ ရေနုတ်မြောင်းအောက်ခြေတွင်ရှိသည့် အုတ်ကျိုးအုတ်ပဲ့များနှင့် ကျောက် တုံးကြီးများကိုပါ ပတ်ဝန်းကျင်မြောင်းနုတ်ခမ်းပေါ်အရောက်  ပို့ပစ်တတ်၏။ ကျနော့်လက်ဘက်ရည်ဆိုင်အနားရှိ ရေတံခါးနေ ရာသည် ရေလုံးကြီးများရိုက်ခတ်သံနှင့် တဝုန်းဝုန်း ဆူညံနေတတ်သည်။

(၃)
မကြာသေးခင်ကအဖြစ်လေးသည် အတိတ်ကိုပြန်လည်တူးဆွကာ အမှတ်ရစေခဲ့သည်။

ထိုညက ဆယ်နာရီကျော်ကျော်လောက်တွင် ဆိုင်နံဘေးသို့ ကျနော်ဆင်းခဲ့သည်။ အအေးဓာတ်ကုန်လုလု၊ နွေဦးရောက် ကာနီး စပ်ကူးမပ်ကူးရာသီမို့ အပြင်ဘက်မှာ နေ၍ကောင်းသည်။ မြေပြောင်ပြောင်လေးမှာ ခင်းထားသော ပက်လက်ကုလား ထိုင်ပေါ်ထိုင်ရင်း ဆေးပေါ့လိပ်ကလေးဖွာကာ ကြယ်တွေလက်နေသည့် ကောင်းကင်ကြီးကို ကြည့်မည်ဟု စိတ်ကူးထား သည်။

ပက်လက်ကုလားထိုင်လေးဆီသို့ မရောက်မီ တုန့်ကနဲ ရပ်လိုက်ရသည်။ ကျနော်ဘယ်ဖက်ဖိနပ်ဦးသည် ထိုအကောင်ကြီးနှင့် ထိလုနီးပါး။ ကျနော်သွားမည့်လမ်းတွင် ကန့်လန့်ဖြတ်ပြီး  ငြိမ်သက်နေသည်။ အဝါတရစ်အနက်တရစ်နှင့် ငန်းတော်ကြား မြွေကြီးသည် တစက်ကလေးမျှ မလှုပ်မရှား။ မျက်နှာမလွဲရဲသဖြင့် သတိထားပြီး နောက်ပြန်ဆုတ်ရသည်။ လှေကားပေါ် အ မြန်တက်၍ အိပ်နေသောဇနီးကို ဓာတ်မီးယူခဲ့ဖို့ ခပ်အုပ်အုပ်လေး လှမ်းပြောရသည်။

ဓာတ်မီးရောင်တွင် အနည်းငယ်လူးလွန့်လာသော မြွေကြီးကို မြင်ရသည်မှာ ထိတ်လန့်စရာကောင်းလှသည်။ ဇနီးဖြစ်သူက ဟိုတုန်းကကောင်ကြီးပဲထင်တယ်ဟု ကျနော့်ကိုပြောသည်။ သူနှင့်ကျနော် တယောက်မျက်နှာတယောက် ပြိုင်တူကြည့်မိ ကြသည်။ နှစ်ယောက်စလုံး၊ လွန်ခဲ့သော သုံးနှစ်လေးနှစ်ခန့်က မြွေကြီးကို ပြန်သတိရကြသည်။ ထိုစဉ်တုန်းကလည်း ယခု လို ညကြီးမင်းကြီးမှာ ငန်းတော်ကြားမြွေကြီးကို တက်နင်းမိလုမတတ် ဖြစ်ခဲ့ဖူးသည်။

ဒီနေရာလေးတွင် ရေများအကြိမ်ကြိမ်ကြီးကာ ဝါးလုံးထိုးစီးခဲ့ဖူးသည်မှာ နှစ်စဉ်နှစ်တိုင်း။ သို့ပေသော်ငြား သူသည် မျှောပါ မသွား။ ရေစီးကြမ်း၍ နေထိုင်ရန်မကောင်းသောအရပ်ပါတကားဟူ၍ သူစွန့်ခွာမသွား။ အားကျဖွယ် စိတ်ဓာတ်ပိုင်ရှင်ပင်။ သို့သော် ကျနော့်နေရာသို့တိုင် သူ ကျူးကျော်လာခဲ့ပေပြီ။ သူ့ကို ကျနော် အပြတ်ရှင်းပစ်ရလျှင် ကောင်းလေမည်လား။

အိပ်ခန်းနံရံပေါ်တွင် မြည့်နေအောင်သွေးထားသော ငှက်ကြီးတောင်ဓားနှစ်လက် အရံသင့်ရှိနေသည်။ ကုတင်ခြေရင်းတွင် သုံးပေခန့်ရှည်သော နှစ်တလက်မတချောင်းလည်းရှိသည်။ ထိုလက်နက်များဖြင့် သူ့ကို  ခုတ်ပိုင်းလိုက်လျှင် ရိုက်နှက်လိုက် လျှင် ကိစ္စပြတ်ပြီ။ သို့သော် မြွေကကြီးလွန်းနေ၍ အနားကပ်ရမှာ အန္တရာယ်များသည်။ ထိုအတွက်လည်း ပူစရာမလို။ ခြံဝင်း တံခါးပိတ်သည့် ဝါးလုံးသည် ရှစ်ပေ၊ ကိုးပေခန့် ရှည်သည်။ အဝေးမှလှမ်းရိုက်၍ မြွေကြီးနာကျင် မူးဝေနေချိန်  ဓါးဖြင့်ဝင်ပိုင်း လိုက်မည်။ ဦးခေါင်းကို တုတ်ဖြင့်နှက်လိုက်မည်။ ထိုအကောင်ကြီးသည် ကျူးကျော်သူ ………။

ထိုသို့သော စိတ်ကူးများက ကျနော့်ထံပေါ်လာသည်မှာ ဖျတ်ကနဲ။ သို့သော် ထူးဆန်းစွာပင် ဖျတ်ကနဲ ပြန်ပျောက်သွားကြ သည်။ လက်ရဲဇက်ရဲနိုင်လွန်းသော ကျနော့်အကြောင်းကို ဇနီးဖြစ်သူ ကောင်းကောင်းသိ၏။ ထို့ကြောင့်ဖြစ်ပေမည်။ မသတ်နဲ့ နော် … လွှတ်ပေးလိုက်ပါ၊ သူ့လမ်းသူသွားပါလိမ့်မယ်ဟု တဖွဖွ ပြောရှာသည်။ မသတ်ပါ… ကျနော်မသတ်ပါ။ သူ သတ်ခိုင်း လျှင်ပင် သတ်လိမ့်မည်မဟုတ်။ မြွေကြီးကို အာရုံအပြည့်စိုက်ပြီး တချက်ကြည့်မိသည်။  ထိုအကောင်ကြီး၏ အဝါရစ်နှင့် အ နက်ရစ်များမှာ ဓာတ်မီးရောင်တွင် စိုလဲ့နေ၏။ လှလိုက်သည့်ဖြစ်ခြင်း။  လတ်တလောတွင် သူရှင်သန်နေသည်။ သူသည် အမှန်တကယ်ပင် ကျူးကျော်သူ ဖြစ်နိုင်ပါသလား။

ကျနော် ယခုနေရာဒေသသို့ရောက်လာသည်မှာ ခြောက်နှစ်စွန်းရုံသာရှိသေးသည်။ ထိုမြွေကြီးရောက်နေသည်မှာ ဘယ်နှနှစ် မျှ ရှိပါပြီလဲ။ ထိုမျှမက ဆက်တွေး၍ ရနိုင်ဦးမည်။

ကျနော်ယခု နေထိုင်ရာမြို့လေးသည် ရှေးအတီတေက လျှိုမြှောင်ချိုင့်ဝှမ်းများ၊ သစ်ပင်ကြီးငယ်များ၊ အင်းအိုင်ချောင်း မြောင်းများဖြင့် အတိပြီးသော တောနက်ကြီးတခုလည်း ဖြစ်နေနိုင်သေးသည်။ ဖြစ်လည်းဖြစ်ခဲ့ဖူးမည်။ ထိုကာလတွင် ယခု မြွေကြီး၏ ဘိုးဘေးများ နေထိုင်ကျက်စားခဲ့ကြဖူးမည်ဟု တွေးကြည့်က တွေးကြည့်နိုင်သေးသည်။

ထိုသို့တွေးလျှင် ကျူးကျော်သူ မည်သူဖြစ်အံ့နည်း။ ကျနော်သာလျှင် ဖြစ်ပေလိမ့်မည်။ လူတယောက်၏အဆိပ်ကြောင့် လူ့ အသက်ပေါင်းများစွာသေဆုံးခဲ့ရပုံကို သမိုင်းတွင် သင်ခဲ့ဖူးပါပြီ။ ထိုငန်းတော်ကြားမြွေကြီး တကြိမ်ပေါက်ပါက တယောက်သာ သေလိမ့်မည်။ ဟစ်တလာ၏အဆိပ်ကြောင့် များစွာသောလူသားများ  ပြာဘဝရောက်ခဲ့ရဖူးပြီ။ ကျနော်တို့လူသားများသည် အဆိပ်ပြင်းလှပါသည်ဆိုသော တိရစ္ဆာန်ထက်ပို၍ အဆိပ်ပြင်းကြသည်။ ဥစ္စာ၊ သြဇာ၊ အာဏာနှင့် တယူသန်ဝါဒများ၏ စေခိုင်းမှုအောက် ပြားပြားမှောက်ခဲ့ရသည်ချည်းပင်။

ယဉ်ကျေးလှပါသည်ဟု ကြွေးကြော်ရင်း၊ မြို့ကြီးနှစ်မြို့အပေါ် အဏုမြူဗုံးကြဲချခြင်းသည် မတော်တဆမှုတခု၊ ကမ္ဘာစစ်ကို အဆုံးသတ်သည့် နည်းလမ်းတခုဟု ကျနော်ဖြင့်  မယူဆနိုင်ပါ။ စစ်ပွဲများကို အဆုံးသတ်စေရန်ဟူသော အကြောင်းပြချက်ဖြင့် လူသတ်ခြင်းသည် တယူသန်ဝါဒကိုင်စွဲသူများ၊ အာဏာရှင်များ၊ ဓနဥစ္စာတပ်မက်လွန်းသူများ၏ လုပ်ရပ်မျိုးသာ ဖြစ်ပေမည်။ ၎င်းတို့ ပိုင်ဆိုင်သောလက်နက်သည် သိကြားမင်း၏ ဝရဇိန်လက်နက်ထက်ပင်သာလွန်ကြောင်း လူအများသိစေရန် ပြသ ခြင်း၊ စမ်းသပ်ခြင်းလည်း ဖြစ်နေနိုင်သေးသည်။

ငြိမ်းချမ်းရေးကို စစ်ပွဲများဆင်နွှဲခြင်း၊ ဗုံးမိုးများရွာချခြင်းဖြင့် ဖန်တီးနိုင်မည်ဆိုပါက ထိုအချိန်ကတည်းကစ၍ ကမ္ဘာကြီးသာယာ နေခဲ့မည်။ ယခုသော်  တကမ္ဘာလုံး ငရဲပွက်နေသလို။ အာဏာရူးများ၊ ဥစ္စာရူးများ၊ တယူသန်ဝါဒီများအတွက်တော့ စစ်ပွဲသည် မရှိမဖြစ် လိုအပ်နေမည်သာ။ သို့မှသာ သူတို့ပိုင်ဆိုင်ကြသော လက်နက်များအစွမ်းကို ပြသခြိမ်းခြောက်ရင်း တဘဝစာ ဥစ္စာ စည်းစိမ်ကို ရှာကြံနိုင်ကြမည်။

ဇနီးဖြစ်သူက ဟိုမှာ… ကြည့်ပါအုံးဟု တိုးတိုးလေးပြော၏။ အာဏာရူးများသို့တိုင် အတွေးဆက်သွားသော ကျနော်၊ မြွေကြီး ကို သတိထားမိပြန်သည်။ ထိုအကောင်ကြီးသည် အေးဆေးစွာပင် ရွှေ့လျားနေပါသည်။ တဖြည်းဖြည်းနှင့် ခြံစည်းရိုးလေး နားသို့ ရောက်သွားပေပြီ။

ယခင်တုန်းက သူဝင်သွားရာ ရေတံခါး အောက်ခြေသို့   ဆင်းသွားပေပြီ။ ကျနော့်အတွက် အမြဲလိုလို စိတ်ကြည်နူးမှုပေးသည့် စာထိုင်ဖတ်ရာ၊ ကြယ်တွေကြည့်ရာ အိမ်နံဘေးကွင်းပြောင်ပြောင်လေးကို သတ်ကွင်းတခုအဖြစ် အသုံးမပြုလိုက်ရခြင်း အ တွက်တော့ ကျေနပ်ပီတိဖြစ်မိပါသည်။ ကွင်းပြင်သန့်သန့်လေး  သွေးမစွန်းတော့။ အကယ်၍  မြွေကြီးကို ကျနော်သတ်မိပါက ထိုကွင်းပြင်လေး သွေးစွန်းသွားမည်။ ကျနော့်ဇနီးသည်လည်း ကျနော့်ရက်စက်မှုကို ရွံရှာသွားမည်။ မြေပြင်ပေါ်စွန်းထင်း သော ရုပ်ပိုင်းဆိုင်ရာ သွေးကွက်များသည် အချိန်တန်ကွယ်ပျောက်သွားကြမည်မှန်သော်လည်း ဇနီးသည်နှင့်ကျနော်၏ လိပ်ပြာ၌ စွန်းထင်းနေရစ်သော စိတ်ပိုင်းဆိုင်ရာ သွေးကွက်များသည်  ဘယ်အခါမှပျောက်မည်မဟုတ်။

(၄)
ဇနီးဖြစ်သူ  နှစ်ခြိုက်စွာအိပ်ပျော်သွားသည့်တိုင် ကျနော့်မှာ အိပ်မပျော်နိုင်သေး။ ငန်းတော်ကြားမြွေကြီးသည်ပင် သူ့မိသားစု အသိုက်အမြုံ၌ အိပ်မောကျနေလောက်ပါပြီ။ နဖူးပေါ်လက်တင်စဉ်းစားရင်း စိတ်မှာစွဲထင်ကျန်ရစ်နေတတ်သော သွေးညှီနံ့ များအကြောင်းကို ဆက်တွေးနေမိသည်။

လွန်ခဲ့သောနှစ်များစွာက အကြောင်းများပင်ဖြစ်ပါသည်။ ရာစုနှစ်တခု၏ လေးပုံတပုံ ကျော်ကျော်အချိန်ခန့် က  အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူများသည် အခြေအနေအရ  နေရပ်ကိုစွန့်ခွာခဲ့ကြရသည်။  မြန်မာပြည်မြောက်ပိုင်း၊ အရှေ့ပိုင်း အပါအ ဝင် နေရာဒေသအသီးသီးသို့ ရောက်ရှိသွားကြရသည်။  ထိုအထဲမှ  တချို့သောသူများသည် ကျဆုံးခဲ့ကြရသည်။ တိုက်ပွဲ၌ ကျဆုံးခြင်းမျိုးမှာ မထူးဆန်းသော်လည်း၊ အသားထဲကလောက်ထွက် အာဏာရူးမျိုးကြောင့် ကျဆုံးရခြင်းဖြစ်ပါက ရင်နင့် ဖွယ်ကောင်းလှပါသည်။

တော၏ဥပဒေကိုကျင့်သုံးပြီး  မြွေကြီးမသတ်မိတာ ကျနော်ကံကောင်းခြင်းပင်။ သတ်မိပါက ကျနော်လည်း တိရစ္ဆာန်တကောင် နှင့် မခြားတော့။

ယခုအချိန်ဆိုလျှင် ဇာတိမြို့လေးမှ ညောင်ပင်အိုကြီးပေါ်တွင် တောက်တဲ့လေးများစွာ ပေါက်ဖွားကြီးရင့်နေလောက်ပါပြီ။ မြန် မာပြည်မြောက်ပိုင်းမှ အရိုးတွန်သံကို ကျယ်လောင်စွာ ကြားနေရသည်။ ဇာတိမြေနှင့် ဝေးကွာနေရသူများ၏ အိမ်လွမ်းနာ သည် ဆတ်ဆတ်ခါနေ၏။

ရည်မှန်းချက်ပြည့်သည့်နေ့ရောက်ခဲ့လျှင်တော့ ကျနော်လည်း ညောင်ပင်ကြီးဆီ ပြန်ဦးမည်။   ။

ကျော်ကျော် (မြရည်စမ်း)
ဖေဖေါ်ဝါရီ ၁၁၊ ၂ဝ၁၇။