ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ပြည်သစ်ဟန် ● ရင်ဘတ်ထဲမှ တူးဖော်ရရှိလေသော


ပြည်သစ်ဟန် ● ရင်ဘတ်ထဲမှ တူးဖော်ရရှိလေသော
(မိုးမခ) မတ် ၁၈၊ ၂၀၁၇

ကျွန်တော်တို့ကဗျာရေးသူတွေ သတိထားမိတတ်တဲ့ဝန်းကျင်အချိန်ကာလတွေကို တခါတရံ သတိ ထားကြည့်မိတတ်ပါသည်။ မိုးတစိမ့်စိမ့် ရွာနေသော ညတွေ၊ နှင်းတဖွဲဖွဲကျနေသော မနက်ခင်း တွေ၊ နွေလေညှင်းနှင့်အတူ ညနေခင်း၏ အရောင်အဝါ သရုပ်သဏ္ဌာန်တွေ၏အခင်းအကျင်းထဲမှာ ပါဝင် စီးမျောနေမိမြဲ ဖြစ်ပါသည်။

စိတ်ကူးဥာဏ်၏ မြင်းမားသောနေရာတွင် ဝင်ရောက်နေရာယူထားသော ကဗျာ၏ စိမ့်ဝင်ထိုးဖောက်မှုသည် မည်မျှ နက်ရှိုင်း ကျယ်ပြန့်လေမည်မှာ မတတ်စွမ်းနိုင်ပါ။

ဘာသာစကား၏ အဆင့်မြင့်မှု၊စကားလုံးအလှ၊ ဝေါဟာရ အသစ်အဆန်းတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားမှု စသည်ဖြင့် ပေါ့လေ။ ရိုးရှင်းသော စကားလုံးဖြစ်စေ၊ နေ့စဉ်သုံး စကားများဖြစ်စေ၊ ကဗျာ၏အတွင်းသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖြစ် တည်နေသော သဘောသဘာဝသည်ပင် ရသစာပေအပေါ် ကြီးစိုးထားနိုင်သောကဗျာ၏ အားခွန်တွေပင်ဖြစ်ပါသည်။ ဆန်း သစ်သည်။

လေးနက်သည်။ သစ်ကိုင်းလေးတစ်ခု၏ ကိုင်းညွှတ်မှုသည်ပင် ကဗျာဓာတ်တို့ တဖြန်းဖြန်း ပွင့်အာနေသလိုပင်။

ရုရှားကဗျာဆရာ၊စာရေးဆရာ "အီလျာအာရင်ဘတ် (ILYA EHRENBERG´S)စကားကို သတိရ မိသည်။

"ဝင်းပသောလေ"။ လေသည် ကဗျာထဲတွင် ဝင်းပသွားရခြင်းသည် ကဗျာ၏ လွတ်လပ်မှု၊ စိတ်ကူးဉာဏ်၏ ချဲ့ထွင်ခြင်းတွင် လေသည် ဝင်းပလာခြင်း ဖြစ်ပေလိမ့်မည်။ "ဝင်းပခြင်း" ဟူသော နေရာတခုတည်းတွင် ရပ်မနေခြင်းမှာလည်း ကဗျာ၏ အပြန့်အကားဟူ၍ ဆိုရမလိုပင်။

ထိုအပြန့်အကားသည် "ဝင်းပသောလေ" ကဲ့သို့ပင် အခြားအခြားသော ကဗျာ၏အလှနှင့် ခံစားမှုဖြစ်ပေါ်ရာတွင် ကဗျာရေး သူရော ကဗျာဖတ်သူရော ကမ္ဘာငယ်တခုထဲရောက်သွားသလို အာရုံအသစ် အသစ်တွေနှင့် ထိတွေ့လာရသောအခါ ဝန်း ကျင်နှင့် အချိန်ကာလမှာလည်း တစုံတရာ အကျိုး သက်ရောက်မှုအနေနှင့် တွေ့ရှိခံစားလာရပါသည်။ ကဗျာဆရာ "စိုးနောင် (မုံရွာ)" ၏ "မိုးထဲလေထဲ" ဟူသော ကဗျာနှင့်အတူ ကဗျာဆရာ၏ "မိုးထဲလေထဲ" က ဝန်းကျင်ထိစပ် ကူးယှက်နေမှုကို ခံ စားကြည့်မိသောအခါ .... ... ..။

ငှက်ကလေး
ချမ်းနေတာကြောင့်
ပန်းကိုင်းလေးမှာ
တဆတ်ဆတ် တုန်လို့
မရွာပါနဲ့ မိုးရယ်ဆိုတဲ့
ဆုတောင်းစကားလေးတွေ
လေထဲမှာ လွင့်ရင်း မိုးမိနေကြတယ်။

မိုးမိနေသော ငှက်ကလေးက သစ်ကိုင်းပေါ်မှာနားရင်း ချမ်းလွန်းသောကြောင့် မရွာပါနဲ့ မိုးရယ်လို့ ဆုတောင်းနေသော ကဗျာတပုဒ်ပါ။ သို့သော်လည်း "ပန်းကိုင်းလေးမှာ တဆတ်ဆတ်တုန်လို့"ဟူသော ချမ်းခြင်း၏ နေရာတွင် ငှက်ကလေးဖြစ် မနေပဲ "ပန်းကိုင်းလေးမှာ တဆတ်ဆတ်တုန်လို့" ဟူ၍ နိမိတ်ပုံယူ သုံးနှုန်းလိုက်ခြင်းမှာ ကဗျာ၏အလှအဖြစ် ကွက်ကွက် ကွင်းကွင်း ခံစားသိမြင်လာရပါသည်။ ကဗျာရေးသူရော ကဗျာဖတ်သူပါ တဆတ်ဆတ်တုန်၍ နေလိမ့်မည်ဟု ထင်ပါသည်။

နောက် ထိုချမ်းခြင်း၏ ဆက်စပ်ဆန္ဒအနေနှင့် ဆုတောင်းခြင်းဆီသို့ ကဗျာဆရာက ညင်သာစွာ ပို့ဆောင်လိုက်ပါသည်။ သူပို့ဆောင်လိုက်ပုံက ကဗျာဖတ်သူဆီသို့ ကရုဏာပါ ပေါ်ပေါက်လာအောင် ပိုးပေးလိုက်ခြင်း ဖြစ်နေသည်။ မိုးမရွာဖို့ ဆု တောင်းလိုက်တဲ့ စကားလေးတွေတောင် မိုးမိသွားခဲ့လို့ပါပဲ။ ဝန်းကျင်ထိတွေ့မှုနှင့် ကဗျာဆရာ တပြိုင်တည်း ကြုံတွေ့ရခြင်း /မရခြင်းဟူသည်ကတော့ မသိနိုင်ပါ။

ကဗျာနှင့်ဆက်စပ်ပြီး လူမှုဘဝဖြစ်တည်မှု ရှုထောင့်မှလည်း ကျွန်တော်တို့ ကြည့်မြင်တတ်ကြပါသည်။ ကဗျာရေးသူရော ကဗျာဖတ်သူပါ ပါဝင်အားထုတ်ရသော သက်ဝင်လှုပ်ရှားနေမှုသည် ပုံသဏ္ဌာန်မျိုးစုံဖြင့် ဖြစ်တည်နေမှုမှာ အနုပညာ၏အ ကျယ်အဝန်းကိုလှစ်ဟပြနေသလိုပင်။ ပန်းခင်းထဲတွင် လိပ်ပြာတွေပျံဝဲနေသည် ဆိုကြပါစို့။ ထိုပန်းခင်းထဲသို့ လူတယောက် ရောက်လာခြင်းသည် ပန်းတွေကို ကြည့်လို၍ ဖြစ်လျှင်ဖြစ်မည်။ လိပ်ပြာလေးတွေကို ကြည့်လို၍ ဖြစ်လျှင်ဖြစ်မည်။ ထိုအဝန်း အဝိုင်းထဲ တွင်ပင် နောက်ထပ် ပန်းစိုက်ပျိုးပုံကို နည်းနာယူမည့်သူလည်း ဖြစ်နိုင်ပေသေးသည်။

သက်ရှိအရာသို့လည်း ဖြစ်နိုင်သည်။ သက်မဲ့အရာသို့လည်း ဖြစ်နိုင်သည်။ နောက်ထပ် အခြားအခြားများစွာလည်း ဖြစ်နိုင်ပါ သည်။ ထိုသို့ အကြောင်းအရာ ဖြစ်ပေါ်နိုင်သော အဝန်းထဲတွင် ကဗျာဆရာ သည် ကြိုက်နှစ်သက်ရာ ရှုထောင့်ဆီမှ ကဗျာတ ပုဒ် ရေးဖွဲ့လိုက်ခြင်းသည်ပင် အနုပညာအတွက် အလှတရားတခု တည်ဆောက်ပေးလိုက်သလို ဖြစ်ပေလိမ့်မည်။ ထိုအလှ တရားသည် "ကျေးတောသူ"ဆိုသော ကဗျာတပုဒ်ထဲတွင် ဆရာ "စိုးနောင်(မုံရွာ)" က ဤသို့ ဖွဲ့ဆိုထားပါသည်။

ခပ်လာတဲ့ ရေအိုးထဲက ရေလှိုင်းပုတ်သံလို
ရင်ခုန်သံတွေ မြန်နေမယ့်အရွယ်
တန်ဖိုးထား စိုက်ပျိုးတတ်သူမို့
နှလုံးသားမှာ
အလှဆုံး အချစ်ပန်းကလေးတွေ ပွင့်ဝေလို့
ပန်းခင်းအလယ်မှာ
မာနဟာ စာခြောက်ရုပ်လို မတ်တပ်ရပ်လို့
ပါးဖွေးဖွေးကို သနပ်ခါးလေး လိမ်းထားသလို
ဖြူစင်တဲ့ ဘဝလေးကို ကိုယ်ကျင့်တရားလေးလိမ်းထားတယ်။

ရေခပ်လာတဲ့ မိန်းမပျိုလေးက ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ရေအိုးထဲမှ ရေလှိုင်းပုတ်နေဟန် နိမိတ်ပုံက သူမ၏ ရင်ခုန်သံနှင့် ကဗျာဆရာက ဆက်စပ်ပေးလိုက်သည်။

ထိုသို့ နိမိတ်ပုံ အကူးအပြောင်းနှင့် ကဗျာကို စဖွင့်လိုက်ကာ အချစ်စိတ်ကို ပန်းခင်းအလယ်မှာ ပွင့်နေတဲ့ပန်းကလေးတွေလို တင်စားလိုက်ပြန်သည်။ ထိုမှ ဆက်စပ်ပြီး အပျိုရွယ်တယောက်၏ မာန အနေနှင့် စာခြောက်ရုပ်ကိုထည့်သွင်းပေးလိုက်ပါသည်။ ကဗျာ့အပြင်ဘက်သို့ ထွက်ကြည့်မည် ဆိုလျှင် "မာနနှင့် စာခြောက်ရုပ်" သည် မည်သို့မျှ မဆက်စပ်ပါ။ သို့သော်လည်း မိန်းမပျိုတယောက်၏ မာနသဘောသဘာဝနှင့် စာခြောက်ရုပ်၏ သဘောသဘာဝကို ဆက်စပ်အနက်ထင်စေသော စွမ်း အားသည် ကဗျာထဲတွင်သာ လှလှပပ နေရာယူနေတတ်ပါသည်။

နောက်ထပ် ပါးဖွေးဖွေးပေါ်မှာ သနပ်ခါးလိမ်းထားခြင်းက ဖြူစင်တဲ့ဘဝလေးကို ကိုယ်ကျင့်တရားနှင့် ထိန်းသိမ်းထား ဟန် ရေးဖွဲ့ရင်း အဆုံးသတ်ထားပါသည်။ ကဗျာမှာ ရိုးရိုးကလေးနှင့် မိန်းမပျိုတယောက်၏ ဘဝဖြစ်တည်မှုကို ရေလှိုင်းပုတ်သံ၊ ပန်းကလေး၊ စာခြောက်ရုပ်၊ သနပ်ခါး စသည်ဖြင့် ကျေးတောသူတို့၏သရုပ်သဏ္ဌာန်ဖြင့် ရေးဖွဲ့သွားခဲ့ပါသည်။

ကဗျာနှင့် ပြင်ပဝန်းကျင်ရိုက်ခတ်မှု (တနည်း) ကဗျာဆရာ့ထံတွင် ဖြစ်ပေါ်လာသော စိတ်စေတနာ စိတ်ကူးဉာဏ်နယ် ပယ် အတွင်းတွင် ခံစားမှုနှင့်ယှဉ်သော အကြောင်းတရားများမှာ ကဗျာတပုဒ်အဖြစ် မွေးဖွားပေးနိုင်သောကြောင့်ပင်။ ထိုသို့ မွေး ဖွားလာရာ၏ ရေခံမြေခံသည်လည်း ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့ ဖြစ်ပေါ်လာနိုင်သည်ကို "ရင်ဘတ်ထဲမှ တူး ဖော်ရရှိသော"ကဗျာတစ်ပုဒ်အဖြစ် ဆရာ "စိုးနောင်(မုံရွာ)" က ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။

အမှန်တရားဆိုတဲ့ စကားလုံးပါတာနဲ့
ဆင်ဆာထိတဲ့ခေတ် လွန်ခဲ့ပြီ ထင်တာပဲ
စစ်ကိုမုန်းတယ်လို့ ပြောမိတာ
ငါ့မှာ အပြစ်ရှိလား
မျက်စိမြင်ရပေမဲ့
အမှောင်လမ်းတွေသာ ရှေ့မှာ ပိတ်ရပ်နေရင်
မျက်စိမမြင်ရတဲ့လူနဲ့ ဘာထူးမှာလဲ
ပိုးကောင်လေးတွေ အသေခံပြီး
အလင်းရောင်ကို ချစ်တတ်တာ
ငါ ကိုယ်ချင်းစာတတ်ပြီ
နေကလည်း ထွက်မြဲထွက်လျက်
လကလည်း သာမြဲသာလျက်
ကြယ်လေးတွေကလည်း လင်းမြဲလင်းလျက်
လျှပ်စစ်ကြိုးတွေ ပိုများလာတယ်
လျှပ်စစ်မီးတွေ ပိုလင်းထိန်လာတယ်
လောကကြီးက ဘာလို့ ပိုမှောင်လာရတာလဲ။

ကဗျာဆရာက အာဏာရှင်ခေတ်က ဆင်ဆာအဖြတ်ခံထားရတဲ့ စကားလုံးတွေ၊ စာအုပ်တွေ၊ လွတ်လပ်စွာပြောဆိုခွင့်တွေ ဆုံးရှုံးရပုံတွေကို ကဗျာအစတွင် စတင်တို့ထိထားပါသည်။ နောက် ပြည်တွင်းစစ်နှင့်အတူ မငြိမ်းချမ်းသေးသော နယ်မြေ များအတွင်းက ပြည်သူတွေကိုယ်စား ဒီမိုကရေစီစနစ်ဆီ လျှောက်လှမ်းနေပေမယ့် စစ်ပွဲတွေ ဖြစ်ပေါ်နေပုံမှာ "မျက်စိမြင်ရ ပေမဲ့ အမှောင်လမ်းတွေသာ ရှေ့မှာပိတ်ရပ်နေရင်"ဆိုတဲ့ ဥပမာလင်္ကာရနှင့် ဖွဲ့ဆိုလိုက်ပါသည်။ နေ၊ လ၊ ကြယ်တွေ ၏ သဘာဝအလျောက် ဖြစ်တည်နေပုံနှင့်အတူ ခေတ်ရေစီးအရ ပိုမိုသာလွန်များပြားလာသော လျှပ်စစ်ကြိုးတွေ၊ လျှပ်စစ်မီးတွေ ပိုမိုအားကောင်းလာပါလျက်နှင့် "လောကကြီးက ဘာလို့ ပိုမှောင်လာရတာလဲ" ဟူ၍ အဆုံးသတ်ထားပါသည်။ ကဗျာဆရာ၏ အဆုံးသတ် မေးခွန်းဆန်သော ကဗျာတကြောင်းကပင် သတ္တလောကကြီး၏ ဒွိဟဖြစ်နေပုံကို မြင်အောင် ကြည့်စေခြင်းဖြင့် အဖြေ ထုတ်စေလိုဟန်ရှိပါသည်။ ယင်းအဖြေသည်ပင် ယနေ့ မျက်မှောက်ခေတ်ကာလ၏ ဖြစ်ပျက်နေပုံတွေ နှင့် တထပ် တည်းကျနေပါသည်။ ကဗျာရေးသူရော ကဗျာဖတ်သူပါအတူတူ မောဟိုက်၍သွားရအောင် တခြားဂြိုဟ်ကမ္ဘာမှ လာရောက် ဖန်ဆင်းပေးနေခြင်း မဟုတ်ရပါ။ ကျွန်တော်တို့၏ ဝန်းကျင်၊ အချိန် ကာလတွေ၏ ရိုက်ခတ်မှု၊ လူမှုဘဝဖြစ်တည်မှုတွေ၏ထံမှ စီးဆင်းလာသော အလျှံအပယ်အဖြစ် အပျက် အကြောင်းများသည် ခံစားမှု၊ စိတ်ကူးဉာဏ်၊ စေတနာ၊ အတတ်ပညာတို့အပေါ် ကဗျာအဖြစ် ဖန်တီးဖြစ်စေပါတော့သည်။

(စိုးနောင် (မုံရွာ) ခေတ်ကျန်( ခေတ်ကြမ်း) ကဗျာများစာအုပ်မှ ကဗျာများကို ခံစား ရေးခြစ်မိခြင်း ဖြစ်ပါသည်။)

ပြည်သစ်ဟန်