ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ကြီးငြိမ်းချမ်း - လက်ဦးဆရာ မည်ထိုက်စွာ


 မောင်ကြီးငြိမ်းချမ်း - လက်ဦးဆရာ မည်ထိုက်စွာ 
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၇
(စာရေးသူ၏ ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)
-
ဖေဖေ့ မိတ်ဆွေအားလုံး၊ မြန်မာနိုင်ငံသားတွေအားလုံး၊ ကမ္ဘာကြီးက လူသားတွေ အားလုံးဟာ ကျနော့် ဆရာတွေချည်းပါပဲ။ ဆရာတွေ ဘယ်လောက်များများ အနီးကပ်သင်ကြားပြုစု ဆုံးမစောင့်ရှောက်ပေးတဲ့သူတွေက ကျနော့်အတွက် တော်တော်နည်းပါးပါတယ်။
-
ဆောင်းတွင်းကာလကြီး သာစည်ကနေ လွိုင်ကော်တက်တော့ အဝေးပြေးကားပေါ်မှာ ချမ်းခိုက်နေတဲ့ ကျနော့်ကို သင်္ကန်းတယောက်တ၀က်ခြုံဖို့ ပေးခဲ့တဲ့ ရဟန်းတပါးကိုလည်း ကျနော်ကျေးဇူးတင်ရဦးမည်။ ရန်ကုန်မှာ ကြီးရတဲ့ ပုသိမ်သားတယောက်ဟာ ရှမ်းပြည်ကိုကျော် လွိုင်ကော်ရောက်ပြီး အေးခဲလှတဲ့ ဆောင်းရာသီကို မသိခဲ့။ ဘ၀ဆိုတာ ခရီးတခုဆိုရင် မိတ်ဆွေကောင်းမရှိဘဲ ကျနော့်လို ဘာမှမသိတဲ့ လောကကြီးရဲ့ ကျောင်းသားတယောက် လမ်းဆုံးကို ရောက်ဖို့ဆိုတာကတော့ ကိုယ်ခံအားကောင်းဖို့ သင်ကြားပေးမည့် လက်ဦးဆရာတွေ မရှိခဲ့ရင် အလွန်ပဲ ခက်ခဲလိမ့်မည်ဆိုတာကတော့ အခုလို အချိန်မှာ ကျနော် နားလည်ခဲ့ပြီ။
-
ဗိုလ်မှူး စောလွင် (ကယန်းပြည်သစ် တပ်မတော်) ကျနော် သူ့ကို မသိ၊ အဖေက ပြောလိုက်သည်။ လွိုင်ကော်ရောက်ရင် ဗိုလ်မှူးစောလွင် (ကယန်းပြည်သစ်တပ်မတော်)၊ ဗိုလ်မှူးး အံ့ကျော် (ကယန်းပြည်သစ်တပ်မတော်) ဆိုပြီး မင်းမေးလိုက်ပါ။ ငြိမ်းချမ်းရေးအဖွဲ့တွေကို မြင်းလှည်းသမားတွေ သိပါတယ်တဲ့။ ဒီလိုနဲ့ စာအုပ်ထုပ်တထုပ်၊ အ၀တ်တထည် ကိုယ်တခုနဲ့ မိုးမလင်းတလင်းအချိန်မှာ ကျနော် လွိုင်ကော်ကို ရောက်ခဲ့ပါတယ်။ မြင်းလှည်းသမားက ခေါ်ဆောင်ရာ နောင်ယား(က) ရပ်ကွက်က ကယန်းပြည်သစ်တပ်မတော်ရဲ့ ဆက်ဆံရေးရုံးမှာ ရဲဘော်တွေက အိပ်နေကျတုန်း၊ မြင်းလှည်းရောက်တော့ ထွက်ပြီး ကြည့်တဲ့သူက ကိုရဲနောင် (ဗမာ့တပ်မတော်က ကျောင်းသားတပ်မတော်ကို ဘက်ပြောင်းလာခဲ့သူ) ထွက်ကြိုသည်။ တပ်မတော်သားလူထွက်မို့လား မသိ၊ ငြိမ်းချမ်း မင်းအဖေကို ငါသိတယ်၊ မင်းနာမည်လည်း ကြားဖူးတယ်၊ ပိုက်ဆံရှိတယ်မဟုတ်လား လ္ဘက်ရည် သွားသောက်မယ်တဲ့။ (ကိုရဲနောင် စတာနော်၊ တကယ်က ကယန်းပြည်သစ်ရဲဘော်တွေမှာ ဆေးလိပ်ဖိုးတောင် မရှိကြပါ။)။ သြစတြေးလျှ မှာ အခုနေတဲ့ ကိုဇော်ရဲ သာစည်က ဆိတ်ရောင်းပြန်လာရင်တော့ ချောတယ် ပြောရင် မုန့်ဘိုးရကြပါတယ်။ (ဒါက ကြေညာပါ)
-
ဗိုလ်မှူးးစောလွင်ဆိုတော့ ရာထူးကြည့်ပြီး ရှိန်နေသည်။ ကျနော်နဲ့ ပထမဆုံး စတွေ့တော့ ငြိမ်းချမ်းရေးယူထားတဲ့ ဆက်ဆံရေးရုံးရဲ့ ထမင်းစားဝိုင်းမှာ။ ကင်ပွန်းချဉ်ရွက် ဟင်းချိုထဲမှာ ကျော်စံကေး ဖားလေးတွေက အကောင်လိုက် ပေါလောလေးတွေ ပေါ်နေသည်။ တယောက်ကို ၂ ကောင် ရမည်တဲ့။ ထမင်းချက်ပေးတဲ့ ကယန်းအမျိုးသမီးကြီးက ဗမာစကားမပီတပီနဲ့ ပြောလာသည်။ ထမင်းက စစ်အစိုးရပေးထားတဲ့ ထုတ်ဆန် အောက်သိုးသိုးအနံ့နဲ့ ချက်ချင်းကြီး ဒီထမင်း ဒီဟင်းကိုတွေ့တော့ ကျနော့်အတွက် ခပ်ဆန်းဆန်း ဒါပေမဲ့ ဗိုလ်မှူးစောလွင်က အစ္စလာမ်ဘာသာဝင်ဆိုတော့ ရွေးချယ်ခွင့် မရှိတဲ့ အခြေအနေတခုမှာ ကင်ပွန်းချဉ်ဟင်းရည်ပဲ စားပြီး ငြိမ်းချမ်း မင်းပဲ ငါ့အတွက် ဖားနှစ်ကောင်ကို တကောင်က မင်းစား၊ တကောင်က ရဲနောင်အတွက် ချန်ထားလိုက်တဲ့။ ဒါက သူနဲ့ ကျနော် စတွေ့တဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန် အခိုက်အတန့်လေးပါ။
-
ဗိုလ်မှူးစောလွင်ကို အများက ဆရာခေါ်တော့ ကျနော် လည်း ဆရာပဲ ခေါ်သည်။ ကျနော်တို့ကြားမှာ ဘာသာမရှိ၊ ကျနော်တို့ကြားမှာ စစ်အာဏာရှင်စနစ်ကို တိုက်ဖို့နဲ့ အရည်အချင်းမြှင့်တင်ဖို့ စာဖတ်ရမယ် ကြိုးစားရမယ်၊ လူထုကြားမှာ လေ့လာရမယ်၊ သင်ယူရမယ်၊ လူထုကို အကာအကွယ်ပေး၇မည်ဆိုတဲ့ စကားတွေသာ ပြောသည်။ ကျနော် လွိုင်ကော်ရောက်ပြီး တပါတ်ကြာတော့ ငြိမ်းချမ်း လက်နှိပ်စက် သင်တန်းသွားတက်ဆိုပြီး စပြောလာသည်။ စာဖတ်ဖို့ပဲ ပြောသည်။ အင်္ဂလိပ်စာသင်ကြားဖို့ပဲ ပြောသည်။ လူထုကို ကူညီဖို့ပဲ ပြောသည်။ ကိုယ့်ဖာသာကိုယ် ကောင်းအောင် နေဖို့ပဲ ပြောသည်။
-
လွိုင်ကော်မှာ ယူနီဖောင်းစ၀တ်ရတော့ ကျနော်က ဆောင့်ကြွားကြွား၊ အချိုးမပြေ၊ ဆိုင်ကယ်ကလည်း ဗိုလ်အက်ဒွပ်နဲ့ ကိုဇော်လေးမရှိ၇င် ကျနော်နဲ့ ကိုရဲနောင် လုစီးကြသည်။ ကျောမှာ M16 လွယ်ပြီး လွိုင်ကော်မြို့ထဲ ပါတ်ရတဲ့ အရသာက လူငယ်တယောက်အတွက် ဘာနဲ့မှ မလဲနိုင်။ မာစတာဂျစ်ကို မောင်းပြီး တောင်ကွဲဘုရားကို သွားတော့ အောက်ခြေကလွတ်ပြီ၊ စက်ဘီးနင်းတဲ့ ကောင်မလေးကို မာစတာဂျစ်မောင်းပြီး ရည်းစားစကားလိုက်ပြောတာက ငြိမ်းချမ်းတို့ရဲ့ စတိုင်တောင်ဖြစ်လို့။ ဒါပေမဲ့ ဒါတွေဟာ အပေါ်ယံပါ။ ရှားတောမှာ တိုက်ပွဲတွေ ဖြစ်တော့ ကက်သလစ်ဆရာတော်ကို ပေါ်တာဆွဲတော့ ကျနော်တို့ ကူခဲ့ဖူးသည်။ လယ်သမားတွေ၊ ပြည်သူတွေရဲ့ ကျွဲနွားတွေကို စစ်တပ်က သတ်ဖြတ်စားတော့ ဆရာ့အမိန့်အတိုင်း ကျနော်နဲ့ ကိုရဲနောင် လူမိုက်လုပ်ပြီး တပ်ထဲမှာ ၀င်ရှင်းဖူးသည်။ လွိုင်ကော်မြို့မှာ စစ်တပ်၊ ထောက်လှမ်းရေး၊ ရဲနဲ့ ရန်အဖြစ်ဆုံးက ကျနော်၊ နောက်ဆုံး ဒကစမှူးကို သေနတ်နဲ့ ချိန်သည်အထိ အတင့်ရဲတာက ကျနော်။ အခုအချိန်မှာ ပြန်ပြောရင် ဂုဏ်ယူစရာ တခုမှ မရှိ။ လူငယ်ဘ၀က ကျနော် လုပ်ခဲ့ဖူးသည်။ ကယားပြည်နယ်နေ့မှာ ပွဲခင်းထဲ ပြည်နယ်လူကြီးသားကို တုတ်နဲ့ ရိုက်တော့ ဆရာ့ သည်းခံစိတ်တွေ ကုန်သွားကောင်း ကုန်သွားလိမ့်မည်။ သို့မဟုတ် ကျနော့်ကို အစိုးရိမ် ကြီးချင်ကြီးလိမ့်မည်။ ကျနော့်ကို ကျောင်းသားတပ်မတော်မှာ ပြန်နေဖို့ အမိန့်ပေးလိုက်သည်။ အချစ်တွေ၊ သံယောဇဉ်တွေ ဘယ်လောက်ပဲ ရှိရှိ ကျနော့်ကို တိုက်ပွဲကြားတွေထက် ပညာသင်ဖို့ ပြောပြီး မိခင် တပ်ဖွဲ့ဖြစ်သည့် ကျောင်းသားတပ်မတော်ကို ပြန်အပ်လိုက်သည်။
-
ဆရာနဲ့ ကျနော်ကြားမှာ မှတ်မှတ်ရရ ခရီးက ကျနော့်ရဲ့ ပထမဆုံး စစ်ကြောင်းလျှောက်ရတဲ့ ခရီးပါ။ ပြင်ဆောင်အထိက ကားလမ်းပေါက်သည်။ ပြင်ဆောင် ကနေ သစ်ကျိပ်အထိ က လမ်းလျှောက်ရသည်။ ထိုခရီးက ၂ ရက်လောက်ကြာသည်။ လမ်းတလျှောက်မှာ ဆရာတပည့်နှစ်ယောက် လမ်းပြကယန်းရဲဘော်တယောက်နဲ့အတူ ရွာတွေကို ရှောင်၊ တောင်တွေကိုကျော်ပြီး ကွယ်လွန်သွားတဲ့ ကယန်းပြည်သစ်ပါတီက ဥက္ကဌ ဦးရွှေအေး (ငိန်းကယန်းထန်) ကို သွားပြီး KNU ရဲ့ တပ်မဟာ ၂ မှာ ကျူးးကျော်ရန်စမှု့ကို ဖြေရှင်းဖို့ သွားရောက် ဆွေးနွေးရသည့် ကိစ္စဖြစ်သည်။ လမ်းတလျှောက် ဆရာတပည့်နှစ်ယောက်ရဲ့ တကယ့်ဘ၀ကို ရခဲ့ရသည်။ လမ်းလျှောက်နည်း၊ စစ်ကြောင်းလျှောက်နည်း၊ တောင်တက်နည်း၊ တောတောင်တွေကို မှတ်သားနည်း၊ လူတွေအပေါ်မှာထားတဲ့ ဆရာ့ရဲ့ သဘောထား၊ တိုင်းရင်းသားတွေအပေါ်မှာ အနစ်နာခံမှု့။
-
ကျောင်းသား၊ ရှေ့နေ၊ လူ့ဘောင်သစ်ပါတီ၊ တော်လှန်ရေးသမား သူ့ဘ၀မှာ များများ မလိုချင်ပါဘူး၊ ပြည်သူတွေ အေးအေးချမ်းချမ်းနေရရင် သူလည်း သားသမီးတွေနဲ့ ပျော်ချင်ပါတယ်တဲ့။ တိုင်းရင်းသားတွေ ထမင်းစားရရင်၊ သူလည်း ကူပြီး မောင်းထောင်းပေးချင်ပါတယ်တဲ့။ ငြိမ်းချမ်းရေးညစာစားဖို့ ထမင်းအိုးကြီးကြီး တခုလိုချင်ပါတယ်တဲ့။ ကလေးငယ်တွေ စာသင်ကြားဖို့ ကျောင်းတွေ၊ ဆရာတွေ၊ သင်ကြားမှု့ အထောက်အကူပြုပစ္စည်တွေ၊ စာအုပ်စာတန်းတွေ အပြည့်အစုံရချင်ပါတယ်တဲ့။
-
ဘုရားတွေ ကျနော့်အနားမှာ မရှိပေမဲ့ တရားတွေကို လိုက်နာကျင့်သုံးတဲ့သူတွေအနား ကျနော် နေခွင့်ရတယ်။ ဘယ်သူတရားပျက်ပျက် မင်းတော့ ကိုယ်ကျင့်တရားမပျက်စေနဲ့တဲ့။ သူကိုယ်တိုင်လည်း ယနေ့အထိ ကိုယ်ကျင့်တရားမပျက်ခဲ့၊ ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ခင်ညွှန့်က ကယန်းပြည်သစ်ပါတီ တခုလုံးကို ဒီ ကုလား (ဗိုလ်မှူးး စောလွင်) တယောက်တည်း မောင်းနှင်နေတာပဲဆိုပြီး ညှိုးခဲ့တဲ့သူ နောက်ဆုံးတော့ တောင်ငူရုံးမှာ အတင်းကြီးပဲ ၀င်ဖမ်းခဲ့တယ်။ သူ့ကြောင့် ကယန်းပြည်သူတွေ ဒုက္ခရောက်မှာ စိုးလို့ ငါပဲ အဖမ်းခံမယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်စေနဲ့ ပြောခဲ့တဲ့သူ။ စစ်ဆေးရေးစခန်းမှာ ပါးစပ်ကို စစ်ဖိနပ်နဲ့ တက်နင်းလို့ သွားတွေ ပြုတ်သွားတော့ စစ်အာဏာရှင်စနစ်မှာ ခင်ဗျားကျနော့်ကို မနှိပ်စက်ရင် ခင်ဗျားတို့ မိသားစုတွေ ဘ၀ပျက်သွားမှာ ကျနော် နားလည်ပါတယ်လို့ ပြုံးပြီး ပြောခဲ့တဲ့ ဆရာ။
-
အခုတော့ အရေးပေါ်သွေးကင်ဆာတဲ့၊ ပြည်သူတွေဘက်က ရပ်တည်တော့၊ ကိုယ်တိုင်လည်း အသိတရားနဲ့ ဆေးပညာဗဟုသုတတွေ ရှီတော့ အချိန် ၂ လစောပြီး သိခဲ့ရတယ်။ လူကိုသတ်တာ ကင်ဆာတဲ့ လား။ င့ါမှာ သတိ၊ ၀ိရိယဆိုတဲ့ ကင်း၊ ကျင်း၊ ထမင်း၊ ပြည်သူကို ကာကွယ်ကြ ဆိုတဲ့ အသိတရားရှိတော့ ၂ လကြိုပြီး သိခဲ့ပြီ။ ကင်ဆာ မင်းကို ငါတိုက်မယ်၊ ကင်ဆာ မင်းကို ငါနိုင်ပြီ။ ပြည်သူတွေအတွက် ငါတတ်နိုင်သလောက် ဆက်တိုက်မယ်၊ တိုင်းရင်းသားတွေအတွက် ငါတတ်နိုင်သလောက် တိုက်ပွဲဝင်မယ်၊ ကျောင်းသားတွေ တောင်းဆိုချက် အကုန်အောင်မြင်ပါစေ။ ငါ ဘယ်လို ၀န်းရံရမလဲ၊ ငါဘယ်လို ကူညီရမလည်း ပြောစမ်းပါ ညီနောင်အပေါင်းတို့တဲ့။
-
ငြိမ်းချမ်းရေ မင်းဟာ ခွင့်မလွှတ်နိုင်တဲ့ အမှားတခုမှ မကျူးးလွန်ခဲ့ဘူးဘူး။ မင်းရပ်တည်ကို ဆက်လက်ထိန်းသိမ်းပါ။ တို့ဆရာတပည့်နှစ်ယောက် တနေ့တော့ ဗမာပြည်မှာ ပြန်ဆုံကြတာပေါ့။ ငါ့ကို ချစ်ရင်၊ ငါ့ကို လေးစာရင် ပြည်သူ့အကျိုးဆောင်ကြဆိုတဲ့ ကယန်းပြည်သစ်တပ်မတော်ရဲ့ ဆောင်ပုဒ်ကို မမေ့ပါနဲ့ မြန်မာပြည်ကို မမေ့ပါနဲ့တဲ့။
-
ဆရာ ဦးစောလွင် သို့မဟုတ် ဦးဌေးအောင် ခြောက်ပစ်ကင်း သဲလဲစင် သူတော်စင် မဟုတ်တာတော့ ကျိန်းသေသည်။ သို့သော် အမှန်တရားကို ဘယ်တော့မှ သူကွယ်ဝှက်မထား၊ ပြည်သူဘက်က မားမားရပ်ခဲ့၊ မားမားရပ်နေတာတော့ ကျနော် သေသေချာချာ ပြောရဲသည်။ ဆရာ (ဗိုလ်မှူးးစောလွင်၊ ဦးဌေးအောင်) အမြန်ဆုံး ကျန်းမာရေးသက်သာ ပျောက်ကင်းပါစေ။
-
မောင်ကြီးငြိမ်းချမ်း

(ဦးစောလွင် (သို့) ဦးဌေးအောင်၊ ၂၀၁၇ ဧပြီ ၂၅က ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ စာရေးသူ၏ အမှတ်တရစာကို ပြန်လည် ကူးယူဖော်ပြအပ်ပါသည်)