ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သော်တာသစ် ● ကျား-မ လူမှုရေးရာ (ဂျဲန်ဒါ) နှင့် မီဒီယာ (၁)

 
သော်တာသစ် ● ကျား-မ လူမှုရေးရာ (ဂျဲန်ဒါ) နှင့် မီဒီယာ (၁)
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၇

(မိုးမခ မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၁၀၊ အောက်တိုဘာ ၂၀၁၆ တွင် မူလပုံနှိပ်ခဲ့သည်။)

ပြည်သူ့ရေးရာမူဝါဒ ကိစ္စရပ်များတွင် မီဒီယာကို ပြည်သူလူထုကို ပညာပေးရန်၊ သတင်းပေးရန်နှင့် မူဝါဒအသစ်များနှင့် မိတ်ဆက်ပေးရန်နှင့် ပြည်သူ့အသံဖော်ပြ၍ အုပ်ချုပ်မှု ယန္တရားကို အပြန်အလှန်ထိန်းကျောင်းရန် အစရှိသော ရည်ရွယ်ချက်ဖြင့် အသုံးပြုကြပါသည်။ စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေးနှင့် သြဇာလွှမ်းမိုးနိုင်ရေးတွင် မီဒီယာသည် အဓိကကျသော ကြားခံချိတ်ဆက်ပေးသည့်အရာအဖြစ် ကောင်းစွာအကျိုးပြုပါသည်။ အုပ်ချုပ်သူ အစိုးရ၊ မတူညီသော နိုင်ငံရေးနှင့် ဘာသာရေးအုပ်စုအမျိုးမျိုး အပါအ၀င် စီးပွားရေးလုပ်ငန်းတို့တွင် ၎င်းတို့အပေါ် လူထုစိတ်ဝင်စားမှုနှင့် စိတ်ယိမ်းယိုင်မှုရှိစေရန် မီဒီယာကို အသုံးချ၍ လှုံ့ဆော်ကြသည်။ သည်တွင် မီဒီယာတွင် ဖော်ပြသော ရုပ်ပုံများ၊ အသုံးပြုသော စကားလုံးများ၊ သတင်းခေါင်းစဉ်များ၊ သတင်းနှင့် ဆောင်းပါး ဖွဲ့စည်းပုံများသည် စာဖတ်သူအပေါ် သက်ရောက်လွှမ်းမိုးမှု ရှိစေပါသည်။ ထို့အတူ ဂျဲန်ဒါကိစ္စရပ်တွင်လည်း မီဒီယာ၏ ဖော်ပြချက်များသည် ယခင် ရှေးရိုးစွဲ ကျား - မ ရေးရာနှင့်ပတ်သက်သော ပုံသေကားချပ် လူမှုအမြင်များကို ပို၍ခိုင်မာရန် တွန်းပို့နိုင်သလို အတွေးအမြင်အသစ်များ ထွက်ပေါ်လာရန် နှိုးဆွပေးနိုင်သည့် အခြေအနေလည်း ဖြစ်စေနိုင်ပါသည်။

ပြင်သစ်ဒဿနပညာရှင် မိုက်ကယ်ဖူးကိုးက ပါဝါအာဏာ (Power) ကို လက်ဝါးကြီးအုပ်ထား၍ မရ၊ လူတိုင်းတွင် နေရာတိုင်းတွင် သူ့ဟာနှင့်သူ ပါဝါအာဏာရှိပြီး ဖြစ်သည်၊ ပါဝါအာဏာသည် အထက်မှ အောက်သို့ သက်ဆင်းခြင်းမဟုတ်ဘဲ၊ အောက်မှ အထက်သို့ ပြန်လည်တွန်းကန်ရန်လည်း စွမ်းပကားရှိသည်။ ပါဝါအာဏာသည် လွှမ်းမိုးရန်ဆိုခြင်းထက် လူအချင်းချင်းကြား ဆက်သွယ်ချက်တခု၊ ထိုမှတဆင့် ကိုယ်စီကိုယ်င ပိုင်ဆိုင်သော ပါဝါအာဏာကို အသုံးပြု၍ အယူအဆအသစ်၊ အတွေးအခေါ်သစ်၊ သတ်မှတ်ချက်အသစ်တို့ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ မီဒီယာသည်လည်း သြဇာအာဏာရှိသော ကြားခံအဆောက်အအုံ ဖြစ်သဖြင့် ဖိနှိပ် ထိန်းချုပ်တတ်ရန် (သို့မဟုတ်) အစဉ်အလာကို ဖယ်ရှားကာ အသိအမြင်အသစ် မွေးဖွားရန် နှစ်မျိုးစလုံးအတွက် အသုံးပြုပါနိုင်ပါသည်။ မီဒီယာက ဘောင်သွင်းလိုက်သည့်အတိုင်း လူတို့အတွေးအမြင်အပေါ် ရိုက်ခတ်မှု ရှိနိုင်သည်။ ထို့အတူ လူတို့၏ မတူညီသော၊ ဆန်းသစ်သော အတွေးအမြင်ကလည်း မီဒီယာ၏ လားရာလမ်းကို အောက်မှ အထက်သို့ ဆန်ကာ ပြုပြင်ပြောင်းလဲစေနိုင်ပါသည်။ ကျား-မ လူမှုရေးရာ ညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့ရသော ခရီးတလျှောက်တွင် မီဒီယာတို့မှာ ပုံသဏ္ဌာန် (၄) မျိုးဖြင့် ပါဝင်ခဲ့ကြသည်။ ပထမတမျိုးမှာ မီဒီယာက ရှေးရိုးစွဲ ပညတ်များကို ခိုင်မာစေခြင်းအားဖြင့် ဣထိယဆန်မှု (Femininity) ကို ဘောင်သွင်းခြင်းဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ အစွန်းရောက်ဣတ္ထိယ၀ါဒ (Radical Feminism) ကို မြှင့်တင်ခြင်း ဖြစ်သည်။ တတိယအမျိုးအစားမှာ စားသုံးသူဈေးကွက်ကို မြှင့်တင်ရန်အတွက် မီဒီယာက အမျိုးသမီးတို့ကို လိင်ပြဋ္ဌာန်းခံ၊ လိင်ဆွဲဆောင်မှုအတွက် အပြုခံအရာဝတ္ထု (Sex Object) အဖြစ် ပုံဖော်ခြင်းဖြစ်သည်။ နောက်ဆုံးတခုမှာ ဣတ္ထိယ၀ါဒအလွန်ဝါဒ (Post-Feminism) ကို မိတ်ဆက်လာခြင်းဖြစ်သည်။

ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာနှင့် အွန်လိုင်းမီဒီယာတို့တွင် အမျိုးသမီးများ၏ သွင်ပြင်လက္ခဏာကို ဖော်ပြရာတွင် ရှေးရိုးစွဲလက်ခံထားသော ပညတ်များဖြင့် ကိုယ်စားပြုနေဆဲဖြစ်ပါသည်။ ၀တ္ထုဇာတ်လမ်းနှင့် ရုပ်ရှင်အများစုတွင် အမျိုးသမီးများကို စိတ်နုသူများ၊ အားကိုးရာရှာသူများ၊ ခံစားချက်ကို ဦးစားပေးသူများအဖြစ် ပုံဖော်ကြပါသည်။ သို့တည်းမဟုတ်လျှင် မာနခပ်ကြီးကြီး အမျိုးသမီးတယောက်သည် ဇာတ်လမ်းအဆုံးတွင် အမျိုးသားရှေ့တွင်သာ ဒူးထောက်ရသည့်ပုံမျိုးဖြင့် အမျိုးသမီးတယောက်၏ ဖြစ်တည်မှုကို ပုံစံခွက်ထဲ ထိုးသွင်းလိုက်ကြသည်။ မြန်မာဇာတ်ကားများတွင်လည်း မိန်းကလေးတယောက် မည်သို့မည်ပုံ နေထိုင်ရမည်၊ ယောက်ျားကောင်းတို့သည် မည်သို့ ပြုမူရမည် စသဖြင့် ထည့်သွင်းပြောဆိုကြသည်။



“မိန်းမကြီးကျနေတာပဲ”၊ “ယောက်ျားမဟုတ်ဘူးလား”၊ “ယောက်ျား ကတိနော်”၊ “မိန်းမလို မိန်းမရ မလုပ်နဲ့” စသော စကားများသည် မြန်မာလူမှုအဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှ ကြားနေရသည့်အပြင် ဇာတ်လမ်းများထဲတွင်လည်း အဖန်ဖန်ထည့်သွင်း ဖော်ပြခြင်းအားဖြင့် အမျိုးသားတို့သည် မြင့်မြတ်သည်၊ အမျိုးသမီးတို့သည် ယုတ်နိမ့်သည်ဆိုသော ပညတ်ကို ခိုင်မာသထက် ခိုင်မာအောင် တည်ဆောက်နေကြသည့် သဘောသက်ရောက်ပါသည်။

ထိုနည်းတူ ဆပ်ပြာမှုန့်ကြော်ငြာ၊ ဟင်းခတ်အမွှေးအကြိုင် ကြော်ငြာတွင် အမျိုးသမီး သရုပ်ဆောင်များ အသုံးပြုပြီး၊ ခွန်အားဖြည့်အချိုရည် သောက်၍ လန်းဆန်းတက်ကြွ အောင်မြင်သွားပုံတွင် အမျိုးသားသရုပ်ဆောင် အသုံးပြုခြင်းအားဖြင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ အခန်းကဏ္ဍကို ကွဲပြားအောင် ခွဲခြားသကဲ့သို့ ရှိနေပါသည်။  အိမ်မှုကိစ္စဟူသည် အမျိုးသမီးတို့၏ တာဝန်ဖြစ်သည်ဆိုသော ယူဆချက်ကို ခိုင်မာအောင် မီဒီယာက သွတ်သွင်းနေသည့် သဘောဖြစ်သည်။  ရုပ်သံအပြင် ပုံနှိပ်မီဒီယာဖြစ်သည့် မဂ္ဂဇင်း (အထူးသဖြင့် အမျိုးသမီးမဂ္ဂဇင်း) တို့၏ အမျိုးသမီးကဏ္ဍတွင် ပန်းအလှပြင်နည်း၊ ဇာထိုး အချုပ်အလုပ်၊ ဟင်းချက်နည်းတို့ ထည့်သွင်းလေ့ရှိသည်။  သဘောမှာ ထိုအလုပ်များသည် အမျိုးသမီးတို့နှင့်သာ သက်ဆိုင်၍ အမျိုးသမီးကဏ္ဍတွင် အလေးပေး ဖော်ပြခြင်းအသွင်ဆောင်ပါသည်။  ထိုသို့သော ဣတ္ထိယဆန်မှုကို သွတ်သွင်းနေသည့် မဂ္ဂဇင်းများမှာ ခေတ်အဆက်ဆက် ရိုးအီတိမ်ကောသွားခြင်းမရှိဘဲ ယနေ့ခေတ်အထိ ပုံသဏ္ဌာန်မျိုးစုံနှင့် တည်ရှိနေဆဲဖြစ်သည်။

၁၉၇၀ ပြည့်နှစ်အလွန်တွင် ဣတ္ထိယ၀ါဒ ဒုတိယလှိုင်းနှင့်အတူ အမျိုးသမီးတို့၏ နိုင်ငံရေး၊ စီးပွားရေးတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့်နှင့် လူမှုရေးပညတ်ချက်များ ကျော်လွန်နိုင်ရေး လှုပ်ရှားမှုများ အားကောင်းလာခဲ့သည်။  ၁၉၇၅ ခုနှစ်တွင် ကျင်းပသော ကုလသမဂ္ဂ၏ ပထမဆုံးသော အမျိုးသမီးတို့ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံတွင် ဆင်းရဲနွမ်းပါးမှုနှင့် အကြမ်းဖက်မှု လျှော့ချရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာတို့တွင် အမျိုးသမီးတို့ အခွင့်အရေးကို အသိအမှတ်ပြုမြှင့်တင်ရေး ဆောင်ရွက်ချက်များအတွက် သဘောတူညီမှုများ ရရှိခဲ့သည်။ တပြိုင်နက်ထဲမှာပင် အနောက်နိုင်ငံများတွင် ဣတ္ထိယ၀ါဒီတို့၏ လှုပ်ရှားမှုအရှိန်အဟုန် ကောင်းလာသည်နှင့်အမျှ ဣတ္ထိယတို့၏ အခွင့်အရေးကို တောင်းဆိုသော၊ ဉာဏ်အလင်းပြသော စာစောင်များ၊ ရေးသားချက်များ ထွက်ပေါ်လာသည်။

ဥပမာ - အမေရိကန်နိုင်ငံတွင် “အမျိုးသမီးတို့က အမျိုးသမီးတို့အတွက်” ဟူသော ဆောင်ပုဒ်ဖြင့် “Ms” မဂ္ဂဇင်း ပေါ်ထွက်လာသည်။ ထို့ပြင် ရေပန်းစားနေသော “ဣတ္ထိယ၀ါဒီ / ဣတ္ထိယ၀ါဒ” (Feminist/ Feminism) ဆိုသော စကားလုံးကို အခြားသောစကားလုံးများနှင့် ချိတ်ဆက်ကာ (ဥပမာ - “Feminist-marriage”၊ “Feminist-Fashioned”၊ “Feminism-bras” စသည်တို့) တွင်တွင်အသုံးပြုခြင်းအားဖြင့် ဣတ္ထိယ၀ါဒကို မြှင့်တင်ကြသည်။ အမျိုးသမီးတို့၏ လိင်လွတ်မြောက်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ရသော ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်စွမ်း၊ ပြင်ပတွင် အလုပ်လုပ်ခွင့်နှင့် လစာ၊ ရာထူးခံစားခွင့် တူညီမျှရေးတို့ ရှေးရှုတောင်းဆိုခဲ့ကြပါသည်။

သို့သော် ထိုကဲ့သို့ အမျိုးသမီးအရေးသီးသန့် တိုက်ပွဲဝင်တောင်းဆိုမှုတွင် ဟာကွက်တချို့ ရှိပါသည်။  ပထမအချက်မှာ အမျိုးသမီးအားလုံးကို ကိုယ်စားမပြုနိုင်ဘဲ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လူမှုအဆင့်အတန်း အနိမ့်အမြင့်ကွာခြားသော အမျိုးသမီး၊ အမျိုးသားနှင့် လိင်တူတို့အရေး ထည့်သွင်းစဉ်းစားမှု နည်းပါးပါသည်။ ဆိုရပါလျှင် အနောက်နိုင်ငံအမျိုးသမီးတို့က ၎င်းတို့အခွင့်အရေးအတွက် တောင်းဆိုရာတွင် လိင်လွတ်မြောက်ခွင့်ကဲ့သို့ ဘ၀နေထိုင်မှုအတွက် အဆင့်တဆင့် ပို၍ တိုးတက်လာစေရေးကို ဦးစားပေးစဉ်းစားနိုင်သော်လည်း ဆင်းရဲတွင်းနက်နေသော နိုင်ငံများက အမျိုးသမီးများအတွက်မူ အခြေခံပညာသင်ကြားခွင့်နှင့် ကျန်းမာရေးလက်လှမ်းမီနိုင်ရေးအတွက် အနိုင်နိုင်ရုန်းကန်နေရချိန် ဖြစ်ပါသည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ အမျိုးသမီးများ လွတ်မြောက်ခွင့်သည် ကမ္ဘာ့နေရာအနှံ့အပြားက မတူညီသော လူမှုအဆင့်အတန်းရှိသည့် အမျိုးသမီးများ အားလုံး၏ အခွင့်အရေးကို ကိုယ်စားမပြုနိုင်ခဲ့ပါ။ 



ဒုတိယအချက်မှာ အမျိုးသမီးတို့ ဘ၀မြှင့်တင်ရေးအတွက် ဦးစားပေးလွန်းသည့်အတွက် အချို့သော ဦးတည်ရာလမ်းကြောင်းမှာ ကျိုးကြောင်းဆီလျော်မှု အားနည်းနေပြီး ၀ိရောဓိဖြစ်သွားစေနိုင်သည့် အခါမျိုးလည်း ရှိပါသည်။ ဥပမာ - အောင်မြင်ထင်ရှား ကျော်ကြားသော အမျိုးသမီးတဦးကို စံပြအဖြစ် ပမာထားပြီး မီဒီယာက တွေ့ဆုံမေးမြန်းသည် ဆိုပါစို့။ မေးခွန်းတွင် “ဒီလို အောင်မြင်လာတဲ့အခါ မိသားစုအရေးကို ဘယ်လိုထိန်းညှိသလဲ” ဆိုသည်မျိုး ပါလာတတ်သည်။ ထိုအခါ ထိုအမျိုးသမီးက အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး ဟန်ချက်ညီအောင် ဆောင်ရွက်နေရသည့် သူ့ဘ၀ကို ဖော်ထုတ်ပြောဆိုသည်။ တဖက်က ကြည့်လျှင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးတဦး ဖြစ်ရေးမှာ “အိမ်ထောင်ရေးနှင့် လူမှုရေးတာဝန်များကိုပါ ကျေပွန်နေမှ” ဆိုသော အဓိပ္ပာယ် သက်ရောက်သည်။ ထိုသို့သော မေးခွန်းသည် အမျိုးသမီးတို့၏ မူလတာဝန်ဟု ယူဆထားခြင်းခံရသော အိမ်မှုကိစ္စတာဝန်များအပေါ် ဘယ်လောက်နိုင်နင်းအောင် ဆောင်ရွက်နိုင်သည်ကို ဆန်းစစ်ရာရောက်သဖြင့် ရှေးရိုးစွဲပညတ်ကို ကျော်လွန်နိုင်စွမ်း မရှိသေးပါ။ အမျိုးသမီးတို့အတွက် ရှေ့ဆောင်လမ်းပြဖြစ်လိုသော မီဒီယာကိုယ်နှိုက်ကပင်လျှင် ရှေ့ကို တွန်းသွားရင်း အဆမတန်သော မျှော်လင့်ချက်များဖြင့်၊ အမျိုးသမီးတို့သည် အရာရာကို ထူးထူးချွန်ချွန်ဆောင်ရွက်နိုင်သည်ဟု ပြလိုဇောများဖြင့် အမျိုးသမီးတို့၏ဘ၀ကို (စီးပွားရေးတွင် အောင်မြင်ခြင်း၊ အိမ်မှုကိစ္စနိုင်နင်းခြင်းစသော) ၀န်ထုပ်ဝန်ပိုးနှစ်ဆ ပိစေသော လမ်းကြောင်းကို မောင်းသွင်းလိုက်သကဲ့သို့ ဖြစ်တတ်ပါသည်။ 


ဣတ္ထိယဆန်အောင် ဘောင်သွင်းခြင်းနှင့် အစွန်းရောက်ဣတ္ထိယ၀ါဒ တို့၏ အားနည်းချက်များသည် အမျိုးသမီးတို့ကို အရင်းရှင်စီးပွားရေးအတွက် မီဒီယာက ပြဋ္ဌာန်းခံအဖြစ် အသုံးချရန်နှင့် ၎င်းကိုပင် အမျိုးသမီးတို့၏ လွတ်မြောက်ခွင့် (ဣတ္ထိယ၀ါဒအလွန် ၀ါဒ - Post-Feminism) ဖြစ်လာစေပါသည်။ အမျိုးသမီးတို့ အိမ်ပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်၊ ကိုယ့်အားကိုယ် ကိုး၍ ၀င်ငွေရှာဖွေခွင့်အတွက် တောင်းဆိုလှုပ်ရှားမှုများကြောင့် အသေးစား၊ အလတ်စား၊ အကြီးစား စီးပွားရေးလုပ်ငန်းနှင့် ရုံး၊ဌာန တို့တွင် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အမျိုးသမီးများ ပါဝင်ခွင့်ရလာသည်။  အမျိုးသမီးတို့ ကိုယ်ပိုင်ဝင်ငွေရှိလာခြင်းကြောင့် ၀င်ငွေကို မည်သို့ခွဲဝေသုံးစွဲရန် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချက်မှတ်နိုင်စွမ်း ပိုမိုလာသည်။ ဤအခြင်းအရာကြောင့်ပင် စီးပွားရေးလုပ်ငန်းများသည် မီဒီယာကတဆင့် အမျိုးသမီး စားသုံးသူများကို ပစ်မှတ်ထားသော ကြော်ငြာများနှင့် ကြော်ငြာဆောင်းပါးများ ထည့်သွင်းလာကြသည်။ အမျိုးသမီး ဖက်ရှင်၊ ရေမွှေး၊ အလှကုန်အမျိုးမျိုးတို့သည် အမျိုးသမီးမဂ္ဂဇင်းများ ရပ်တည်ရေးအတွက် အဓိကထားရသော ကြော်ငြာရှင်များ ဖြစ်လာသည်။ ထို့ပြင် အမျိုးသမီးတို့၏ ကောက်ကြောင်းအလှကို ထင်ထင်ရှားရှား ပေါ်လွင်အောင်၊ တနည်း လိင်ဆွဲဆောင်မှု အားကောင်းသော ဟန်ပန်များနှင့် ဓာတ်ပုံများ ထည့်သွင်းကာ ပရိသတ် စိတ်ဝင်စားအောင် ပြုလုပ်ကြသည်။ ထို့ကြောင့် မီဒီယာသည် အမျိုးသမီးတို့ကို လိင်အပြဋ္ဌာန်းခံ အရာဝတ္ထု (Sex Object) အဖြစ် ရှုမြင်စေရန် ဖော်ဆောင်ရာတွင် ပါဝင်ပတ်သတ်နေပါသည်။

သို့သော် ဣတ္ထိယ၀ါဒ၏ နှောင်းပိုင်းတွင် ပေါ်ပေါက်လာသော ဣတ္ထိယ၀ါဒအလွန် ၀ါဒ (Post-Feminism) (တနည်း) ဣတ္ထိယ၀ါဒ စတုတ္ထလှိုင်း လှုပ်ရှားမှုကမူ အမျိုးသမီးများကို မီဒီယာက အသုံးချနေမှုကို အသုံးချသည်ဟု မမြင်ဘဲ အခွင့်အလမ်းတခုအနေဖြင့် မြင်ပါသည်။ မီဒီယာတွင် ကိုယ်ဟန်ပြခြင်းဖြင့် အမျိုးသမီးတို့အတွက် ၀င်ငွေရသော အလုပ်အကိုင်တခု ဖြစ်လာစေသည်၊ အရင်းရှင်စနစ်၏ သားကောင်မဟုတ်ဘဲ၊ ကိုယ်တိုင်က ထုတ်လုပ်ရန်ပစ္စည်း ပိုင်ဆိုင်သူဖြစ်သည်ဟူ၍ ဣတ္ထိယ၀ါဒအလွန် ၀ါဒက ပုံဖော်ပါသည်။ အမျိုးသမီးတို့သည် ပြဋ္ဌာန်းခံ၊ အပြုခံမဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်ကိုက မိမိဆုံးဖြတ်ချက်ဖြင့် ပြုလုပ်သူ၊ မိမိကံကြမ္မာ မိမိ ဖန်တီးနိုင်စွမ်းရှိသူအဖြစ် မြင်ပါသည်။ ထိုသို့ ပြောင်းလဲ ရှုမြင်ပေးခြင်းအားဖြင့် အမျိုးသမီးတို့ကို ခွန်အားမြှင့်တင်ပေးရာရောက်သည်ဟု အဆိုပါ ဣတ္ထိယ၀ါဒအလွန် ၀ါဒက ယူဆပါသည်။ သို့ရာတွင် ထိုသို့သောအမြင် မှန်၊ မမှန်၊ အမျိုးသမီးတို့ကိုယ်နှိုက်က လိုလိုချင်ချင်ဖြင့် သည်လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ရှိ၊ မရှိဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ၎င်းတို့၏ ရွေးချယ်မှုတွင် မည်မျှ အမှီအခို ကင်းလွတ်သည်ကို ဆန်းစစ်ရန်လိုကြောင်း ကျန်အမျိုးသမီးဝါဒီများက ထောက်ပြကြပါသည်။ ဆိုလိုသည်မှာ မိသားစုစားဝတ်နေရေးနှင့် အခြားအသက်မွေးဝမ်းကြောင်း အခွင့်အလမ်းနည်းပါးမှုတို့ကြောင့် ရွေးချယ်ခဲ့ရခြင်း ဟုတ်၊ မဟုတ် စသည်တို့ ဆန်းစစ်ရန်ဖြစ်သည်။ စီးပွားရေး၊ ပညာရေး၊ လူမှုဝန်းကျင်တို့သည် အမျိုးသမီးတို့၏ ရွေးချယ်ပိုင်ခွင့်ကို တနည်းနည်းဖြင့် လွှမ်းမိုးလေ့ ရှိတတ်သောကြောင့် ဖြစ်ပါသည်။

ရှေ့တွင် ဆိုခဲ့သည့်အတိုင်း မီဒီယာသည် အစဉ်အလာကို ထပ်လောင်းအားဖြည့် ပုံသွင်းနိုင်သလို တဖက်ကလည်း လမ်းသစ်ပြရန် ရှေ့ဆောင်ဖြစ်ပါသည်။ ဥပမာ - လိင်ပိုင်းဆိုင်ရာ ရုပ်ပုံကားချပ်များကြောင့် လိင်အကြမ်းဖက်မှု မတိုးပွားစေဘဲ ကောင်းကျိုးပြုနိုင်သည့် နည်းလမ်းများရှိသည်။ အထူးသဖြင့် လိင်ပညာပေးခြင်းနှင့် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးတွင် ထိုရုပ်ပုံကားချပ်များ အသုံးဝင်ပါသည်။ ၁၉၈၇ ခုနှစ် အမေရိကန်နိုင်ငံ ရုပ်မြင်သံကြားများတွင် ဆန္ဒမပါဘဲ ရရှိလာသော ကိုယ်ဝန်ဆောင်မှုနှင့် ခုခံအားကျဆင်းသော ရောဂါများ ကာကွယ်တားဆီးရန် လိင်ပိုင်းဆိုင်ရာ ပြကွက်များ အသုံးပြုခဲ့သည်။ ထို့ကြောင့် မည်သို့တင်ပြသည်၊ ဖော်ပြသည်၊ မည်သည့် ရုပ်ပုံနှင့် စာသား၊ စကားလုံးအသုံးပြုသည် စသည်တို့အပေါ် များစွာ မှီတည်နေပါသည်။ အောင်မြင်နေသော အမျိုးသမီးတဦးနှင့် မီဒီယာ အင်တာဗျူးတွင် “ဒီလို အောင်မြင်လာတဲ့အခါ မိသားစုအရေးကို ဘယ်လိုထိန်းညှိသလဲ” ဟု တိုက်ရိုက် မေးမည့်အစား “အမျိုးသမီးတဦး အောင်မြင်ဖို့ ဘယ်လို အခက်အခဲ ရှိသလဲ။ စိန်ခေါ်မှုတွေက ဘာလဲ။ ဘယ်လိုကျော်လွှားနေရလဲ။ ဘယ်လိုပံ့ပိုးမှုတွေ လိုအပ်သလဲ” စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မေးနိုင်လျှင် ၎င်းတို့၏ ခွန်အားနှင့် အစွမ်းသတ္တိကိုလည်းကောင်း၊ စိန်ခေါ်မှုကိုလည်းကောင်း၊ ထိုစိန်ခေါ်မှုကို ကျော်လွှားပုံ ကျော်လွှားနည်းတို့ကိုလည်းကောင်း သိရှိရပါလိမ့်မည်။ စာဖတ်သူ၏ စိတ်သန္တာန်တွင်လည်း စိတ်ဓာတ်ခွန်အား တက်ဖွယ်နှင့် တပြိုင်နက်တည်းမှာပင် ကျော်လွှားရန်လိုအပ်သော အစဉ်အလာ၏ ဖိနှိပ်မှုကိုလည်း သတိပြုမိပါလိမ့်မည်။


မီဒီယာကတဆင့် အမျိုးသမီးတို့ဘ၀ တိုးတက်ရေးအတွက် ဆောင်ရွက်ရန်မှာ မီဒီယာတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများ တိုးပွားလာရေး၊ ထိုအမျိုးသမီးများ ၎င်းတို့ မီဒီယာအေဂျင်စီတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သော နေရာများ ရောက်ရှိရေး၊ ထိုမျှမက ဆုံးဖြတ်နိုင်စွမ်း အခွင့်အာဏာရှိသော အမျိုးသမီးများကိုယ်တိုင်က အမျိုးသမီးများ အခွင့်အရေးကို စိတ်ဝင်စားမှုရှိစေရေးနှင့်၊ မီဒီယာက ထုတ်ဝေရိုက်ကူးသော စာစောင်နှင့် ရုပ်သံများ၊ သတင်းစကားများကို အနယ်နယ်အရပ်ရပ်ရှိ အလွှာမျိုးစုံမှ အမျိုးသမီးများ လက်လှမ်းမီစေရေးတို့ လိုအပ်ပါသည်။ များသောအားဖြင့် အမျိုးသမီးတို့သည် အလှအပနှင့် ဖက်ရှင်ရေးရာ အမျိုးသမီးမဂ္ဂဇင်းများတွင် အကြီးတန်းရာထူးကို ပိုင်ဆိုင်တတ်သော်လည်း သတင်းဌာနများတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်သော ရာထူးကြီးများ ရယူနိုင်မှု နည်းပါးပါသည်။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး သတင်းများအတွက် တာဝန်ပေးခံရမှုနည်းပါးပြီး လူမှုဝန်းကျင်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍတို့အတွက်သာ တာဝန်ပေးလေ့ရှိကြသည်။ မီဒီယာလောကတွင် ကဏ္ဍစုံတွင် အမျိုးသမီးတို့သတင်းသမားတို့ ပါဝင်နိုင်ရန် လမ်းကြောင်းဖွင့်ပေးခြင်းနှင့် စွမ်းရည်မြှင့်တင်ပေးခြင်းတို့ လိုအပ်ပါသည်။ ထို့အတူ သတင်းအရင်းအမြစ် (news source) ကို ချဉ်းကပ်ရာတွင်လည်း အရည်အချင်းရှိသော အမျိုးသမီးတို့ကိုလည်း ပြောရေးဆိုခွင့်ရှိအောင် နေရာပေးရန် လိုအပ်ပါသည်။

၁၉၉၅ ခုနှစ်တွင် ကျင်းပသော ဘေဂျင်းညီလာခံတွင် အမျိုးသမီးတို့ အခွင့်အရေးအတွက် မီဒီယာ၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ပြီး မီဒီယာ၏ ဖော်ပြချက်များတွင် လိင်ခွဲခြားမှုနှင့် ကျား-မ လူမှုကဏ္ဍကို ပုံသေကားကျ ယူဆချက်များကို အားဖြည့်သော ဖော်ပြချက်များ တားဆီးရန်၊ ကျား-မ လူမှုရေးရာ မညီမျှမှုများကို ဖော်ထုတ်ရန်၊ အမျိုးသမီးများကို ခွန်အားမြှင့်တင်ပေးနိုင်မည့် ဖော်ပြချက်များ ထည့်သွင်းရန်၊ မီဒီယာလုပ်ငန်းတွင် အမျိုးမျိုးသော အခန်းကဏ္ဍ၌ အမျိုးသမီးများ ပါဝင်ခွင့်ရစေရန်နှင့် မီဒီယာသမားများကို ကျား-မ လူမှုရေးရာ အကဲဆတ်သော သဘောတရားများ သတိပြုမိစေရေးအတွက် သင်တန်းပေးရန် စသည်တို့ ထောက်ခံဆွေးနွေးခဲ့ပါသည်။ ၂၀၀၅ ခုနှစ် ဘေဂျင်းညီလာခံတွင်မူ မီဒီယာတွင် အမျိုးသမီးအရေးနှင့် ပတ်သက်ပြီး ဖော်ပြချက်များကို စောင့်ကြည့်လေ့လာရန် စီမံကိန်း Global Media Monitoring Project အတွက် ထောက်ခံဆွေးနွေးခဲ့ကြသည်။ ထိုသို့ စောင့်ကြည့်ရာတွင် မည်သူတွေ သတင်းထဲတွင် ပါဝင်နေသည်၊ ၎င်းတို့ကို မည်သို့ ဖော်ပြခံနေသည်၊ မည်သည့်နယ်ပယ်တွင် ဖြစ်သည် (ဥပမာ - နိုင်ငံရေးကဏ္ဍတွင် အမျိုးသားများအကြောင်း ရေးသားမှုများပြီး၊ ကလေးသူငယ် စောင့်ရှောက်မှုနှင့် ပတ်သက်၍ အမျိုးသမီးများအကြောင်း ရေးသားမှုပိုများနေသလား စသည်)၊ မီဒီယာတွင် ပါဝင်ပြောဆိုသူတို့က အမျိုးသမီးအရေးကို မည်မျှ စောင်းပေးသည်၊ မီဒီယာကလည်း မည်သည့်ရှုထောင့်ကနေ တင်ပြနေသည် အစရှိသည်တို့ကို ဆန်းစစ်ရန် ညွှန်ပြထားပါသည်။

သော်တာသစ်

မှီငြမ်း
Gauntlett, D. (2002). Media, gender, and identity: an introduction. London: Routledge.
Gill, R. (2007). Gender and the media. Cambridge, UK: Polity Press.
Holland, P. (2004). The politics of the smile: "Soft news" and the sexualization of the popular press. In L. Steiner, & C. Carter (Eds.), Critical readings: media and gender (pp. 68-86). Maidenhead: Open University Press.
Minić, D. (2007). Feminist media theory and activism: Different worlds or possible cooperation. In H. Š. Rill, Tamara; Bitoljanu, Ana (Ed.), 20 Pieces of Encouragement for Awakening and Change (pp. 282-308). Belgrade−Sarajevo: Center for Nonviolent Action.

Steiner, L., & Carater, C. (2004). Mapping the contested terrain of media and gender research. In L. Steiner, & C. Carater (Eds.), Critical readings: Media and gender (pp. 11-36). Maidenhead: Open University Press.

(မိုးမခ မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၁၀၊ အောက်တိုဘာ ၂၀၁၆ တွင် မူလ ပုံနှိပ်ခဲ့သည်။)