ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းခိုင် ● ဦးမောင်မောင်ရဲ့ ဆပ်ကပ်ပုံပြင်


မင်းခိုင် ● ဦးမောင်မောင်ရဲ့ ဆပ်ကပ်ပုံပြင်
(မိုးမခ လောကဓာတ်ခန်း)


မြန်မာပြည်မှာ ရုံသွင်းပြီး ပြတဲ့ မျက်လှည့်ပြပွဲလိုဟာမျိုးက ရှားတယ်။ သူ့ထက်ပိုရှားတာကတော့ ဆပ်ကပ်ပွဲတွေပဲ။ ဘုရားပွဲတွေ ၁၂ ရာသီ ရှိပေမယ့် အဲဒီ့မှာ အများဆုံးတွေ့ရတာက အငြိမ့်နဲ့ ပြဇာတ်တွေ။ မျက်လှည့်ပွဲတွေ ပါတတ်ပေမယ့် ရှားတယ်။ အဲ ဆပ်ကပ်ပွဲလိုဟာမျိုးကတော့ ပိုတောင်ရှားတယ်။ ကျနော်တို့မြို့ကို ဆပ်ကပ်ပွဲဘယ်နှစ်ခါလာဖူးလဲ စဉ်းစားကြည့်တော့ ကျနော် မှတ်မိသလောက်တော့ နှစ်ခါလားသုံးခါလားပဲ။ ဒါလည်း ဘုရားပွဲမဟုတ်ဘဲ သူ့ဟာသူ ရုံသွင်းတာလို့ မှတ်မိနေတယ်။ ကျနော်အမှတ်မမှားရင် ဆပ်ကပ်ပွဲနာမည်က ဦးမောင်မောင်ဆပ်ကပ်တဲ့ ... ။

ကလေးဘဝက ကြည့်ခဲ့ရတဲ့ အဲ့ဒီဆပ်ကပ်ပွဲမှာ ကျနော့်စိတ်ကို ဖမ်းအစားနိုင်ဆုံးက သံကမ္ဘာလုံးထဲ ဆိုင်ကယ်စီးတာပဲ။ (ကျနော့်စိတ်ထင်) အချင်း ၁၅-ပေ/ ပေ-၂၀ လောက်ရှိမယ့် သံကမ္ဘာလုံးထဲမှာ ဆိုင်ကယ်တွေကို ဝိုက်ဝိုက်ပြီး စီးလိုက်၊ အထက်အောက် စီးပြလိုက်နဲ့ ... ဆိုင်ကယ်ကလည်း သုံးစီးလောက် ပြိုင်စီးတာဆိုတော့ ... တိုက်မိရင်တော့ ဒုက္ခပဲဆို ရင်မလိုက်ရ၊ အထက်အောက်ပတ်ပြီးစီးပြရင်လည်း ဟ ပြုတ်ကျတော့မှာပဲဆိုပြီး ရင်မရနဲ့ အစအဆုံး ရင်မခဲ့ရတာကို ကောင်းကောင်းကြီးမှတ်မိနေတယ်။

အဲဒီ့မှာ ကျနော် အအံ့သြဆုံးက ကမ္ဘာလုံးကြီးရဲ့ထိပ်မှာ ဆိုင်ကယ်တွေ ပြုတ်မကျတာပဲ။ ဟာ ... တယ်တော်တဲ့သူတွေပဲ ... ပြုတ်မကျအောင် ဘယ်လိုများလုပ်ပါလိမ့်ပေါ့။ ရူပဗေဒကို နည်းနည်းပါးပါး နားလည်လာတော့မှ သြော် .. ဒါ လူက လုပ်တာမဟုတ်ဘူး၊ သဘာဝကြီးက လုပ်ပေးတာပါလားလို့ သိလာရတယ်။

ပြုတ်မကျအောင် လုပ်ပေးတဲ့ သဘာဝတရားကြီးနာမည်က Centripetal Acceleration တဲ့။

Speed တို့ Velocity တို့ကို နားလည်လွယ်ပေမယ့် acceleration ကျတော့ နည်းနည်းမျက်စိလည်တတ်ပါတယ်။ အဓိပ္ပာယ်သတ်မှတ်ချက်အရ အလျင်ပြောင်းလဲနှုန်းလို့ ဆိုတယ်။ ဒါပေမဲ့ ဘာလို့ နာမည်သတ်သတ်ပေးရတာလဲ၊ သူ့မှာ ဘာဂုဏ်သတ္တိတွေ ရှိလို့လဲ ... ။ အနှစ်သာရအရ ပြောရရင် Acceleration ဆိုတာ အားနဲ့ ဆက်စပ်နေတယ်။ တနည်းအားဖြင့် အားနဲ့ Acceleration ဆိုတာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ အရာတခုရဲ့ မတူညီတဲ့ မြင်ကွင်းနှစ်ခုပဲ။

ကိန်းသေအလျင်နဲ့ သွားနေတဲ့ ဝတ္ထုတခုမှာ Acceleration မရှိဘူး။ ဒါပေမဲ့ အဲ့ဒီအပေါ်ကို အားတခုခု သက်ရောက်လိုက်တာနဲ့ Acceleration ဖြစ်သွားတယ်။ ဥပမာ ကိန်းသေအလျင်နဲ့ သွားနေတဲ့ တွန်းလှည်းလေးကို ကိုယ်က အားစိုက်ပြီး ကူတွန်းလိုက်ရင် အဲဒီလှည်းလေး ပိုမြန်သွားမှာပဲ။ တနည်းအားဖြင့် အလျင်ပြောင်းသွားပြီ။ တနည်းအားဖြင် Acceleration ဖြစ်သွားပြီ။ အဲ့ဒီအားကိုသာ တောက်လျှောက်သက်ရောက်ထားရင် အလျင်ကလည်း တောက်လျှောက်တိုးလာမယ်။ တဖြည်းဖြည်း တဖြည်းဖြည်း ပိုမြန်လာမယ်။ ဆိုင်ကယ်လီဗာကို ဆွဲထားတဲ့အခါ တရိပ်ရိပ်မြန်လာသလိုပေါ့။ မြန်မြန်လာတဲ့ နှုန်းထားက ကိန်းသေဆို Constant acceleration လို့ ခေါ်သပေါ့။

ပြောချင်တာက အားသက်ရောက်ရင် Acceleration ဖြစ်လာမယ်။ Acceleration ဖြစ်လာတယ်ဆို သေချာတယ် အားသက်ရောက်လို့ပဲ။

ဒီထိက နားလည်လွယ်တယ်။ နည်းနည်းရှုပ်သွားတာက သွားနေတာ ကိန်းသေအလျင်နဲ့ ဖြစ်တာတောင် Direction ပြောင်းရင် acceleration ဖြစ်လာတယ်ဆိုတာပဲ။ ဥပမာ စက်ပိုင်းပုံပတ်မယ်၊ နှုန်းက တသတ်မတ်တည်းပဲ။ တနာရီ မိုင် ၃၀ ဆို ၃၀ ပဲ။ ဒါပေမဲ့ စက်ဝိုင်းပုံဆိုတော့ Direction က အမြဲပြောင်းနေတယ်။ အဲဒါမျိုးဆိုလည်း Acceleration ရှိတယ်။ (စာလိုပြောရရင် အလျင်ဆိုတာ Magnitude + Direction ကိုး၊ တခုပြောင်းတာနဲ့ အလျင်ပြောင်းတာပဲလေ။)

ဒါပေမဲ့ ဒီသဘောကလည်း မြင်ယောင်ကြည့်လို့ သိပ်မခက်ဘူး။ ဆိုင်ကယ်ကို လီဗာတင်လိုက်တယ်။ ဝေါဆို Acceleration ဖြစ်သွားမယ်။ လူကလည်း ချက်ချင်းနောက်ကို ယိုင်သွားမယ်။ ဒါ အားသက်ရောက်တာကို ပြတာ။ အမှန်က အားက ရှေ့ကို သက်ရောက်တာ။ ဒါပေမဲ့ လူက Mass ရှိတော့ Mass ရဲ့ ဂုဏ်သတ္တိ Inertia က အဲဒီ့အားကို ပြန်တုံ့ပြန်တဲ့အနေနဲ့ နောက်ကို ပြန်ယိုင်ပြတာ။

အဲလိုပဲ ဆိုင်ကယ်ရဲ့ Speed ကို မြန်တာမဟုတ်ဘဲ Direction ပြောင်းလိုက်ရင် လူက ယိုင်တာပဲ။ (ဘယ်ကွေ့ရင် ညာဘက်ကို ယိုင်မယ်၊ ညာကွေ့ရင် ဘယ်ဘက်ကို ယိုင်မယ်) ဒါ .. အားသက်ရောက်တယ်ဆိုတာကို ပြတာ။ ဒါဆို သေချာတယ် ... Direction ပြောင်းရင်လဲ (ပမာဏမပြောင်းတောင်) acceleration ဆိုတာ ဖြစ်လာတယ်။

အဲဒီ့ Acceleration ကို Centripetal Acceleration လို့ ခေါ်တယ်။ “Centripetal” ဆိုတာ ဂရိစကားလုံးကလာတာ .. အဓိပ္ပာယ်က “Seeking the center” တဲ့။ ဘာလို့အဲလိုခေါ်လဲဆို ... စက်ဝိုင်းပုံပတ်လို့ ဖြစ်လာတဲ့ Acceleration မှန်သမျှဟာ ဗဟိုဆီကိုပဲ ဦးတည်သွားလို့ပါ။ မျက်စိမလည်ဖို့က အဲဒီ့ဖြစ်လာတဲ့အားက ဗဟိုကို လှမ်းဆွဲမှာ ... ဒါပေမယ့် လူက စက်ဝိုင်းအပြင်ဘက်ကို ယိုင်မှာ ... ဘာလို့လဲဆို Inertia ကြောင့် ... ။ ဥပမာ နာရီလက်တံအတိုင်း ကားပတ်မောင်းမယ်ဆို လူက တဖက်ကားနံရံ (ဆန့်ကျင်ဖက်နံရံ)ကို သွားကပ်နေမယ်။

အမှန်က စက်ဝိုင်းပုံပတ်ရင် Acceleration နှစ်မျိုးဖြစ်လာတယ်။ တခုက အခုပြောတဲ့ Centripetal Acceleration .. ။ နောက်တခုက အလျင်ရဲ့ဦးတည်ဖက်နဲ့အပြိုင်ဖြစ်လာတဲ့ Tangentail acceleration .. ။ လွယ်လွယ်ပြောရရင် ကိန်းသေအလျင်နဲ့ ပတ်နေရင် Centripetal Acceleration တခုပဲ ရှိတယ်။ ကိန်းသေအလျင်မဟုတ်ရင် (ဥပမာ ရိုလာကိုစတာလိုဟာမျိုးဆိုရင်) နှစ်မျိုးလုံး ရှိမယ်။

ဒါဆို ဦးမောင်မောင်ရဲ့ဆိုင်ကယ်တွေ ဘာလို့ပြုတ်မကျသလဲ ရှင်းသွားပြီ။

Acceleration ကြောင့် ဖြစ်လာတဲ့အားက ဗဟိုကို လှမ်းဆွဲမှာ ... ဒါပေမဲ့ ယိုင်မှာက ဆန့်ကျင်ဘက်ကို ယိုင်မှာ .... ။ တနည်းအားဖြင့် ကမ္ဘာလုံးနဲ့ ကပ်နေမှာ .. ။ ဒါကြောင့် ပြုတ်မကျတာ .. ။ အဲ တခုတော့ ရှိတယ်။ တကယ်က ဆွဲမယ့်အားက Centripetal Acceleration တင် မဟုတ်ဘူး။ ဒြပ်ဆွဲအားပါ ပါတယ်။ ဆိုတော့ ဖြစ်လာတဲ့ ဆန့်ကျင်အားက ဒြပ်ဆွဲအားကိုတော့ လွန်ရမပေါ့။ တနည်းအားဖြင့် Centripetal Acceleration များရမယ်။ အဓိပ္ပာယ်က အလျင်က များရမယ်ဆိုတာပဲ။ နှေးနှေးလေး ပတ်ရင် (Centripetal Acceleration က ဒြပ်ဆွဲအရှိန်ထက် နည်းနေရင်) သေချာပေါက် ပြုတ်ကျမှာပဲ။ ဒါကြောင့် နှေးနှေးလေး ပတ်လို့မရဘဲ Speed ကောင်းကောင်းနဲ့ ပတ်ရတယ်။

ဒီသဘောကို အိမ်မှာလည်း စမ်းကြည့်လို့ရတယ်။

ရေပုံးခပ်သေးသေးမှာ ရေထည့် .. ။ ပြီးရင် လက်ကိုင်ကို ကြိုင်းနဲ့ချည်ပြီး စက်ဝိုင်းပုံ ပတ်ကြည့်။ ရေတွေ အပြင်ကို ထွက်မလာဘူးဆိုတာ တွေ့ရလိမ့်မယ်။ (အထက်အောက်ပတ်ချင်လည်း ရတယ်၊ လုံလောက်တဲ့ Speed တော့ ရှိရမပေါ့) ပုံးထဲက ရေတွေဟာ Inertia ရဲ့ ဂုဏ်သတ္တိကြောင့် ပုံးရဲ့ဖင်ကို ကပ်နေလိမ့်မယ်။

ဆိုတော့ ... ဦးမောင်မောင်ဟာ သူ့ရဲ့ ဆပ်ကပ်ကို Centripetal Acceleration, Inertia နဲ့ Gravity ပေါ်မှာ ဆော့ကစားခြင်း ဖြစ်ပါကြောင်း .. ။

မင်းခိုင်
မေ ၇ ၂၀၁၇