ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မျိုးတေဇာမောင် ● မာဂရီတာ အဲန်ဂဲလ်

မျိုးတေဇာမောင် ● မာဂရီတာ အဲန်ဂဲလ်
(Margarita Engle - 1951 , USA /Cuban)
(မိုးမခ) မေ ၁၆၊ ၂၀၁၇

ကဗျာဆရာမ မာဂရီတာ အဲန်ဂဲလ်ကို ကယ်လဖိုးနီးယားပြည်နယ်၊ ပါဆာဒီးနားမှာ ၁၉၅၁ မှာဖွားမြင်တယ်။ ကဗျာအပြင် ဝတ္ထု တိုလည်း ရေးတယ်။ ဂျာနယ်လစ်လည်းဖြစ်တယ်။

အမေက ကျူးဘားလူမျိုး၊အဖေက အမေရိကန်။ ကယ်လဖိုးနီးယား ပြည်နယ်ပိုလီတက္ကနစ်တက္ကသိုလ်ကနေ ပထမဘွဲ့ BSကိုရယူခဲ့ပြီး အိုင်အိုးဝါးပြည်နယ်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ MS ကို ဆွတ်ခူးခဲ့တယ်။ ဇီဝဗေဒပီအိပ်ခ်ျဒီအတွက် ကယ်လဖိုးနီးယားတက္ကသိုလ် (Riverside) မှာ လေ့လာဆည်းပူးခဲ့တယ်။ ကလေးစာပေဆိုင်ရာစာအုပ်များစွာရေးသားခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ အရေးအသားတွေကို The Atlanta Review, Bilingual Review, California Quarterly, Caribbean Writer တို့မှာ ဖတ်နိုင်ပါတယ်။ သူမရရှိခဲ့တဲ့ဆုတွေကတော့  San Diego Book Award, Willow Review Poetry Award, Jane Addams Award, and Claudia Lewis Poetry Award တို့ဖြစ်ပါတယ်။

ဒီနှစ်မှာThe Poetry Foundation က အဲန်ဂဲလ်ကို လူငယ်ဆိုင်ရာPoet Laureatအဖြစ်ဂုဏ်ပြုပါတယ်။ နှစ်နှစ်တစ်ကြိမ်ပေးတဲ့ဆုဖြစ်ပြီး အမေရိကန်ဒေါ်လာ၂၅၀၀၀ ချီးမြှင့်ပါတယ်။လူငယ်တွေအတွက်အဓိကရည်ရွယ်တဲ့၊လူငယ်စာဖတ်ပရိသတ်အတွက်အကျိုးသက်ရောက်မှုကြီးတဲ့ သက်ရှိထင်ရှားကဗျာရေးသူတွေကို ချီးမြှင့်တဲ့ဆုပါ။ချီးမြှင့်ခံရသူဟာ The Poetry Foundationကိုလူငယ်စာပေနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေပေးရပါတယ်။

အခုဘာသာပြန်တင်ဆက်မယ့်ကဗျာကတော့ အဲန်ဂဲလ်ရဲ့ More Dangerous Air ဆိုတဲ့ကဗျာပါ။ အမေရိကအခြေချ ကျူး ဘန်းကလေးငယ်တစ်ယောက်ရဲ့ အတွေ့အကြုံကိုပုံဖေါ်ထားပါတယ်။ ပထမစာပိုဒ်တွေမှာ we/us စတဲ့ First Person နာမ် စား အများကိန်းနဲ့ရေးပြီးနောက်တုံးအပိုဒ်မှာ I /me /my စတဲ့ နာမ်စားတွေနဲ့ တစ်​သီးပုဂ္ဂလ ခံစားမှုဆီပြောင်း သွားပါတယ်။

အမေရိကမှာမွေးတဲ့ ကျူးဘန်းအမေရိကန်ကပြားပေမယ့် ကျူးဘန်းစိတ်ကပိုကဲလေသလားမသိဘူး လက်တင်အမေရိက တိုင်းရင်းရိုးရာ ဂီတတူရိယာဖြစ်တဲ့ လားတို့၊ မြည်းတို့ရဲ့မေးရိုးခွံကိုလှုပ်ပြီး ဂီတဖန်တီးတာလေးကိုလည်း ကဗျာထဲတည့်ရေး သွားပါသေးတယ်။ ဖတ်ကြည့်ကြပါအုန်း။

|အန္တရာယ် ပိုရှိတဲ့လေ|

သတင်းသမားတွေက အဲ့ဒါကို ကျူးဘားဒုန်းပျံအရေးအခင်းလို့ခေါ်ကြပြီး
ကျောင်းဆရာတွေက ကမ္ဘာကြီးရဲ့အဆုံးသတ်လို့ပြောကြတယ်။

ကျောင်းမှာသူတို့ ကျမတို့ကိုညွှန်ကြားတာက
ကျိန်စာသင့်နေတဲ့ကျူးဘားကောင်းကင်ကို
မော့ကြည့်ပြီးစောင့်ကြည့်ဖို့
လျှပ်ပန်းလျှပ်နွယ်အလင်းရောင်ကိုရှာဖွေဖို့
စူးစူးရှရှ ထိုးဖောက်လာတဲ့အသံတွေကိုနားထောင်ဖို့
အဲ့ဒီ့ ခရာမှုတ်သံဟာ ကျမတို့ကိုသတိပေးတယ်
အဆိပ်ရှိတဲ့အက်တမ်ဗုံးတွေလို
မြင်ကွင်းကိုအနီးကပ်ဆွဲ။

စာသင်ခုံစောင်းအောက်မှာပုန်းကြ
အဲ့ဒီ့ပရိဘောဂပစ္စည်းဟာ
အန္တရာယ်မီးလျှံတွေကနေ
ကျမတို့ကိုကာကွယ်ပေးနိုင်လောက်အောင်လုံခြုံတယ်ဆိုတဲ့ဟန်ဆောင်စိတ်နဲ့။
ရေဒီယိုသတ္တိကြွခြင်း။ဇီဝပိုးမွှား။အဆိပ်ငွေ့။

လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုတိုင်းဟာ
ကြောက်လန့်စရာချည်းပဲ
ဒါပေမယ့် မြို့သားကလေးတွေ တခစ်ခစ်ရယ်ကြတယ်
အဲ့ဒီ့သေခြင်းတရားဟာအစစ်လို့ သူတို့မယုံကြဘူး။

သူတို့ကျည်ဆံတစ်တောင့်ကိုတောင်မတို့ထိဖူးဘူး
ဠင်းတတစ်ကောင်ကိုမမြင်ဖူးဘူး
လားတစ်ကောင်ရဲ့
မေးရိုး ခွံကိုလှုပ်ပြီး
ဂီတမဖန်တီးဖူးဘူး။

နဲ့နေတဲ့ စာသင်ခုံစောင်းအောက်မှာ
ကျမဝင်ပုန်းနေတဲ့အခါ
အရှိတရားရဲ့မှိုင်းညို့မှုကနေ ကျမကိုမကာကွယ်နိုင်တဲ့
ပျဉ်ပြားတစ်ချပ်လို
ကျမရဲ့နှလုံးသား မာကျောကျွတ်ဆတ်လာပေါ့။

Margarita Engle ရဲ့ More Dangerous Air