ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်

ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇

အဆောက်အဦးကိုသာ ဖြိုလို့ ရချင်ရမယ်။
အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်တော့မှ ဖြိုလို့ မရဘူး။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၇၊၇၊၁၉၆၃ နေ့ ကျင်းပတဲ့ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်း နှစ်ပတ်လည် အခမ်းအနား သ၀ဏ်လွှာမှ

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီး ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးအခင်းဟာ အခု ဂျူလိုင်လ ၇ ရက်နေ့မှာ ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီကာလအထိ နိဂုံးမချုပ်ရသေးပါဘူး။ အဲဒီအချိန်ကတည်းက ဗကသ၊ တကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး ၃ ခု စုစည်းပြီး တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းမှုကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်းပြသခဲ့တဲ့ အစောဆုံး တိုက်ပွဲ လည်း ဖြစ် ပါတယ်။ ကျောင်းသားတွေက ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားထုတောင်းဆိုထားတဲ့ အခွင့်အရေးတွေ အခုအချိန်ထိ မရရှိ ကြသေးပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်အထိ ဗကသ၊ တကသ ကျောင်းသားတွေဟာ စစ်အဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင် နေရဆဲ ဖြစ်ပါတယ်။

● သမိုင်းထဲက ဆဲဗင်းဂျူလိုင်

 
သမိုင်းဖြစ်စဉ်ကို ပြန်ငဲ့ကြည့်ရင် အကျဉ်းအားဖြင့် အခုလို တွေ့ရ မှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်အစိုးရ ဟာ ၁၉၆၂ မေလက စပြီး အဆောင်နေကျောင်းသားများကိုချုပ်ကိုင်တဲ့ ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့တယ်။ တက္ကသိုလ်ကောင်စီနဲ့ ဗဟိုကျောင်းသား ဆောင်ကော်မတီမှာ ပါဝင်နေတဲ့ သမဂ္ဂကိုယ်စားလှယ်တွေကို ထုတ်ပစ်လိုက်တယ်။ တက္ကသိုလ်ရုံးက သမဂ္ဂဝင်ကြေးကောက်ခံပေးနေတာ ကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။ စစ်အစိုးရဟာ မေလ ၁ဝ ရက်နေ့မှာ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်း လိုက်ပြီး မေလ ၁၇ ရက်နေ့မှာ ဗိုလ်မှူးချုပ် သန်းဖေ ဦးဆောင် တဲ့ ၅ ဦး ကောင်စီကို ဖွဲ့စည်းခဲ့တယ်။

ဂျူလိုင်လ ၃ ရက်နေ့ သမဂ္ဂအဆောက်အအုံမှာ ကျောင်းသားထုအစည်းအဝေး ခေါ်ပါတယ်။ ဒီအစည်းအဝေးက ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းရေးနဲ့ မတရားတဲ့ အဆောင်စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဂျူလိုင် ၆ ရက်နေ့မှာ စစ်အစိုးရက တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့ ကျောင်းဆောင်ကော်မတီတွေကို သူတို့စိတ်ကြိုက်ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ စစ်အုပ်စုရဲ့အဲဒီလို လုပ် ရပ်တွေကို ကျောင်းသားသမဂ္ဂတွေက လက်မခံပါဘူး။ ၁၉၆၂ခုနှစ် ဂျူလိုင် ၇ ရက်နေ့လည်ပိုင်းမှာ လုပ်ခဲ့ တဲ့တကသ အစည်းအဝေး က တော် လှန်ရေးအစိုးရဟာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ မလုပ်ဘဲ တင်းကျပ်တဲ့စည်းကမ်းတွေ တဖက်သတ်ထုတ်ပြန်လာတာကို ဆန့်ကျင်ကြောင်းဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက် ကျောင်းသားတွေဟာ ကြွေးကြော်သံတွေနဲ့အတူ နီရဲတဲ့ ခွပ်ဒေါင်းအလံတွေ လွှင့်ထူပြီး ရန်ကုန် တက္က သိုလ်ဝင်းထဲမှာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြပွဲအပြီး မွန်းလွဲ ၂ နာရီ လောက်မှာ စစ်ထောက်လှမ်းရေးနဲ့ ရဲ ၂ဝဝ ကျော်က ကျောင်းသားခေါင်းဆောင်တွေကိုဝင်ဖမ်းပါတော့တယ်။ ကျောင်းသားထုဘက်က မခံ မရပ်နိုင်ဖြစ်ပြီး တကသမှာ ပြန်လည်စုစည်းလိုက်ကြပါတယ်။

ညနေ ၄ နာရီလောက်မှာ စစ်တပ်နဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး အဆ မတန်အင်အားနဲ့ လူစုခွဲပါတယ်။ ကျောင်းသားတွေက နောက်ဆုတ်သွားခြင်း မရှိပါဘူး။ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ ရဲတွေကို ရုပ်သိမ်းလိုက်ပြီး စစ်ကားကြီး ၂ စီးစာ စစ်သားတွေက ပြောင်းလဲ နေရာယူလိုက်ကြပါတယ်။ နောက်တော့ စစ်တပ်က ဂျီသရီး၊ ဂျီဖိုး မောင်းပြန် သေနတ်တွေနဲ့ ကျောင်းသားထု စုဝေးနေတဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းတလျှောက် စစ်ပွဲတခုလို တရကြမ်း ပစ်ခတ်နှိမ်နင်းပါတော့တယ်။ စစ်တပ်ရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် မန္တလေးဆောင် တခုတည်းက ၁၇ ယောက် သေတယ်။ ကျောင်းသားတွေရာချီပြီး ကျဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေ တွေက ဆိုပါတယ်။

ဒဏ်ရာရနေတဲ့ကျောင်းသားတဦးဖြစ်တဲ့ မြောင်းမြမြို့သား ကိုကျော်ဝင်းဟာ မန္တလေးဆောင်နံရံမှာ သူ့ကိုယ် က ထွက်တဲ့ သွေးနဲ့ “ ၇ ရက် ဂျူလိုင် မမေ့ကြနဲ့’’ လို့ ရေးခဲ့ပါတယ်။ နောက်နေ့ ဂျူလိုင် ၈ ရက် အရုဏ်ဦး နံနက်လင်းအားကြီး ၄ နာရီလောက်မှာတော့ စစ်တပ်ဟာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေး ပါတဲ့သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။ အဲဒီနေ့ နံနက် ၈ နာရီ ရေဒီယိုက သတင်းကြေညာတဲ့အခါ ဗိုလ်ချုပ်ကြီးနေဝင်းက ‘‘ဓား ဓား ချင်း၊ လှံ လှံချင်း ရင်ဆိုင်ဖို့ပဲ’’ ဆိုတဲ့ မိန့်ခွန်းနဲ့ တိုင်းပြည်ကို စိန်ခေါ်ခဲ့တယ်။

● အရေးတော်ပုံကြီးရဲ့ ထူးခြားမှု

 
ဗမာပြည် ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အမှန်တရား အတွက်၊ ပြည်သူလူထုအတွက်၊ ကျောင်းသားထု ရဲ့ တရားမျှတတဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် ဖောက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည် တွန်းလှန်ဆန့်ကျင်အန်တု တိုက်ပွဲဆင်ခဲ့ကြတဲ့ဂုဏ်ပြောင်တဲ့ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားတိုက်ပွဲ တွေ၊ အရေးတော်ပုံနဲ့ အရေးအခင်းတွေ ပေါ်ပေါက်ခဲ့ကြပါတယ်။ အားလုံးဟာ သူ့ခေတ် သူ့ကာလ အလျောက် မော်ကွန်းတင် ကမ္ပည်းထိုးထားရမယ့် အရေးပါတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ 

ဗိုလ်နေ၀င်းစစ်အာဏာရှင် အုပ်စိုးတဲ့ ကာလ တလျှောက်မှာ ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှု၊ ၇၄ ဇွန် ၆ အလုပ်သမား သပိတ်၊ ဦးသန့်ဈာပန အရေးအခင်း၊ ၇၅ ဇွန် ၆ နှစ်ပတ်လည် ကျောင်းသားသပိတ်၊ ၁၉၇၆ မှိုင်းရာပြည့် စသည်ဖြင့် ကျောင်းသား၊ အလုပ်သမား လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက် ခဲ့ပါတယ်။ အဲဒီထဲက ဆဲဗင်းဂျူလိုင် အရေးတော်ပုံကြီးဟာ နိုင်ငံရေးအရ ထူးခြားမှုတွေကို အခုလို တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းတက်လာပြီး လေးလကျော်ကျော် အကြာမှာပဲ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦးစတင် တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံဖြစ်တယ်။ စစ်အစိုးရရဲ့တရားမျှတမှုလုံးဝမရှိတဲ့ အမိန့်အာဏာတွေကို ရဲရဲရင့်ရင့်ပြန်လည်တုံ့ပြန်ဆန့်ကျင် ကန့်ကွက်ကြရာက စစ်အာဏာရှင်တွေရဲ့ ကြိုတင်အစီအစဉ်ရှိရှိ ရက်စက်မှုတွေကြောင့် ဒီအရေးတော်ပုံကြီး ဖြစ်ပေါ် လာခဲ့ရတာဖြစ်တယ်။ စစ်အစိုးရရဲ့ အတု အယောင် မဆလ ဆိုရှယ်လစ်မျက်နှာဖုံးကို ပထမဆုံးဆွဲချွတ်ပြလိုက်နိုင်တဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဖောက်ပြန်တဲ့ မဆလ စစ်အာဏာ ရှင်တွေကို နောက်ဆုံးထွက်သက်အထိ ချောက်ချားနေအောင် အဆက်မပြတ် အရိုးတွန်သံ ပေးနေခဲ့တဲ့ အရေးတော်ပုံကြီးလည်းဖြစ်ပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦဟာ ၁၉၃၁ ခုနှစ်မှာ သူဌေးကြီး ဦးညို လှူဒါန်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အဓိကဦးဆောင်ခဲ့တဲ့ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုကြီးနု စတဲ့ ကျောင်းသားခေါင်းေ ဆာင်၊ နိုင်ငံ့ခေါင်း ဆောင် မြောက်များစွာကို မွေးထုတ်ပေးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ တော်လှန်တဲ့ကျောင်းသားထုရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေပြီး ‘ဆဲဗင်း ဂျူလိုင်’ ဆိုတဲ့ အသံက တိုက်ပွဲ ခေါ်သံတခုလို ပဲ့တင်ထပ်နေစေခဲ့တာဟာ ကျောင်းသားမျိုးဆက် အဆင့်ဆင့်ကနေ ဒီနေ့ထက်တိုင်အောင် ဖြစ်ပါတယ်။ ၁၉၇၇ ဇူလိုင် ၇ ရက် တုန်းကဆိုရင် တိုးတက်တဲ့ စီးပွားရေးတက္က သိုလ် ကျောင်းသားေ တွဟာ ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင် ဦးတည် လှုပ်ရှားခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက စီးပွားရေး တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကို အနက်ရောင်အဖုံးကြီးနဲ့သာ ထုတ်ဝေခဲ့ရတာကိုလည်း သက် ဆိုင်သူအားလုံးက မမေ့ကြသေးပါဘူး။

● တင်နေတဲ့ သမိုင်းကြွေး
‘ဆဲဗင်းဂျူလိုင်’ ရဲ့ အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့ အရိုးတွန်သံတွေက စစ်အာဏာရှင်တွေကို ဘယ်လောက်ထိ ရိုက်ခတ် ထိုးနှက်နေ သလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းဟာ ၁၉၈၈ ခုနှစ် ဂျူလိုင်လထဲမှာပဲ ရာဇပလ္လင်ပေါ်က ဆင်းပေးကြောင်း ထုတ်ဖော်ကြေညာလိုက်ရတဲ့ နောက်ဆုံး နုတ်ထွက်မိန့်ခွန်းထဲမှာ အထိ ‘‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စဟာ သူအမိန့် ပေးခဲ့တာ မဟုတ်ပါဘူး’’ လို့ ရှင်းလင်းတင်ပြရင်း ကိုယ် လွတ်ရုန်းနိုင်ဖို့ ကြိုးစားသွားခဲ့တာ တစ်ပြည်လုံး ကြားလိုက်ကြပါတယ်။ ‘ဓား ဓားချင်း၊ လှံလှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာတောင် ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကို တာဝန်ယူတဲ့ အနေနဲ့ ပြောရတာ’ အဖြစ် ပုံဖော်ရှင်းလင်း သွားခဲ့ပါတယ်။ သမဂ္ဂကြီးကို ဗုံးနဲ့ခွဲ ဖျက် ဆီးခဲ့တဲ့ အမှုကြီးမှာ သမိုင်းတရားခံတွေဖြစ်ကြတဲ့ စစ်အာဏာရှင်တွေ ဟာ နောက်ဆုံးအချိန်အထိ အရေးတော်ပုံကြီးရဲ့ အရိုးတွန်သံတွေကို အထပ်ထပ် ကြားနေရရင်း ချောက်ချားနေ တာကို တွေ့ကြရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီး ကာလတုန်းကလည်း မဆလရဲ့ နောက်ဆုံးသမ္မတကြီး ဒေါက်တာမောင်မောင်က တိုက်ပွဲဝင်ကျောင်းသားထု ကို လေပြည်ထိုးပြတဲ့အနေနဲ့ ‘‘ကျောင်းသားသမဂ္ဂအဆောက်အအုံ’’ကို ပြန်လည်ဆောက်လုပ်ဖို့ အတူလက်တွဲပြီး ပျော်ပျော်ပါးပါး ပန္နက်ချကြ ရအောင်’’ လို့ သွေးတိုးစမ်းကြည့်ခဲ့ဖူး ပါသေးတယ်။ ကျောင်းသားတွေအပေါ် ကျူးလွန်ခဲ့လို့ သွေးစွန်းနေတဲ့သူတွေနဲ့အတူ လက်ရှိလည်း ကျူးလွန်ခံနေရဆဲဖြစ်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့ ဘယ်လိုလုပ်ပြီး ပျော်ပျော် ပါးပါး အုတ်မြစ်ချနိုင်ကြမှာပါလဲ။

ဒီစကားက ကျောင်းသားသမဂ္ဂအဆောက်အအုံကိစ္စဟာ စစ်အာဏာရှင်တွေရဲ့ ရင်ထဲမှာ ဖျောက်ဖျက်ပစ်လိုက်လို့ မရတဲ့ အတိတ်တစ္ဆေ ချောက်လှန့်ခြင်း ခံနေရတာ ကို ဖေါ်ပြနေ တာ ဖြစ်ပါ တယ်။ သူတို့ဟာ တစ်နေ့နေ့မှာ မလွှဲမသွေ ပြန် လည် ပေးဆပ် ဖြေရှင်း ရမယ့် ‘တင်နေတဲ့ သမိုင်းကြွေး’ ကို လက်မခံ အသိအမှတ် မပြုချင်ပေ မယ့် အသိအမှတ်ပြုလိုက်ရတဲ့ အနေအထား ဖြစ်ပါတယ်။

● လမ်းဟောင်းကြီး
အခုလည်း သမဂ္ဂရဲ့ ဖွဲ့စည်းပုံကို အဆင့်မြင့်ပညာရေးကဏ္ဍမှာ အတည်ပြုထားတာ တွေ့ရပါတယ်။ မကြာခင် ကာလတခုမှာ တရားဝင် ဖြစ် လာနိုင်တဲ့ အနေအထားပါ။ ဒါတွေဟာ တက္ကသိုလ် ပဋိဥာဉ်တွေမှာ ပါဝင်လာမယ့်အချက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းသား သမဂ္ဂ ဆိုတာ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ရဲ့ စီမံမှုအောက်မှာ တည်ရှိနေတာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ ကျောင်းသားအစုအဖွဲ့အဖြစ် ရပ်တည် နေတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ ဖွဲ့စည်းပုံကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲရမှာ မဟုတ်သလို ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသ ဖွဲ့စည်းပုံကိုလည်း အစိုးရက ရေးဆွဲရမှာ မဟုတ်ပါဘူး။ ကျောင်းသားတွေကိုယ်တိုင် အထွေထွေ ညီလာခံကနေ ရေးဆွဲ အတည်ပြုရမှာဖြစ်ပါ တယ်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံကို ကျောင်းသားတွေကပဲ ရေးဆွဲခွင့် ရှိပါတယ်။ ဘယ်အာဏာ ပိုင်၊ ဘယ်အစိုးရတွေကမှ ချုပ်ကိုင် ရေးဆွဲခွင့် မရှိပါဘူး။

ဆိုလိုတာက သမဂ္ဂဆိုတာတွေဟာ အခြေခံအားဖြင့် ကျောင်းသား၊ အလုပ်သမား၊ လယ်သမား စတဲ့ သူကိုယ်စားပြုတဲ့လူတန်းစား၊ အလွှာ အသီးသီးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ကြတာပါ။ သမဂ္ဂတွေဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြတယ်။ နိုင်ငံရေးအရ လှုပ်ရှားမှုတွေ ရှိကြတယ်။ သက်သာချောင်ချိရေးသက်သက် ဆောင်ရွက်တာ မဟုတ်သလို ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား ခြံစည်းရိုးခွထိုင်ပြီး ဈေးညှိပေးတဲ့ ပွဲစား လည်း မဟုတ်ဘူး။ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ဒါဟာသမဂ္ဂမဖြစ်တော့ပါဘူး။ သက်သာချောင်ချိရေးအသင်း ဒါမှမဟုတ် ညှိနှိုင်းရေး ကော်မ တီသာ ဖြစ်ပါလိမ့်မယ်။

အခုအဆင့်မြင့်ပညာရေးကဏ္ဍမှာ တင်သွင်းထားတဲ့စာတမ်း(မူကြမ်း)အလိုအရ ကျောင်းသားသမဂ္ဂ အခြေခံ စည်းမျဉ်း ဥပဒေများသည် တက္ကသိုလ်ပဋိညာဉ်များ၏ စည်းမျဉ်းဥပဒေများနှင့် သဘောထားကွဲလွဲမှုရှိရင် `ဥပဒေအရ ပယ်ဖျက်မည်´ဆိုတာကိုလည်း တွေ့ရပါတယ်။ အရင်က စစ်အာဏာရှင်တွေကျင့်သုံးခဲ့သလို အာဏာပိုင်တွေရဲ့လက်ဝေခံသမဂ္ဂတွေဖွဲ့မယ်။ ကျောင်းသားထုထဲမှာ သွေးခွဲမယ်။ ဒီလိုပဲ အရင်လူတွေရဲ့ လမ်းဟောင်းကြီးကို လိုက်ကြဦးမှာလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေပါတယ်။

● သင်ပုန်းချေဖို့လား

 
လက်ရှိအနေအထားမှာ တကသ အဆောက်အဦးကို ပြန်လည်တည်ဆောက်ဖို့ အလောသုံးဆယ် ကြိုးစား နေတာကို တွေ့ရပါတယ်။ တကသအဆောက်အဦးပြန်လည်တည်ဆောက်ရေးကို မူအားဖြင့်ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာထူထောင်ခွင့်၊ စည်းရုံးခွင့် တွေကို ဦးစွာဆောင်ရွက်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ တကသအဆောက်အဦးကို ပြန်လည်တည်ဆောက် တဲ့အခါ တိုင်းရင်းသားပြည်သူလူထုကထည့်ဝင်တဲ့အလှူငွေတွေနဲ့သာ တည်ဆောက်စေချင်ပါတယ်။ တကသ အဆောက် အဦးရဲ့ ပိုင်ရှင်ဟာ တကသသာ ဖြစ်ရပါမယ်။

တကသ မူလနေရာကို မည်သည့်အဆောက်အဦးမှ ပြန်မဆောက်ဘဲ ကျဆုံးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ အမည်စာရင်းပြုစုပြီး “ရာကျော်ကျောက်တိုင်” မှာ ကဗ္ဗည်းရေးထိုးကာ စစ်အာဏာရှင်ဖိနှိပ်မှုရဲ့ သမိုင်းဝင် အထိမ်းအမှတ်အဖြစ်ထားရှိ ဖို့ လိုအပ်ပါတယ်။ တကသအဆောက်အဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး အထိမ်းအမှတ်အဖြစ် တည် ဆောက်ရမှာ ဖြစ်ပါတယ်။ တကသ အဆောက်အဦးကို မူလနေရာမှာမဟုတ်ဘဲ သင့်တော်တဲ့နေရာမှာ ပြန်လည်တည်ဆောက်ဖို့အတွက် ဒေသအသီးသီးက တိုင်းရင်းသားများကျောင်းသားသမဂ္ဂမျိုးဆက်များ ပါဝင်တဲ့ လွတ်လပ်တဲ့ကော်မတီတရပ်ကို စနစ်တကျဖွဲ့စည်းထားရှိသင့်တယ်လို့ မြင်မိပါတယ်။

ရုပ်ဝတ္ထုဖြစ်တဲ့ တကသ အဆောက်အဦးကို တည်ဆောက်တာ မခက်ပါဘူး။ အချိန်မရွေး တည်ဆောက်လို့ ရပါတယ်။ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကို ဘယ်လိုဆောင်ရွက်ပေးကြမှာပါလဲ။ ဒီဖြစ်စဉ်ကြီးမှာ ကျူးလွန်ခဲ့သူတွေ ကျူးလွန်ခံရသူတွေ သက်ရှိထင်ရှားရှိနေသေးတာ၊ မရှိတော့တာတွေဟာ အဓိက မကျ ဘူးလို့ မြင်ပါတယ်။

အဓိကဆောင်ရွက်ရမှာက နောင်ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ရလေအောင် ကျူးလွန်ခဲ့တဲ့သက်ဆိုင်ရာအဖွဲ့ အစည်းတွေ တာဝန်ရှိသူတွေက ကျူးလွန်ခံရသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ အမှားတွေကို တရားဝင် ဝန်ခံဖို့၊ စာနာမှုရှိကြောင်းပြသဖို့ အရေးကြီးပါတယ်။ တကသအဆောက်အဦး သက်သက် ပြန်လည်တည်ဆောက်ပေးရုံနဲ့ ရင်ကြားစေ့ရေးမှာ သင်ပုန်းချေနိုင်ခဲ့ပြီလို့ မဆိုနိုင်ပါဘူး။

မလွှဲမသွေ ဖြေရှင်းရမယ့် ‘တင်နေတဲ့သမိုင်းကြွေး’ ကို ပြေလည်အောင် ဖြေရှင်းနိုင်မှသာ ဒီနေ့ ဆောင်ရွက် နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဆိုတာရဲ့တရားမျှတမှုကို စတင်ဖော်ဆောင်နိုင်မှာဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း
၃၊ ၇၊ ၂၀၁၇
0