မောင်လူရေး ● စဥ့်အိုး


မောင်လူရေး ● စဥ့်အိုး
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇


စဥ့်အိုးက တခြားအိုးတွေနဲ့ မတူဘူး။ အလွန်မာတယ်။ အိုးလုပ်ဖို့က မြေနီ မြေဝါနှစ်မျိုးလိုတယ်။ အနီ ၂ ဆ၊ အဝါ ၃ ဆရောပြီး ဇလားထဲထည့်ကြိတ်၊ အမှုန့်ထွက်လာမယ်။

ဒီမြေတွေက ဒီကဘဲ ရတာ။ နှစ်မိုင်လောက်အဝေးမှာ အနီ၊ အဝါက မိုင်ဝက်လောက်သွားရတယ်။ ဧကအစိတ် သုံးဆယ် လောက်ရှိမှာပေါ့။ မြေက သုံးမကုန်ပါဘူး။ ကျောက်အနုစားဆန်ဆန်မြေမျိုးဘဲ။

အမှုန့်လဲ စက်နဲ့ကြိတ်၊ စက်နဲ့ဘဲ ရေဖျော်ပြီး ပြန်ညှစ်၊ ပြီးတော့ မြေလုံးပုံကြီးတွေ လုပ်ပြီး အလုပ်တဲတွေထဲပို့လိုက်တယ်။

ပန်းအိုးအမျိုးမျိုးနဲ့ အိုးကြီးလုပ်သူတွေက တယောက် ငါးထောင် ခြောက်ထောင်ရတယ်။ တချို့လဲ ခုနှစ်ထောင်ထိ ရတာရှိ တယ်။ တပည့်နဲ့ဆရာ တွဲလုပ်ရတယ်။ တပည့်ဆိုတာလဲ မိသားစုထဲကပါဘဲ။ မနက် ၆ နာရီကနေ ညနေ ၅ နာရီလောက်ထိ လုပ်ရတယ်။ အမြဲရွံ့နဲ့ ရေကိုင်ပြီး ထိုင်လုပ်ရတာဆိုတော့ ခါးတွေကိုက်တယ်။

အိုးကြီးက နှစ်ဆင့်လုပ်ရတယ်။ အောက်ခံကို မနက်ပိုင်းလုပ်၊ နေပြ၊ ဖန့်သွားရင် အပေါ်ကဆင့်။ မိုးအုံ့ရင်တော့ အောက်ခံထဲ မီးဖိုလေးထည့်ပြီး မီးပြရတယ်။ နှစ်ယောက်ကို လေးလုံးလောက် ပီးတယ်။ အိုးကြီးလုပ်တတ်ဖို့ လေးငါးနှစ်တော့ သင်ရတယ်။ နွယ်ငြိမ်း ရွှေဂွန်ရွှေတိုက် မလား ဒီလေးရွာက လုပ်တာ။ ကျောက်မြောင်းက မလုပ်ဘူး။ နာမည်ကသာ ကျောက်မြောင်း စဥ့်လုပ်ငန်းလို့ သိနေကြတာ။

အိုးကြီးတွေကို တပတ် ဆယ်ရက် ဒီတဲထဲမှာဘဲ အခြောက်ခံ၊ ပီးရင် ဖိုဘက်ယူသွား။

ဒီမြေဖြူက ရမည်းသင်းနားက လာတယ်။ စဥ့်ရေသုတ်ရင် ဒီမြေအဖြူရေ ခံရတယ်။ မခံရင် စဥ့်က အနက်ရောင်ဘဲ ထွက် တယ်။ အဝါရောင်လိုချင်ရင် ဒီမြေဖြူကိုခံ၊ စဥ့်ရေမှာ အဝါစပ်။ အစိမ်းလိုချင်လဲ အဲလို။  ဒီမြေဖြူက အဂ္ဂိရပ်ထိုးတဲ့သူတွေသုံးတဲ့ လုံလုပ်တဲ့မြေ။ ဒီဘက်မှာ ဒီမြေမျိုး ရှိတော့ရှိတယ်။ ဒါပေမဲ့ အဲဒီရမည်းသင်း ပျဉ်းမနားဘက်က လာတဲ့မြေလောက် မကောင်း ဘူး။ စဥ့်အတွက်က ဘော်ဆိုင်းကလာတဲ့ ခဲချော်ချီးတွေကနေ လုပ်ရတာ။ ဒီရောက်ရင် အမှုန့်ကြိတ်၊ ရေဖျော် ရုံပါဘဲ။ စဥ့်ရေ သုတ်တာက အရောင်ရရုံတင်မက ပိုလဲ ခိုင်တယ်။

ဆင့်ပြားတွေလဲလုပ်တယ်။ အလှဆင်ရာမှာ ကြွေပြားအစား သုံးကြတယ်။ မိုနဲ့ ရိုက်ရတယ်။ သီချင်းလေးတွေဖွင့်ပြီး လုပ် နေကြတဲ့ကောင်မလေးတွေကို မေးတော့ နေ့စားလုပ်တာတဲ့။ တရက်သုံးထောင်ရတယ်။ ပြီးတာက တရက် အချပ် ၂ဝ။

 အောက်ခံကရွတ်တွေလဲ လုပ် လုပ်ထားရတယ်။ ဖိုသွင်းရင် ခံရတာလေ။ တခါလုပ်ထားရင်  လေးငါးဖိုခံတယ်။

ဒီအိုးကြီးတွေကို ဝိုင်စိမ်ရာ၊ အချဉ်သိပ်ရာ၊ ငါးပိထည့် ဆားထည့်ရာ၊ ဆားရေစိမ်ရာ၊ ရေထည့်ရာမှာ သုံးကြတယ်။ တခြား ပစ္စည်းတွေကျ စိမ်လို့မရဘူး။ ခနပျက်မှာ။ စဥ့်အိုးကတော့ နေရော။ ဘာမှမဖြစ်ဘူး။ ခုတော့ အလှဆင်တာတွေလဲ လုပ်ကြ တယ်။ အရင်က နိုင်ငံခြားပို့ရတယ်။ ခုရပ်သွားတာ ၁၀ နှစ်လောက်တော့ရှိပြီ။

ထင်းက ဧရာဝတီမြစ်ကြီးရှိရင် ရနေမှာဘဲ။ ဗန်းမော် ကသာလောက်ထိတော့ တက်ဆယ်ရတယ်။ လှည်းတစီးဆိုရင် လေး ထောင့်ငါးရာလောက် ပေးရတယ်။ ထင်းရှားတဲ့နှစ် မရှိပါဘူး။ သစ်ထုတ်တာ ထိမ်းချုပ်လဲ ဒီရေမျောထင်းနဲ့ မဆိုင်တော့ ရှား မှာမဟုတ်ဘူး။ အပွတော့ ရှားနိုင်တယ်။ ဂက်စ်နဲ့က ရန်ကုန်မှာတော့ ဖုတ်တယ်။ ဖွဲနဲ့ ဖုတ်လို့ မရဘူး။ ဖွဲမီးက မတိုးဘူး။ ပျော့ တယ်။

နှစ်လုံးသုံးလုံးမထိုးနိုင်ပါဘူး။ တရက်လုပ် တရက်စားပါဘဲ။ အသေးလုပ်တဲ့သူတွေက လေးထောင်လောက်ရတယ်။ အလွန် ဆုံးရ ငါးထောင်ပေါ့။ အလုံးရေနဲ့ ပေးတာဘဲ။ စားရုံရတာပါဘဲ။ ဒီမှာတော့ ၁၄နှစ် ၁၅နှစ်ဆို ကျောင်းထွက် အလုပ်ဝင် ကြတာပါဘဲ။

ဒီမြေနဲ့ဘဲ ဖိုအုပ် လုပ်ရတယ်။ တိုက်ဆောက်တဲ့အုတ်နဲ့ မတူဘူး။ ဒီလုပ်ငန်းကတော့ ပထမကူရင်း တပည့်အဖြစ်နဲ့ သင်ရ တယ်။ လှည့်ရင်း ကြည့်၊ ပြီးတော့ ဝင်လုပ်ရင်း တတ်လာတာပါဘဲ။

ဖိုထဲကတော့ ကနေ့ထည့် မနက်ဖန်ကျက်တာဘဲ။ မီးက ၂၄ နာရီ အလှည့်နဲ့ထိုးရတယ်။ တဖိုကို ထင်းက လှည်းအစီးရေ ၃၀ လောက်၊ ထော်လာဂျီနဲ့ဆို ၇ စီး ၈ စီးလောက်ရှိမယ်။ ဝါးလဲ ထော်လာဂျီ ၂ စီးလောက် ရောထိုးရတယ်။ ဝါးကတော့ ရှား သွားနိုင်တယ်။ ခုကို တွင်းငယ်ထိသွားရတယ်။ တဖြည်းဖြည်း ဝေးဝေးသွားတယ်။ သမတကြီးဦးသိန်းစိန်ကတော့ သုံးခေါက် လောက်ရောက်တယ်၊ ဂက်စ်ရအာင်ပြောခဲ့တယ်၊ လုပ်ပေးမယ်တော့ ပြောတာဘဲ၊ ခု သူက မရှိတော့ဘူး။

 ဒီဝါးပုံကြီးက နှစ်လ သုံးလစာဘဲရှိတာ။ ဒီက လူတွေက ဝါးရှာ ထင်းရှာ မြေတူး အိုးလုပ် အဲဒီအလုပ်တွေ ရတာပေါ့လေ။ ခု ဖောင်နဲ့တော့ မပို့တော့ဘူး။ တံတားတွေနဲ့လဲ မလွတ်တော့လေ။ ဖောင်သမားတော့ အလုပ် လျော့သွားတာပေါ့။ ကားနဲ့ဘဲ ပို့တာ များသွားပြီ။

ဖိုထဲမှာ မီးတရက်ထိုးပြီးရင် သုံးညသိပ်ပြီး အအေးခံရတယ်။ သွင်းတာ တရက်နဲ့ဆိုတော့ အားလုံး ဖိုထဲမှာ တပတ်လောက် တော့ ကြာတယ်။

မြေမှုန့်ကြိတ်တာ နယ်တာက တရက်၊ အိုးလုပ်တာ တရက်၊ တပတ်လှမ်းထားပြီးမှ စဥ့်သုတ်၊ အဲဒါက တရက်ထားပါတော့။ သွင်းတာ ဖုတ်တာ အအေးခံတာတပတ်။

ဒီလုပ်ငန်းကြီးတခုလုံးရပ်သွားနိုင်တာ ဘာရှိလဲဆိုရင် ထင်းလဲမဟုတ်ဘူး။ မြေလဲမဟုတ်ဘူး။ ကုန်ကြမ်းဘက်က အကုန်ရှိ တယ်။ ပြတ်တောက်မသွားနိုင်ဘူး။ လူကြောင့်ဘဲ ရပ်သွားနိုင်တယ်။ ကျွမ်းကျင်လုပ်သား လျော့လာတယ်။ ရွှေတော သွား ကုန်တယ်။ ဖားကန့် တက်ကုန်တယ်။ တရုပ်နယ်စပ်တောထဲ သစ်ခုတ်သွားကြတယ်လေ။

ကျွမ်းကျင်တဲ့လူ မရှိရင်တော့ ရပ်သွားမှာပေါ့။

မောင်လူရေး
0