ဝါကျဖြူ ● စိတ်

 ဝါကျဖြူ ● စိတ်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၇

တသက်လုံးစိမ့်ထွက်နေတဲ့ပင်လယ်။

သိုးဖြူတအုပ်နဲ့ သိုးမဲတအုပ်ကရော
ထွေးသွားပြီး လှိုင်းအဖြစ် စီးတယ်။

ရာသီဟာ ဘယ်လောက်ဆိုးဆိုး
ကြာတော့ မောလာတာပဲ။

သစ်ပင်အောက်မှာ တချိန်လုံးငြိမ်နေတဲ့
ပိုက်ကွန်က လှမ်းအုပ်ချလိုက်တာပေါ့။

ကြက်သီးမွှေးညှင်းလေးတွေ စိန်ပွင့်အဖြစ်
အစီအရီ ပင်လယ်ပြင်မှာ
တလက်လက်။

တကယ်ဆို ဒါဟာ မျှော်လင့်မှုပဲ။
မြေသားထဲခွဲဝင်နေတဲ့ လူ့ဘဝက
ဒီလောက်နဲ့ ပြီးသွားတာလား။

အခုမြင်နေရတာက
မြူနဲ့ နှင်းတွေပိတ်မိနေတဲ့ သင်္ဘောတစင်း
အင်ဂျင်သံဟာ ကျယ်တလှည့် တိုးတလှည့်
မြင်ကွင်းကိုလှည့်ပြီး နှဲ့ပြီးချဲ့ကြည့်နေတယ်။

ဟုတ်ပြီ
အခုတော့ ကျနော်သိလိုက်ပြီ။

ခြောက်ခုမြောက်ဖြစ်စဉ်တွေထဲက
ငါးခုကို သော့ပိတ်ပစ်လိုက်တယ်။

သိုးတွေဟာ တဖြည်းဖြည်း အမည်းကနေ
အဖြူတွေအဖြစ် ပြောင်းလဲစပြုလာကြပြီ။

ကြာတော့လှိုင်းတွေ အစွယ်ကျိုးလာကြပြီ။

ပီတိဟာ
ကောင်းကင်ထက်တလက်လက်နဲ့ ကြယ်လေးတွေ။ ။

ဝါကျဖြူ
0