မောင်စွမ်းရည် - ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

Photo Sayama San San Tin's Facebook

မောင်စွမ်းရည် - ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇

ဘာစာတွေ ဘယ်လိုရေးနေကြသလဲ

မြန်မာစာရေးဆရာသုံးဦး အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး မြန်မာရွှေ့ပြောင်းခိုလုံသူများ နေထိုင်ရာ အမေရိကန်ပြည်နယ်အနှံအပြား လှည့်လည်ဟောပြောကြပါတယ်။ နယူးရောက်မြို့မှာတော့ ခရာစ် ယာန်ဝတ်ကျောင်းတစ်ခုရဲ့ ၀တ်ပြုခန်းမကြီးတစ်ခုလုံးအပြည့် လာရောက်အားပေးနားထောင်တာတွေ့ရပါ တယ်။

တကယ်တော့ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများဟာ ပညာတတ်၊ စာတတ် သူတွေများပေမယ့် စာဖတ်ဝါသနာပါသူ အတော်နည်းပါတယ်။ စာဖတ်နိုင်လောက်အောင် မအားလပ် ကြလို့လားမသိ။ ကျွန်တော်နဲ့စာအုပ်လဲလှယ်ဖတ်သူ သုံးလေးယောက်ပဲရှိပါတယ်။ ဒါပေမယ့် စာပေဟောပြော ပွဲတို့၊ ဘုန်းကြီးတရားပွဲတို့မှာတော့ အားပေးကြသူများပါတယ်။ တရားနာလေ့ရှိတဲ့ လူမျိုးစရိုက်၊ ပုံတိုပတ်စ နား ထောင်လေ့ရှိတဲ့ လူမျိုးစရိုက်ပုံတို့ကြောင့်လားမသိ ဟေပြောပွဲတွေမှာ လူစည်တာများပါတယ်။ စာရေးဆရာတွေ လာကြရင် သီးခြားမိတ်ဆက် လက်ဆောင်ပေး လက်တွဲဓာတ်ပုံရိုက်ကြသူများလည်း မရှားပါ။ သူတို့တွေကို ဖတ် ဖူးကြသလားမေးကြည့်။ မဖတ်ဘူးကြ။ ကျွန်တော့် စာရော။ ကျွန်တော့်စာအုပ်တစ်အုပ်ရဲ့ အမည်တောင်မပြော နိုင်ကြ။ ကျောင်းသုံးစာအုပ်တွေထဲမှာ ကျောင်းသားဘ၀ကဖတ်ဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်၊ နှစ်ပုဒ်တော့ ပြောနိုင်ကြ တာ ကြားဖူးရဲ့။ ဒါတောင် တင်မိုးနဲ့ မောင်စွမ်းရည်လွဲသေး။ ထားပါတော့ စာရေးဆရာများကကျွန်တော့အား စာအုပ်လက်ဆောင်ပေးခဲ့ကြရုံမျှမက '၀တ္ထု' နဲ့တောင် ကန်တော့ကြသေး။ ကဗျာဆရာကြီးမှာတော့ '၀တ္ထု'မရှိလို့ 'ကဗျာ' ပဲ ပေးလိုက်နိုင်ပါရဲ့။

သူတို့စာအုပ်တွေကို ကျွန်တော်အဆက်ပြတ်နေတာကြာပြီ။ သူတို့ ကံကောင်းတယ်ဆိုရမလား။ ကျွန်တော်ပဲ ကံကောင်းတယ်ဆိုရမလား မသိ။ ဘာပဲဖြစ်ဖြစ် ခု သူတို့ပေးတဲ့စာအုပ်တွေကို ဖတ်လိုက်မိတော့ ကျွန်တော် အံ့သြရတယ်။ ၀မ်းသာရတယ်။ သူတို့စာတွေက တယ်ကောင်းသကိုး။ လောကွတ် မဟုတ်ဘူးခင်ဗျ။ တကယ့်ကိုကောင်းတာ။ ဘယ်လောက် ကောင်းသလဲဆိုတော့ ဒီစာမျိုးတွေကို ကျွန်တော်(လုံးဝ)ရေးနိုင် စွမ်းရှိမယ်မထင်ပါဘူး။ မယုံရင် ကျွန်တော်ရေးခဲ့တာတွေနဲ့ သူတို့ ခုရေးထားတဲ့စာအုပ်တွေနဲ့ နှိုင်းယှဉ်ကြည့်။ ကျွန်တော်ရဲ့ ယေဘု ယျထင်မြင်ချက်က ခုခေတ်ကြီးဟာ ဆုတ်ခေတ်ကြီး၊ ကလိယုဂ် ကာလကြီး။ ငါတို့ နောက်မျိုးဆက်သစ်လူငယ်တွေဟာ ငါတို့ လောက်မတော်ကြဘူးပေါ့။ ဟော ခုတော့ ဗုဒ္ဓေါ''။ အဟုတ်ပြော တာ ဒင်းတို့က ကျုပ်တို့ထက်တောင်သမျှ။

ချစ်ဦးညိုက ဝတ္ထုတိုရှည်ကြီးငယ်တွေရေးခဲ့သဗျ။ ကျွန်တော် က ဝတ္ထုရေးသမားမဟုတ်လေတော့ နှိုင်းယှဉ်ဖွယ်မဟုတ်။ ဂျူးရော သူတို့တတွေ မိန်းကလေးတွေ၊ ကျောင်းသူလေးတွေချည်း တစ်စု တဝေးတည်း ပေါ်ထွက်လာကြတော့ မုဒိတာပွားပြီး ချီးကျူးကြိုဆို ခဲ့ဖူးပါတယ်။ သူတို့အညာသူတွေကျတော့ ချီးကျူးတယ်လို့ အောက်ကလိအာ ပြောတာတောင် ခံခဲ့ရပါသေးတယ်။ နုနုရည်(အင်းဝ)ရဲ့ ဝတ္ထုတိုတွေဆိုရင် ''ထဘီလေးတထည်'' အစကြိုက်ခဲ့တယ်။ ဝတ္ထု လတ်၊ ဝတ္ထုရှည်တွေ ရေးလာတော့လည်း ကြိုက်တာပဲ။ ချီးကျူးခဲ့ တာပဲ။ တစ်ယောက်က ပါးစပ်ကမြင်း၊ တစ်ယောက်ကလက်ကမြင်း နဲ့ ''မောင်စွမ်းရည်နဲ့ ဘီရိုကြီး'' ဇာတ်လမ်းတောင် ဟိုးလေးတကြော်။ တကယ်တော့ ကျွန်တော့်အိမ်မှာ ကြောင်အိမ်တောင် လုံလုံခြုံခြုံ မရှိ။ စာအုပ်စင်တောင်မှ ကိုယ်တိုင်လက်ဖြစ်၊ နံရံကပ်စာအုပ်စင်။ တကယ်တော့ ဂျူးတို့၊ နုနုရည်(အင်းဝ)တို့လောက်လက်ရာမြောက် တဲ့ အမျိုးသားဝတ္ထုရေးဆရာလူငယ်များ လက်စွမ်းလက်စရှိတာ မတွေ့ရသေးပါဘူး။ တွေ့ရင်ပြောကြပါ။ ဝမ်းသာရအောင်။ ကဲ နိဒါန်းပျိုးတာရှည်သွားပြီး အသက်ကြီးသွားတော့ ဒီလိုပဲဖြစ်တတ် တယ်ထင်ပါရဲ့။ (သြော်...ငယ်ငယ်ကလည်း ဒီလိုပဲလား)

ချစ်ဦးညိုက စပြောရအောင်

သူ့ရဲ့စာအုပ်ဖတ်လိုက်မိတာက ''မြို့မငြိမ်းနှင့်ဂလိုဘယ်လိုက် ဇေးရှင်း၊ တေးသီချင်းခံစားမှုတဲ့။ ၂ဝဝ၅ က ပထမအကြိမ် ၂ဝဝ၇ မှာ ဒုတိယအကြိမ်၊ လင်္ကာဒီပစာပေ''က ထုတ်တာတဲ့။ ကိုယ်ပိုင် စာအုပ်တိုက်ကြီးနဲ့။ ဘာရေးသာပြုစုခဲ့တဲ့ စာအုပ်တွေ ၅ဝ ကျော်။ တချို့ကို ဒုတိယအကြိမ်မက ဒွါဒသမအကြိမ်ရိုက်ထုတ်ပြီးခဲ့ပြီ။ အံ့ဖွယ်သုတ။ ခု သူ့အသက် ၇ဝ (ခုနစ်ဆယ်)ဆိုတော့ အရွယ် ရောက်စကရေးခဲ့တာလို့ထွက်ရင် သက်စေ့ရေးခဲ့သလိုပါလား။

''မြို့မငြိမ်းနှင့်ဂလိုဘယ်လိုက်ဇေးရှင်း''ဆိုတာတေးသီချင်းခံစားမှု စာစုများတဲ့ ၁ဝ ပုဒ်။ ဒီလိုခေါင်းစီးနဲ့စာအုပ်များ ကျွန်တော်တို့ ခေတ်က မတွေ့ဖူးခဲ့။ ကျွန်တော်က ပြည်မနဲ့ဝေး၊ ပြည်ပပြေးစဉ် ဆယ်စုနှစ်တစ်ခေတ် အတွင်း ဒီလိုစာမျိုးထွက်ခဲ့ဖူးပြီးလား မသိ။ ထွက်ခဲ့ဖူးမယ်မထင်ပါ။ ဒါမျိုးရေးနိုင်ဖို့မလွယ်ပါ။ ဆရာဇော်ဂျီက ''ရသစာပေအဖွင့်''ဆိုတဲ့ စာတစ်အုပ်ရေးဖူးတယ်။ ကဗျာ ဆရာတင်မိုးက ချစ်ဦးညို တည်းဖြတ်ထုတ်ဝေတဲ့ သဘင်မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်ချင်းကို ရသဖွင့်ဆိုဝေဖန်ဖူးတယ်။ သီချင်းကိုတော့ ချစ်ဦးညိုလုပ်သလို ခံစားမှုဖွင့်ဆိုတာမျိုး လုပ်ခဲ့ဖူးတာမရှိသေးဘူး လို့ ယူဆပါတယ်။ ချစ်ဦးညိုက သီချင်းဆယ်ပုဒ်ကို ခံစားမှုဖွင့်ဆို ရေးသားထားပါတယ်။ တကယ်တော့ ၁၂ ပုဒ်။ မြတ်လေးရဲ့ ''မစ္စဝီစကီ'' ဗိုလ်တင့်အောင်ရဲ့ ''ဂျင်မလေးဂျမ်း''သီချင်းခံစားမှုဆောင်း ပါးနှစ်ပုဒ် ပြန်ရှာလို့ မတွေ့ပါတဲ့။ မပါဘူး။

ဒီသီချင်းတွေကို အထပ်ထပ်ဆိုညည်းပြီး ခုလို ရသဖွင့်ဆိုရေးသားဖို့ အားထုတ်မိတဲ့အခါမှာ တေးရေးသီသူနဲ့၊ တေးဆိုသူတို့ရဲ့ ''ဟဒယ''ကို လှးမြင်လိုက်ရတယ်လို့ ဆိုပါတယ်။ ''ဟဒယများဆီမှ နှလုံးသွေးထဲတွင် လွတ်လပ်မှုကို မြတ်နိုးခြင်း''ရိုးသားမှုကို တန်ဖိုး ထားခြင်း။ ''အလှ၌ဦးညွတ်ခြင်း''၊ ''တရား၌တည်ဆိုက်ခြင်း''တည်း ဟူသော အမြုတေစာများကို တွေ့လိုက်ရသည်''ဟူကို။ ဒါက သူ့ ''ပဏာမစကား''မှာ ဖော်ပြချက်ပါ။ ဒါတွေကို ကျွန်တော်မတွေခင် ဖြတ်သန်းလိုက်ရတာကတော့ ''အင်စတော်လေးရှင်း''၊ ''ပါဖော်မ်းမဲင့်စ်''၊ ''ရော့''၊ ''ဟစ်ဟော့''၊ ''အော်လ်တာနေးတစ်''၊ ''ဒီဂျေ''၊ ''သီဝရီ'' ''အိုင်တီ''၊ ''စီဗီလိုက်ဇေးရှင်း''၊ မာလ်တ်ဝတ်ရုံ''၊ ''လေဟာနယ် - ဗက်ကျူး''စတဲ့၊ စတဲ့ အင်္ဂလိပ်အသံထွက်စာလုံးများဖြစ်ပါတယ်။ ပဏာမ အမှာစာကလေးတစ်ပုဒ် ပထမစာမျက်နှာပဲ တွေ့လိုက်ရတဲ့ အင်္ဂလိပ်အသံထွက်တွေပါ။ တစ်ဒါဇင်လောက်ရှိမယ်။ ဒါကတော့ တို့ဗမာခေတ်ပညာတတ် စာရေးဆရာများရဲ့ ရေးဟန်ပဲလေလို့ သဘောထားလိုက်ပါတယ်။ သူတို့တေးဂီတလောက၊ အနုပညာ လောကရဲ့ နေ့စဉ်သုံးဝေါဟာရတွေမဟုတ်လား။ ထားပါတော့ ကျွန်တော်နဲ့ မယဉ်ပါးလို့ပါ။

ချစ်ဦးညိုက ''တေးသီချင်းခံစားမှု''တဲ့။ ခံစားတယ်ဆိုတာ စိတ် အလုပ်ပါ။ ဒြဗ်မဲ့အလုပ်။ အကောင်အထည်မရှိတာကို အရှိလုပ် ''ဒြဗ်ပြုံ'' ရတာပါတဲ့။ ဆုပ်ကိုင်လို့မရတာကို ဆုပ်ကိုင်ပြီးပြရတာ မလွယ်ပါဘူး။ ခံစားမှုဆိုတာဒြဗ်မဲ့ဖြစ်သလို ''အသံ''ဆိုတာလည်း ဒြဗ်မဲ့ပါပဲ။ တေးသီချင်းမှာ ခံစားမှု၊ အတွေး၊ အသံ စကားလုံးတွေ ပါဝင်ပါတယ်။ စကားလုံးတွေကလည်း တကယ်တော့ အတွေးကို ခံစားမှုတို့ကို အက္ခရာသင်္ကေတနဲ့ ဖော်ပြထားတာတွေပါပဲ။ ဒါ ကြောင့် ခံစားမှုကိုဖွင့်ဆိုရေးသားရတာ အလွန်မလွယ်တဲ့ အလုပ်ပါ လားလို့ သဘောပေါက်မိပါတယ်။ ချစ်ဦးညိုကလည်း ဒီသဘောနဲ့ နိဒါန်းချီပြီး မရဲဘဲနဲ့ ကျွဲပြဲစီးရသလို ပြောပါတယ်။ မရဲသော်လည်း ပြေးခဲစေဆိုသလို စီးမိမှဖြင့် လိမ့်မကျအောင်လုပ်ရတာလည်း မလွယ်ပါဘူး။

တေးခံစားမှုစာပေရယ်လို့ စာတစ်အုပ်၊ ပေတစ်ထုပ်ရှိခဲ့ဖူးတာ မဟုတ်ပါ။ ရှိခဲ့ဦးတော့ အများအပြားအထင်အရှားမဟုတ်ပါ။ ခံစား မှုရသကို ဖွင့်ရတာ ''ဒြဗ်ပြု''ရတာမလွယ်ဘူး မဟုတ်လား။ ရသကိုး ပါးတဲ့။ အဲဒီဆုပ်ကိုင်လို့မရတဲ့''ရသ''အမျိုးကိုးပါးကို သိင်္ဂါရရသ၊ ဟာသရသ၊ ကရုဏာရသ (ဂရုဏမဟုတ်ဘူးနော်) သန္တရသ၊ ရုဒ္ဒရသ စသည်တို့ကို ဖော်ထုတ်ဖွင့်ဆိုရတာ ''အသံ'' လူသံ၊ သီဆို တဲ့သီချင်းသံ၊ လူတီးမှုတ်တဲ့ဂီတသံ။ အဲဒီအသံတွေ အနိမ့်တဲ့၊ အမြင့် တဲ့။ အတက်အကျတဲ့။ အလျော့အတင်းတဲ့။ မမြင်ရတာက မြင်ရ သလို ဖွင့်ဆိုရတာ။ ဒါတွေပြောတဲ့အခါ အစဉ်အလာအရ ပါဠိလို ပြောရ၊ သက္ကတလိုပြောရ။ ခုခေတ်ကျတော့ အင်္ဂလိပ်လိုပြောရ၊ ဂလိုဘယ်လိုက်ဇေးရှင်းတဲ့။ ဝက်စတန်နယ်ဇေးရှင်းတဲ့။ အမေရိကန် နိုက်ဇေးရှင်းတဲ့။ ကာရာအိုကေတဲ့။ လိုကေးရှင်းတဲ့။ ပရိုဒတ်ရှင်းတဲ့။ အင်ကလူးဆစ်၊ ခိုးရပ်၊ မယ်လိုဒီ၊ ဂျီအိုပေါ်လစ်တစ်၊ ဖျူးချားပါစပတ်တစ်၊ နယ်ဗီဂေးရှင်း၊ အက်သစ်၊ ပင်နိုးရာမား ...။  မြို့မငြိမ်းရဲ့ တေးသီချင်းတစ်ပုဒ်ထဲမှာကိုက ပါဠိစာလုံး၊ အင်္ဂလိပ်စာလုံးတွေ အများကြီး။ ဖတ်တဲ့လူတွေကလည်း ပညာတတ်တွေပဲ ဖတ်ကြမှာပါ။ တေးသီချင်းကိုပထဝီနဲ့ခင်းရ၊ သမိုင်းနဲ့ရှင်းရ၊ သိပံ္ပနဲ့လင်းရ၊ ပန်းချီ နဲ့ဆွဲပြရ။

သီချင်းက တစ်ပုဒ်မဟုတ်။ ၁ဝ ပုဒ် အစဆုံးသီချင်းက မြို့မ ငြိမ်း ၂ဝဝဝ ပြည့်နှစ်က စတင်ရေးသားခဲ့တယ်။ တကယ်တော့ ၁၉၈ဝ လောက်စပြီး တေးသီချင်းခံစားမှုဆောင်းပါးတွေရေးနေ တာလို့ ဆိုပါတယ်။ ဒီစာအုပ်မှာ မြို့မငြိမ်းအပြင် နန်းတော်ရှေ့ ဆရာတင်၊ သဟာယဆရာတင်'' ဝိုင်အမ်ဘီသခင်တင်နဲ့တကွ ရွှေ တိုင်ညွန့်၊ ကိုစောညိန်း၊ ကန်မြဲကိုအေးကျော်၊ ကိုနေဝင်း၊ ခင်ဝမ်း၊ ဝင်းမင်းထွေးတို့ပါ ပါရှိတဲ့အတွက် မြန်မာကာလပေါ်သီချင်းခေတ် တစ်လုံး ငုံမိတယ်ပြောနိုင်ပါယ်။ သီချင်းတစ်ပုဒ်ချင်းရဲ့စကားလုံး အသံ၊ ဂီတစသည်တို့ကို မြန်မာ့ထုံးစံ မြန်မာဂီတစကားလုံး ဝေါဟာ ရ၊ ဂီတဘာသာစကားနဲ့ အနောက်တိုင်းဂီတ ဘာသာစကားများနဲ့ ပါ အတတ်နိုင်ဆုံးရှင်းပြထားရာမှာ မန်းပန်းတျာကျောင်းခေါင်မိုး ပေါ်မွေးခဲ့တဲ့ ချစ်ဦးညိုမို့သာ ဒီလိုရေးနိုင်တာကလားလို့ မုဒိတာ ပွားရင်း သုခိတာစကားဆိုလိုက်ရပါတယ်။ ပန်တျာကျောင်းခေါင်း ပေါ်မှာမွေးသူလည်းဖြစ်၊ မျိုးရိုးကလည်း သဘင်တေးဂီတာမျိုးရိုး ဖြစ်၊ ဘဝတစ်လျှောက်မှာပဲ ဒီလောကထဲကိုပဲ ဖြတ်သန်းခဲ့ နန်း တောင်ရှေ့မှာပဲကြီးပြင်းခဲ့၊ မန္တလေးမြို့မကိုလည်း နားဆင်ခဲ့၊ လေဘာတီမမြင်ရင်ကိုလည်းနားယဉ်ခဲ့ မန္တလေးမှာပဲ မြန်မာစာ မြန်မာစကားကို သင်ယူခဲ့။ ဒီလိုပေါင်းစပ်ဖွဲ့စည်းထားတဲ့ ရွှေမန်း သားက လေဟုန်စီးပြီး ရွှေဂုံမှာကြီးခဲ့လို့သာ ဒီလိုရေးခွင့်ကြုံရတာ ပါကလားလို့ အရင်းအမြစ်ထိ ဆင်ခြင်ကြည့်မိပါတယ်။

စာပေဝါသနာပါသူ၊ သီချင်းဝါသနာပါသူများ သီချင်းလေးတွေညည်းရင်း ဖတ်ကြည့်စေချင်ပါတယ်။ ကျွန်တော်တော့ ပုဂံ ကျောက်စာတစ်ခုထဲက အမတ်ကြီးတစ်ပါးရဲ့ဆုတောင်းကို သတိ ရမိပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးက နိဗ္ဗာန်ဆုတောင်းဘဝ အဆက်ဆက် ''ပဉ္စင်္ဂတူရိယာဖြင့် နိုးထသောအဖြစ်''ကို ရလိုသတဲ့။ ကိုချစ်ဦးညိုလည်း နိဗ္ဗာန်မရမီစပ်ကြား ဘဝကိုမှာ ပဉ္စင်္ဂတူရိယာ ဖြင့် နိုးထသောအဖြစ်ကိုရပါစေသား။  ဂီတသမား ကျတတ်တယ်ဆို တဲ့ ''ပဟာသငရဲမှလည်း အမြဲလွတ် လွဲချွတ်ပါစေသတေး''လို့။

ချစ်ဦးညိုစာတွေ အများများရေးနိုင်ပါစေ။ ဟောနိုင်ပြောနိုင် မမောနိုင်ပါစေသတည်း။

မောင်စွမ်းရည်

၂ဝ၁၇၊ စက်တင်ဘာ ၈

နယူးယောက်
0