စံလှကြီး ● ဓလေ့ထုံးစံနှင့် နောက်ခံအကြောင်းရင်း ဆက်စပ်ခြင်းများ

စံလှကြီး ● ဓလေ့ထုံးစံနှင့် နောက်ခံအကြောင်းရင်း ဆက်စပ်ခြင်းများ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇

"မြန်မာပြည်မှာ ဘုရား အထက်ပစ္စယံကို မိန်းမတွေ မတက်ရတာ တော်တော်ဆိုးတာပဲကွာ။ ဒါ ယောကျာ်း မိန်းမ ခွဲခြား နှိမ့်ချမှုပဲကွ။ မြတ်စွာဘုရားက ဒီလို မတက်ရဘူးလို့မှ မဟောထားတာ။ ဘာလို့ ဒီစည်းကမ်းက ရှိနေရတာလဲ"

"ဟ ဒါ ဓလေ့ထုံးစံကွ လိုက်နာရမှာပေါ့။ ဘာတွေ မကျေမနပ် ဖြစ်နေတာလဲ။ အကြောင်းရှိလို့ ဖြစ်မှာပေါ့"

၂၁ ရာစုဦးတွင် ဟိုနား ဒီနားမှ ကြားရစ ပြုလာသော ငြင်းခုံသံလေးများ ဖြစ်ပါသည်။ အထူးသဖြင့် ဘုရားပုထိုးများ၏ အထက်ပစ္စယံသို့ အမျိုးသမီးများ တက်ခွင့် မရခြင်း အပေါ် ဝေဖန်စောကြောလာခြင်းများ ဖြစ်သည်။ ဤသည်မှာ ယောကျာ်း မိန်းမ ခွဲခြားနှိမ့်ချမှု ဖြစ်သည်ဟု မြင်လာကြသည်။ ဒါက ဖောက်ထွက် တွေးချင်သောသူများ၏အမြင်။ တဘက်ကလည်း ရာစုနှစ်ပေါင်းများစွာ တညတံ့ခဲ့သော ဓလေ့ထုံးစံ ယဉ်ကျေးမှု။ ဘာကိုယုံလို့ ဘယ်လိုပုံရမည်နည်းဆိုသော ပြဿနာ ဖြစ် သည်။ ဤသို့ အတွေးအခေါ် အယူအဆများ တွန်းမိ တိုက်မိရှိခြင်းကား ခေတ်တိုင်းတွင် ရှိမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ သမိုင်းဖြတ်သန်းမှု ရှည်ကြာခဲ့သည့်နိုင်ငံများတွင် ပို၍ရှိနိုင်ပေသည်။ ဘာသာရေးနွယ်သော ဓလေ့ထုံးစံများ ကား သတိနှင့် ဆင်ခြင်ရပေမည်။ အကိုင်အတွယ်မတတ်ပါက ဘာမဟုတ်သည့်အကြောင်းအရာနှင့် ပြဿနာ ကြီးသွားတတ် သည်။

မြန်မာနိုင်ငံသို့ ရောက်လာသည့် နိုင်ငံခြားသားများ (အထူးသဖြင့် အမျိုးသမီးများ) ကလည်း ဤကိစ္စနှင့်ပတ်သက်၍ မေးခွန်း ထုတ်ကြသည်ဟု ကြားဖူးသည်။ ဤပညတ်ချက် (အမျိုးသမီးများ အထက်ပစ္စယံသို့ မတတ်ရခြင်း) မှာ ဒေသ ဓလေ့ထုံးစံ ဖြစ်ပါသည်။ ဘာသာရေးသတ်မှတ်ချက် မဟုတ်ပါဟူ၍ အဖြေပေးမှ ကျေနပ်သွားကြသည်။

စာရေးသူအနေဖြင့်မူ ဓလေ့ထုံးစံတိုင်းတွင် နောက်ခံအကြောင်းရင်းရှိရမည်ဟု ယုံကြည်ပါသည်။ ဘာကြောင့်လဲ (why) ဟူ သောမေးခွန်းသည် ပြဿနာအားလုံးတွင် ရှိရမည်။ အကြောင်းကင်း၍ မည်သည့် အရာမျှ မဖြစ်ထွန်းနိုင်။ ပေါ်ပေါက်ခဲ့သမျှ သက်ရှိ သက်မဲ့ အရာဝတ္ထု၊ အယူအဆဟူသမျှတို့သည် အကြောင်းကင်း၍ ဖြစ်ပေါ်လာသည် မရှိ။ ထို့ကြောင့် နောက်ခံ အကြောင်းရင်းကို သိခြင်းသည် ပညာဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်ပေမည်။

ရှေးမြန်မာ ဘိုးဘေး ယောကျာ်းများ၏ပေါင်တွင် ထိုးကွင်းမင်ကြောင်များ ရှိကြောင်း ကြားဖူးကြပေလိမ့်မည်။ စာရေးသူ၏ အမိဘက် အဖဘက် နှစ်ဘက်စလုံးမှ အဘေးများ၏ပေါင်တွင် ထိုးကွင်းများ အပြည့်ရှိခဲ့သည်ဟု မိဘများပြောသည်ကို ကြား ရဖူးသည်။ ထိုခေတ်က မြန်မာလူမျိုး ယောကျာ်းတိုင်းလိုလို၏ ပေါင်တွင် ထိုးကွင်းများ အပြည့်ရှိခဲ့ဖူးသည်။ ဗမာများသာမက ကရင်များ၊ မွန်များ၊ အခြား တိုင်းရင်းသားများတွင်လည်း ထိုးကွင်းများရှိခဲ့သည် ဆိုသည်။ အသားနာမည်စိုး၍ ထိုးကွင်း မထိုးသူ ယောကျာ်းမှာ အလွန်မျက်နှာငယ်ရသည်။ ဖူးစာဘက် ရှာတွေ့ဖို့တောင် ခက်လှသည်ဟု ဆိုသည်။ မြန်မာ့လူ့ဘောင် တွင် ရာစုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော ဓလေ့ထုံးစံ ဖြစ်သည်။ ထိုဓလေ့ထုံးစံကို ဖြစ်ပေါ်စေခဲ့သည့် နောက်ခံ အကြောင်း ရင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ အဓိကမှာ စစ်တိုက်ဖို့လိုလျှင် စစ်ထဲလိုက်ရသည့် ယောကျာ်းသားများကို ခံနိုင်ရည်ရှိ အောင် လေ့ကျင့်ထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။ သူတို့ခေတ်က ထိုးကွင်းထိုးမည်ဆိုလျှင် ပွဲတွေ လမ်းတွေ ဆိုင်း တွေ ဗုံတွေနှင့် ထိုးကြရသည်ဟု ဆိုသည်။ ထိုးကွင်းအထိုးခံရသူ ယောကျာ်းသားက အသားနာလွန်း၍ ငြီးငြူမိလျှင်ပင် အပြင်မှ ဆိုင်းဝိုင်းက ယောကျာ်းမပီဘူးလား သွေးကြောင်သလားဟူသောသဘောဖြင့် မျောက်မင်းအူသံ တီးလုံးတီးကာ စိတ်ကို ဆွပေးတတ်သည်။ ဓားခေတ် လှံခေတ်က လူလူချင်းရင်ဆိုင်၍ တိုက်ခိုက်ရသော စစ်ပွဲများတွင် စစ်သည်တို့၏ ခံနိုင်ရည်ရှိမှု၊ အကြမ်းခံမှုတို့မှာ အဆုံးအဖြတ် ဖြစ်သည်။ ဤသို့ ယောကျာ်းသားများကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထား သဖြင့်သာ ပတ်ဝန်းကျင်နိုင်ငံများနှင့်ယှဉ်လျှင် လူဦးရေနည်းလှသော မြန်မာတို့မှာ ရာစုနှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပေါင်တွင် ထိုးကွင်းများ အပြည့် ရှိခဲ့သည်။ ဗိုလ်မင်းရောင်၏ ပေါင်တွင်လည်း ထိုးကွင်းများ အပြည့် ရှိခဲ့သည်။ ထိုခေတ်က အခြား မြန်မာများတွင်လည်း ထိုးကွင်းများ အပြည့် ရှိခဲ့ဖူးသည်။ အင်္ဂလိပ်တို့၏ စစ်မှတ်တမ်း တစ်ခုတွင် ဖတ်ရဖူးသည်မှာ ထိုခေတ်က မြန်မာယောကျာ်းများကို သူတို့ ကြိမ်ဒဏ်ပေးကြောင်း၊ ကြိမ်ဒဏ်မှာ အတော် ပြင်းထန်ပြီး အသားများ စုတ်ပြတ်သွားသည် အထိ ဖြစ်ကြောင်း၊ သို့သော် မြန်မာယောကျာ်းတိုင်းသည် အော်ဟစ် ငြီးငြူခြင်းမပြု မျက်နှာမပျက်ပဲ တောင့်ခံနိုင်ကြောင်း၊ မြန်မာများထက် ကိုယ်ခန္ဓာ ပို၍ ကြီးမားသော အခြားလူမျိုးများမှာ ဤကဲ့သို့ ကြိမ်ဒဏ်ကို ခံရပါက အော်ဟစ် တွန့်လိမ်နေမည်သာ ဖြစ်သည်ဟု ရေးသားထားသည်။ ထိုးကွင်းမင်ကြောင် ဓလေ့ထုံးစံမှာ တချိန်က မြန်မာ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သဖြင့် ရာစုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည်။ ယနေ့ကဲ့သို့ အလွန်ခေတ်မီသော လက်နက်များ ပေါ်ပေါက်လာပြီး လူလူချင်း ရင်ဆိုင်ရသော စစ်ထက် ဉာဏ်ပညာကို အားကိုးကာ တိုက်ခိုက်ရသော ခေတ်တွင် ခံနိုင်ရည်ရှိမှုမှာ အရင်ခေတ်ကလောက် မလိုတော့သဖြင့် ထိုဓလေ့ မှေးမှိန် ပျောက်ကွယ်သွား ရသည်ဟု ထင်ပါသည်။ (ထိုအကြောင်းကို အင်္ဂလိပ်တို့၏ စစ်မှတ်တမ်း တစ်ခုတွင် ဖတ်ဖူးသဖြင့် အကြောင်းအရာကို မှတ်မိသော်လည်း မှတ်တမ်းရေးသူ၏ အမည်ကိုမူ မေ့လျော့သွားပါသဖြင့် အတိအကျ မဖော်ပြနိုင်ပါ။)

ဤသည်မှာ ဓလေ့ထုံးစံနှင့် ပေါ်ပေါက်စေခဲ့သော နောက်ခံ အကြောင်းတရားတို့၏ ဆက်နွယ်မှု ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်သော ဓလေ့ထုံးတမ်းများတွင်လည်း စိတ်ဝင်စားဖွယ် နောက်ခံ အကြောင်းတရားများ ရှိကြသည်သာ။ ရှင်ပြုပွဲများတွင် မောင်ရှင်လောင်းကို မင်းမြှောက်တန်ဆာ ဝတ်ဆင်ပေးပြီး မြင်းစီးစေ၍ လှည့်လည်သော ထုံးစံကို မြင်ဖူးကြပေမည်။ ထိုဓလေ့မှာ မြတ်စွာဘုရားအလောင်းတော် မြင်းစီး၍ တောထွက်သည်ကို အတုယူထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

အချို့ အရပ်ဒေသများတွင် မောင်ရှင်လောင်းကို နတ်ဝှက်သည် ဆို၍ ဘုန်းတော်ကြီးကျောင်းသို့ လျှို့ဝှက်ပို့ဆောင်သော ဓလေ့ ရှိသည်။ ထိုထုံးစံမှာလည်း မြတ်စွာဘုရားအလောင်းတော် တောထွက်ရာတွင် နတ်တို့က ကပိလဝတ်ပြည်သားတို့ မြင်းခွာသံ မကြားရလေအောင် တန်ခိုးဖြင့် ပိတ်ဆို့ထားသည် ဟူသော ဖြစ်ရပ်ကို အတုယူထားခြင်း ဖြစ်ဟန် တူသည်။

ထို့အတူ သံဃာတော်များ ကိုင်ဆောင်သော သပိတ်များတွင် အနားရစ် သုံးရစ် ပါနေသည်ကို တွေ့ရသည်။ ဤသည်မှာ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူခါစက နတ်မင်းကြီးလေးပါး လှူသော ကျောက်သပိတ် လေးလုံးအား အဓိဌာန်ပြု၍ တစ်လုံးတည်း ဖြစ်အောင် ဖိနှိပ်ခဲ့သည် ဆိုသော ဗုဒ္ဓဝင် ဖြစ်ရပ်ကို အတုယူထားခြင်း ဖြစ်သည်။ အရစ်သုံးရစ်ကတော့ အောက်ခံ သပိတ်သုံးလုံးကို ကိုယ်စားပြုနေသည် ဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။

ဒီတော့ ဘုရား အထက်ပစ္စယံသို့ အမျိုးသမီးများ မတက်ရ ဟူသော ပညတ်ချက်မှာလည်း နောက်ခံ ဇာတ်လမ်းလေး ရှိနေမည်လားဟု ဆင်ခြင်မိသဖြင့် လိုက်လံရှာဖွေရာ အမှန်ပင် ရှိနေကြောင်း တွေ့ရသည်။ ဇာတ်လမ်းကလည်း ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ထိုဇာတ်လမ်းကို ဖြစ်ပေါ်စေသူက မိထွေးတော် ပဇာပတိဂေါတမီ ဖြစ်သည်။ အများသိကြသည့် အတိုင်း ဘုရားအလောင်းတော် မင်းသားအား ကိုယ်တိုင် နို့တိုက်မွေးမြူခဲ့သဖြင့် မယ်တော်ဆိုလျှင်လည်း မမှား။ သွေးသားအရလည်း အဒေါ်ရင်း တော်စပ်သူ ဖြစ်သည်။ နောင်သောအခါ ဘုရားသာသနာတော်သို့ ဝင်ရောက်ခဲ့ပြီး ဘိက္ခူနီဘဝဖြင့် ကျွတ်တမ်းဝင်သွားခဲ့သည်။ ဘိက္ခူနီ သာသနာသည် မယ်တော် ဂေါတမီ၏ ကျေးဇူးတရားများကို အကြောင်းပြု၍ ဘုရားရှင် ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုကြသည်။

မိထွေးတော် ဂေါတမီသည် သားတော်ဘုရားအား အဖူးအမြှော် လာတိုင်း မည်သည့်အခါမျှ လေတင်အရပ်(အထက်အရပ်) တွင် မထိုင်။ မြတ်စွာဘုရားထံ မကောင်းသော အနံ့အသက် ရောက်မည် စိုးသောကြောင့် လေအောက်က ထိုင်ပြီးလျှင် မြတ်စွာဘုရား မာတုဂါမ ဆိုတာ အနံ့မကောင်းပါဟု နှိမ့်ချသောအားဖြင့် လျှောက်ထားရှာလေသည်။ ထိုသို့ မယ်တော်၏ သားဘုရား အပေါ်တွင် အလေးအမြတ် ရိုသေပုံကို သဘောကျ၍ အတုယူပြီး ဘုရားအထက်ပစ္စယံသို့ အမျိုးသမီးများ မတက်ရ ဟူသော ထုံးစံကို တီထွင်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ သို့သော် ၂၁ ရာစုတွင်တော့ ဆွေးနွေး ငြင်းခုံစရာ ကိစ္စ တစ်ခု ဖြစ်လာခဲ့လေပြီ။ ဘုရားပရဝုဏ် အတွင်းတွင် ဖိနပ် မစီးရ ဟူသော ထုံးတမ်း စဉ်လာသည်လည်း မိထွေးတော် ဂေါတမီကြောင့် ဖြစ်လာခဲ့ဟန် တူသည်။ မယ်တော် ဂေါတမီသည် သားတော်ဘုရားထံ ရဟန်းပြုရန် အလာတွင် ဆင်ယာဉ်၊ မြင်းယာဉ်၊ ရွှေထမ်းစင်တို့ စီးလာလျှင် မြတ်စွာဘုရားအား မရိုသေရာ ရောက်မည် စိုး၍ ဖဝါးချည်းသက်သက် လာခဲ့ရုံမက စီးတော်မူနေကျ ရွှေခြေနင်းများကိုပင် မစီးခဲ့ဟု ဆိုသည်။ ဤသည်ကို အတုယူပြီး ဘုရားပရဝုဏ်ထဲတွင် ဖိနပ်မစီးရဟူသော စည်းကမ်းကို သတ်မှတ်ခဲ့ဟန် တူသည်။
ဤမျှဆိုလျှင် ဓလေ့ထုံးစံတိုင်းတွင် နောက်ခံအကြောင်းရင်း ရှိနေကြောင်း သိသာလောက်ပြီ ဖြစ်သည်။ ဒါဆိုလျှင် ဓလေ့ထုံးစံ ဟူသမျှ စောဒက မတက်ပဲ လက်ခံရတော့မည်လော။ သို့မဟုတ် ဘာဓလေ့ထုံးစံပဲ ဖြစ်ဖြစ် ရှေးရိုးစွဲတွေဟု စွပ်စွဲပြီး ပယ်သတ်ရတော့မည်လော။ သို့တည်းမဟုတ် ပယ်သင့်တာပယ်၍ ဆောင်သင့်တာ ဆောင်ရတော့မည်လော ဟူသော မေးခွန်းများလည်း နောက်ဆက်တွဲ အနေနှင့် ပေါ်လာတော့သည်။ ရှေးအစဉ်အလာ ဓလေ့ထုံးစံများနှင့် ပတ်သက်လျှင် ဗုဒ္ဓကိုယ်တော်တိုင် ကျင့်သုံးခဲ့သည်ကလည်း နမူနာယူလောက်ပေသည်။ ဗုဒ္ဓခေတ်က ထိုပတ်ဝန်းကျင်တွင် ဇာတ်ခွဲခြားမှုများ အလွန်ပြင်းထန်ခဲ့သည်။ ဇာတ်နိမ့်သူများသည် ဇာတ်မြင့်သူများ ပေးသော အစားအစာကိုပင် မစားရ၊ အတူမထိုင်ရ စသဖြင့် ရှေးအစဉ်အလာကပင် တည်ရှိခဲ့သော ထုံးစံများ ဖြစ်သည်။ ဤအရာများကိုတော့ တရားနည်းလမ်း မကျသဖြင့် လူ့အဖွဲ့အစည်းကို ထိခိုက်နိုင်သဖြင့် ဗုဒ္ဓက လက်မခံ ပယ်တော်မူသည်။ သို့သော် အချို့သော ရှေးထုံးစဉ်လာများကိုတော့ တရားဓမ္မကြောင်း အရ အပြစ်မရှိလျှင် လက်ခံတော်မူသည်။ သာဓကအားဖြင့် ရဟန်းတော်များ မြက်သစ်ပင်ပေါ် ကျင်ကြီးကျင်ငယ်နှင့် တံထွေးမစွန့်ရ ဟူသော သိက္ခာပုဒ်မျိုး ဖြစ်သည်။ ထိုခေတ်က လူများ အနေဖြင့် စိမ်းစိုနေသာ အပင်များကို အသက်ရှိသည်ဟု ယူဆကြသည်။ ထို့ကြောင့် စိမ်းစိုနေသော မြက်သစ်ပင်များ အပေါ် တံထွေးထွေးလေ့ မရှိ။ ဤသည်မှာ ရှေးထုံးစဉ်လာ ယုံကြည်မှုသာ ဖြစ်သည်။ လိုက်နာ၍လည်း အပန်းမကြီး မလိုက်နာလျှင်တော့ ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ် အဆင်မပြေမှုများ ပေါ်နိုင်သဖြင့် ဗုဒ္ဓက ရဟန်းများ လိုက်နာကြရန် ပညတ်တော်မူသည်။(ထိုဝိနည်းတော်ကို အရှင်ဇနကာဘိဝံသ မထေရ် စီရင်သော ဘုရားဥပဒေတော်ကြီး အတွဲ ၁ စာမျက်နှာ ၃၁၃ တွင် ဖတ်ရှုနိုင်ပါသည်။)

မည်သည့် သက်ရှိသက်မဲ့ အရာဝတ္ထုဖြစ်စေ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မှသာ ရေရှည် တည်တံ့နိုင်ပေမည်။ အယူအဆ အသစ်များနှင့် ရှေးဓလေ့ ထုံးစံများ ပွတ်တိုက်မိခြင်းကား လူသားရှိနေသမျှ ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။ အသို့နည်း စာရှုသူမိတ်ဆွေ ရှေးထုံးစဉ်လာ ဆိုလျှင် ဘာဖြစ်ဖြစ် လက်ခံမည်လား။ သို့မဟုတ် ဘာထုံးစံဖြစ်ဖြစ် လက်မခံပဲ တော်လှန်မည် လား။ သို့တည်းမဟုတ် ပယ်သင့်တာပယ်၍ ဆောင်သင့်တာ ဆောင်ရမည်လား စဉ်းစားကြပါစို့။

(ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၄၀) တွင် ပုံနှိပ်ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
0