မိချမ်းဝေ ● ဘုရားသခင်၏ နာမတော်အောက်မှာ ထွင်းအက္ခရာ

 မိချမ်းဝေ ● ဘုရားသခင်၏ နာမတော်အောက်မှာ ထွင်းအက္ခရာ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇
 
ဗွေးတုတ်ရေ…ကိုယ်ဟာ တစ်ခါက ပင်လယ်ခရီးတွေသွားပြီး ခရီးသွားခြင်း အနုပညာဆိုတဲ့ ဆောင်းပါးတပုဒ်ရေးဖူးပါတယ်၊ ခရီးသွားခြင်းဖြင့်  စိတ်ပြတင်းတွေ လင်းပွင့်သွားပြီး သိမြင်မှုဆိုင်ရာ အတွေးအမြင်များလည်း လတ်ဆတ်လာတဲ့အကြောင်း ကလေးပါ။

အခုအမေရိကန်နိုင်ငံကိုရောက်လာတော့ မျက်စိတွေနားတွေကို တဆုံးဖွင့်ခြေလှမ်းတွေ အသော့နှင့်လို့ လိုက်ပါပို့ဆောင် သူတွေ နောက်လိုက်ပါနိုင်အောင် ကြိုးစားရတော့တာပဲ။ နိုဝင်ဘာလ ၂၆ ရက်နေ့ အောင်အောင်လို့ခေါ်တဲ့ ကိုအောင်မြတ်စိုးနဲ့ သမီးချောလို့ခေါ်တဲ့ ဧကရီဖြိုးတို့က ရှေးဟောင်းခရစ်ယာန် ဘုရားကျောင်းတခုဆီပို့ပေးတာပါ။

ဒီနေရာမှာသမီးချောလို့ခေါ်တဲ့ ဧကရီဖြိုးအကြောင်းလေး ဗွေးတုတ်ကို ပြောပြချင်ပါသေးတယ်။  သူဟာ စာရေးဆရာမလေး တယောက်ဆိုတာ ဆောင်းပါးတနေရာမှာ ပြောဖူးတယ်နော်၊ သူဘာတွေရေးလဲ မသိချင်ဘူးလား၊ သူဟာ လဝန်းအိမ် ကလောင်အမည်နဲ့ “လမင်းရဲ့ ဖြေဆေးနှင့် ဝတ္ထုတိုများ” (စေတနာစာပေ ၂၀၀၄ နိုဝင်ဘာ) ပို့စ်မော်ဒန်သတို့သမီး (အင်ကြင်း မြိုင်စာပေ ၂၀၁၅ နိုဝင်ဘာ)၊ “ကောင်းကင်ထက်က ဆူး” (အင်ကြင်းမြိုင် စာပေ ၂၀၁၇ ဇန်နဝါရီ) ဆိုတဲ့ စာအုပ်တွေကို ထုတ်ဝေထားပြီးဖြစ်ပါတယ်။

သူဟာ စာပေကိုချစ်မြတ်နိုးသူဖြစ်ပြီး စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့မြေးဖြစ်ကြောင်းလည်းသိရတဲ့အခါ အံ့သြဝမ်း မြောက်မှုတွေ ပိုခဲ့ရတယ်။ ဆရာမကြီး ယုဝတီခင်စိန်လှိုင်ရဲ့ ကိုယ်တိုင်ကြီးပြင်းခဲ့ရတဲ့ ဆယ်ကျော်သက်ကာလဟာ မနေ့ တနေ့က လိုပါပဲလား။ ဆရာမကြီးရဲ့ဝတ္ထုတွေဟာ ရုပ်ရှင်အဖြစ်ရိုက်ကူးတာ (၂၁) ပုဒ်ရှိပါသတဲ့။

ဆရာမကြီးဟာ ပြည်နယ်တွေဆီ ခရီးထွက်ပြီး တိုင်းရင်းသားဝတ္ထုတွေရေးလေ့ရှိတာလည်း သတိထားမိဖူးပါတယ်။ စာရေး သက် နှစ် (၅၀) အတွင်း လုံးချင်း ၁၆၀ ခန့် ဝတ္ထုတို ၃၀၀၊ ဆောင်းပါး ၂၀၀ ရေးသားသွားတယ်လို့လည်း သိရပါတယ်၊ အမျိုး သမီးကလောင်အဖွဲ့မှာ ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းမှာ ရာသက်ပန်အမှုဆောင်၊ မြန်မာနိုင်ငံစာပေနဲ့ စာနယ် ဇင်းအဖွဲ့မှာ ဦးဆောင်ကော်မတီဝင်အဖြစ် လေးနှစ်သက်တမ်း ၃ ကြိမ် ထမ်းဆောင်ခဲ့သူပါ။

စာပေဆုအနေနဲ့လည်း ၂၀၀၄ ခုနှစ် ပခုက္ကူစာပေဆုနဲ့ ၂၀၀၅ ငွေတာရီဝတ္ထုရှည်ဆုတို့ကို ရရှိတယ်လို့ မှတ်သားရဖူးပါတယ်။ ဆရာမကြီးရဲ့မျိုးဆက်သစ်အနေနဲ့ လဝန်းအိမ်နဲ့ ရှင်ပါရမီတို့နှစ်ဦး အနုပညာအမွေ ဆက်ခံသူအဖြစ် ပေါ်ထွက်လာတာပါ၊

ဆရာမကြီး သဒ္ဓါတရားကောင်းသလို မြေးဖြစ်သူဆရာမ လဝန်းအိမ်ကလည်း စေတနာထက်သန်သူပါ။ ရင်းနှီးလာလို့ အိမ် နာမည် သမီးချောလို့ခေါ်ရင်း သူပို့သမျှရောက်ရတဲ့ခရီးတွေ မနည်းပါဘူး။ သူနဲ့အတူ လိုက်ပါကူညီပေးတဲ့ ကိုအောင်မြတ်စိုးရဲ့ စာရေးဆရာများအပေါ်လေးစာချစ်ခင်ခြင်းကိုတော့ ကမ္ပည်းမထိုးဘဲ မနေနိုင်ပါဘူး၊ နယူးယောက်လိုနေရာမှာ စရိတ်စကကြီး မားလှတဲ့ မြို့ပြလူနေမှုစရိုက်ကြားထဲ အလုပ်အကိုင်ဖ ဖျက်ပီး လိုက်ပါပို့ဆောင်နေတာ တော်ရုံသဒ္ဓါတရားတော့မဟုတ်ချေဘူး။

“ဒီနေ့ဆရာမတို့ကိုပို့ပေးမယ် ဘုရားကျောင်းနာမည်က “cathedral of Saint John the Devine” တဲ့ ဆရာမရဲ့။

သမီးချောက သူ့ရဲ့မူပိုင်ဟန် ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ပြောတဲ့အခါ သွက်လက်တဲ့ အောင်အောင်ကလည်း ကား စက်နှိုးနေပါပြီ။ နယူးယောက်ဟာ ဧည့်စိမ်းတွေကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေတာပါ။ လမ်း- အဆောက်အအုံ၊ ရွက်ကြွေ၊ သွန်း တဲ့လေပြည်၊ လင်းပနေခြည်ကအစ မတူတဲ့ အဆင်အသွေးနဲ့ ကိုယ်တွေနဲ့ မယဉ်ပါးသေးပါဘူး၊

တောသားမြို့တက်တောင်မဟုတ် မွန်ပြည်နယ်သူတယောက် အမေရိကားရောက်ရတဲ့အဖြစ်ဟာ လိုက်ပါ ပို့ဆောင်သူတွေရဲ့ လက်ကို တင်းတင်းဆုပ်လို့ မျက်ခြေပြတ်မခံ အပျောက်မခံ တွဲနှောင်ထားရပါတယ်။

New York City ရဲ့ Amsterdam Avenue  လမ်း (၁၁၁ နဲ့ ၁၁၃) ကြားမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကြီးရဲ့ ရှေ့မှာ ကား ဆိုက်လိုက်တော့ ကျောင်းတော်ကြီးရဲ့ ခန့်ညားခြင်းကျက်သရေမှာ ကိုယ်တို့ မိန်းမောမိသွားကြပါတော့တယ်။

“လှည့်စားမှုများဖြင့် ပြည့်သောလောကကြီး၌ရပ်တည်ရှင်သန်နိုင်သော တခုတည်းသော နည်းလမ်းမှာ ကျွန်ုပ်တို့အားငယ် သောအခါ မလှည့်ဖျားသော ဘုရားသခင်အပေါ် ယုံကြည်ခြင်းတည်း….ဆိုသော စကားနဲ့အညီ ဘုရားသခင်အပေါ်ယုံကြည်မှုတွေပြည့်လျှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းတော်ကြီး မုဒ်ဦးလှေခါးကို တလှမ်းချင်းတက်ခဲ့ကြတယ်။

ဗွေးတုတ်ရေ…ကိုယ့်ရဲ့စိတ်တွေ လွန်ခဲ့တဲ့အနှစ် (၂၀) ဆီ ပျံသန်းသွားပါပကော၊ ဒီတုန်းက ကိုယ်ဟာ- ဒီစိတ်ဒီခြေလှမ်းမျိုးနဲ့ မော်လမြိုင်မြို့အောက်လမ်းမကြီးပေါ်က “စိန်ပက်ထရစ်” ဘုရားကျောင်းထဲဝင်ခဲ့ပါပေါ့။ ခင်ပွန်းဖြစ်သူနဲ့ ရင်းနှီးခင်မင်တဲ့ ဖာသာကြီးဟာ ကိုယ့်တို့မိသားစုကို ဝမ်းမြောက်ကြည်ရွှင်စွာကြိုဆိုခဲ့တယ်၊ ကလေးတွေဟာ ဆုံလည်စားပွဲကြီးပေါ်ကို တခု ပြီးတခု ရောက်လာတဲ့ ဥရောပမုန့်တွေကို ပလုပ်ပလောင်း စားကြတယ်။ လူကြီးတွေကတော့ ဖာသာကြီးရဲ့မိတ်ဆွေ မြိတ်က ဆရာမကြီးဒေါ်လေးကြည်နဲ့ မြိတ်မြို့ကြီး အကြောင်းကို အားရပါးရပြောကြတယ်။

တခါမှာတော့ ဖာသာကြီးဟာ- ဝတ်ပြုဆုတောင်းရာအဆောင်ဆီကို ခေါ်ဆောင်သွားပြီး ဝတ်ပြုနေရာယူ ခုံတန်းများရဲ့ အ လယ်လမ်းကြောင်းမှာခင်းထားတဲ့ ကော်ဇောကိုခွာလိုက်တဲ့အခါ ကမ္ပည်းကျောက်ပြားတခု ပေါ်လာပါတော့တယ်။ ဒီစိန် ပက်ထရစ် ဘုရားကျောင်းကို စတင်တည်ထောင်သူ ဖာသာကြီးရဲ့ အလုပ်ကုန်းနေရာ၊ ဗွေးတုတ်ရေ- စဉ်းစားကြည့်ပါဦး၊ လူ တွေနေ့စဉ်ဖြတ်လျှောက်ရာနေရာမှာ ရုပ်ကြွင်းကိုထည့်သွင်း ဖြတ်လျှောက်စေတဲ့ စိတ်ကူးဖြူစင်နှိမ့်ချမှု ဒီလိုနေရာမှာ ဒီလို အရာရှိနေမယ် မထင်တဲ့ အံ့သြမင်သက်မှု။

လက်ရှိ စိန်ပက်ထရစ် ဆရာတော်ဟာ သူ့ရဲ့ဖြူလွလွဝတ်ရုံကို ရမ်းခါလျက် ရှေ့ကနေ ထွက်သွားပြန်တယ်။ နူးညံ့ဖော်ရွေတဲ့ အပြုံးဟာ ဝှေ့ရမ်းလိုက်တဲ့ လက်အစုံနဲ့အတူ သူ့နောက်က လိုက်ခဲ့စေ လိုတဲ့ ဟန်နဲ့ ခြေလှမ်းများကတော့ လှေခါးထစ်တွေဆီ၊ ဘုရားကျောင်းရဲ့အမြင့်တနေရာ ခေါင်းလောင်းစင်ထား ရှိရာနေရာကကြည့်ရင် မောရမြိုင်လို့ တွင်တဲ့ မော်လမြိုင်မြို့ကြီးကို အပေါ်စီးကမြင်ရတာလေ၊ အဝေးမြင်ကွင်းရဲ့ ဖမ်းစားညှို့ငင်မှုမှာ ကလေးတွေပျော်ကြတာ လက်ခုပ်လက်ဝါးတီးလို့၊ မြင် တောင့်မြင်ခဲ တွေ့တောင့်တွေ့ခဲ အတွေ့အကြုံကြောင့်  အာရုံတွေနိုးထလန်းဆန်းသွားကြတာအမှန်ပါပဲ ဗွေးတုတ်ရယ်…

နောက်ပိုင်းတော့ မော်လမြိုင်ကိုမရောက်ဖြစ်တော့ပေမယ့် ဒီအတွေ့အကြုံ ဒီမြင်ကွင်းတွေဟာ နှလုံးသားမှာ မြဲမြံစွာ ထွင်း ပြီးသားမို့ “တောင်ရိုးတန်းဆင်ဖိုနီ…” ဆိုတဲ့ အလွမ်းစာတပုဒ်ကိုရေးထုတ်မိ လေသေးရဲ့။ အချိန်ကာလဟာ အလွန်တရာ ကြာညောင်းသွားခဲ့ပြီ၊ ဗွေးတုတ်ရေ ကဗျာဆရာ မောင်ညီညွတ်က အချိန်နဲ့ ပတ်သက်ပြီး ဒီလိုဖွဲ့ထားဖူးလေရဲ့။
        

အလို…
အချိန်ဆိုတဲ့
ဂျစ်စပီအိုကြီးဟာ
သူ့အလှည့်ကိုမနားဘဲ
ပါးလျတဲ့မျဉ်းတကြောင်းအပေါ်
နယ်နိမိတ်တခုအပေါ်
ကျော်လွှားဖြတ်သန်းသွားတာ
အာရုံထဲကမြင်လိုက်ရတယ်

ဟုတ်တယ်။ အချိန်ကာလက ရွေ့လျားသွားပြီ၊ ဒါပေမယ့် ခံစားမှုက တကျော့ပြန်လာနိုင်သေးရဲ့လေ၊ အခုကျောင်းတော်ကြီး ကိုမြင်တော့ ခံစားမှုတွေအသစ်ပြန်ဖြစ်လာပြန်ပါရော။

အတူပါလာသူ ဆရာမကြီးရွှေကူမေနှင်းကလည်း ကိုယ့်နည်းတူပဲ ဘုရားကျောင်းရဲ့အံ့မခန်းညှို့ချက်မှာ အမိကြီးမိနေရှာ လေရဲ့။
“ဆရာမရေ- ဒီဘုရားကျောင်းကြီးကို ၁၈၉၂ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အုတ်မြစ်ချတည်ဆောက်ခဲ့တာပါ။ ဆောက် လုပ်ထားပုံက  Romanesque Revival နဲ့ Gothic Rivival Style နှစ်ခုပေါင်းစပ်ထားတာပါ”

“ဟင်..ဒါဆို နှစ်ပေါင်းတစ်ရာ့အစိတ်လောက်ရှိပြီပေါ့”

“ရှိပြီပေါ့ဆရာမရယ် နယူးယောက်မှာလည်း လေးခုမြောက်အကြီးဆုံးဘုရားကျောင်းလို့ပြောရင် ရပါတယ်။

ဗွေးတုတ်ရေ..ကျောင်းတော်ကြီးရဲ့ အထဲမှာ ကြီးမားတဲ့နံရံတံခါးချပ်ကြီးတွေ တရားဟောစင်နဲ့ တရားနာသူတွေထိုင်ဖို့ထိုင်ခုံတွေ၊ ထုထည်ကြီးမားသလို ခန့်နားမှုတွေနဲ့ ဝင့်ထည်စွာ ငြိမ်သက်တိတ်ဆိတ် နေလိုက်တာ..။

တနေရာမှာတော့ ကျောင်းတော်ကြီးကို တည်ထောင်သူ ဘုန်းတော်ကြီးရဲ့ လျောင်းတော်မူရုပ်ထုကြီး၊ ထိန်းသိမ်းကောင်း သူတို့ရဲ့ ရာဇဝင်မှာ သမိုင်းတန်ဖိုးမြင့်မားနေပုံများ ကျောက်သားအဖြူနဲ့ ထုဆစ်ထားတဲ့ ရုပ်ထုတော်ကြီးကို အနေအထား အမျိုးမျိုးနဲ့ ဓာတ်ပုံမှတ်တမ်းတင်နေမိတယ်။ သူတော်စင်တွေဟာ သူတို့ မရှိပေမယ့် သူတို့ရဲ့ခြေရာတွေကို ထားရစ်ခဲ့ကြတယ်။ သူတို့မရှိတော့ပေမယ့် သူတို့ရှိနေကြတယ်။ မြင့်မြတ်ကြယ်စင်များကို ကမ္ပည်းတင်မယ့် ကိုယ့်တို့ရဲ့နှလုံးသားကောင်းကင် မှာ မကွယ်ပတဲ့ ကြယ်စင်အလင်းတွေ ထာဝရလင်းနေမှာပါ။ ဗွေးတုတ်ရေ…ဒီနေရာမှာ မင်းကိုနိုင်ရေးတဲ့ နောက်ကြည့်မှန် စာအုပ်ထဲက ဇာတ်ဆောင် “ညို” ပြောတဲ့စကားကလေးကို သတိရမိတယ်။

“ကြယ်တွေမှာလည်း ကြယ်လူကြီးကြယ်ကလေးရှိတယ်
ဓူဝံကြယ်က အဘိုးကြီးမို့ တနေရာတည်း ငုတ်တုတ်ထိုင်စဉ်းစာနေတာပေါ့
ခုနှစ်စင်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတမ်းကစားနေကြတာ
အခြေမခိုင်ဘဲ လိမ့်ကျသွားတဲ့ ကြယ်တွေမြင်ဖူးပါတယ်၊
ဒါပေမယ့်.. အဲဒီအထဲမှာ  လူတွေအတွက်အသုံးတည့်လို့ အမည်မှည့်ခဲ့တာ
ရတဲ့ကြယ်တွေ တစ်ပွင့်မှ ပါမသွားဘူး။
တကယ်တော့ ကြယ်တွေရဲ့ဘဝမှာ အဖော်နီးတာ အဖော်ဝေးတာ အရေးမကြီးပါဘူး။
လောကအတွက်အသုံးဝင်တဲ့ကြယ် ဘယ်တော့မှ မကြွေတာ သေချာပါတယ်။
မကြွေတဲ့ကြယ်ပေါင်း ထောင်သောင်းများစွာ လင်းလက်တောက်ပဆဲ….

ကြီးမားခန့်အထည်ခြင်း ဂုဏ်သိရ်အဟန့်ကောင်းလှတဲ့ ကျောင်းတော်ကြီးရဲ့ သခင်ယေရှု ကားထိုင်ရှေ့မှာ ဒူးထောက်ပြီး မေတ္တာတော်ကို ခံယူနေမိတယ် ဗွေးတုတ်ရေ။ ဂါးနက်ကျောက်၊ ထုံးကျောက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကျောင်း တော်ကြီးကို နှုတ်ဆက်ကြည့်နဲ့ကြည့်ရင်း ကာလရှည်ကြာလေးမြင့်ခြင်းရဲ့ တန်ဖိုးကို ကိုယ်တွေးနေမိတယ်။

ကာလရှည်ကြာလေးမြင့်လေလေ တန်ဖိုးအခြေမြင့် ဂုဏ်တင့်လေလေ..ဒါဆိုရင် ကိုယ်တို့မြန်မာပြည် သန်လျင်ရေနံချက် စက်ရုံအရာရှိ အိမ်ရာဝင်းအတွင်းမှာရှိတဲ့ ပေါ်တူကီဘုရားကျောင်းကလေးကရော… ဒီဘုရားကျောင်းကလေးဟာ ၁၇၆၀ ပြည့်နှစ်ပိုင်းကစပြီး မြန်မာနဲ့ ပေါ်တူကီတို့ရဲ့ လူမှုဆက်ဆံရေး ဗဟိုအဖြစ်တည်ရှိခဲ့ပြီး အင်းဝနဲ့ပဲခူးသာသနာပြု ဘာနူဘိုက် သာသနာပြုအဖွဲ့ရဲ့ ဒုတိယသင်းအုပ်ကြီး အီတလီလူမျိုး “မွန်ဆီနီရောနာရီနီ” က ကြီးမှူးလို့ အာမေးနီးယန်း သူဌေးကြီး နီကိုလပ်စ်ဒီအာဝီလာက သန်လျင်မြို့နေ အနောက်နိုင်ငံသားများ ဝတ်ပြုဖို့ဆောက်လုပ်ခဲ့တာလို့ မှတ်သားဖူးပါတယ်။

သမိုင်းအထောက်အထားတော့လိုအပ်ပါတယ်၊ ဘုရားကျောင်းကို ၁၉၀၈ ခုနှစ်မှာ ရှေးဟောင်းသုတေသနက ထုတ်ပြန် ထားတဲ့ The Ancient Monament Preservation Act.1904 အရ နိုင်ငံတော်မှ တာဝန်ယူစောင့်ရှောက်ထားတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တယ်လို့လည်း သိရတယ်၊ ကိုယ်တို့နိုင်ငံဆီ စောစီးစွာရောက်ခဲ့တဲ့ ခရစ်ယာန်သာသနာပြု သမိုင်းကို ခြေရာခံမယ်ဆိုရင် သဲလွန်စရနိုင်ကောင်းတဲ့ အရာတွေပဲမဟုတ်လား။

အဲဒီနေ့က အောင်အောင်နဲ့ သမီးချောလိုက်ပို့တဲ့ ရှေးဟောင်းဘုရားကျောင်းကြီးကနေရရှိတဲ့ ဖြန့်ထွက်အတွေးတွေပါ၊ ကိုယ်တို့ရဲ့ ခရီးစဉ်မှာ အောင်အောင်နဲ့ သမီးချောတို့ရဲ့ လိုက်ပါပို့ဆောင် ကူညီမှုခရီးစဉ်တွေဟာ မနည်းလှပါဘူး။

ဗွေးတုတ်ရေ… သူငယ်ချင်းနှစ်ယောက် ကျေးဇူးတရားကို မှတ်တမ်းတင်ဖို့ ခရီးကအပြန်မှာ ထွင်းအက္ခရာဆိုတဲ့ ကဗျာလေး တပုဒ်ရေးဖြစ်ခဲ့ပါတယ်။

ကိုယ့်မှတ်စုစာအုပ်မှာ
ကိုယ့်စားပွဲပေါ်မှာ
သစ်ရွက်တွေမှာ၊ သဲသောင်ပေါ်မှာ၊ ကျောက်ဆောင်ပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းမှာ
ငှက်ကလေးတွေရဲ့ တောင်ပံမှာ
လိပ်ကလေးတွေရဲ့ ဝပ်ကျင်းမှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
တိမ်တံခွန်တွေရဲ့ အပေါ်မှာ
မိုးပွင့်မိုးမှုန်တွေရဲ့ သိပ်သည်းဆထဲမှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
မတံ့မနားတက်လာတဲ့ ဒီရေရဲ့မာန်ဟုန်မှာ
အခေါင်းပါတဲ့ ခရုကလေးတွေရဲ့ ကွေးညွှတ်ခြင်းမှာ
ရှဥ့်ငပေါတကောင်ရဲ့ လျင်မြန်ဖြတ်လတ်ခြင်းမှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
လရောင်ရွှန်းဖိတ် တိတ်တဆိတ်ပွင့်နေတဲ့ ကုမုဒြာရဲ့ပွင့်ချပ်ပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
အမှောင်ကိုခွင်း အလင်းရထား နှင်တံဖျားမှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
ကျောရိုးရဲ့အခက်ခဲကြောင့်
ကျိန်စာမိသလို မတံ့မနား ကူးခတ်နေတဲ့ ငါးမန်းတကောင်ရဲ့ကျောပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
ပင်လယ်ပျော်ဇီဝဇိုးတွေရဲ့ နာကျင်အန်ဖတ်
လတ်ဆတ် ဆေးဝါး အသိုကခိုနားရာ
ကျောက်ဆောင်ကမ်းပါးယံမှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
 
မင်းဘယ်သူလဲဆိုတာ တလောကလုံး သိဖို့လိုအပ်တဲ့အခါ
“မိတ်ဆွေကောင်း”… လို့ ကိုယ်ကြေညာပေးမယ်
မိတ်ဆွေကောင်း..မိတ်ဆွေကောင်း..မိတ်ဆွေကောင်း
မိတ်ဆွေကောင်းဆိုတဲ့ခေါ်သံ
စကြာဝဠာတိုက်တစ်သောင်းရဲ့ နံရံမှာ ပဲ့တင်ပြန်တဲ့အခါ
ဘုရားသခင်ရဲ့ နာမတော်အောက်မှာ
မင်းနာမည်ကို ကိုယ်ရေးမယ်
မင်းနာမည်ကို ကိုယ်ရေးမယ်
မင်းနာမည်ကို ကိုယ်ရေးမယ်

မိချမ်းဝေ

မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇ ပါ ဝတ္တုတို။
0