ခွာညို ● ဖေဖေ့ အလွဲများ

ခွာညို ● ဖေဖေ့ အလွဲများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇

ကျမ တလွဲတွေလုပ်မိ ပြောမိလျှင် ပတ်ဝန်းကျင်တခုလုံးက

''အပျိုကြီး ဘာတွေ တွေးနေတုန်း။ စိတ်နဲ့လူနဲ့မကပ်ဘူး”

စသဖြင့် ပြောကြသည်။ သူတို့လွဲတော့ကောင်းတယ်၊ သူများလွဲပြီဆိုမှဖြင့် သည်ယောက်ကျားတယောက်ကို ဘေးမှာ ခေါ်မ ထားသည့်အမှုကို ပြန်ပြန် အစဖော်ပြီး လူသားမျိုးနွယ်ဆိုင်ရာ ပြစ်မှုကြီးတခုကို အမြဲတမ်းကျူးလွန်ထားသည့်နှယ် ပြောကြ တော့သည်။

သူတို့ ပစ္စည်းပျောက်လျှင် အတည့်၊ ကျမပစ္စည်းပျောက်လျှင် ယောက်ကျားမရှိလို့ ကြိတ်ဆွေး၊ ကြိတ်တွေးနေလို့ ဖြစ်ရသည်။

သူတို့ ဖုန်းမေ့ကျန်ခဲ့လျှင် ဒါက ဖြစ်ရိုးဖြစ်စဉ်၊ ကျမ ဖုန်းကျန်ခဲ့လျှင်တော့ ဒါက အာရုံတွေ ထွေပြားလို့။

သူတို့ခေါင်းကိုက်လျှင် ဒါက ဂန္တဝင်မြောက်တဲ့ နာကျင်မှုဝေဒနာ၊ ကျမဖြစ်လျှင်တော့ ခမည်းလိုသတဲ့။

တကယ်တော့ သူတို့ ဘယ်ခေါင်းစဉ်နဲ့ခေါင်းကိုက်ကြသလဲ ကျမ ဘာမှမပြောလို၊ သူတို့က ဘာကြောင့်မေ့ကြသလဲ၊ ဘာ ကြောင့် မှားကြ၊ လွဲကြသလဲ၊ သူများကိုဘာမှ မဆန်းစစ်လို၊ ဒါက ကျမ ယဉ်ကျေးမှုမဟုတ်။

ကျမ ကတော့ သေချာသည်၊ ကျမက မကောင်းတာမှန်သမျှ မိဘနှစ်ပါးလုံးဆီက အမွေဆက်ခံထားသူ။ အမေခေါင်းကိုက်သည်၊ အစာအိမ်မကောင်း၊ အဖေ အသက်ရှုမဝဖြစ်တတ်သည်၊ အင်မတန်အအိပ်ဇီဇာကြောင်သည်၊ စသဖြင့် မကောင်းမှုပေါင်းစုံကို အကုန်ကျမရသည်။ ကျမ တခုခု တလွဲတွေ ထထလုပ်တာလည်း အဖေ့ဆီက ပါတဲ့ဗီဇသွေးပါပဲ။

လွန်ခဲ့သည့် လေးငါးနှစ်ကတည်းက ကျမ ခေါင်းစကိုက်သည်။ မှတ်မှတ်ရရ။ မနက်စော သုံးနာရီထကာ အလုပ်သွားရသည်။ ခေါင်းကကိုက်၊ အသက်ရှူ လို့ကမဝ။ အဲသည်လိုဖြစ်လာလျှင် ဒီတိုင်းပြည်က ရာသီအရ လိုအပ်ချက်ကြောင့် စွပ်ထားရသည့် ဘွတ်ဖိနပ်က အကြီးအကျယ် ဒုက္ခပေးသည်။ ခြေထောက်တွေကို အကျဉ်းချထားခံရသလို စိတ်မလွတ်လပ်ဘဲ အတင်း ဖိနပ်ကို ချွတ်ပစ်လိုက်တာမျိုး။ တခါတရံကျ အဲလို ရှူးဖိနပ်မဟုတ်သော်လည်း စိတ်ကျဉ်းကျပ်လာလျှင် ကျမ ဖိနပ်ကို ချွတ် ပစ်မိသည်။ အဲဒီကားပေါ်မှာ ကျမ ဖိနပ်ကိုချွတ်ပြီး မျက်လုံးမှိတ်ကာ လိုက်ခဲ့သည်။ ကားဂိုဒေါင်ထဲရောက်တော့ မူးနောက် နာကျင်သောဝေဒနာဖြင့် ကားထဲကဆင်း၊ ကိုယ့်ထမင်းအိတ်၊ ကျောပိုးအိတ်တွေသယ်ကာ သူများခြေလှမ်းကို မှီအောင် ပြေးလိုက်ရသည်။ မီးရောင်မှိန်မှိန်၊ လရောင်ဖျော့ဖျော့အောက်တွင် ခေါင်းငုံ့ထားသော်လည်း ကိုယ့်ခြေထောက်ကိုယ်မမြင်။ အိပ်ချင်စိတ်၊ မူးနောက်နေသောအသိနှင့်သာ သူများခြေလှမ်းတွေကို ပြတ်ကျန်ခဲ့တိုင်း ဖားလျားဖားလျားနှင့် ပြေးလိုက်ရ သည်။ ရုံးအဝင်တွင်လည်း သူများနောက်မှာ ရုံးအဝင်ကဒ် (Badge) ကို ဘယ်အင်္ကျီအိတ်ကပ်ထဲမှာလဲ၊ ထမင်းအိတ်ထဲပဲ ထည့်မိလေသလား ဟိုနှိုက် ဒီနှိုက် လုပ်ပြန်ရင်း နောက်ကျပြန်သည်။

သည်လိုနှင့် လုံခြုံရေးအစောင့်ရှေ့မှာ ကိုယ့် badge ကိုထိုးပြရင်း အမှတ်မထင် မျက်လုံးအစုံက ကိုယ့်ခြေထောက်မှာ သွား စိုက်တော့ လား…လား၊

ခြေထောက်မှာ ကွင်းထိုးတဘက်၊ ခြေညှပ်တဘက်။

ကားထဲမှာ အမျိုးသမီးဖိနပ်တရံ ချွတ်ထားတာကို မသိဘဲ ကိုယ့်ဖိနပ်တဘက်၊ ကားထဲကဖိနပ်တဘက်ကို စွပ်ကာ ဆင်းလာ ခဲ့ခြင်း။

အိပ်ချင်စိတ်ပြေလောက်အောင် ကိုယ့်ဖာသာကိုယ် ရယ်ချင်သွားကာ ရယ်ကျဲ ပြုံးစေ့နှင့် လုံခြုံရေးအစောင့် ရှေ့ က ထွက်လာ ရသည်။ အစောင့်က မမြင်လို့တော်သေး။ မဟုတ်ရင် ကိုယ့်ကို ဘာထင်မည်မသိ။ ကိုယ့် station ရောက်တော့ ရုံးမှာ အရံ ထားသည့် ဖိနပ်နှင့် သူများမမြင်ခင် လဲမည်လုပ်ရင်း အမှတ်တရ ဓာတ်ပုံတောင် ရိုက်ထားလိုက်သေးသည်။

ငါကွ၊ အဖေတူသမီး။
**************

ကျမတို့ ချောက်မြို့မှာနေစဉ်က အချိန်တွေ ပြန်တွေးကြည့်ရင် မိသားစုတွေ ကျောင်းပိတ်ရက်တွေမှာ ဆီချက် ခေါက်ဆွဲချက်၊ ခေါက်ဆွဲကြော်စား - စသဖြင့် အချိန်ရသလို မိသားစုလိုက် ရုပ်ရှင်ကားသစ်လဲတိုင်းလည်း မှန်နန်းရောင် ရုပ်ရှင်ရုံမှာ သွား ကြည့်ကြသည်။ ကိုးတန်းလားရှစ်တန်းလား မသိ အဲဒီအချိန်မှာ ရိုမီယိုနဲ့ ဂျူးလီယက် ဇာတ်ကားဝင်လာသည်ကိုပင် အဖေက လိုက်ပို့ပေးသည်။

ချောက်စာရေးတန်းရပ်ကွက်ကနေ မှန်းနန်းရောင် ရုပ်ရှင်ရုံကိုရောက်ဖို့ ကျမတို့ မြင်းလှည်းစီးကြရသည်။ ယောက်ကျားဖြစ် သော အဖေက မြင်းလှည်းသမားဘေးကနေရာမှာ ထိုင်လေ့ရှိပြီး ကျမတို့ ကလေးတွေက မြင်းလှည်းအိမ်ထဲမှာ အကိုနှင့် အမက မြင်းလှည်းခြေနင်းခုံမှာ ခြေထောက်တွဲလောင်းချလျှက် လိုက်တတ်ကြသည်။ နာရီဝက်လောက်တော့ သွားရမည် ထင်သည်။ သိပ်မမှတ်မိတော့။

တနေ့တော့ ဘာကားမှန်းတော့မသိ၊ ကျမတို့ မိသားစု သွားကြည့်ကြသည်။ ရုပ်ရှင်ပြီးလျှင် ကျမတို့က အန်တီ ရှယ်လီ့အိမ်ကို ဝင်လည်လျှင်လည်း လည်ကြသည်။ အန်တီရှယ်လီဆိုတာက အဖေ့ကျောင်းမှာ တာဝန်ကျသည့် ဆရာမလေး ဒေါ်ရှယ် လီခင်။

အဲဒီတိုက်ကြီးကို မသွားဖြစ်လျှင် သာသနာ့ဗိမာန်နားမှာ နေသည့် အမေ့ဘက်က အဖွားလေး အဖွားဒေါ်အုန်းရင်အိမ်ကို ချီတက်ကြသည်။ ရုပ်ရှင်ရုံနှင့် အဖွားတို့အိမ်ရှိရာရပ်ကွက်က အနည်းငယ်လှမ်းသော်လည်း ကျမတို့က လမ်းလျှောက်သွား ကြသည်။ အဖေက အရပ်ရှည်ပြီး ခြေလှမ်းအရမ်းကျယ်သဖြင့် အဖေ့နောက်ကို အမြဲပြေးလိုက်ရသည်။ နောက်တော့ အဖေ့ ခြေထောက်ကို ချုပ်သည့်အနေနှင့် ကျမက အဖေ့လက်ကို မလွှတ်တော့ဘူးဟုဆုံးဖြတ်ကာ အဖေ့လက်ထဲ ကျမလက်ကလေး ထိုးထည့်ကာ အဖေ့လက် ကို မသိမသာ ခိုစီးသည်။ သည်လိုနဲ့ အဖေ့ကိုမီအောင် အဖေကလည်း ခြေလှမ်းကို မနှေးနှေးအောင် စီမံ ပြီးသည့် သကာလမှာရုတ်တရက် ကျမ အဖေ့ခြေထောက်ဆီ အာရုံရောက်သွားသည်။

''ဟင် …၊ အဖေ့ဖိနပ်က ကျွဲတဘက်၊ နွားတဘက်ကြီး။”

ကျမ အသံက ဗြဲကနဲ ထွက်လာသောကြောင့် အဖေကိုယ်တိုင်ရော၊ အမေကပါ အဖေ့ခြေထောက်ကို ငုံ့ကြည့်ကြသည်။

အဖေ့ခြေထောက်မှာ ကတ္တီပါဖိနပ် တဘက်၊ စင်ကြယ်ဖိနပ်တဘက်။

အမေက မျက်စောင်းတထိုးထိုး၊ အဖေက ပြုံးစိစိ၊ ရယ်ကျဲကျဲနှင့်…..

ကျမကမှ ကျန်းမာရေးမကောင်း၊ ညလယ်ကြီး မှောင်နဲ့မည်းမည်းမှာ အိပ်ချင်မူးတူး အလုပ်ထဆင်းရပြီး မှားတာတော်သေး သည်။ အဖေက နေ့ခင်းကြောင်တောင်ကြီး အိမ်ကထွက်တာတောင် ဖိနပ်ရဲ့အလေးချိန် ချင်းလည်း တူတာမဟုတ်၊ စင်ကြယ် ဖိနပ်နဲ့ သားရေဖိနပ်ရဲ့ အဆင်အသား ထိတွေ့မှုကိုက အလွန်ကွာခြားသည်ကိုပင် မြို့ထဲရောက်သည်အထိ မသိအောင်လွဲ သူဖြစ်သည်။

ဒါကြောင့်ပြောတာ၊ ကျမက အဖေ့ဆီက အမွေ ဆက်ခံသူပါ-လို့။
**********************

ကျမက ပစ္စည်းတခုခု အသစ်ဝယ်လျှင် နောက်မှ ဖြုတ်မယ်ဆိုကာ မဖြစ်စလောက် အကြွေးချန်ပြီး ပစ္စည်းအသစ်က တံဆိပ် ကိုမဖြုတ်ဘဲထားတတ်သည်။ စိတ်အပြောင်းအလဲဖြစ်လျှင် သွားပြန်အပ်ချင်လည်းအပ်မည်ဟု စိတ်မပြတ်သော ပစ္စည်းများ ဆိုလျှင်လည်း တံဆိပ်မဖြုတ်ဘဲ သိမ်းထားတတ်သည်။

သို့သော် အပြင်သွားကာနီးမှ ထိုပစ္စည်းကို သုံးချင်စိတ်ပေါက်ပြီး ကမန်းကတန်း သုံး၊ တံဆိပ်မဖြုတ်မိသောကြောင့် ကိုနိုင်က ရာဇာနေဝင်း လုပ်ပြန်ပြီ- ဟု မကြာခန ကျမကို စတတ်သည်။ အဲသည်လို နမော်နမဲ့ဖြစ်ရပ်မျိုးက ကျမမှာ နေ့စဉ်နဲ့အမျှ ရှိသည်ကို ဝန်ခံရမည်။

ကဲ ကျမအဖေကရော ဘယ်လို နမော်နမဲ့တွေ ရှိတတ်ပါသလဲ။

ကျမက အဖေ့ကို နင်းပေးရသည်။ အဖေ့ကို နင်းရတာက အမေ့ကို နင်းရတာနှင့်မတူ။ အမေက အသားများတော့ အဖဲ့ခံ သည်။ မတော်တဆ ခြေလိမ်ပြီးပြုတ်ကျလည်း အမေက မဖြုံ။ အဖေ့ကျ ပိန်ပိန်လေးဆိုတော့ သူ့ခြေထောက်တချောင်းလုံးက အရိုးပေါ်အရေတင်နေတာဖြစ်၍ ခြေနည်းနည်းလိမ်သွားတာနှင့် နာလို့အော်သည်။ ထို့ကြောင့် အဖေ့ကို နင်းပေးဖို့ အင်မတန် သမာဓိလိုသည်။ အတိမ်းအစောင်းမရှိအောင် စိတ်ကို စူးစိုက်ထားရ၏။

အဖေက အမေ့လို ညတိုင်းအနင်းခံတာမဟုတ်သော်လည်း စာမေးပွဲ ရာသီဆိုလျှင်တော့ အထိုင်များ၊ အညောင်းမိသဖြင့် နင်းခိုင်းတတ်သည်။ ဟိုတုန်းက အခုလို ကွန်ပြူတာနှင့် စာရိုက်ရသည်မဟုတ်၊ ကျောင်းမှာ လက်နှိပ်စက်ပင် အပိုင်မရှိခဲ့ဘူး ထင်သည်။ ထို့ကြောင့် လက်ရေး လှပသပ်ယပ်သောဆရာတွေက ဖုရောင်းစက္ကူမှာ စူးချွန်လေးနှင့်စာရေးကာ ဂက်စရင်နာ ဟုခေါ်ကြသော စာကူးလက်လှည့်စက်ကလေးနှင့် တရွက်ချင်း လှည့်ထုတ်ကြရသည်။ တကျောင်းလုံး သူငယ်တန်းကနေ ရှစ်တန်းအထိ အတန်းစုံ၊ ဘာသာစုံကို တရွက်ချင်း လှည့်ထုတ်ရသည့်အတွက် ပင်ပန်းကြသည်။ နောက်ပြီး မေးခွန်းလုံခြုံစိတ် ချရစေရန် အဖေ့ရုံးခန်းထဲမှာပဲ မေးခွန်းထုတ်ကြသည်ဟု ထင်သည်။ ဒါကြောင့် အဖေက မေးခွန်းတွေ ထုတ်ပိုးသိမ်းဆည်းပြီးမှ အိမ်ပြန်ရသည်။

အဲသည်နေ့က အဖေ တော်တော်ကြီးမှောင်မှ အိမ်ပြန်ရောက်လာသည်။ ပြီးတော့ ညောင်းသည် ဆိုသဖြင့် ကျမက နင်းပေး ရသည်။ မှောက်ကာ လှဲနေသော အဖေ့ခြေသလုံးကြွက်သား ခပ်သေးသေးပေါ်မှာ ရပ်နေရတာ ကျမအတွက် မလွယ်။ ပြောခဲ့သလိုပင် ကျမက အဖေ့ ခြေထောက်ပေါ်ကနေ လိမ်ဖဲ့ပြီး မကျစေရန် အင်မတန် အာရုံစူးစိုက်ကာ နင်းနေချိန်တွင် အဖေက အောက်ကနေ ကျောတသိမ့်သိမ့်တုန်နေသည်သောကြောင့် ကျမ စိတ်မရှည်။ နာလျှင် သူပဲ နာတယ်ပြောအုံးမယ် ဆိုကာ အဖေ့ကို ကျမက ခပ်ငေါက်ငေါက်ကလေး ဆူပြောပြောလိုက်သည်။

''အဖေ၊ သမီး ပြုတ်ကျတော့မယ်နော်။ ဘာဖြစ်နေတာလဲ။”

အဖေက အဲသည်တော့မှ ပိုပြီးအသံထွက်အောင်ရယ်တော့သည်။ ဒါနှင့် ကျမလည်း အဖေ့ခြေထောက်ကို နင်းပေးနေရာက ဆင်းပြီး အဖေ့ဘေးမှာ ငုပ်တုပ်ထိုင်နေလိုက်သည်။ အမေက ကျမတို့သားအဖကို ကြည့်သည်၊ ပြီးတော့ ဘာမပြော ညာ မပြော ရယ်နေသော အဖေ့ကိုလည်း ဘာဖြစ်နေ တာတုန်း-ဟု ကြည့်သည်။

အဖေက ရယ်နေရင်းက -

''ဒီနေ့ ကျောင်းဆင်းတော့ အေးစေတီဘက်က ဗေဒင်ဆရာ နာမည်ကြီးတယ်ဆိုတာနဲ့ သွားမေးမယ်ဆို သွားလိုက်တာ…”

ဟု အစချီသည်။ အမေက ဘာမှမပြောဘဲ ငြိမ်ပြီး နားစွင့်နေ၏။ ဗေဒင်ဆရာ ဘာပြောလိုက်သလဲပေါ့။

''အဲဒါ - ဗေဒင်ဆရာက လက္ခဏာကြည့်မယ်ဆိုလို့ လက်ကို သူ့ရှေ့ဖြန့်ပေးတော့ သူက ……

အဖေက သူ့စကားကို မဆက်နိုင်ဘဲ ရယ်နေပြန်သည်။ အတန်ကြာအောင် ရယ်ပြီးမှ

… သူက လက်ကိုကြည့်ပြီး - ဆရာကြီးရဲ့လက္ခဏာက အရမ်းကောင်းတယ်။ သောကြာဂြိုဟ်ခုံကြီးကလည်း မည်းလို့…တဲ့၊ ဟားဟား၊ ပြီးတော့မှ အဲ..အဲလေ- မောက်လို့…ဆိုပြီး ပြောတယ်။ ဟားဟားဟား….”

အဖေက စာကူးစက်ကို ကိုင်ပြီး လက်မှာ မှင်တွေပေနေတာကို ဆေးဖို့မေ့ကာ ဗေဒင်ဆရာဆီ အရမ်းနောက်ကျမှာ စိတ်စော ကာ ထွက်ခဲ့သည်။ ဗေဒင်ဆရာက သူ့ရှေ့ ဖြန့်လိုက်သော ထိုကျောင်းအုပ်၏လက်မှ မည်းပေနေသည့် အဖြစ်ကို ဘယ် လောက် ကလိကလိ ကြည့်မရဖြစ် နေခဲ့လဲ မသိ။

သောကြာဂြိုဟ်ခုံကြီးက မည်းလို့…ဟု လွှတ်ကနဲ ထွက်သွားခဲ့သည်ကို အဖေက ဗေဒင်ဆရာကို အားနည်းပြီး အောင့်ထားခဲ့ ပုံရသည်။ အိပ်ယာထဲရောက်မှ တွေးတွေးပြီး ရယ်နေတာ အတောကိုမသတ်။
0