မောင်စွမ်းရည် - ရွှေသမင်



မောင်စွမ်းရည် - ရွှေသမင်
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇



''သမင်''ကို ချစ်ခင်မြတ်နိုးတဲ့အတွက် ''ရွှေသမင်''လို့ခေါ်ကြတယ် မှတ်ပါတယ်။ ဝါညိုရောင်ရှိလို့ ရွှေသမင်လို့ခေါ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ သမင်မှတစ်ပါး တခြားသတ္တဝါလေးတွေကို ''ရွှေ'' ရှေ့ကထားပြီး အမြတ်တနိုးခေါ်ကြတာ ရှားပါတယ်။ သမင်လိုပဲ ချစ်ခင်စရာကောင်းတဲ့ ''ယုန်''ကလေးတွေကိုလည်း ''ရွှေယုန်''လို့ တင်စားခေါ်ဝေါ်လေ့ရှိပါရဲ့။ သမင်ကတော့ အမြဲတမ်း ရွှေသမင်ပါ ပဲ။

ကျွန်တော်တို့ မြန်မာစာပေနဲ့ ဗုဒ္ဓစာပေတွေထဲမှာ သမင်ဆို ဇာတ်လိုက်တစ်ကောင်ပါပဲ။ ပုံပြင်တွေထဲမှာ နံရံပန်းချီတွေထဲမှာ သမင်အမြဲပါရှိတတ်ပါတယ်။ သုဝဏ္ဏသာမဇာတ်တော်မှာ ပီဠိယကွ မင်းကြီး ''သမင်လိုက်ခန်း''ပါရှိပါတယ်။ သမင်လိုက်ရင်းက သမင် တွေနဲ့ချစ်ခင်စွာ အတူရောရောနှောရေဆိပ်မှာ ရေခပ်လေ့ရှိတဲ့ သုဝဏ္ဏသာမကို သမင်နဲ့ရောမှားပြီး မင်းကြီးကလေးနဲ့ခွင်းမိခဲ့ပါ တယ်။ ''ရွှေလိုဝင်းတဲ့ မင်းသုဝဏ်ကို စိန်ချွန်တော်''စသဖြင့် စာဆို တော်ကို ဦးပုညက စာဖွဲ့ခဲ့ဖူးသတဲ့။ အဲဒါကိုယူပြီး ကဗျာစာဆိုကြီးတဦးက သူရဲ့ကလောင်အမည်ကို ''မင်းသုဝဏ်''လို့ခံယူခဲ့ပါသတဲ့။

ရှေးခေတ်က မင်းညီမင်းသားများ တောလိုက်ကြတယ်ဆိုတာ သမင်လိုက်ကြတာများပါတယ်။ သားကောင်ကတော့သမင်ပါပဲ။ ''ရာမလက္ခဏာဇာတ်''မှာလည်း သမင်လိုက်ခန်းပါရှိပါတယ်။ သမင် ကလေးများဟာ အလိုက်ခံရတဲ့အခန်းကချည်း ပါရှိခဲ့ရရှာပါတယ်။ ရာမလက္ခဏာညီနောင်တို့နဲ့ ရင်ဆိုင်ရတဲ့ ''ဂုန်းရုပ်''က ဒသဂီရိ ဘီလူးကြီးပါ။ ဘီလူးကြီးဟာ မုန်းစရာဖြစ်ပြီး ရာမလက္ခဏာကို ညီနှင့်အကိုဟာ ချစ်စရာပါ။ ဒါပေမဲ့ ကြားကအလိုက်ခံရတဲ့ သမင်လေးများဆိုတာက ''သနားစရာ''ပါ။ သမင်အတုပဲဖြစ်ဖြစ် သမင်အစစ် ပဲဖြစ်ဖြစ်။ အလိုက်ခံရ၊ ပြေးရလွှားရရှာလို့ သနာစရာကောင်းတာကတော့ သမင်လေးတွေပါပဲ။ ဒသဂီရီက သမင်ယောင်ဆောင် တယ်ဆိုဦးတော့ ''သမင်''ဆိုရင် သနားရတော့တာ။

ကျွန်တော်တို့ ဗမာပြည်ရဲ့ မြို့ပြကျေးရွာလူနေတဲ့ ပတ်ဝန်းကျင်မှာ သမင်မြင်ရခဲရပါတယ်။ တောတွေကလည်းအုပ်စိုးသူ အဆက်ဆက်ရောင်းစားခဲ့ကြတာများလို့ သစ်တောတွေပြုန်းပြီး လူသူနီးရာ ပတ်ဝန်းကျင်တောကြီးမြိုင်ကြီးရယ်လို့ သိပ်မရှိပါ။ တော ကြီးမြိုင်ကြီးမရှိတော့ သမင်လေးတွေလည်း မြင်ရတွေ့ရဖို့ အလွန် ခံယဉ်းပါတယ်။ မြင်ရင်လည်းလူတွေက လိုက်လံဖမ်းဆီသတ်ဖြတ် ကြတာမို့ လူနားသူနာမှာ သမင်ရှိဖို့မလွယ်ပါ။ လူတွေမွေးတဲ့ ကြက်၊ ဘဲတွေကို လာဆွဲတတ်တဲ့ ခွေးအ လို အကောင်တွေပဲ ရှိတတ်ပါ တယ်။

ကျွန်တော်ပြည်ပကို လွန်ခဲ့တဲ့ ၁၄-၅ နှစ်က ထွက်လာတော့ ဥရောပကို အရင်ဝင်ပါတယ်။ ပထမဆုံးသတိထားမိတာက ခိုအုပ်ကြီး တွေပါ။ ပြတိုက်ရင်ပြင်လိုနေရာတွေမှာ ခိုအုပ်ကြီးတွေ ကျနေလိုက်တာ ကလေးပေါက်စတွေကလည် အပျော်လာပြီး မနှောင့်ယှက်ကြပါ။ ကာလသားတွေလည်း လေးခွနဲ့၊ လေသေနတ်နဲ့ပစ်ခတ်ကြ တာမျိုး (ဗမာပြည်မှာလို) မတွေ့မမြင်ရပါ။ အမေရိကားကို ရောက် ပြန်တော့လည်း ခိုအုပ်တွေကျနေရင်လူတွေက ဘာမှမနှောင့်ယှက် ကြပါ။ ကျွန်တော်ရောက်စက အမေရိကန်ပြည် ဝါရှင်တန်မြို့မှာပါ။ သူငယ်ချင်းတင်မိုးက အင်ဒီယားနားပြည်နယ်ဖို့တ်ဝိန်းမြို့မှာ အတူနေကြရအောင်ခေါ်လို့ နောက်မှ ဖို့တ်ဝန်းမြို့ကို ရောက်သွား ရတာပါ။ ဝါရှင်တန်မှ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မိုးသီးဇွန်၊ အောင်ဒင်၊ အောင်သူငြိမ်းတို့ ရဲသုံးဖော်နေကြတဲ့ အိမ်ရှိပါတယ်။ ကျောင်းသားညီလာခံတွေ၊ အစည်းအဝေးတွေက ဝါရှင်တန်မြို့ကြီးမှာပဲ လုပ်တတ်ပါတယ်။ ဒါကြောင့် ဝါရှင်တန်ကို အစည်းအဝေးလာရင်း ရဲသုံးဖော်တို့စုရပ်မှာ သွားရောက်တည်းခို ကြတော့ အောင်စောဦးတို့ ကိုရဲတို့နဲ့လည်း ဆုံရပါတယ်။ အတူ ချက်ပြုတ်စားသောက်ကြပါတယ်။

တစ်ခါတော့ နှင်းခဲတွေဒူးဆစ်လောက်ထိ ကျလာကြုံရလို့ တော်တော်အပြင်မထွက်နိုင်ပါဘူး။ နှင်းစဲမှ အပြင်ထွက်မယ်လို့ လုပ်တော့ ကိုရဲက လိုက်ပို့ပါတယ်။ ဟိုမော့သည်မော့နဲ့ကြည့်ရင်း သူတို့အနီးက တောင်ကုန်းခင်တန်းလေးပေါ်မှာ လှုပ်ခနဲ သတ္တဝါ တစ်ကောင်ကို မြင်လိုက်မိလို့ စူးစိုက်ကြည့်လိုက်မိတော့ သမင်လေး တစ်ကောင်။ တအံ့တသြနဲ့ ငေးကြည့်မိပါတယ်။ အမေရိကားမှာ သမင်လေးတွေကို မပစ်ရဘူး။ ပစ်ခတ်လေ့မရှိဘူး။ ဘယ်နေရာမှာ မဆို မြို့ပြပတ်ဝန်းကျင်မှာ သမင်လေးတွေကို အမဲလိုက်လေ့မရှိ ဘူးတဲ့။ ကောင်းလိုက်တာ။

အသံလွှင်တဲ့ဇနီးမောင်နှံ ကိုတင်အောင်ခိုင်နဲ့၊ မာမာ (ခင်မာသက်)တို့ကို ရေဒီယိုနားထောင်လေ့ရှိသူတွေ ကြားဖူးနေကြမှာပါ။ သူတို့အိမ် အမေရိကားရောက်စကတည်းက ကျွန်တော်တည်းခိုး စားသောက်လေ့ရှိပါတယ်။ ခု သူတို့အိမ်ကြီးရာခိုင်နဲ့ဖြစ်နေပြီ။ ဝယ်ထားတာပါ။ ခြံကြီးကလည်း အကျယ်ကြီးပဲ။ ခြံနောက်ထဲကို အမှတ်တမဲ့ ထွက်ကြည့်တော့ မြင်းတို့ နွားတို့ မွေးထားသလားလို့ တောင် ထင်လိုက်မိတာ။ ဒါပေမဲ့ အသိသာကြီး ''နဂိုဖိုင့်ဖိုင့်၊ ချိုဝိုင့်ဝိုင့်နဲ့ ဂနိုင့်ကျက်သရေ''လေးတစ်ကောင်ပါ။ ရွှေသမင်လေးပါ။ သူကလည်း မြက်ပင်လေးတွေကို ဝင်စားနေတာပါ။ ကျွန်တော့်ကို မြင်ပေ မဲ့ လူတွေက သူ့ကိုအန္တရာယ်မပြုမှန်းသိနေလို့ အလန့်တကြားမဖြစ် ပါ။ ကျွန်တော်လည်း လှလွန်းလို့ ငေးမောကြည့်နေမိပါတယ်။ မာမာတို့က ''ဒီလိုပဲလာနေကျ''တဲ့။ သူ့သမီးက ကဗျာဆရာမလေး ရွှေသမင်ကဗျာလေးများ ဖွဲ့ဆိုထားလေမလားမသိ။ ကျွန်တော့် အဖို့တော့ ဝါရှင်တန်မြို့တော်ကြီးထဲမှာ သမင်မြင်ဖူးတာ နှစ်ခိရှာ နှစ်ခါရှိပေါ့လို့ ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင်ထားလိုက်မိပါ တယ်။ ဓာတ်ပုံရိုက်လေ့မရှိလို့ အဲဒီတုန်းက ရွှေသမင်လေးကို ဓာတ်ပုံရိုက်မထားလိုက်ရပါ။ ဒီနေ့ အောက်တိုဘာ ၂၂ မှာပဲ မေရီလင်းဘက်က သူ့အိမ်ခြံဝင်းထဲမှာ သမင်လေးကောင် လှုပ်လှုပ်ရှားရှား သွားလာနေပုံကို တင်ထားတွေ့ရတော့ တွေ့ဖူးသမျှ အများဆုံးဖြစ် နေပါတယ်။

နယူးဂျာစီဘက်မှာ ဦးမြင့်မောင်၊ ဒေါ်အုန်းကြင် (မန်း တက္ကသိုလ်ကျောင်းသူဟောင်း) တို့အိမ်ရဲ့ နောက်ကျောဘက်မှာ အိမ် မရှိပါ။ သစ်တောပဲရှိပါတယ်။ ဘူးပင်၊ ခဝဲပင်တွေ၊ ခရမ်းချည် ပင်၊ ငရုတ်ပင်လေးတွေ စိုက်ထားလေ့ရှိပါတယ်။ တစ်ခါတော့ သူတို့ အိမ်နောက်ဘက်မှာ သမင်တစ်ကောင်ကို ရိပ်ခနဲမြင်လိုက်ရပါ တယ်။ ဒေါ်အန်းကြင်က ''ဒီလိုပဲ သမင်လေးတွေလာတတ်တယ်။ တစ်ခါတစ်ခါ ဘူးပင်၊ ခဝဲပင်လေးတွေကိုပါ ဝင်ဆွဲစားသွားတတ် တယ်တဲ့။ အော်ဘာနီနားက ဒေါက်တာကျော်ကျော်ဝင်း၊ မအမာကြည်(ရွှေမန်းသူ၊ ရွှေခြေကျင်းမယ်) တို့ရဲ့ အိမ်နောက်ကျောဘက် ကလည်း တောနဲ့တောင်နဲ့။ သမင်နဲ့ပါပဲ။ ဒါတွေက အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့များဒေသခေါ်မှာပေါ့။

 ဆန်ဖရန်ဆစ္စကို လော့စ်အိန်ဂျဲလိစ်ဆိုတာတွေကတော့ အမေရိကန်ပြည်ထောင်စု ရဲ့ ''အနောက်ဖျား'' ဒေသခေါ်မှာပေါ့။ ဆန်ဖရန်ဆစ္စကိုသွားရင် ကိုယ့်သားသမီးလိုနေတဲ့ မိုးမခမောင်ရွှေရစ်တို့အိမ်မှာပဲ တည်းခို လေ့ရှိပါတယ်။ သူ့အိမ်ရဲ့နောက်မှာ တောင်တန်းလေးရှိလို့ တော ထဲတောင်ထဲရောက်နေရသလိုပါပဲ။ ကျွန်တော်က မြွေပါးကင်းပါးကို ကြောက်တတ်ပါတယ်။ ဒါပေမဲ့ အမေရိကန်မြို့ရွာပတ်ဝန်းကျင် မှာ မြွေနဲ့တူတာဆိုလို့ တီကောင်တောင် မတွေ့ရဖူးပါ။ ဗမာပြည် မှာတော့ မိန်းမတွေက ကျိန်ဆဲရင်တောင် ''ဟဲ့...မြွေပွေးကိုက်'' လို့ ကျိန်ဆဲတတ်တာ မဟုတ်လား။ ကြားရုံနဲ့ ကြက်သီးမွေးညင်း ထမိ ပါရဲ့။ အိမ်နဲ့သိပ်ကပ်နေတဲ့ တောတန်း၊ တောင်ကုန်းလေးမို့ ကြောက်ကြောက်နဲ့ မော့ကြည့်လိုက်တော့ ''အလိုလှလိုက်တာ နဂိုပုံ့ပုံ့၊ ချိုစုံ့စုံ့နဲ့၊ ရမဂုံ့ကျက်သရေ ရွှေသမင်လေးပါလား။ ဟယ် ဟိုမှာလည်း တစ်ကောင်၊ ဒီမှာလည်း တစ်ကောင် နှစ်ကောင် တောင်မှ ပါလား'' ဆိုတော့ ကိုမောင်ရစ်က ၃-၄ ကောင်တောင်ရှိတယ်ဆိုပဲ။ ရွှေသမင်လေးများဟာ လူမြင်လို့ထွက်မပြေးတဲ့အပြင် အနိမ့်ပိုင်း တောင်ဆင်းလာပြီး မြက်ကလေးတွေစားလာကြသေး။ သြော် မြို့ကြီး၊ ပြကြီး၊ နိုင်ငံကြီးတို့ရဲ့ ဂုဏ်ကျက်သရေတစ်မျိုးပါလားလို့ တွေးတောမိပြီး တစိမ့်စိမ့်နဲ့ ငေးမောပြီး ပီတိဖြစ်နေမိပါတယ်။

အမေရိကားမှာ လှမ်းဘေးကပန်းပင်၊ အသီးပင်များကိုလည်း စည်းမဲ့ကမ်းမဲ့ ခူးဆွတ်လေ့မရှိပါ။ ခိုလေး၊ စာကလေးတွေကိုလည်း လေးခွနဲ့မပစ်ကြပါ။ ဘယ်လောက်ကြာအောင် ပြုစုပျိုးထောင်လာ ရတဲ့ ဓလေ့ထုံးစုံ (ယဉ်ကျေးမှု)လည်းမသိပါ။ ကောင်းလိုက်တဲ့ လူ့ယဉ်ကျေးမှုပါ။ လူနဲ့ပတ်ဝန်းကျင်တို့ရဲ့ ''အညမည''အမျိုးပါပဲ။ ကျွန်တော်တို့ ဗမာပြည်မှာ ကျွန်တော်နေခဲ့တဲ့ ဝဂ္ဂီရပ်ကွက်ဆိုတာ ကြံတောသုဿန်နဲ့နီးပါတယ်။ အဲဒီနားကသစ်ပင်ချုံဖုတ်တွေမှာ စာကလေးတွေ၊ ပုတ်သင်လေးတွေကစပြီး ကလေးတွေဟာ မစား မသောက်ရဘဲ လက်တဲ့စမ်းကြပုံကို ကျွန်တော်ဆောင်းပါးရေးခဲ့ဖူး ပါတယ်။ တကယ်တော့ သစ်ပင်ပန်းပင်များကို စည်းကမ်းမဲ့ချိုးဖဲ့ တာတို့၊ ပုတ်သင်လေးတွေ၊ တောက်တဲ့လေးတွေကို မစားရဘဲ လက်တဲ့စမ်း၊ ပစ်တ်သတ်ဖြတ်တာတို့ဟာ အတော့်ကိုပြုပြင်ယူရမယ့် ဒို့မာတွေပါကလားလို့ စဉ်းစားရင်း ရင်လေးခဲ့ရပါတယ်။

တကယ်တော့ ကျွန်တော်တို့ ရွှေဗမာတွေဟာ ဘုရားစောင်း တန်းပန်းချီတွေ၊ ဘုရားနံရံပန်းချီတွေမှာ မိဂဒါဝုန်တော၊ မိဂသမ္မတာ မြစ်ကမ်းဆိုတဲ့ ရုပ်ပုံတွေ၊ စကားလုံးတွေနဲ့ ယဉ်ပါးကြီးပြင်းလာခဲ့ ကြသူတွေဖြစ်ပါတယ်။ ဗုဒ္ဓဝင်မှာ ဇာတကပုံပြင်တွေမှာ သမင်မပါ တာ ရှားပါတယ်။ တောရဲ့အလှတစ်ပါးဟာ သမင်ပါပဲ။ ''သမင့် မျက်လုံး''ဆိုတာ မိန်းမလှဖွဲ့ အလင်္ကာတစ်ပါးမဟုတ်ပါလား။ သမင် လေးတွေကို ချစ်တတ်ခြင်းဟာ လူ့ယဉ်ကျေးမှုရဲ့ အဆင့်မြင့်လက္ခ ဏာတစ်ရပ်ပါကလား။

ဒို့ဗမာကလေးများ၊ နောင်လာနောင်သားများဟာ သစ်ပင် ပန်းပင်လေးများနဲ့၊ သမင်လေးယုန်လေးများကို လေးခွနဲ့ လေသနတ် လက်တဲ့စမ်းစရာလို့ မမြင်ကြဘဲ ချစ်ခင်စရာ အဖော်အပေါင်းလေး များပါကလားလို့ မြင်တတ်၊ ခင်တတ်၊ ကြင်နာတတ်ကြပါစေ သတည်း။

မောင်စွမ်းရည်
၂၊ အောက်တိုဘာ၊ ၂ဝ၁၅
0