ကျော်ထင် ● ကြေးဖလားနံ့ အလွမ်းဖြန့်ဝေသီ

ကျော်ထင် ● ကြေးဖလားနံ့ အလွမ်းဖြန့်ဝေသီ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၇

(၁)
အိပ်မက်တွေမက်တိုင်း ရေနံရောင်ဝနေတဲ့အိမ်ကြီးဟာ ပါစမြဲပါပဲ။ ဒီအိမ်ကြီး မပါဘဲနဲ့ အိပ်မက်ရယ်လို့ မဖြစ်ဘူးလေ။ ဒါ ကလည်း တမျိုးထူးဆန်းတာပဲ။ အစွဲအလန်းကြောင့်ပဲလား၊ ငယ်စိတ်နဲ့ ခင်တွယ်မိတာကြောင့်ပဲလား။ ဘယ်လိုမျိုးလဲတော့ ပြောမပြတတ်ပါဘူး။ သေချာတာကတော့ အိပ်မက်မက်လို့ အဲ့ဒီ့အိပ်မက်ရဲ့ဇာတ်ဝင်ခန်းမှာ အိမ်တလုံးပါပြီဆို ရေနံရောင်ဝ နေတဲ့ အိမ်မည်းညိုကြီးပဲ။ အိမ်မည်းညိုကြီးလို့ဆိုလိုက်ပေမယ့် အိမ်တလုံးလုံး မက်တဲ့ထဲ ပါတာမဟုတ်ပါဘူး။

အဲ့ဒီ့ အိမ်မည်းညိုကြီးမှာ နှစ်နှစ်သားကနေ နေထိုင်လာခဲ့တာ ဆယ့်သုံးနှစ်သားထိပါပဲ။ ဆယ်စုနှစ်တခု ကျော်ကျော်ပေါ့။ သိပ်ပျော်ဖို့ကောင်းတယ်။ ခြံဝိုင်းအကျယ်ကြီးထဲက ရှည်တံရှည်တထပ်အိမ်ကြီး။ အိမ်ကို ရှေ့တိုးဆောက်ထားတာ။ ရှေ့တိုး ဆောက်ထားတာဆိုပေမယ့် ခြံစည်းရိုးနဲ့ကပ်လောက်အောင်တော့ တိုးမထားပါဘူး။ အိမ်ရှေ့ ခေါင်းရင်းထောင့်မှာ အုတ်ရေ တွင်းတလုံးတူးထားနိုင်တယ်။ ကပ်လျက်မှာ ဝါးရုံပင်တွေပေါက်နေတယ်။ အိမ်ရှေ့တည့်တည့်ကြီးမှာတော့ ကျောက်ခက်ပင် ရှိတယ်။ ဂမုန်းပင်တွေလည်း စိုက်ထားသေးတယ်။ အခင်းလိုက်ပဲ။

စက်သီးနဲ့ရေငင်ပုံးတပ်ထားတဲ့ရေတွင်းထဲကရေဟာ နွေဆိုအေးပြီး ဆောင်းဆို နွေးနေတတ်တယ်။ မိုးရာသီမှာတော့ ရေက ပုံမှန်ပါပဲ။ နွေမှာအေးတယ်ဆိုပေမယ့် တန်ခူးရေကုန်၊ ကဆုန်ရေခမ်းဆိုတဲ့ ရှေးရေးကိုတော့ မပစ်ပယ်ပါဘူး။ သူလည်းလေ လောကီသားပေပဲ။ အသုံးများတော့ ကုန်တော့၊ ခမ်းတော့မှာပေါ့။

ခြံနောက်ပိုင်းမှာက အကျယ်ကြီးရယ်။ သရက်ပင်၊ မာလကာပင်၊ လိုင်းမကြူးပင်၊ ရှောက်ပင်နဲ့ဇီဇဝါပင်တွေ ရှိတယ်။ ခေါင်း ရင်းမှာက သကြားပင်၊ မရမ်းပင်နဲ့ သရက်ပင်အပါအဝင် ကွမ်းသီးပင် နှစ်ပင်ပေါက်နေတယ်။ ကွမ်းသီးပင်ပေါ်မှာ စာဘုန်းကြီး လေးတွေ အသိုက်ဆောက်နေတာ တွေ့ရတယ်။ အိမ်ရဲ့ခြေရင်းမှာ ရွဲယိုပင်၊ အုန်းပင်၊ သြဇာပင်တွေက မင်းမူနေတာပေါ့။ ကန်စွန်းဥရတဲ့ကန်စွန်းခင်း တခင်းကိုလည်း အဲ့ဒီ့ခြေရင်းမှာပဲ ဖိုးဖိုးက စိုက်ထားသေးတာ။ ရေချိုးခန်းကရေတွေကိုတောင် အဲ့ဒီ့ကန်စွန်းခင်းထဲ စီးဝင်အောင် မြောင်းလေးပါ တူးထားသေးတယ်။

ပဲမြစ်စားရမယ့် ပဲစောင်းလျားပင်ကိုကျတော့ ခြံရဲ့အနောက်ဘက်ထောင့်မှာ သရက်ပင်ပေါ်တက်ဟဲ့ဆိုပြီး စိုက်ထားသလား မပြောတတ်ဘူး။ သရက်ရွက်တွေကြား တွဲရွဲကျနေတဲ့ ပဲစောင်းလျားသီးတွေကို ခူးရတာ မပျင်းသလို၊ သရက်ပင်အောက်မှာ ပဲမြစ်တူး ရတာလည်း ပျော်ဖို့သိပ်ကောင်းတယ်။ အဲ့ဒီ့သရက်ပင်မှာပဲ နွေပဲသီးပင်လည်း နွယ်တက်နေတယ်။ သရက်ပင်ကြီးက ဝန်သုံးဝန်ကို ထမ်းထားနေရတာပေါ့။ သူ့သရက်သီးအတွက်ကော၊ ပဲစောင်းလျားသီးကော၊ နွေပဲသီးအတွက်ကောလေ။

အပင်တွေအားလုံး တပင်နဲ့တပင် ယှက်နေလို့ မာလကာပင်ပေါ်တက်ပေမယ့်လည်း သရက်ပင်ပေါ် ရောက်သွားတတ်တယ်။ အဲ့ဒီ့ထဲကမှ ခေါင်းရင်းက မာလကာပင်ကြီးပေါ်တော့ အတက်အများဆုံးပဲ။ အဲ့ဒီ့အပင်ကနေတက်လိုက်ရင် ဘေးနှစ်ဘက်မှာ ရှိတဲ့ သရက်ပင်ပေါ်လည်း ရောက်နိုင်တယ်။ အထူးသဖြင့် အိမ်ခေါင်မိုးပေါ် တက်နိုင်တာကို ပိုပြီးသဘောကျတယ်။ စာမေးပွဲ နီးလာလို့ စာကျက်မယ်ဆိုရင် အဲ့ဒီ့ခေါင်းမိုးပေါ် တက်ကျက်တာ။ သွပ်တွေကလည်း မာပါ့။ ခုခေတ် သွပ်တွေလို မဟုတ်ဘူး။ သွပ်မိုးပေါ်မှာ ပက်လက်လှန်ကျက်ချင်ကျက်၊ ထိုင်ကျက်ချင် ကျက်နဲ့။ စာကျက်ရင်းလည်း ကြွက်တွေစားထားတဲ့ အစာ ဟောင်းတွေကို ခေါင်းမိုးပေါ်ကနေ လှဲချနိုင်သေးတယ်။

မောတော့၊ ပျင်းတော့ မာလကာသီးတွေ ခူးစားပေါ့။ လိုင်းမကြူးတွေမှည့်နေရင်တော့ လိုင်းမကြူးသီးကို ထက်ခြမ်းခွဲ ဆား ဖြူးပြီး လက်ညှိုးနဲ့ထိုးကော်စားတတ်တယ်။ ချဉ်တလှည့်၊ ငန်တလှည့်၊ ရှုံ့တလှည့်၊ ပြုံးတလှည့်ပါပဲ။ တခါတခါ အညာက ထန်းလျက် ခဲမည်းမည်းတွေကို စက္ကူခေါက်ထဲထည့်၊ ငရုပ်ကျည်ပွေ့နဲ့ထုထောင်းပြီး လိုင်းမကြူးမှည့်တွေနဲ့ ရောစားတာ။ ခုခေတ် ပင်မှည့်အချိုရည်ကိုတော့ သနားတယ်။

(၂)

အိမ်နောက်က ခြံစည်းရိုးက နှစ်တောင်လောက်အုတ်ခုံပေါ်မှာ ၂-၁ ပျဉ်ချောင်းတွေနဲ့ကာထားတာ။ ပျဉ်းက တိုးသားတွေဆို တော့ မာချက်ကတော့ လန်ထွက်ပဲ။ nine လောက်ရှိမယ်။ ပျဉ်တချောင်းနှစ်ချောင်းပြုတ်နေတာ ရှိတယ်။ သံဆွေးပြီးပြုတ် နေတာ။ သစ်သားက မဆွေးဘူး။ ဒီအတိုင်းပဲ။ အဖေက အဲ့ဒါကို ပြန်ရိုက်တာ။ ရိုက်မရဘူး။ သံတွေပဲ ကောက်ကောက်ကုန်လို့ ခက်နေတယ်။ သစ်သားမှာ တိုးသျှိုမပေါက်ဘူး။ အဖေက စိတ်မရှည်တော့ နောက်ဆုံး သွပ်နန်းကြိုးနဲ့တုပ်ထားလိုက်တယ်။ အဖေ သံမရိုက်တတ်တာလည်း ပါချင် ပါမှာပေါ့။

အဲ့ဒီ့ခြံစည်းရိုးချောင်းလေးနှစ်ချောင်းက ကျနော့်အတွက်တော့ ကျေးဇူးပြုတာပါပဲ။ အဲ့ဒါကို ဖြဲထွက်ပြီး အိမ်နောက်က သူငယ် ချင်းတွေဆီ သွားတယ်။ ခြံစည်းရိုးကျော်လိုက်ရင်း လမ်းလေး။ နောက်လမ်းလို့ လွယ်လွယ်ခေါ်လိုက်ကြတာပဲ။ တကယ် ကတော့ အရပ်မျက်နှာအရဆိုရင် တောင်ဘက်မှာ ရှိတာ။ လမ်းလေးက မိုးရွာရင်တော့ ချောင်းဖြစ်သွားတာပဲ။ တောင်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ တောင်ကုန်းတွေက စီးစင်းလာတဲ့ရေတွေကို ခေါ်ထုတ်သွားတဲ့ ချောင်းရိုးလေးပေါ့။

မြောက်ဘက်က တောင်ကုန်းပေါ်မှာဆို ဗိုလ်တဲတလုံးရှိတယ်။ တောင်းကုန်းက အရှေ့အနောက် အတန်းလိုက်ကို အရှည် ကြီး ပဲ။ တောင်ကုန်းရိုးပေါ်မှာကိုပဲ ရဲဝန်ထမ်းအိမ်ရာတွေ ရှိတယ်။ ကုန်းရိုးရဲ့အရှေ့ ဖျားအစမှာ မြို့တည်စေတီ ဘုရားကိုးဆူ။ အနောက်ဘက်အကျဆုံးမှာက သစ်အရောင်းစက်ရှိတယ်။ ပြီးတော့ ဆက်သွယ်ရေးရုံး။ လှိုင်းဖမ်းတိုင်မြင့်ကြီး။ ဒီဘက်မှာက ပြည်သူ့ဆေးရုံနဲ့ သူ့ဝန်ထမ်းအိမ်ရာတွေ။ လမ်းလေးတခုခြားလိုက်ရင် မြေကြေးရှင်းဝန်းကြီး။ အလယ်လောက်မှာက စာ တိုက်နဲ့ ကြေးနန်းရုံးအိမ်ရာ။

တောင်ဘက်မှာက ရဲဝန်ထမ်းအိမ်ရာတွေ ရှိတဲ့ကုန်းရိုး။ ဒီတောင်ကုန်းလည်း အရှေ့နဲ့အနောက် သွယ်တန်းနေတာပါပဲ။ ရဲ ဝန်ထမ်းအိမ်ရာတွေရဲ့အရှေ့ဘက်မှာ လောကရန်နှိမ်စေတီ ရှိတယ်။ ကိုးခမ်းကြီးရုပ်ပွားတဆူရှိတယ်။ အနောက်ဘက်မှာက သစ်ထုတ်လုပ်ရေးရုံးနဲ့သူ့ဝန်ထမ်းအိမ်ရာတွေ တတန်းကြီးပဲ။

ဒီလိုဆိုတော့ ကျနော်တို့အိမ်တန်းတွေဟာ မြောင်ထဲမှာ ရှိနေတာ။ တောင်နဲ့မြောက်မှာက ခင်တန်းဆိုတဲ့ ကုန်းရိုးတွေကိုး။ အနောက်ဘက်အိမ်တွေကလည်း တဖြည်းဖြည်းမြင့်တက်သွားတာ။ ကျနော်တို့လမ်းတဖြတ်မှာ အိမ်ကိုးလုံးရှိတယ်။ အဲ့ဒီ့ အိမ်ကိုးလုံးထဲမှာ ကျနော်တို့ခြံဝိုင်းက အနိမ့်ဆုံး။ မိုးတွင်းဆို လူကြီးတွေကတော့ စိတ်ညစ်ကြတယ်။ ကျနော်တို့ကတော့ ပျော်တာပဲ။ အိမ်အောက်ထဲ ၀ပ်နေတဲ့ ရေတွေနဲ့ဆော့ရတာဟာ ခုခေတ်ကလေးတွေဆော့နေတဲ့ ရေလွှာလျှောစီးတို့ ၊water city တို့၊ water part တို့ဆိုတာတွေထက် ပိုမပျော်ရင်တောင် မလျော့ဘူးလို့ထင်မိတယ်။

ခြေသလုံးလောက်နစ်တဲ့ ရေဝါဝါတွေကို ပင်လယ်ဝါဆိုပြီး မြေကြီးကိုလက်ထောက်ကူးကြတာ။ အိမ်က သိရင်တော့ ဆူတာ ပေါ့။ အလစ်ကူးကြတာ။ ရေချိုးဆင်းရင် နောက်ဖေးလှေကားကဆင်း၊ အိမ်အောက်ကိုဖြတ်ပြီးမှ အိမ်ရှေ့က ရေတွင်းဆီ သွားကြတာ။ ပင်လယ်ဝါကြီးထဲမှာ ဆော့ချင်လို့။ အိမ်ရှေ့ မှာက မြင့်လို့ ရေမဝပ်ဘူး။ အိမ်အလယ်လောက်ကစပြီး ရေဝပ်တာ။ ဒီတော့ နောက်ဖေး လှေကားကဆင်းရင် ပင်လယ်ဝါကို အိမ်အောက်ထဲကနေ ဖြတ်ရပြီ။ အမေ့အလစ် တဝုန်းဝုန်းကူးပေါ့။ မြေကြီးကို လက်ထောက်ယက်ပြီး ညီအစ်ကိုနှစ်ယောက် ရေကူးပြိုင်ကြတာ။

ဟဲ့-ဟဲ့ ဝဲတွေ ပေါက်ကုန်တော့မှာပဲဆိုတဲ့ အမေ့အသံကြားတော့မှ ချော်လဲသလိုလိုနဲ့ ရူးချင်ဟန်ဆောင်ကြတာ။ ရေက တပိဿာကျော်ရင် သန့်တယ်ဆိုတာကိုး။ ကျနော်တို့ပျော်မယ့် ရေတွေကျမှ ဝဲပေါက်မယ် ပြောနေတယ်။ ကျနော်တို့ကတော့ ဝဲပေါက်ပေါက်၊ မပေါက်ပေါက်၊ ညစ်ပတ်ပတ်၊ မညဟ်ပတ်ပတ် လစ်ရင်လစ်သလို ရေထဲဆင်းတာပဲ။ ဆော့တာပဲ။ အဲ့ဒီလို လုပ်တာကို အတန်းထဲရောက် တော့ ရေကူးတတ်တယ် ပြောကြတာ။

(၃)
အိမ်မည်းညိုကြီးက ခြေတံရှည်တထပ်တည်းကို အကျယ်ကြီးဆောက်ထားတာ။ ဂျပြင် (ကြမ်းပြင်) ကတင် ၇ ပေ၊ ပေ ၅၀ လောက်ရှိတယ်။ ပြီးရင် ဧည့်ခန်း။ ဧည့်ခန်းက ၃၀ ပတ်လည်လောက်ရှိမယ်။ အိပ်ခန်းတွေ ဝန်းပတ်ပြီး ဂျပြင်ဘက် တဖက် တည်း တံခါးမကြီးနှစ်ခုနဲ့ ဖွင့်ထားတယ်။ ကျန်တဲ့သုံးဘက်စလုံး အိပ်ခန်းတွေနဲ့ပိတ်ထားတယ်။

ခေါင်းရင်းမှာ တခန်း။ ဘိုးဘိုးအိပ်တယ်။ ဘိုးဘိုး ခြေရင်းတခန်းက ကျနော်အိပ်တယ်။ ကျနော့်ခြေရင်းမှာ မီးဖိုခန်း။ မီဖိုခန်းကို တောင်နဲ့မြောက်ခွပြီး ရေချိုးခန်း၊ ရေသွန်နဲ့ ထမင်းစားခန်းက နေရာယူထားတယ်။ ရေချိုးခန်း၊ ရေသွန်က မီးဖိုခန်းရဲ့ တောင် ဘက်။ ကြားထဲမှာ နောက်ဖေးလှေကားတစင်း တပ်ထားတယ်။ မြောက်ဘက်မှာကတော့ အဖေအမေတို့အခန်း။

အိမ်ကတော့ ကျနော်တို့အတွက်  တကယ့်ကို နေချင့်စရာအကောင်းဆုံးပါ။ ပျော်စရာတွေ အပေးနိုင်ဆုံးပဲ။ ဒါပေမဲ့ ဒီအိမ်မှာ ဆယ်စုနှစ် တစုကျော်ရုံလေးပဲ နေခွင့်ရခဲ့တယ်။ အဲ့နောက်ပိုင်း ခုထက်ထိ နေခွင့်မရတော့ပါဘူး။ အိမ်မည်းညိုကြီးကို အဖေ့ တဦးတည်းရဲ့ဆန္ဒနဲ့ ရောင်းပစ်လိုက်တာ။ အဲ့ဒီ့ကာလ ၁၉၈၄ မှာ ငွေငါးသောင်း နဲ့ရောင်းပစ်ခဲ့တယ်။ အဖေ့မိတ်ဆွေရင်း တွေကတော့ အရမ်းနည်းတယ် ပြောကြတယ်။

မရောင်းခင် အရင်ဦးဆုံး ငှားစားလိုက်ပါသေးတယ်။ ငှားထားတဲ့ကာလ သရက်သီးတွေမှည့်ချိန်မှာ အိမ်ကိုသွားပြီး သရက်သီး တွေခူးဖို့ ကျနော်လုပ်တာ။ အိမ်ငှားတွေက ဘယ်ကကလေးလဲ၊ ခြံထဲဝင်လာတယ်ဆိုပြီး ပြောလွှတ်တယ်။ သူတို့က အဖေ့ကို သာသိတာ။ အမေနဲ့ ကျနော်တို့ကို မသိကြဘူး။ ဘယ်က ကလေးလဲ၊ ခြံထဲဝင်လာတယ်ဆိုတဲ့ စကားလုံးတွေကို ကျနော် ပြန်ပြီး မတုံ့ပြန်ပါဘူး။ အိမ်ဘေးက သူငယ်ချင်းနန်းသိမ်းက သူက ဒီအိမ်ရှင်တွေရဲ့သားဆိုလိုက်မှ  အော်-အေး-အေး ဖြစ်သွား တာ။

ကိုယ့်ခြံ၊ကိုယ့်အိမ်ဆီလာတဲ့ကလေးကို ဘယ်ကကလေးလဲလို့ အမေးခံရတာကို ကျနော် တော်တော်ရှက်တယ်။ တော်တော် လည်း ခါးသီးခဲ့တယ်။ ကိုယ့်အိမ်၊ ကိုယ်အိုးမှာ တည်တည်ငြိမ်ငြိမ်မနေနိုင်ဘဲ အိမ်ငှားစားရတဲ့ဘဝတွေကိုလည်း နာကျင်မိ တယ်။ ကိုယ်ပိုင် အိမ်ကိုငှားပြီး အပြင်ဝင်ငွေရှာစားရတဲ့စနစ်တွေ ခေတ်တွေကိုလည်း စိတ်ကုန်မိတယ်။

အဲ့ဒီလို အမေးခံရပြီးကတည်းက အိမ်ဘက်ကို ကျနော်ခြေမချဖြစ်တော့ပါဘူး။ အဆက်အသွယ်ဖြတ်လိုက်တယ်။ အဆက်အ သွယ်မပြတ်တာက အိပ်မက်တွေပါ။ ကျနော် မက်လေ့မက်ထရှိတဲ့ အိပ်မက်တွေပါ။ အိပ်မက်ကလည်း မက်ခဲပါတယ်။ ဒါပေမဲ့ အိပ်မက် မက်ပြီဆိုရင် အိမ်မည်းညိုကြီးက ပါလာတယ်။ သူမပါတဲ့ အိပ်မက်ရယ်လို့မမက်ခဲ့ဘူး။

အိမ်မည်းညိုကြီးကို အိပ်မက်မက်ရင် ဘာလေးကိုပဲ အမြဲကွက်မက်လေ့ရှိသလဲဆိုတော့ ထမင်းစားခန်းက ပြူတင်းပေါက်လေး ရယ် သောက်ရေအိုးရယ်၊ သောက်ရေသောက်တဲ့ ဇာတ်ဝင်ခန်းတွေပဲ မက်လေ့ရှိတယ်။ တအိမ်လုံး ဗြောင်းဆန်အောင်ပျော်ထားခဲ့ပေမယ့် ကျန်တဲ့နေရာတွေကို မမက်ဘူး။ အဲ့ဒီ့ ပြူတင်းပေါက်နဲ့ရေ သောက်တာလေးကိုပဲ ကွက်ကွက်လေး မက်လေ့ရှိ တယ်။

ပြူတင်းပေါက်လေးဘက်မှာ သစ်သားသောက်ရေအိုးစင်ရှိတယ်။ စင်ကနှစ်ထပ်ဆိုပေမယ့် အပေါ်ထပ်မှာပဲ ရေအိုးထားတာ။ အောက်ဆင့်မှာ စဥ့်အင်တုံတခုထားထားတယ်။ သောက်ရေအိုးက ရေစိမ့်ကျရင် ကြမ်းပေါ်မကျအောင်လို့ခံထားတာ။ ရေခံပေါ့။ အဲ့ဒီ့တုန်းက သောက်ရေအိုးအသစ်လဲမယ်ဆိုရင် တပေါင်းပွဲကို စောင့်ဝယ်ကြတာ။ လှိုင်းတက်အိုးတဲ့။ သဲစသဲမှုန် လေး တွေနဲ့ သိပ်အေးတယ်။ ရေလည်း တစိမ့်စိမ့်ကျနေတာ။ အဲ့လိုမှလည်း အေးတာတဲ့။ နွေဆို သိပ်သောက်လို့ကောင်းတာပေါ့။

ဆောင်းတွင်းနံနက်ခင်းမှာတော့ သွားတွေ ကျဉ်လို့ခံတွင်းတွေ ထုံကုန်ရော။

ကြွေရည်သုတ်သံပန်းကန်နဲ့ အိုးကို ဖုံးထားတယ်။ ပြီးတော့ ဝါးနဲ့ယက်ထားတဲ့ အုပ်ဆောင်းလေးနဲ့အမှုန် အမွှားမကျအောင် အပေါ်ကနေ ထပ်အုပ်ထားတယ်။ ရေခွက်က ကြေးဖလားလေးလေ။ အမေက နေ့တိုင်း တိုက်ချွတ်ထားလို့ကြေးညှိတက်တယ်လို့မရှိဘူး။ အမြဲတမ်း ပြောင်လက်နေတယ်။ ကြေးခွက်ဝိုင်းဝိုင်းလေးနဲ့ရေခပ်သောက်တိုင်း ကြေးနံ့သင်းသင်းကိုပါ ခံစားရ တာ။ မှတ်မိတယ်။ ဘယ်လောက်ထိ မှတ်မိနေသလဲဆိုရင် အိပ်မက်ထဲ ထည့်မက်တဲ့ထိကို မှတ်မိနေတယ်။ အိပ်မက်ထဲမှာ သောက်ရေအိုးဖုံး လှပ်တယ်။ ရေခပ်တယ်။ ရေသောက်တယ်။ ပလုတ်ကျင်းတယ်။ အိမ်အောက်ကိုတောင် ငုံ့ကြည့်တာ တောင်ပါသေးတယ်။ ရေခွက်ကလည်း ကြေးဖလားလေးပဲ။ အိပ်မက်ထဲထိတောင် ကြေးနံ့ထုံထုံကို ရှူရှိုက်မိနေသေးတယ်။


(၄)
ခုတော့ အဲ့ဒီ့ကြေးဖလားလေးနဲ့ရေခပ်မသောက်တော့ပါဘူး။ ကြေးဖလားလေးလည်း အိမ်မှာ အစအနတောင် ရှာ မရတော့ပါ ဘူး။ ကြေးဖလားတွေအစား ဒန်ခွက်၊ ဖန်ခွက်တွေ ဝင်လာတယ်။ နောက်တော့ ဒန်ခွက်၊ ဖန်ခွက်တွေအစား ပလပ်စတစ် ခွက်တွေ၊ စတီးခွက်တွေ၊ ဖိုင်ဘာခွက်တွေ အစားထိုးဝင်ရောက်ကုန်တာ။ ကျနော်တို့ကြေးဖလားတွေကို စွန့်ပစ်လိုက်ကြတယ်။ ဘာလို့တုန်း။

အနောက်တိုင်း ဆေးပညာရှုထောင့်တွေကြောင့်လား။ သူတို့က ကြေးဖလားနဲ့ရေခပ်ရင် ကြေးဖလားတွေမှာ လက်ကိုင် ကိုင်းတွေ မပါတော့ ရေခပ်တဲ့အခါ လက်ချောင်းတွေက သောက်ရေအိုးထဲက ရေတွေနဲ့ထိလိမ့်မယ်။ လက်တွေ မသန့်ရင် ရေတွေလည်း မသန့်ဘဲ နေလိမ့်မယ်။ ရေတွေ မသန့်ရင် ရေထဲမှာ ရောဂါပိုးမွှားတွေ ပေါက် ဖွားလာလိမ့်မယ်။ ရောဂါပိုးမွှားတွေ ပေါက်ဖွားထားတဲ့ရေကို သောက်တော့ လူတွေ အန္တရာယ်ဖြစ်လိမ့်မယ်တဲ့။

ဒါကြောင့် ကျန်းမာရေးအသိနဲ့သတိရှိကြ လုပ်ပစ်လိုက်တာ အိမ်က သောက်ရေခွက်ကြေးဖလားလေး ရေအိုးစင်ပေါ်ကနေ လွင့်ကျသွား တယ်။ ကျောက်ပြင်ဘေးမှာ သနပ်ခါးသွေးရေ ထည့်ဖို့ ဖြစ်သွားတယ်။ ဒါပေမဲ့ အဲ့ဒီ လို အရာကျသွားတဲ့ကြားကပဲ ကြေးဖလားလေးဟာ ကျနော့်ကို ကျေးဇူးပြုသွားသေးတယ်။

ညအိပ်တုန်း ကင်းခြေများက ကျနော့်ကို ကိုက်သွားတာ။ တဆစ်ဆစ်နာကျင်လို့။ ထကြည့်တော့ ကံအားလျော်စွာပဲ ကင်းခြေ များကို ခြင်ထောင်ထောင့်မှာ တွေ့ရတယ်။ ကင်းခြေများကို မီးညှပ်နဲ့ညှပ်ပြီး မသတ်ချင်ပဲနဲ့ သတ်လိုက်ရတယ်။ မသတ်လို့ လည်း မဖြစ်ဘူး။ အိမ်မှာမွေးထားတဲ့တိုက်ကြက်ဖတကောင် ကင်းကိုက်လို့ သေခဲ့ပြီးပြီ။ ကင်းနဲ့ ကြက်ဆိုတာ ည ကင်းဦး၊ မနက် ကြက်ဦးဆိုတယ် မဟုတ်လား။

ကင်းကိုသတ်ပြီးမှ ကြေးဖလားလေးကို ကျောက်ပြင်မှာ ရေနဲ့သွေးလိုက်တယ်။ ရလာတဲ့ ကြေးသွေးရည်ကို ကင်းကိုက်တဲ့ နေရာ လိမ်းလိုက်တယ်။ တဆစ်ဆစ်တွေလည်း တရစ်တရစ်လစ်ကုန်ရော။

(၅)
အဲ့ဒါ ဒီနေ့တော့ အမေ့ကို မရှိမှန်းသိပေမယ့် အလွမ်းပြေ ထပ်မေးမိသေးတယ်။ သားတို့ရေသောက်တဲ့ ကြေးဖလားလေးတွေ ကော ရှိသေးလားဆိုပြီးတော့...။ အမေက အို ...ဆိုတာကို အသံရှည်ကြီးဆွဲပြီး ဘယ်ရှိတော့မှာလဲတဲ့။

ဒါပေမဲ့ ကျနော့်အိပ်မက်ထဲမှာတော့ ရှိနေသေးတာပဲ။ အဲ့ဒီ့ကြေးဖလားလေးလေ။ အနံ့ကအစ ဒီနေ့ထိအောင်ပါပဲ။

ကျော်ထင်
0