ကိုနိုင်း ● ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် (၃၈)

ကိုနိုင်း ● ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် (၃၈)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂ဝ၁၇

● စစ်ကိုင်းအက်ပီဂရမ်ကို ခံစားခြင်း
ဒီအပတ်တော့ ပြတင်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ အလွန်ကြေကွဲဝမ်းနည်းစရာသတင်းကိုကြားလိုက်ရပါတယ်။ ဒီသတင်း ဟာ ပြတင်းတံခါးရဲ့ဇာခန်းဆီးဖြစ်တဲ့နှလုံးသားကို လှုပ်ခါလိုက်ပါတယ်။ "ကဗျာဆရာ၊ စာရေးဆရာ မင်းသစ်ဆုံးပြီ" တဲ့။ အင်မတန်မှနှမျောဖို့ကောင်းတဲ့ ကဗျာဆရာကြီး၊ စာရေးဆရာကြီးတယောက် ကြွေလွင့်ခဲ့ရပြီ။ သူက တခေတ်မှာ တယောက် လို့ဆိုရအောင် အနုပညာပါရမီနဲ့နေထိုင်တဲ့သူတယောက်ပါပဲ။

၁၉၇ဝ မိုးဝေမဂ္ဂဇင်းခေတ်မှာကဗျာတွေရေးခဲ့သလို၊ ဝတ္ထုတိုတွေလည်းရေးခဲ့ပါတယ်။ သူ့ဝတ္ထုတွေက စတိုင်ရာဝတ္ထုတွေပါ။ သူ့စတိုင်ရာ ဝတ္ထုတွေ ထဲမှာ "အိပ်မက်ကွန်ဖရင့်" "တစ္ဆေရင်ကွဲ" “မဟာနန္ဒာ Ph7" စတဲ့ဝတ္ထုတိုတွေက စာဖတ်သူတွေစိတ်ထဲမှာစွဲငြိခဲ့တဲ့အနုပညာ ဖန်တီးမှုတွေပါပဲ။ ဒါတွေအပြင် ဆရာမင်းသစ်ဟာ နိုင်ငံကျော်အဆိုတော် တွံတေးသိန်းတန်ရဲ့နာမယ်ကြီးသီချင်းတွေကိုလည်း ရေးဖွဲ့ပေးခဲ့ပါတယ်။

မဂ္ဂဇင်းဂျာနယ်တွေမှာလည်း အယ်ဒီတာ၊ အယ်ဒီတာချုပ်ဆောင်ရွက်ခဲ့ပြီး စာပေအကျိုးကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက် သူမဆုံးခင်အချိန်မှာ “ပညာရေး ဝေး ဝေး" ဆိုတဲ့ပညာရေးလောကရဲ့လိုအပ်ချက်တွေကိုထောက်ပြတဲ့ဆောင်းပါးတွေကို ရေးနေခဲ့ပါတယ်။

ပြောမယ်ဆိုရင် တချိန်တုန်းကရန်ကုန်မြို့ကြီးရဲ့ကျူရှင်လောကမှာ BIO မင်းသစ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူက စစ်ကိုင်း ဇာတိပါ။ သူ့ရဲ့ ဇာတိစစ်ကိုင်းကိုလည်း "စစ်ကိုင်းအက်ပီဂရမ်" ဆိုတဲ့ကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။ အခု စစ်ကိုင်းအက်ပီဂရမ် ကိုပြန်ပြီး ကြေကွဲစွာခံစားနေမိပါတယ်။

စစ်ကိုင်း... တဲ့
ဘုရားသခင်ရဲ့၊ အလှပဆုံးလက်ရာတစ်ခုပေါ့။

စစ်ကိုင်း ...တဲ့။
ဧရာဝတီရဲ့နှလုံးသား၊ သိမ်းထားတဲ့နေရာလေ။

မြန်မာပြည်တစ်နံတစ်လျား၊ မြောက်ဖျားကနေ တောင်ဖျား
စီးသွားတဲ့ ဧရာဝတီ၊ ဒီနေရာမှာ တော်လှန်
မင်းဝံထံ ဦးခိုက်ဝပ်တွား၊ အရှေ့ကအနောက်ကိုစီးသွားရဲ့။
မြစ်ညာသားတို့၊ ကြည့်လှည့်ကြ။  မြစ်ခြေသားတို့၊ ကြည့်လှည့်ကြ။

စစ်ကိုင်းမှာ ....
ဧရာဝတီထဲက နေထွက်တယ်။ ဓရာဝတီထဲမှာ နေဝင်တယ်။

ဧရာဝတီဝတ္တုရှည်ကြီးမှာ၊ အလှပဆုံး ကလိုင်းမ (ခ်) (စ်) ဟာ
ဒီနေရာမှာပေါ့ ... ။

ဒီနေရာပေါ့ဆိုတဲ့နေရာမှာတင် ကဗျာဆရာဟာ စစ်ကိုင်းအက်ပီဂရမ်ကိုစိတ်ဝင်စားအောင် စဖွဲ့ပါတယ်။ သီချင်းအနေနဲ့ပြော ရရင် ခြေဆင်း (intro) ပါပဲ။ ဧရာဝတီမြစ်ကြီးဟာ မြောက်မှတောင်စီးဆင်းနေတဲ့မြစ်အရှည်ကြီးတစ်စင်းလို့ ကျွန်တော်တို့ သိမှတ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ဟာ စစ်ကိုင်းတောင်ခြေမှာတော့ အရှေ့ကနေအနောက်ကို ဖြတ်သန်းစီးနေတယ် ဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ဧရာဝတီထဲက နေထွက်ပြီး ဧရာဝတီထဲမှာပဲ နေဝင်သွားတယ်ဆိုတာကလည်း ထူးခြားပါ တယ်။ တောင်ပေါ်ကနေကြည့်ရင် နေထွက်တာကိုရော၊ နေဝင်သွားတာကိုပါ မြင်နေရတယ်လို့ ဆိုလိုရေးဖွဲ့လိုက်တာပါ။

မြောက်ဖျားဒေသမှာ
အမြီးနှစ်ခွချန်ထားခဲ့တဲ့၊ ဧရာဝတီဆိုတဲ့ နဂါးဟာ
မြစ်ဝကျွန်းပေါ်မှာ  ခေါင်းတစ်ရာပွား၊ ကပ္ပလီပင်လယ်ထဲ ငုပ်ရှိုးသွား
အသည်းနှလုံးကိုတော့ စစ်ကိုင်းမှာ၊ထားခဲ့သတဲ့။

အဲဒီနဂါးပေါ်ကကင်းခြေများ
စစ်ကိုင်းတံတားတဲ့လေ... ။

စစ်ကိုင်း...တဲ့။
မယဉ်မရိုင်း၊ မြို့စစ်ကိုင်း ... တဲ့။

သူစိမ်းတွေက ပြောကြတာလေ။
ဟုတ်ကဲ့....  ရိုးရိုးလေးနဲ့
ခမ်းနားလှပတဲ့ မြို့တမြို့ပါပဲ။

ကဗျာဆရာကတော့ ဧရာဝတီမြစ်ကြီးကိုနဂါးတကောင်အဖြစ် တင်စားရေးဖွဲ့လိုက်ပါတယ်။ ဧရာဝတီနဂါးကြီးဟာရစ်ခွေစီးဆင်းနေတာကို မြင်တွေ့ နိုင်ပါတယ်။ မြန်မာပြည်မြောက်ဖျားက မေခ၊ မလိခဆိုတဲ့အရပ်မှာ အခြေတည်ခဲ့တာကို အမြီး နှစ်ခွချန်ထားခဲ့တယ်လို့ နိမိတ်ပုံယူပါတယ်။

နောက်မြန်မာပြည်ရဲ့မြစ်ဝကျွန်းပေါ်အရပ်မှာ ဧရာဝတီမြစ်ရဲ့မြစ်ငယ်တွေအဖြစ်ခွဲဖြာစီးဆင်းပြီး ကပ္ပလီပင်လယ်ထဲစီးဝင် သွားတာကို ဧရာဝတီဆိုတဲ့နဂါးဟာ မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား၊ ကပ္ပလီပင်လယ်ထဲငုပ်လျှိုးသွားဆိုပြီး တင်စား လိုက်ပါတယ်။ စစ်ကိုင်းအရပ်မှာတော့ ဧရာဝတီရဲ့နှလုံးသားကိုထားခဲ့တယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း စစ်ကိုင်း ဟာ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အရေးပါတဲ့မြို့၊ အလေးအမြတ်ထားရ မယ့် တောင်တစ်ခုပါပဲ။ ဒီလိုအလေးအမြတ်ထားရပုံတွေကိုကဗျာထဲမှာတွေ့ရပါတယ်။

ပုညတောင်ဆီ၊ ရီလျက်မလင်း
မဝင်းအုံ့မှိုင်း စစ်ကိုင်းတစ်ဖက်... တဲ့။

ရှင်ထွေးနာသိမ်ရဲ့လက်ဖျား
ဘုရားသခင်ရဲ့ စကားလုံးများ၊ စီးဝင်လှုပ်ရှားရင်ခုန်သွား ။

ဒီမြေကိုရောက်၊ ဒီရေကိုသောက်မိရင်
အနုပညာသမားတို့ရဲ့ဘဝင်၊ ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်
မပြန်ခင် စာဖွဲ့ကြ၊ အပြန်တွင် တေးဖွဲ့ကြ
ရေးခဲ့ကြတဲ့ စစ်ကိုင်းအလှ...။

ဇေယျာရွှေမြေ ...၊ မြစ်ရေခွေဝန်း...ပုညရှင်... စေတီအပါး
 စစ်ကိုင်းတောင်... စစ်ကိုင်းတောင်  အထက်နားဆီက...
ကမ်းခြေဇေယျာဦးဝယ် ... မှန်းချွေမေအလှမှူးရယ်...

လွမ်းနေ... နေပါဘူးကွယ်။
စစ်ကိုင်းတံတားဘက်ဆီကို
သူလာမလားလို့ ၊မျှော်ကြည့်မိသည်…။
သြော်၊ မြန်မာပြည်မှာ မြို့ဘွဲ့တေး
အရေးခံရဆုံး မြို့တစ်မြို့ပေပလေ။

စစ်ကိုင်းတောင်ကိုရောက်ဖူးသူတိုင်း သိကြမှာပါ။ မရောက်ဖူးရင်လည်း ဒီကဗျာထဲမှာဖော်ကျူးထားတဲ့အလှတွေကိုမြင်ယောင်ပြီး ခံစားနိုင်ပါတယ်။ စစ်ကိုင်းတောင်ရဲ့သဘာဝအလှတွေကို ဖွဲ့သီထားကြတဲ့တေးသီချင်းတွေ များစွာရှိနေပါတယ်။ တကယ်ပဲ စစ်ကိုင်းတောင်ဟာ အနုပညာသမားတွေရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီမြေကိုရောက်၊ ဒီရေကိုသောက် မိရင်၊ အနုပညာသမားတို့ရဲ့ဘဝင်၊ ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်၊ မပြန်ခင် စာဖွဲ့ကြ၊ အပြန်တွင်တေးဖွဲ့ကြ၊ ရေးခဲ့ကြတဲ့စစ်ကိုင်းအလှ ဆိုတဲ့ ကဗျာဆရာရေးဖွဲ့တင်စားတာကို ဘယ်သူမှငြင်းဆန်နိုင်မယ် မထင်ပါဘူး။

စစ်ကိုင်း...တဲ့။
သမိုင်းမရိုင်းခဲ့တဲ့ မြို့တမြို့ပါပဲ။

သမိုင်းမြင်းငါစိုင်း၊ စစ်ကိုင်းရောက်တော့
စစ်ကိုင်းဆိုရင်၊ ပုဂံပြည့်သခင်
ပရိမ္မက  ထီးလှိုင်ရှင်၊ ကျန်စစ်သားရဲ့ ဇာတိခွင်။

အပယ်ခံအသင်္ခယာစောယွန်း ၊ ဘုန်းထွန်းလို့ ဓါးထက်
အင်းဝအရင်က နန်းတစ်ဆက် ... ။

စစ်ကိုင်းမြို့ဟာ မြန်မာရာဇဝင်မှာထင်ရှားတဲ့သူတွေ ပေါ်ထွန်းခဲ့တဲ့မြို့တမြို့ပါ။ ကျန်စစ်သားရဲ့ဇာတိမြို့ဖြစ်နေတာနဲ့တင် ပြည့်စုံနေပါပြီ။

ခုနစ်စင်ကြယ်ပြောင် ၊အမြီးထောင်လို့
သန်းခေါင်ကျော်လို့သန်းလွဲ၊ ကြယ်မှုန်ဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က  လှေငယ်တစ်စင်း၊ အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲငူ ကျောက်ဆောင်ဆိပ်မှာ၊ရိပ်ခနဲ ခုန်ပျံလွှား
ဗိုလ်တက်ပြားဆိုတဲ့ ပစ္စည်းမဲ့ရွှေတိုက်စိုး

မိုးလင်းမှ စစ်ကိုင်းကိုပြန်၊ သူ့နည်း သူ့ဟန်နဲ့ တော်လှန်ရေးလုပ်
ဟုတ်ကဲ့ ...၊ ကျွန်ုပ် ဦးညွတ်လိုက်ပါတယ်။

စစ်ကိုင်း...တဲ့။
သူတော်စင်တွေနဲ့အတူ၊ သတ္တိခဲတွေနေတဲ့မြို့ပေါ့။

တရားလည်းဖက်၊ ဓားလည်းထက်တဲ့ စစ်ကိုင်း
သူ့သမိုင်းသူဖြတ်ကျော်၊ သူရဲကောင်းတို့ တိုက်ပွဲပျော်
အတိတ်ခေါ်သံကြားမိရဲ့။

စစ်ကိုင်းတံတားထိပ်
တိတ်တဆိတ်ရပ်မိ၊ တလှပ်လှပ်ရင်ခုန်သံ
ရဲဘော်သိန်းတန်ကို သတိရ၊ မှူးသမိန်ကို တမ်းတ
ဗိုလ်ကျင်မောင်ကို အမှတ်ရ၊  ရဲဘော်ဋ္ဌေးကို လွမ်းရ
နောင်ရိုးတင်ဝင်းကို လွမ်းတ... ။

စစ်ကိုင်း...တဲ့။
ကဗျာကရိုဏ်း၊ စာကသိုဏ်းနဲ့
ဆရာမှိုင်းတဖွဖွ၊ ချစ်ခဲ့ရတဲ့ မြို့ပေပ။
စစ်ကိုင်းမှာခေါင်းချ ၊ရှင်မဟာသီလဝံသရဲ့ အုတ်ဂူဘေး
ငါရပ်ရင်း ငေးမိ ...
ကဗျာဆရာဝိညာဉ်၊ မင်းဝံတွင်ခို
ရွှေကိုင်းသားကို လှုပ်နိုး၊ ဦးဘိုးသင်းရဲ့ ရုပ်ပုံလွှာ
မဟာဆွေရဲ့ အပြုံးမျက်နှာ၊ ညောင်ပင်သာ ဦးပုည
ဆုံးမစကားသံသဲ့သဲ့လေး၊ သြော် ...ကိုအေးလွင်ရယ် လွမ်းလိုက်တာ ... ။

ခေတ်တိုင်းမှာ တစ်ယောက်ဆိုရင် တစ်ယောက်ဆိုသလောက် ထူးခြားတဲ့ပါရမီရှင်တွေထွက်ပေါ်ခဲ့အရပ်ပါ။ ဒီကဗျာထဲက ပညာရှင်တွေရဲ့ ထွန်းတောက်မှုကို ဒီအရပ်ဒေသကလူတွေ ဘယ်လောက်ဂုဏ်ယူနေကြမလဲ။ ကြားရသူတွေတောင် အား ကျမိလောက်ပါတယ်။ သဘာဝအလှတွေ၊ သာသနာတော်မှာထွန်းပြောင်မှုတွေ၊ ပါရမီရှင်ပုဂ္ဂိုလ်တွေ အပြည့်အလျှံရှိခဲ့ တဲ့စစ်ကိုင်း။

စစ်ကိုင်း...တဲ့။
ကာလများရိုင်းတဲ့အခါ၊ အရူးမီးဝိုင်းလည်း ခံခဲ့ရဖူးရဲ့။

ရေကြီးခဲ့...၊ ငလျင်လှုပ်ခဲ့...၊ မီးလောင်ခဲ့...
ပြီးတော့ ...
ခတ္တာငုံစ  ဝါခေါင်လ တစ်ညနေမှာ ၊ ဖက်ဆစ်တွေ ဘီလူးစီး
ကျီးတွေပြို ခွေးတွေအူ...
တစ်မြို့လုံးလည်း ကျွတ်ကျွတ်ဆူ
ထူပါရုံငို ...၊ ရွှေသာလျောင်းငို ...
စစ်ကိုင်းကောင်းကင်ပြိုကျခဲ့ ... ။

နောက်ကြည့်ကျွန်းဆိုတဲ့အမည်ဟောင်း
အလောင်းကြည့်ကျွန်းလို့ ပြောင်းခဲ့ရ
ကာလမကောင်း ခေတ်ခယောင်းကို၊ လှည့်စောင်းကြည့်မိ
သတိရရင်း၊ စစ်ကိုင်းဟာ မျက်ရည်ကျတယ်။
စစ်ကိုင်း...တဲ့။

လောကဓံရဲ့ မိတ်ဆွေရင်းကြီးပေါ့။
ဘဝကိုမကျေနပ်၊ လောကကြီးကို မကျေနပ်
သည်းအူပြတ်မျှ ခံစားရတဲ့အခါ၊ ထုံးရယ်၊ ဗမာဆေးရယ်၊ ဒေါသရယ်
သောကနဲ့အတူ ကွမ်းယာထဲ ထည့်ဝါး၊စစ်ကိုင်းသားတွေ ကွမ်းစွဲသွားပေါ့။

သဘာဝဘေးဒဏ်၊ အသဘာဝဘေးဒဏ်
စစ်ဘေးနဲ့ စစ်ဒဏ်၊ စစ်ကိုင်းသားတို့ အံကြိတ်ခံ
စစ်ကိုင်းဝိညာဉ် အမြဲရှင်သန်
စစ်ကိုင်း...တဲ့။

အမြဲတမ်း ပြုံးနေတဲ့ မြို့ပါပဲ။
လောကဓံတရားနဲ့၊ ခပ်ခါးခါးလေးကြုံရရင်
မတုန်မလှုပ် ကွမ်းလေးမြုံ့၊ ငုံ့နေတဲ့ခေါင်း ပြန်မော့
ကြော့ကြော့လေးပြုံးနေတဲ့ စစ်ကိုင်း

သမိုင်းဆရာတွေမျက်ရည်ဝိုင်းလောက်တယ်။
စစ်ကိုင်း... တဲ့။
ပျော်ပျော်နေသေခဲတဲ့ သူရဲကောင်း၊ တိုက်ပွဲပေါင်းက သိန်းရာထောင်
ဒီလိုနဲ့ ...၊ အသက်တစ်ထောင် ပြည့်တော့မယ်။

ကဗျာဆရာက ဒီကဗျာကိုရင်နာစရာလေးနဲ့ အဆုံးသတ်သွားပါတယ်။ ပြန်တွေးကြည့်ရင် သဘာဝအလှတွေပြည့်လွှမ်း နေတဲ့မြို့၊ သာသနာရောင် ထွန်းပြောင်အောင် သပ္ပာယ်မှုတွေ ရယူထားတဲ့ စစ်ကိုင်းတောင်၊ ဒီလိုအရပ်ဒေသမှာ အာဏာရှင်စစ်ဘီလူးတွေက ပြည်သူတွေကိုသေနတ်နဲ့ ပစ်သတ်ရက်တယ်လို့။ ပြန်တွေးမိတိုင်းရင်နာတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီးမှာ အကျည်းတန်ဆုံးဖြစ်ရပ်ပါ။ ဒါကို ကဗျာဆရာက ရင်နာနာနဲ့ ရေးဖွဲ့သွားပါတယ်။

အခုအချိန်မှာတော့ ရင်နာတဲ့စစ်ကိုင်းအတွက် မှတ်တမ်းတင်ရင်း တာဝန်ကျေခဲ့တဲ့ကဗျာဆရာမင်းသစ်ကိုလည်း ပြန်တွေးမိ တိုင်း ရင်နာရပါတော့မယ်။ လောကကောင်းကျိုး၊ စာပေလောကကောင်းကျိုး၊ အနုပညာလောကကောင်းကျိုး၊ ပညာရေး လောက ကောင်းကျိုးတွေ အတွက် တာဝန်ကျေခဲ့တဲ့သူကတော့ မရှိတော့ပါဘူး။ သူချစ်တဲ့လောကကြီးကိုနှုတ်ဆက်လက်ပြပြီး ထွက်ခွာသွားပါပြီ။ သူက သူ့ကိုပေးခဲ့တဲ့ လောကတာဝန်တွေကို ကျေခဲ့ပေမယ့် လောကကြီးကရော သူ့အပေါ်တာဝန်ကျေပါရဲ့လားလို့မေးနေမိပါတော့တယ်။

ဒီဆောင်းပါးငယ်နဲ့ နောင်တော်ကြီး ဆရာမင်းသစ်ကို ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုမှတ်တမ်းရေးဖွဲ့လိုက်ပါတယ်။ ငြိမ်းချမ်းရာနေရာလေးမှာနားခိုနိုင်ပါစေ။

ကိုနိုင်း

ရည်ညွှန်း
ဆရာမင်းသစ်၊ (စစ်ကိုင်းအက်ပီဂရမ်)၊ ၈၈ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုကဗျာ။
0