ကျော်နိုင် - စည်ပင်ဥပဒေ - အကြံပြုချက် (၁)




ကျော်နိုင် - စည်ပင်ဥပဒေ - အကြံပြုချက် (၁)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇

ဂျင်းနံပါတ် (၁) မှာ ပြောင်းသင့်တယ်လို့ ပြောထားတဲ့ပုဒ်မတွေအတွက် အကြံပြုချက်ဖြစ်ပါတယ်။

အကြံပြုချက်တွေမရေးခင် ဂျင်းနံပါတ် (၁) မှာပါတဲ့ ပုဒ်မတွေကို ဘာကြောင့် ကန့်ကွက်တယ်ဆိုတာ ထပ်ရှင်းပြပါ့မယ်။

YCDC နဲ့ MCDC တို့ဟာ ဟိုးအစဉ်အဆက်ကတည်းက အင်ဂျင်နီယာတွေကို လိုင်စင်ထုတ်ပေးနေခဲ့တာ ကျွန်တော်တို့အားလုံး သိရှိလက်ခံ ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက အင်ဂျင်နီယာ၊ ဗိသုကာတွေကို စိစစ်မှတ်ပုံတင်ပေးမယ့် အခြားအဖွဲ့အစည်းမှ မရှိသေးဘဲကိုး။

အင်ဂျင်နီယာကောင်စီဥပဒေ၊ ဗိသုကာကောင်စီဥပဒေတွေ ထွက်လာပြီး အဲ့ဒီ ဥပဒေတွေအရ ဖြစ်ပေါ်လာတဲ့ အင်ဂျင်နီယာကောင်စီ၊ ဗိသုကာကောင်စီတွေကနေ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေကို စိစစ်မှတ်ပုံတင်ပေးတဲ့အချိန်ကစပြီး မြို့တော်စည်ပင်အားလုံးဟာ အင်ဂျင်နီယာ/ဗိသုကာတွေကို လိုင်စင်တင်ခိုင်းနေတာတွေ၊ လိုင်စင်ထုတ်ပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းလိုက်ရမှာဖြစ်ပါတယ်။ ဒါဟာဥပဒေအရ လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။ စည်ပင်ဥပဒေ၊ နည်းဥပဒေတွေကို ချက်ချင်းပြင်ဘို့ မဖြစ်နိုင်တဲ့အတွက် အမိန့်ကြော်ငြာစာနဲ့ ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် စည်ပင်တွေက ရပ်ဆိုင်းခြင်းမရှိခဲ့တဲ့အပြင် ဆက်လက်ပြီးတောင် လိုင်စင်သက်တမ်းတိုးဘို့ လျှောက်ခိုင်းနေခဲ့ပါသေးတယ်။

အင်ဂျင်နီယာကောင်စီဥပဒေ၊ ဗိသုကာကောင်စီဥပဒေတွေဟာ ပြည်ထောင်စုအဆင့်ဥပဒေတွေပါ။ ပြည်ထောင်စုအဆင့်က ပြဌာန်းထားတဲ့ ဥပဒေတွေကို ဒေသန္တရ အာဏာပိုင်အဖွဲ့က ကန့်သတ်ချုပ်ချယ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင်ပြုရာကျပါတယ်။

YCDC မှာ လုပ်ခဲ့ဘူးတဲ့၊ စီနီယာအင်ဂျင်နီယာကြီးတစ်ယောက်က အဲ့ဒီကိစ္စနဲ့ပါတ်သက်လို့ ကျွန်တော်ရေးထားတဲ့ post တစ်ခုကို copy လုပ်ပြီး share ထားတာတွေ့ပါတယ်။ (ကျွန်တော့်ကို crd ပေးထားပါတယ်။) ကျွန်တော့် post ကို share ပြီး သူ့ရဲ့ကိုယ်ပိုင် statement ရေးထားပါတယ်။ အင်/ယာကောင်စီ ဥပဒေ၊ နည်းဥပဒေတွေက ဒေသန္တရဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို ကန့်သတ်ပိုင်ခွင့်တွေပေးထားသမို့ ဥပဒေ၊ နည်းဥပဒေတွေကို သေချာမဖတ်ဘဲ post ရေးတဲ့ကျွန်တော်ဟာ ခပ်ညံ့ညံ့ဆိုတဲ့သဘောရေးထားတာပါ။

တစ်ခုဆိုးတာက သူ့ရဲ့ post မှာ ကျွန်တော် comment ရေးလို့မရအောင် ပိတ်ထားတာပါ။ ကျွန်တော် comment ဝင်ရေးလို့မရတဲ့အတွက် သူရေးထားတဲ့ statement ဟာ မမှန်ကြောင်း ရှင်းပြလို့ မရခဲ့ပါဘူး။ အခုလည်း သူက အဲ့ဒီလိုမျိုးထပ်လုပ်လာမှာစိုးလို့ အင်/ယာ ကောင်စီဥပဒေ၊ နည်းဥပဒေတွေကိုပါ တခါတည်း ရှင်းလင်းသွားပါ့မယ်။ post ကတော့ ပိုရှည်သွားတာပေါ့။


ကျွန်တော်တို့ ရည်ညွှန်းရာ အင်/ယာ ကောင်စီ ဥပဒေတွေ၊ နည်းဥပဒေတွေကို ပူးတွဲ တင်ပြထားပါတယ်။ ကျွန်တော်တို့ အတူတူ ဖတ်ကြည့်ကြရအောင်ပါ။




နည်းဥပဒေပုဒ်မ (၁၀၂) ဟာ ဥပဒေပုဒ်မ (၃၇) က တားမြစ်ထားတာတွေကို အသေးစိတ် ဖွင့်ဆိုရှင်းပြထားတာ ဖြစ်ပါတယ်။ ပုဒ်မ (၁၀၂) (က) (ခ) (ဂ) တို့ကို တစ်ခုခြင်းရှင်းပြသွားပါ့မယ်။

ပုဒ်မ (၁၀၂) (က) ဟာ “မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှာ မှတ်ပုံမတင်ထားတဲ့ မြို့ပြအင်ဂျင်နီယာတွေရဲ့ လုပ်ပိုင်ခွင့်ကို” ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မ (၁၀၂) (က) (၁)
ပန်းဆွဲအမြင့် ၆ မီတာထက်ပိုမြင့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာထက်ပိုကျယ်သော (စာသင်ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ မြို့တော်ခန်းမ၊ ကုန်တိုက်ကြီးများ စသည်ကဲ့သို့) အများပြည်သူသုံး အဆောက်အဦများ။

(ရှင်းလင်းချက်။ ။ ပန်းဆွဲအမြင့် ၆ မီတာထက်နိမ့်ပြီး ကြမ်းခင်းဧရိယာ ၁၀၀ စတုရန်းမီတာအောက် အများပြည်သူသုံး အဆောက်အဦတွေကို ဆောက်ခွင့်ပေးထားပါတယ်။ အများပြည်သူသုံးအဆောက်အဦ မဟုတ်တဲ့ လူနေအိမ်တွေဆောက်ခွင့်ကိုတော့ အမြင့်၊ ကြမ်းခင်းဧရိယာအကျယ် ဧရိယာတွေ လုံးဝ မကန့်သတ်ထားပါဘူး။)

ပုဒ်မ (၁၀၂) (က) (၂)
သာမန်မြေလမ်း၊ ကျောက်ကြမ်းလမ်း နှင့် ကျောက်ချောလမ်းများမဟုတ်သည့် လမ်းမကြီးအဆင့်ဝင်သော လမ်းများ။

(ရှင်းလင်းချက်။ ။ လမ်းဘယ်လောက်ကျယ်ကျယ်၊ မြေလမ်း၊ ကျောက်ကြမ်းလမ်း နဲ့ ကျောက်ချောလမ်း ဆိုရင် ဆောက်လုပ်ခွင့်ပေးထားပါတယ်။ လမ်းမကြီးအဆင့်မဝင်ရင်တော့ လမ်းဆောက်တဲ့ ပစ္စည်းအမျိုးအစားအားလုံး၊ ကတ္တရာ အပါအဝင်၊ ဆောက်လုပ်ခွင့်ပေးထားပါတယ်။)

ပုဒ်မ (၁၀၂) (က) (၃)
ခန်းပွင့် ၆ မီတာ တစ်ခန်းနှင့် ခံနိုင်ဝန် ၁၂ တန်ထက်ပိုများသော သစ်သား၊ သံမဏိနှင့် သံကူကွန်ကရစ် တံတားများ။

(ရှင်းလင်းချက်။ ။ ခန်းဖွင့် ၆ မီတာထက်ကျဉ်းပြီး ခံနိုင်ဝန် ၁၂ တန်ထက်နည်းတဲ့ မည်သည့်တံတားအမျိုးအစားကိုမဆို ဆောက်လုပ်ခွင့်ပေးထားပါတယ်။)

ပုဒ်မ (၁၀၂) (က) (၄)
အမြင့် ၆ မီတာထက်ပိုသော မြေသားတာတမံများ။

(ရှင်းလင်းချက်။ ။ အမြင့် ၆ မီတာထက်နိမ့်တဲ့ မြေသားတာတမံတွေ ဆောက်လုပ်ခွင့်ပေးထားပါတယ်။ အခြား တာတမံအမျိုးအစားတွေအတွက် အမြင့်ကန့်သတ်ချက်မရှိ ဆောက်လုပ်နိုင်ပါတယ်။)

ပုဒ်မ (၁၀၂) (က) (၅)
သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် စည်ပင်သာယာရေးကော်မတီများက တားမြစ်ထားသော မြို့ပြလုပ်ငန်းများ။

(ရှင်းလင်းချက်။ ။ အထက်ဖေါ်ပြပါ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် တားမြစ်၊ ခွင့်ပြုထားသော လုပ်ငန်းများမှတပါး ဒေသအာဏာပိုင်များနှင့် စည်ပင်မှ တားမြစ်ထားသော လုပ်ငန်းများ။)

သို့ဖြစ်ပါ၍ အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော မြို့ပြအင်ယာများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေ ပုဒ်မ (၁၀၂) (က)၊ ပုဒ်မခွဲ (၁) (၂) (၃) (၄) တို့ဖြင့် ကန့်သတ်ခွင့်ပြုထားပြီး ယင်းခွင့်ပြုထားသည်များကို မည်သည့် ဒေသဆိုင်ရာ အာဏာပိုင် နှင့် စည်ပင်တို့မှ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ အဲ့ဒီပုဒ်မခွဲတွေနဲ့မသက်ဆိုင်တဲ့အခြားလုပ်ငန်းတွေကိုသာတားမြစ်နိုင်ပါတယ်။

နည်းဥပဒေ ပုဒ်မ (၁၀၂) (ခ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော စက်မှုအင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မတွေကို ပူးတွဲပါဓါတ်ပုံမှာ ဖတ်လို့ရတာမို့ လုပ်ကိုင်ခွင့်ရှိတာတွေကိုဘဲ ရှင်းလင်း ရေးပြပါ့မယ်။

ပုဒ်မ (၁၀၂) (ခ) (၁) အရ ၁၀၀ ကီလိုဝပ်အောက် အပူပေးစက်၊ လေဝင်လေထွက်စက် နဲ့ လေအေးပေးစက် တပ်ဆင်ခြင်းလုပ်ငန်း။

ပုဒ်မ (၁၀၂) (ခ) (၂) အရ ၁၀၀ ကီလိုဝပ်အောက် စက်မှုအလုပ်ရုံလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၃) အရ ၁၀၀ ကီလိုဝပ်အောက် သံထည်နှင့် သတ္တုလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၄) အရ မြင်းကောင်ရေ ၂၅ အောက် စက်၊ ယာဉ် နဲ့ ယန္တယား တည်ဆောက်ခြင်းလုပ်ငန်း။

ပုဒ်မ (၁၀၂) (ခ) (၅) အရ မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ခ) (၆) အရ ၂ တန်အာက် ဘွိုင်လာ ပြုပြင်ခြင်းလုပ်ငန်းများ။

တို့ကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။

ပုဒ်မ (၁၀၂) (ခ) (၇) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၆ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။

နည်းဥပဒေ ပုဒ်မ (၁၀၂) (ဂ) ဟာ “အင်/ယာ ကောင်စီတွင် မှတ်ပုံမတင်ထားသော လျှပ်စစ်အင်ဂျင်နီယာများရဲ့ လုပ်ပိုင်ခွင့်” ကို ကန့်သတ်ထားတာဖြစ်ပါတယ်။

ပုဒ်မတွေကို ပူးတွဲပါဓါတ်ပုံမှာ ဖတ်လို့ရတာမို့ လုပ်ကိုင်ခွင့်ရှိတာတွေကိုဘဲ ရှင်းလင်း ရေးပြပါ့မယ်။
ပုဒ်မ (၁၀၂) (ဂ) (၁) အရ ၄၀၀ဗို့ ၅၀ ကီလိုဝပ်အောက် မော်တာပြုပြင်ရေးလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ဂ) (၂) အရ ၄၀၀ ဗို့အောက်အားသုံး အိမ်တွင်းလျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ (မြန်မာနိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်က ၂၃၀ ဗို့ပါ။ ဒီတော့ အိမ်တွင်းလျှပ်စစ်လုပ်ငန်းအားလုံး လုပ်ခွင့်ပေးထားတဲ့ သဘောပါဘဲ။)

ပုဒ်မ (၁၀၂) (ဂ) (၃) အရ ၅၀ ကေဗွီအေ အောက် ထရန်စဖော်မာ ပြုပြင်ခြင်းနဲ့ တပ်ဆင်ခြင်းလုပ်ငန်းများ။

ပုဒ်မ (၁၀၂) (ဂ) (၄) အရ ၄၀၀ ဗို့အောက် လျှပ်စစ်ဓါတ်အားလိုင်း တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ။

တို့ကို လုပ်ခွင့်ပြုထားပါတယ်။

ပုဒ်မ (၁၀၂) (ဂ) (၅) အရ ဒေသအာဏာပိုင်တွေနဲ့ အစိုးရအဖွဲ့တွေဟာ အထက်ပါ ပုဒ်မခွဲ ၄ ခုက တားမြစ်၊ ခွင့်ပြုထားတာမှတပါး အခြားတားမြစ်လိုတာတွေကိုသာ တားမြစ်နိုင်ပါတယ်။

ဒီတော့ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) အရ အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ဂျင်နီယာတွေကို တားမြစ်၊ ခွင့်ပြု ထားတဲ့ လုပ်ငန်းတွေမှတပါး အခြားတားမြစ်လိုတဲ့ လုပ်ငန်းတွေရှိရင် ဒေသအာဏာပိုင်တွေ၊ စည်ပင်တွေ နဲ့ အစိုးရအဖွဲ့တွေဟာ ထပ်မံတားမြစ်နိုင်ပါတယ်။ ဒါပေမယ့် နည်းဥပဒေ (၁၀၂) အရ လုပ်ခွင့်ပြုထားတာတွေကိုတော့ တားမြစ်ခွင့် မရှိပါဘူး။

အရေးကြီးတဲ့ တစ်ချက်က ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်တို့ဟာ နည်းဥပဒေ ပုဒ်မခွဲ (၁၀၂) (က) (၅)၊ (၁၀၂) (ခ) (၇) နဲ့ (၁၀၂) (ဂ) (၅) တို့အရ လုပ်ငန်းအမျိုးအစားတွေကို တားမြစ်နိုင်ပေမယ့် “အဲ့ဒီတားမြစ်ထားတဲ့လုပ်ငန်းတွေကို လုပ်ချင်ရင် စည်ပင်မှာ လိုင်စင်ယူပြီးလုပ်” ဆိုတာမျိုးကို လုံးဝ ခွင့်မပြုထားပါဘူး။ အင်/ယာကောင်စီ ဥပဒေ နဲ့ နည်းဥပေးတွေအရ အင်/ယာ ကောင်စီဟာ အင်/ယာ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းတွေကို မည်သည့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ sub-contract မပေးထားပါဘူး။ လုပ်ပိုင်ခွင့် မပေးထားပါဘူး။

နောက်ထပ်အရေးကြီးတဲ့အချက်က နည်းဥပဒေ ပုဒ်မ (၁၀၂) (က) (၁) မှ (၄)၊ (၁၀၂) (ခ) (၁) မှ (၆) နဲ့ (၁၀၂) (ဂ) (၁) မှ (၄) တို့ကို ကျူးလွန် တဲ့ အင်/ယာတွေကို အင်/ယာ ကောင်စီ ဥပဒေအရဘဲ အရေးယူမှာ ဖြစ်ပါတယ်။ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ စည်ပင်ကိုမှ အရေးယူခွင့် မပေးထားပါဘူး။

အခုရှင်းပြသွားတာက အင်/ယာ ကောင်စီမှာ မှတ်ပုံတင်မထားတဲ့ အင်/ယာ တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေ ပုဒ်မ (၃၇) နဲ့ နည်းဥပဒေ ပုဒ်မ (၁၀၂) တို့ အကြောင်းပါ။

နည်းဥပဒေ ပုဒ်မ (၁၀၄) (က)၊ (၁၀၄) (ခ) နဲ့ (၁၀၄) (ဂ) တွေနဲ့ RSE (Civil)၊ RSE (Mechanical) နဲ့ RSE (Electrical ) တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဖေါ်ပြထားပါတယ်။ အဲ့ဒီမှာ တစ်ခု သတိပြုရမှာက နည်းဥပဒေ (၁၀၂) မှာလို RSE တွေရဲ့ လုပ်ပိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ၊ အစိုးရအဖွဲ့တွေ၊ စည်ပင်တွေကို ကန့်သတ်ခွင့် မပေးထားတာဖြစ်ပါတယ်။ ဆိုလိုတာက RSE တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပါတ်သက်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ စည်ပင်တွေက ဝင်ရောက်စွက်ဖက်၊ တားမြစ်၊ ဟန့်တားပိုင်ခွင့် လုံးဝ မရှိပါဘူး RSE တွေ သက်ဆိုင်ရာ နည်းဥပဒေ တွေက ခွင့်ပြုထားတဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လုပ်ခဲ့ရင် အင်/ယာ ကောင်စီကဘဲ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ စည်ပင်တွေက အရေးယူဆောင်ရွက်ခွင့်လုံးဝ မရှိပါဘူး။

PE တွေအတွက်လုပ်ပိုင်ခွင့်ကို အင်/ယာ ကောင်စီ ဥပဒေ၊ နည်းဥပဒေတွေအရ ကန့်သတ်ထားတာ မရှိပါဘူး။ တနည်းအားဖြင့် အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ အဲ့ဒီ အကန့်အသတ်မဲ့ လုပ်ပိုင်ခွင့်ကို မည်သည့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ စည်ပင်ကမှ ကန့်သတ်၊ တားမြစ်ခွင့် မရှိပါဘူး။

Post က အရမ်းရှည်သွားမှာမို့ မှတ်ပုံတင် ဗိသုကာတွေရဲ့ ဥပဒေ၊ နည်းဥပဒေတွေကို အသေးစိတ် ထပ်မရေးတော့ပါဘူး။ SLA၊ LA နဲ့ RA တွေအတွက် လုပ်ပိုင်ခွင့်တွေကိုလည်း ဗိသုကာကောင်စီ ဥပဒေ၊ နည်းဥပဒေတွေက ခွင့်ပြုထားတာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ စည်ပင်တွေက ကန့်သတ်ခွင့် မရှိပါဘူး။ အရေးယူခွင့်မရှိပါဘူး။

အထက်ဖေါ်ပြပါ အချက်အလက်များ အရ စည်ပင်ဥပဒေ မူကြမ်းထဲက ပုဒ်မ အချို့ကို အောက်ပါအတိုင်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဥပဒေမူကြမ်း ပုဒ်မ (၈၁) (ဎ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား စိစစ်၍ သတ်မှတ်ထားသော လိုင်စင်ကြေးပေးသွင်းစေပြီး ဗိသုကာ အင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ စသည့်အင်ဂျင်နီယာအဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း။

ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၈၁) (ဎ) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ ဗိသုကာကောင်စီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့တွင် မှတ်ပုံတင်ထားသော ဗိသုကာများနှင့် အင်ဂျင်နီယာများအား ယင်းတို့နှင့် သက်ဆိုင်သည့် ဗိသုကာ အင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ လုပ်ငန်းများကို လုပ်ကိုင်စေခြင်း။ မှတ်ပုံမတင်ထားသော ဗိသုကာ နှင့် အင်ဂျင်နီယာများကို ဗိသုကာ ကောင်စီ ဥပဒေ၊ နည်းဥပဒေများ မှ ကန့်သတ်ထားသည့်လုပ်ငန်းများ၊ အင်ဂျင်နီယာကောင်စီ ဥပဒေ၊ နည်းဥပဒေများမှ ကန့်သတ်ထားသည့် လုပ်ငန်းများနှင့် ဤဥပဒေအရ ထုတ်ပြန်မည့် နည်းဥပဒေများက ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ လုပ်ကိုင်ခွင့်ပြုခြင်း။

ဥပဒေမူကြမ်း ပုဒ်မ (၁၀၆) (ခ) သက်ဆိုင်ရာ ကန်ထရိုက်တာနှင့် လိုင်စင်ရအင်ဂျင်နီယာတို့အားလည်းကောင်း။

ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၁၀၆) (ခ) သက်ဆိုင်ရာ ကန်ထရိုက်တာအားလည်းကောင်း။ (ပုဒ်မ ၁၀၆ ပါ စည်းကမ်းဖေါက်ဖျက်မှုအတွက် အရေးယူခံသင့်တာက ကန်ထရိုက်တာဘဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာဟာ ကန်ထရိုက်တာရဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် ကန်ထရိုက်တာမှာသာ တာဝန်ရှိပါတယ်။ အကယ်၍ အင်ဂျင်နီယာကိုယ်တိုင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကန်ထရိုက်တာအနေနဲ့ဆောင်ရွက်တာဆိုရင်လည်း သူ့ကို ကန်ထရိုက်တာအဖြစ်သာ အရေးယူရပါမယ်။ အင်ဂျင်နီယာအဖြစ် အရေးယူခွင့် မရှိပါဘူး။)

ဥပဒေမူကြမ်း ပုဒ်မ (၄၀၉) (ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာ၊ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။

ပြင်ဆင်ရန် အကြံပြုချက် ပုဒ်မ (၄၀၉) (ဇ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။ (ဗိသုကာ နဲ့ အင်ဂျင်နီယာတွေကို စည်ပင်က လိုင်စင်ထုတ်ပေးခွင့် လုံးဝမရှိတဲ့အတွက် ယခုလို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်ဆို ဆောက်လုပ်ရေးကုမ္ပဏီ၊ ကန်ထရိုက်တာ တွေကို မှတ်ပုံတင်တဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့ သီးသန့်ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီအာဏာပိုင်အဖွဲ့သာ ရှိရင် ပုဒ်မခွဲ (၄၀၉) (ဇ) တစ်ခုလုံး ဖြုတ်ပစ်ရမှာ ဖြစ်ပါတယ်။)

ပြစ်မှုပြစ်ဒါဏ်အမှတ်စဉ် (၂၇) ပုဒ်မ (၄၀၉) (ဇ) ရဲ့ စာသားမှာလည်း “ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာ (သို့မဟုတ်) အင်ဂျင်နီယာ” ဆိုတဲ့ စကားစုကို ဖြုတ်ပစ်ရမှာ ဖြစ်ပါတယ်။
0