ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ

ထွန်းဝင်းငြိမ်း ● လူထုအမေရဲ့ နိုင်ငံရေးလောကဓံ
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၇

(တစ်)
“လူတစ်ယောက်ကို သတိရနေသမျှကာလပတ်လုံး ဒီလူဟာ မသေပါဘူး” ဆိုတဲ့ အာဖရိကစကားပုံ တခုရှိပါတယ်။ ဒါဟာ အမေလူထုဒေါ်အမာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြည်သူတွေ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း ရေးသားတုန်းက သုံးနှုန်းတင်ပြသွားတဲ့ စကားပုံလည်း ဖြစ်ပါတယ်။ အမေရေးခဲ့သလိုပါဘဲ။ အမေလူထုဒေါ်အမာကို ပြည်သူတွေက မေ့နိုင်စရာမရှိတဲ့ အကြောင်းတွေထဲမှာ အမေ့ရဲ့လေးစားဖွယ်ရာ သမိုင်းဖြတ်သန်းမှုတွေ၊ ယုံကြည်ရာကို ရဲရဲရင့်ရင့် ကိုင်စွဲခဲ့တာတွေ၊ ဘဝတသက်တာမှာ မယိမ်းယိုင်တဲ့ရပ်တည်ချက်တွေ၊ မြတ်နိုးစရာကောင်းတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်တွေ ကိန်းအောင်းလာအောင် ညွှန်ပြရေးသားခဲ့တာတွေကို တခုတ်တရ ပြောကြရမယ်ထင်ပါတယ်။

အမေလူထုဒေါ်အမာကို မမေ့သမျှ အမေ့ရဲ့ယုံကြည်ချက် ရပ်တည်ချက်တွေဟာလည်း ပြည်သူနဲ့အတူ မပျောက်မကွယ် တည်မြဲနေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အမေ့ရဲ့ တသက်တာလုံး ပြောဆို၊ ရေးသား၊ ပြုမူဆောင်ရွက်ခဲ့တာတွေက အလွန်ကြီးမားတဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ပြည်သူကိုချစ်တဲ့စိတ်ရဲ့ စေ့ဆော်ချက်တွေကြောင့် လို့ ပြောရမယ်ထင်ပါတယ်။ ဒါကြောင့်မို့လည်း အမေဟာ တိုင်းပြည် အတွက်၊ ပြည်သူလူထုအတွက် ပြည်သူ့ဘက်က ရပ်တည်ခဲ့ရာမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နဲ့ ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့” ဆိုတဲ့ သြဝါဒကို လက်ကိုင်ပြုခဲ့သူလည်း ဖြစ်ပါတယ်။

အမေလူထုဒေါ်အမာရဲ့ ဘဝဖြတ်သန်းမှုတလျှောက်လုံးမှာ တက္ကသိုလ်သပိတ်ကြီးရဲ့ သပိတ်မှောက် ကျောင်းသူ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာကောင်းတဦးဆိုတဲ့ ဘဝတွေအပြင် အိမ်ထောင်ရှင်မ ကောင်းတယောက်အနေနဲ့ လောကဓံကို ကြံ့ကြံ့ခံဖြတ်သန်းပြီး၊ သောကဒုက္ခမျိုးစုံ ကြုံတွေ့ရပေမယ့် တစ်စက်ကလေးမှ အလျှော့မပေး၊ အရှုံးမပေး တတ်တဲ့ စိတ်ဓာတ်မျိုးဟာ တော်ရုံမိန်းမသားတွေမှာ တွေ့ရလေ့ရှိတဲ့ စိတ်ထားမျိုးမဟုတ်တာတော့ သေချာပါတယ်။

အဲဒါတွေအပြင် တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူလူထုကိုချစ်တဲ့၊ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့၊ ယဉ်ကျေးမှုကို မွေ့လျော်တဲ့၊ သမိုင်းကိုတန်ဖိုးထားတတ်တဲ့ အမေလူထုဒေါ်အမာရဲ့ဘဝဟာ နိုင်ငံရေးလောကဓံရဲ့ ဖိနှိပ်ရိုက်ပုတ်ကျီစယ်မှုတွေကို ထုနဲ့ ထည်နဲ့ ကြုံတွေ့ခဲ့ရသလို ခင်ပွန်းဖြစ်သူရော သားသမီးတွေပါမကျန် ခံစားခဲ့ကြရပြီး သူကိုယ်တိုင်လည်း လေးဖက်နံရံ တွေကြားမှာ နိုင်ငံရေးအကျဉ်းသူဘဝနဲ့ ဖြတ်သန်းခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီစာစုမှာ အမေလူထုဒေါ်အမာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးလောကဓံတွေအပေါ်မှာ အမေ ဘယ်လို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ပါသလဲဆိုတဲ့အကြောင်းကို လက်လှမ်းမှီသရွေ့ တင်ပြလိုတာ ဖြစ်ပါတယ်။

(နှစ်)
စာရေးဆရာ သတင်းစာဆရာကြီး အဂ္ဂါစနိုး ကွယ်လွန်ချိန်မှာ အမေလူထုဒေါ်အမာက ရှာမှရှားတဲ့ သတင်းစာဆရာ ဆိုတဲ့ခေါင်းစဉ်နဲ့ ရှုမဝမဂ္ဂဇင်းမှာ ဆောင်းပါးရှည်ကြီးရေးပြီး အဂ္ဂါစနိုးရဲ့ ဘဝနဲ့ အလုပ်တွေကို ခြယ်မှုန်းရေးသား ဂုဏ်ပြုခဲ့ပါတယ်။

တကယ်တော့ ရှာမှရှားတဲ့ သတင်းစာဆရာဆိုတဲ့ အမေ့ရဲ့ ခေါင်းစဉ်ဟာ အမေလူထုဒေါ်အမာအတွက် အလိုက်ဖက် ဆုံးလို့ မြင်မိပါတယ်။ တကယ်ပဲ အမေလူထုဒေါ်အမာဟာ ဗမာပြည်ရဲ့ ရှာမှရှားတဲ့ သတင်းစာဆရာ စစ်စစ်လို့ ဆိုရမှာပါ။ အမေ့ဘဝနဲ့ အလုပ်တွေကို မှတ်မိသိမှီသမျှ ပြန်စဉ်းစားကြည့်တိုင်း အမေဟာ ဘယ်နေရာက ရပ်တည်ခဲ့တယ်။ ဘယ်သူတွေ ဘက်က ရပ်တည်ခဲ့တယ်၊ ဘာတွေတွေးပြီး ဘာတွေရေးခဲ့တယ် ဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။

အမေဟာ လူထုဂျာနယ်ကို ၁၉၄၅ ဇူလိုင်မှာ ထုတ်ဝေခဲ့ပြီး ၁၉၄၆ ဧပြီ ၁၉ ကနေ ဇွန် ၇ ရက်နေ့ထိ လူထုသတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ လူထုသတင်းစာမှာ အယ်ဒီတာအဖွဲ့ဝင်၊ ဖခင်အောင်နိုင်ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်းပါးရှင်အဖြစ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာလူထုဦးလှနဲ့ အမေလူထုဒေါ်အမာတို့ ဇနီးမောင်နှံဟာ စာရေးဆရာ၊ သတင်းစာဆရာအနေနဲ့ စာပေအကျိုး ပြည်သူလူထုအကျိုးကို သယ်ပိုးကြရာမှာ ၁၉၄၇ ခုနှစ်က လူထုသတင်းစာဆိုတာ တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ အာဘော်လို့ ဆိုရလောက်အောင် အရေးပါတဲ့ သတင်းစာ ဖြစ်ခဲ့ပါတယ်။

ဒီမိုကရေစီခေတ်ကို ထူထောင်ပါတယ်ဆိုတဲ့ အဲဒီ ဖဆပလ အဖွဲ့ကြီးပါပဲ။ တိုင်းပြည်လွတ်လပ်ရေးရပြီး အာဏာရ အစိုးရဖြစ်လာတော့ လူထုဦးလှကို နိုင်ငံရေးမသင်္ကာမှုပုဒ်မ ၅ နဲ့ ထောင် ၃ ကြိမ် ချဖူးပါတယ်။ တိုက်ကို ချိတ်ပိတ်၊ လူကိုဖမ်းပြီး တရားစွဲဆိုတာတွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ကို ဒိုင်းနမိုက်နဲ့ ခွဲတာမျိုးတွေအထိ လုပ်ခဲ့ပါတယ်။

ဆရာလူထုဦးလှတသက်မှာ အဖမ်းအဆီးခံရတာ ၅ ခါ ရှိပါသတဲ့။ ၃ ခါက ဖဆပလ ခေတ် ပထမဆုံး အကြိမ်က ဗြိတိသျှ အစိုးရခေတ်မှာ၊ နောက် ၃ ကြိမ်က ဖဆပလခေတ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာတော့ မဆလခေတ်မှာ လူထုဦးလှရယ် အမေလူထုဒေါ်အမာရယ် သားဘိုညို(ဆရာညီပုလေး)ရယ် သားအမိ သားအဖ သုံးယောက်စလုံး ဖမ်းဆီးခံရတာပါ။

ဆရာလူထုဦးလှ ပထမအကြိမ် ဖမ်းဆီးခံရတုန်းက အမေလူထုဒေါ် အမာ ဂျပန်ခေတ် စစ်ရှောင်ရင်း မန္တလေးမြို့ မြောက်ဘက်က ကပိုင်ရွာ တောင်ငူစုဘုန်းကြီးကျောင်းဝင်းထဲမှာနေကြတဲ့ အချိန်ပါ။ အဲဒီခေတ်က ဝန်ကြီးသခင်သန်းထွန်း၊ ဗိုလ်မှူးဗထူးတို့ မကြာမကြာလာကြပါတယ်။ သူတို့ဘာတွေလုပ်ဖို့လာတယ်ဆိုတာတော့ လျှို့ဝှက်ကိစ္စမို့ထင်ရဲ့ ဦးလှက အမေမာ ကို ဘာမှ ပြောမပြပါဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်မလေး ၃၊ ၄ ယောက် အမေတို့ဆီလာနေတော့ အမေက ဘာမှ မစပ်စုပဲ ဒီလိုပဲ ချက်ပြုတ်ကျွေးမွေးနေတာပါပဲတဲ့။ အဲဒီအချိန်မှာ ဆရာလူထုဦးလှကို ဗြိတိသျှတပ်တွေလာပြီး ဖမ်းသွားပုံကို အမေက အခုလိုရေးထားပါတယ်။

“ကျွန်မတို့အညာမှာ ဗိုလ်မှူးဗထူးဦးဆောင်တဲ့တပ်တွေက ဖက်ဆစ်ဂျပန်ကို တော်လှန်ကြပြီး တိုက်ပွဲတွေ ဖြစ်နေပြီ။ ဂျပန်တွေ အရေးမလှဘဲ စစ်တွေဆုတ်ပေးနေရပြီ။ မဟာမိတ်တပ်တွေက ဝင်လာပြီ။ ဒါကြောင့် ဂျပန်တွေလက်က မန္တလေးမြို့ တောင် ကျသွားပြီဆိုတဲ့ အချိန်မျိုးမှာ ဗြိတိသျှစစ်ဗိုလ်တယောက် ဂျစ်ကားတစီးနဲ့ ကျွန်မတို့နေတဲ့ ကပိုင်တောင်ငူစု ကျောင်းထဲကို ဝင်လာပြီး ဦးလှကိုမေးတယ်။ တွေ့တယ်။ သူတို့ နှစ်ယောက်စကားပြောကြတယ်။ ဘာပြောမှန်း ကျွန်မ မသိလိုက်ဘူး။ နောက် ဦးလှက အိပ်ယာကို လိပ်ခိုင်းတယ်။ အဝတ်အထည်ကလေး နည်းနည်းထည့်ခိုင်းတယ်။ စစ်ဗိုလ်လာခေါ်လို့ ငါလိုက်သွားဦး မယ်ပြောပြီး လိုက်သွားတာပဲ။”



စစ်ဦးဘီလူးမှာ တပ်ကဖမ်းတယ်ဆိုတာ စိတ်ပူစရာ အလွန်ကောင်းတဲ့ အနေအထားပါ။ ဒါပေမယ့် ရှေ့တန်းစစ်မျက်နှာ အတွက် ဝါဒဖြန့်ဖို့ စကားပြန်လမ်းပြ လုပ်ရတာလိုလို သတင်းကြားရပြီး ဆရာလူထုဦးလှကို ဘယ်ဆီခေါ်သွားမှန်း မသိရပါဘူး။ နောက်တော့ ဦးလှကိုခေါ်သွားတဲ့ ဖမ်းသွားတဲ့တပ်က FSS လို့ခေါ်တဲ့ Field Security Service စစ်မြေပြင်လုံခြုံရေးအဖွဲ့က လာဖမ်းတာလို့ သိရပါသတဲ့။ ဦးလှ လွတ်ရာလွတ်ကြောင်းအတွက် အမေလူထုဒေါ်အမာဟာ မျိုးချစ်ရဲဘော်တွေနဲ့တွေ့ပြီး ဂျပန် တော်လှန်ရေးလုပ်နေကြတဲ့ အမေရိကန်တပ်ရဲ့ စစ်ထောက်လှမ်းရေးတပ်ဖြစ်တဲ့ Detachment 101 တပ်စခန်းချရာ ဗန်းမော်မြို့ ကိုလည်း မိဘတွေဆီက ခွင့်ပန်ပြီး အမ မမဦး(နဂါးဒေါ်ဦး)နဲ့အတူ (ဦး)ဖိုးသံချောင်းကိုယ်ဝန်ကြီး ၅ လ ၆ လ မပေါ့မပါး အနေ အထားနဲ့ စစ်ကြီးမပြီးတတ်သေးခင်မှာ ကပိုင်လေယာဉ်ကွင်းကနေ စစ်လေယာဉ် ဒါကိုတာကြီးတစီးနဲ့ လိုက်သွားခဲ့ဖူးသူ ဘာကိုမှမမှုတဲ့ သတ္တိခဲတဦးပါ။

ဗန်းမော်ရောက်လို့ ကိုယ့်ရဲဘော်တွေနဲ့တွေ့လို့ အမေရိကန်တပ်ကို မေးကြည့်တော့မှ လူထုဦးလှ ပုဂံမှာ ဖမ်းထားတာလို့ သိရပါတယ်။ ဗြိတိသျှတပ်က စစ်တိုက်ရင်းဖမ်းချုပ်တဲ့ ပုံသဏ္ဍာန်နဲ့ ဖမ်းထားတာမို့ စစ်ပြီးတော့ ပြန်လွတ်လာပါသတဲ့။

ဒုတိယအကြိမ် လူထုဦးလှကိုဖမ်းတော့ ၁၉၄၉ ခုနှစ်မှာပါ။ မင်းမနိုင်အဓိကရုဏ်းမှာ ဘုန်းကြီးနှစ်ပါး ပျံလွန်တယ်လို့ လူထုသတင်းစာက သတင်းမှားရေးတယ်ဆိုပြီး ပုဒ်မ ၅ နဲ့ ဖမ်းတာပါ။ အဲဒီပုဒ်မက အဲဒီအချိန်က အာမခံရနိုင်တဲ့ ပုဒ်မပါ။ သတင်းမှားတာကလည်း ဦးလှရေးတာ မဟုတ် ပါဘူး။ သတင်းအယ်ဒီတာဦးစံဝင်း ရေးတဲ့သတင်း နောက်တနေ့မှာ အမှားပြင်ဆင်ချက်သတင်းစာမှာ ထည့်ပြီးဖြစ်လို့ အာမခံလျှောက်တဲ့အခါ အာမခံရပါသတဲ့။ တိုက်ပိတ်တာလည်း ပြန်ဖွင့်ခွင့်ရတယ်။ ဦးလှလည်း ထောင်ထဲမှာ ၁၁ ရက်ပဲ နေခဲ့ရပြီး ပြန်လွတ်လာပါတယ်။ အဲဒါဟာ အမြန်ဆုံးအကြိမ်ဖြစ်ကြောင်း အမေမာက ရေးပါတယ်။

(သုံး)
ဆရာလူထုဦးလှ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ် အဖမ်းခံရတော့ အမေလူထုဒေါ်အမာက ဒိန်းမတ်ပြည် ကိုပင်ဟောင်မြို့တော်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာသတင်းစာဆရာ အမျိုးသမီး ကိုယ်စား လှယ်တယောက်အနေနဲ့ တက်နေရချိန်ပါ။ ညီလာခံပြီးတော့ မြန်မာနိုင်ငံက လူငယ်ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့လူငယ် ပွဲတော်ကို အချိန်မီတက်ရောက်ဖို့ မလာနိုင်လို့ တိုင်းပြည်ရဲ့အပြင်ရောက်နေတဲ့အမေ့ကို တက်ခဲ့ပါဆိုတဲ့ ကိုယ်စားလှယ် လွှဲစာရလို့ ရူမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တော်က လူငယ်ပွဲတော်ကို ကူးပြီးတက်နေတဲ့အချိန် ဖြစ်ပါတယ်။

အမေမာ ဘူခါရက်စ် လူငယ်ပွဲတော်တက်ပြီး ပြန်ခါနီးမှာ မန္တလေးလူထုတိုက်က အယ်ဒီတာတွေ ရိုက်လိုက်တဲ့ ကြေးနန်းသတင်းရပါတယ်။ ဦးလှ အဖမ်းခံရသည်။ သတင်းစာတိုက် ချိတ်ပိတ်ခံရသည်။ ၁၉၅၃ သြဂုတ် ၁၃ ရက် နေ့စွဲနဲ့ပါ။ အဲဒီတော့ အမေလူထုဒေါ်အမာလည်း ရှိရှိသမျှ အစီအစဉ်တွေဖျက်ပြီး အိမ်ပြန်ရပါ တော့တယ်။ ဘူခါရက်စ်ကနေ မော်စကိုရောက်တဲ့အခါ နောက်ထပ်ကြေးနန်းတစောင်ရပါတယ်။ အာမခံရပြီ၊ တိုက်ဖွင့်ပြီ၊ သတင်းစာပြန်ထွက်ပြီဆိုတဲ့သတင်းပါ။ ဒါကို အမေမာဖတ်ရတော့ ဝမ်းသာလိုက်ပုံများ ထခုန်မိမတတ်လို့ ဆိုပါတယ်။ ဆရာလူထုဦးလှက သူ့ဇနီး ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိပေမယ့် ခရီးလွန်နေသူ စိတ်ပူမှာစိုးလို့ စိတ်မပူအောင် ကြေးနန်းရိုက်ရှာတာပါ။

ဒါပေမယ့် အမေလူထုဒေါ်အမာ ရန်ကုန်ပြန်ရောက်ပြီး နောက်နေ့ မန္တလေးပြန်ရောက်တဲ့အခါ မန္တလေးလေဆိပ်မှာ လာကြိုတဲ့သူတွေထဲမှာ လူထုဦးလှမပါလို့ မေးကြည့်တော့မှ အိမ်မှာမရှိဘူး လေယာဉ်မဆိုက်ခင် နာရီဝက်လောက်ကမှ လာဖမ်းသွားတယ်ဆိုတာ သိရပါတယ်။ နိုင်ငံရပ်ခြားကနေ ကိုယ့် အိမ် ကိုယ့်မိသားစုရှိရာ ပြန်ရောက်တာ ဝမ်းသာအယ်လဲ ကြည်နူးပျော်ရွှင်ရမယ့်အစား လေယာဉ်ကွင်းကအိမ်ကို ရင်ထဲ ခိုးလုခုလုနဲ့ ပြန်ရောက်ရတယ်ဆိုတာ အမှန်တရားဘက်တော် သား သတင်းသမားတွေအတွက် တရားမျှတမှုမရှိတဲ့ခေတ်ဆိုး စနစ်ဆိုးတွေကပေးတဲ့ ဆုလာဒ်တွေထဲက လက်ဆောင် တချို့တဝက် ဖြစ်မယ် ထင်ပါတယ်။

ဆရာလူထုဦးလှကို အာမခံရပြီးသား ပုဒ်မ ၅ နဲ့ဘဲ ပြန်ဖမ်းတာပါ။ မန္တလေးထောင်ကြီးမှာ ၃ လကျော် ချုပ်ထားပြီး ရန်ကုန်ထောင်ရွှေ့ပြီး အမှုစစ်ပါတယ်။ နိုင်ငံခြားက အခုမှပြန်လာတဲ့ဇနီးကို လင်ယောင်္ကျားဖြစ် သူနဲ့ တွေ့ခွင့်မရအောင် တွေ့ရက်ရွှေ့လိုက်ပြီး တွေ့ခွင့်ပေးတော့လည်း အစောင့်အရှောက်တွေက စိတ်အခန့်မသင့် စရာတွေ ဒီခေတ်စကားနဲ့ဆို လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အနေအထားမျိုးတွေကို အမေလူထုဒေါ်အမာက အခုလို တင်ပြပါတယ်။

“မန္တလေးမှာ ချုပ်ထားတုန်းကလည်း ထောင်ဝင်စာ ကျွန်မလာတွေ့ တိုင်း စုံထောက်နှစ်ယောက်က လင်မယားကြားမှာ ငုတ်တုတ်ကြီး ထိုင်နေ ရက်နဲ့ တွေ့ရတာပါ” တဲ့။

အဲဒီအမှုမှာ အမှုမစစ်၊ စီရင်ချက်မချဘဲ အချိန်တွေဆွဲပြီး စိတ်ပျက်သွားအောင် အစိုးရက နှိပ်စက်ပုံတွေကို လူထုဦးလှရဲ့ ထောင်တွင်းကပေးစာများမှာ အခုလို ခပ်သောသောကလေး ရေးထားတာကို တွေ့ရပါတယ်။

“ဝမ်းသာလိုက်တာကွာ။ ထောင်ကလေးကျရပါမည့်အကြောင်း သားတကွဲ မယားတကွဲ မန္တလေးက ရန်ကုန်ကိုလည်း လာနေရသေး၊ တရားသူကြီး ၃ ယောက် အစိုးရရှေ့နေ ၃ ယောက် ပြောင်းပြီး ၁ နှစ် ၇ လနဲ့ ၁၄ ရက်လည်းကြာအောင် စောင့်ရသေး။ အခုဖြင့် အမှုပြီးပြီ။ မွေးဖွားပြီးတဲ့ ကိုယ်ဝန်ဆောင်လိုပဲ ပေါ့ပါးသွားပြီ” လို့ ရေးပါတယ်။

အဲဒီအမှုဖြစ်နေတဲ့ကာလအတွင်းမှာပဲ အမေလူထုဒေါ်အမာနဲ့ လူထုသတင်းစာအယ်ဒီတာချုပ်ဆရာကြီး ရွှေဥဒေါင်းတို့ကို ဖမ်းချုပ်မယ်လို့ သတင်းတွေမှာပါတော့ ဦးလှခမျာ ထောင်ထဲမှာ ဘယ်လောက်စိတ်သောက အမျိုးမျိုး ရောက်ခဲ့မလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းကိုတော့ လွန်ခဲ့တဲ့ ၇ လလောက်က လူထုသတင်းစာမှာ ဖော်ပြခဲ့တဲ့ ပျူစောထီး တပ်ဖွဲ့ကို ဝေဖန်တဲ့ ခေါင်းကြီးကြောင့် ဖမ်းပါတယ်။ အမေလူထုဒေါ်အမာကိုဖမ်းမယ်ဆိုရင် အတိုက်အခံ ဘက်က အရွေးခံကြမယ့်သူတွေက ဒီအစိုးရဟာ သတင်းစာတစောင်အပေါ် ဘယ်လိုအထိ ဖိနှိပ်သလဲဆိုတာ သိချင်ရင် ဟောဒီ ကလေး ၅ ယောက်ကိုသာပဲ ကြည့်ပါတော့ဆိုပြီး အဖေရော၊ အမေရော၊ ထောင်ထဲရောက်နေတဲ့ ကျွန်မတို့ကလေးတွေကို လက်ဆွဲပြီး မဲတောင်းကုန်ကြ လိမ့်မယ်။ မလုပ်ပါနဲ့လို့ပြောတော့မှ အမေမာကို မဖမ်းတော့ဘူး ဖြစ်သွားတာပါ။

အဲဒီအခြေအနေကို လူထုဦးလှ ရန်ကုန်ထောင်ထဲကကြားတော့ သူ့ရဲ့ပေးစာမှာ ရေးထားတာက-

“သတင်းစာဂျာနယ် မဂ္ဂဇင်းတွေက ပြည်သူတွေဘက်ကရေးမယ်။ အစိုးရလုပ်ပုံတွေမကောင်းကြောင်း ရေးမယ်ဆိုရင် အဲဒီပုံနှိပ်တိုက်တော့ ဥပဒေနဲ့ လတ်တလောတွေ့တော့တာပဲ။ နိုင်ငံရေးသမားတွေဆိုတာ အဖိနှိပ်ခံရသူတွေဖြစ်တော့ ငွေလည်းမပေါဘူး၊ အာမခံငွေလည်း မတင်နိုင်ကြဘူး။ ကြာတော့ သူတို့အာဘော်တွေကို ဘယ်ပုံနှိပ်တိုက်ကမှလည်း ရိုက်မပေး ရဲကြဘူး။ အဲဒီလိုချုပ်ချယ်ဖိနှိပ်တဲ့ နယ်ချဲ့သမားတို့ရဲ့ လက်သုံးတော်ဥပဒေမျိုးကို နိုင်ငံမှာ ထွန်းထွန်းကားကာြး့ဖစ်နေတာ အံ့သြစရာ၊ ဝမ်းနည်းစရာကြီးပဲ။ ကဲ၊ ရဲမေ။ ပူပင်နေလို့အလကားပဲ၊ ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီရေးဆိုတာ ဒီလိုပဲနေမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးဟာဖြင့် ပြည်သူတွေရဲ့ အသက်ပါပဲ။”လို့ ရေးခဲ့ပါတယ်။

နောက်ထပ်ပေးစာတစောင်မှာတော့ ဆရာကြီးရွှေဥဒေါင်း မန္တလေးထောင်ကနေ ၅ လနီးပါးကြာမှ လွှတ်တဲ့အကြောင်း၊ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့်ဖြစ်လိမ့်မယ်။ ဆိုပြီး လူထုဒေါ်အမာကို သတိပေးတဲ့အခါမှာ ဒုက္ခတွေ ပင်လယ်ဝေချိန် ဖြစ်ပေမယ့် နိုင်ငံရေးလောကဓံကိုအံတုရင်း သရော်ခဲ့ပုံက

“ကံအဆိုးအညံ့တွေ ကုန်ပြီထင်ပါရဲ့။ မင်းတို့လည်း ကြည့်ရေးကြပါ။ ပြည်သူတွေရဲ့အကျိုးအတွက် ဝေဖန်ရေးသားတာ ဘယ်သူ့ကိုမှ ပျက်စီးစေလိုလို့၊ မနာလိုမုန်းထားလို့မဟုတ်တဲ့အကြောင်း ပေါ်လွင်ပါစေ။ ဒီတခါ တခုခုထပ်ဖြစ်ရင် မင်းအလှည့် ဖြစ်လိမ့်မယ်။ ထောင်ထဲမှာ ကိုယ်ရှိတယ်ဆိုပြီး သိပ်လုပ်မနေနဲ့ လူ့ပြည်နဲ့ နတ်ပြည်မှာသာ အတူတူနေရတာ။ ငရဲပြည်မှာ အတူတူနေရတာမဟုတ်ဘူး။ ဒါကြောင့် ထောင်ထဲလိုက်လာဖို့ စိတ်မကူးနဲ့။”လို့ ဒုက္ခရောက်နေချိန်မှာတောင် ဆရာလူထုဦးလှက လောကဓံကို ကျီစယ်ကာ အရွှန်းဖောက်ပြီး သတိပေးတာ တွေ့ရပါတယ်။

လူထုဦးလှထောင်ထဲမှာ ၃ နှစ်ကျော် နေခဲ့ရပြီး လွတ်လာတော့ သွားကြိုကြတဲ့အခါ အငယ်ဆုံးသား ၅ နှစ် ၆ နှစ်သား ဘိုညိုက သူ့အဖေကို မမှတ်မိလို့ အို့တို့အန်းတန်း ကြည့်နေပါသတဲ့။ အဲဒါကြောင့် အမေ့သား ဘိုညို(ဆရာညီပုလေး) ၁၉၉ဝ ခုနှစ်မှာ စစ်အစိုးရက ထောင် ၁ဝ နှစ် ချလိုက်တော့ ဘိုညိုရှိတဲ့ သရက်ထောင်ကို အမေမာက ထောင်ဝင်စာသွားတွေ့ရင်း ဘိုညို့ကလေး ၃ ယောက်စလုံး ခေါ်ခေါ်သွားပြီး သုံးလတခါ နှစ်လတခါ ပြပြထားရပါသတဲ့။ အမေမာရဲ့ ဘဝအတွေ့အကြုံကနေ သင်ကြားပေးလိုက်တဲ့ ခေတ်စနစ်ကြီးရဲ့ ဆိုးမွေတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။

နိဂုံး
အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ဆိုနေတဲ့ ခေတ်ကြီးမှာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ထောင်ထဲရောက် နေရသူတွေ အမှုရင်ဆိုင်နေရသူတွေ၊ အဲဒီသူတွေရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာ ရှိနေဆဲ ပါပဲ။ သူတို့တွေဟာလည်း အမေလူထုဒေါ်အမာတို့ ကြုံတွေ့ခံစားခဲ့ရသလို ကြုံတွေ့ခံစားနေရဆဲပါဘဲ။

ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမှာ မိသားစုဝင်တွေ အသက် ဆုံးရှုံးရ၊ ဘဝတွေပေးဆပ်ကြရသလို အမေဟာ အလံမလဲတဲ့စိတ်နဲ့ ဘဝတလျှောက်လုံး ရပ်ခံနိုင်ခဲ့တယ်ဆိုတာ ပြည်သူလူထုခံစားမှု၊ လူထုရပ်ခံချက် မပျက်ခဲ့တာကြောင့်လို့ ဆိုချင်ပါတယ်။

အမေလူထုဒေါ်အမာလို ခေတ်တွေစနစ်တွေကြောင့် ရိုက်ခတ်ခံရတဲ့ နိုင်ငံရေးလောကဓံကို ကျော်လွှားဖြတ်သန်းပြီး အမှန်တရားဘက်က အဖိနှိပ်ခံပြည်သူလူထုဘက်က ကြံ့ကြံ့ခံရပ်တည်တဲ့သူတွေဟာ နောင်အနှစ် ရာပေါင်းများစွာ ထောင် ပေါင်းများစွာတိုင်အောင် ရှင်သန်နေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း ၂၈၊ ၁၁၊ ၂ဝ၁၅
(အမေလူထုဒေါ်အမာ နှစ် ၁ဝဝ ပြည့် အခမ်းအနား၊ မန္တလေးမြို့တွင် ဖတ်ကြားသော စာတမ်း)
0