မိုးချိုသင်း ● လွတ်လပ်ရေးနေ့ အတွေး

မိုးချိုသင်း ● လွတ်လပ်ရေးနေ့ အတွေး
(မိုးမခ) ဇန်နဝါရီ ၄၊ ၂ဝ၁၈

ဒီနေ့ဆို မြန်မာပြည်မှာ လွတ်လပ်ရေးနေ့ပေါ့။

ကိုယ်တို့ငယ်ငယ်က လွတ်လပ်ရေးနေ့ဆို သိပ်ပျော်တာပါ။ အဲဒီတုန်းက ပျော်တာက သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ရတဲ့ ကိုယ်တို့ဘဝတွေကို သဘောပေါက်ခံစားပြီး တန်ဖိုးထား နားလည်လို့တော့မဟုတ်သေးဘူး၊ ကလေးဆိုတော့ ကိုယ်တို့ ပျော်ပုံကတမျိုး။

လွတ်လပ်ရေးနေ့ဆို ကျောင်းတွေက ပိတ်တယ်၊ ကျောင်းစာတွေကနေ ခဏ လွတ်လပ်ရေးရတဲ့သဘောပေါ့။ ကလေးဆို တော့လဲ ကျောင်းပိတ်ရက်တွေသာ လက်ချိုးရေတွက်ခဲ့ရတာပါလေ..။ နောက် ရပ်ကွက်တွေ မြို့နယ်တွေမှာ ပြေးပွဲ ပြိုင်ပွဲ ကစားပွဲတွေ လုပ်ကြတယ်။ ဒီကျောင်းပိတ်ရက်က ရိုးရိုးပိတ်ရက် မဟုတ်ဘူးလေ၊ ကစားပွဲတွေ မြိုင်တဲ့ ကျောင်းပိတ်ရက်ဆိုတော့ပိုပျော်မိတာပေါ့။

ဇန်နဝါရီရဲ့မြူတွေ ဝေနေတဲ့မနက်ခင်း၊ နှစ်သစ်တခုရဲ့စောစောစီးစီး မနက်ခင်းလေးမှာ လူတွေအားလုံး လန်းဆတ် တက်ကြွ နေသလိုပဲ။ အိမ်ရှေ့မှာ မီးပုံလေးဖိုပြီး၊ မီးထဲကို ထန်းပင်မြစ်လေးတွေ ထည့်စားပြီး ကိုယ်လဲ မီးပုံဘေးမှာ ကလေးဘာဝ ခုန်ပေါက် ဆော့ကစားနေမိတာ..။ ကိုယ်တို့ငယ်ငယ်ကနေခဲ့တဲ့ ဆရာ ဆရာမတွေနေတဲ့ ခြံဝင်းလေးမှာလည်း တခြားလမ်း ကလူတွေနဲ့ စုပြီး ကစားပွဲလေးတွေလုပ်ခဲ့ကြပါတယ်။

ညဖက်ကတည်းက လူကြီးတွေက မီးတွေထွန်းပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကားလမ်းတွေပိတ်ပြီး လမ်းပေါ်မှာ မျဉ်း အဖြူတွေဆွဲပြီး ထုပ်ဆီးတိုးတမ်းတို့ ဖန်ခုန်တမ်းတို့ ကစားကြပြိုင်ကြတယ်။ အနိုင်ရသူကို ဆုပေးဖို့ ဆုတွေထုပ်ကြ ပိုးကြ တယ်။ ဆုတွေကလဲ ကြီးကြီးမားမား များများစားစားမဟုတ်ပေမဲ့ ဒါတွေကိုပဲ ခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ..။

ကိုယ်လဲ ဘယ်နေမလဲ။ ကစားပြိုင်ပွဲတွေမှာ ကိုယ်တို့မောင်နှမနှစ်ယောက် ဝင်ပြိုင်ခဲ့သေးတာပါ။ ဆုကတော့ ၅ ပွဲလောက် ကစားမှ တခုလား ရဖူးတာပါ။ ဒါတောင် ဒုတိယဆုပါ။ ပြေးပွဲတွေမှာ ကလန်ကလားနဲ့ နောက်ဆုံးက ကျားကုတ်ကျားခဲ ပြေးနေတာမျိုး ကိုယ့်ကိုမြင်ရမှာ..။ ဒါပေမဲ့ ပျော်တာကိုတော့တားမရဘူး။ ဆုမရလဲ ကိစ္စမရှိ၊ ကစားရရင် ကျေနပ်ပြီ။ သူငယ် ချင်းတွေနဲ့ ဟိုပြေး ဒီပြေးလုပ်နေရရင်ကိုပဲ ပျော်နေပြီ။

လွတ်လပ်ရေးနေ့တိုင်း အမေက အိမ်မှာ ကောက်ညှင်းပေါင်း ပေါင်းတတ်သေးတယ်။ ကောက်ညှင်းပေါင်းကို အိုးအကြီးကြီးနဲ့ ပေါင်းတယ်။ ငချိတ်တဖက်၊ ကောက်ညှင်းဖြူတဖက် ပန်းကန်ပြား အကြီးကြီးထဲထည့်ပြီး အုန်းခြစ်ဖြူဖြူဖွေးဖွေးလေးတွေ ဖြူးထားရင် မွှေးနေတာပဲ။ ငါးရံ့ခြောက်လေး၊ ပဲပြုတ် ဆီဆမ်းလေးကို ဘေးမှာပုံထားရင် ကိုယ်က တစွတ်စွတ် လက်နဲ့ဆုပ်ပြီး အလုံးလေးတွေလုပ်၊ စားတတ်တယ်။

လွတ်လပ်ရေးနေ့တိုင်း အဖေ့မိတ်ဆွေတွေ အိမ်မှာ ကောက်ညှင်းပေါင်း လာစားကြတယ်။ အိမ်ရှေ့မှာ ဝိုင်းထိုင်ပြီး ကောက် ညှင်းပေါင်းလေးနဲ့ ရေနွေးပူပူလေး မှုတ်ပြီး စကားတပြောပြော စားကြတယ်။ ကဗျာတွေ သူတို့ရီသံတွေ တသောသော ကြားရတယ်။ အဖေ့ကို ပြုံးပြုံး ပြုံးပြုံးနဲ့ လူအုပ်ကြားထဲကနေ မြင်ရတတ်တယ်။ အမေ့ကိုလည်း ကြည်ကြည်နူးနူး လုပ်ကိုင် ပေးနေတာ တွေ့ရတတ်တယ်။

ဒါက ကိုယ့်ငယ်ဘဝ မိစုံ ဖစုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေပေါ့။

နောက်တော့အရွယ်တွေရောက်လို့ လွတ်လပ်ရေးနေ့အဓိပ္ပါယ်ကို စာအုပ်တွေထဲမှာ ရှာဖွေကြည့်မိတတ်ပြီ။ ၁၉၉ဝ မှာ အမေ ဆုံးပါးသွားတော့လွတ်လပ်ရေးနေ့တွေမှာ ကောက်ညှင်းပေါင်း ပေါင်းကျွေးမဲ့သူလဲ မရှိတော့။ နောက်..အဖေ့ကို ညဥ့်ငှက် ဆိုးတွေ သုတ်သွားတဲ့ည..။ လွတ်လပ်ရေးနေ့တွေကို ကိုယ်တို့မောင်နှမတွေချည်း တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ ကြတယ်။

ကန္တာရ နှစ်တွေ ဖြတ်အပြီး အဖေ လွတ်လာတဲ့နောက် သားအဖ အတူနေခဲ့တဲ့အချိန်တွေမှာ စကားတွေ ပြောဖြစ်ကြတယ်။ ရောက်တတ်ရာရာ ကြုံရာကျပမ်းပေါ့။ တခါကတော့ကိုယ်က မေးခွန်းတခု မေးမိတယ်ထင်ပါရဲ့။ “အဖေ ကိုယ့်စိတ်နဲ့ ကိုယ့် ကိုယ် မနေရတဲ့၊ အထဲက အချိန်တွေမှာ မှတ်မှတ်ရရ ဘယ်အချိန်ကို စိတ်အထိခိုက်မိဆုံးလဲ” လို့..။

“အဲဒီနေ့က မနက်အစောကြီး အဖေ့ကို သူတို့ လာနှိုးတယ်။ မနက် ၅ နာရီလောက် ဖြစ်မယ်ထင်တယ်။ အဖေကလဲ အဖေ့ကို လွှတ်တော့မှာမို့ လာခေါ်တယ်ထင်မိတာ။ ကပျာကသီပဲ ထလိုက်လာခဲ့တာ။ နောက်မှ အချုပ်ပြောင်းတာမှန်းသိရတယ်”

“အဖေ့ကိုချုပ်ထားတာ ကျောက်တံတားရဲစခန်းမှာလေ..။ သူတို့က အဖေ့ကို လူတွေမနိုးခင် အချုပ်ပြောင်းတာ။ နံမည်ကြီး လူဆိုးတွေကိုထားတဲ့ ဘားလမ်းက စတီးဝပ်အချုပ်ကိုပို့တာ။ ကဗျာဆရာကို ကဗျာရေးလို့ထောင်ချမယ်လို့ တရားစွဲပြီး အင်း စိန်ထောင်ကို ပို့ဖို့ပေါ့။ ရမန်ယူဖို့ ဘားလမ်းအချုပ်ကို ပြောင်းထားတာပဲ”

“အဖေ့ကိုခေါ်ဖို့ ကားကအဆင်မပြေဘူးထင်ပါရဲ့။ လမ်းလျှောက်ပဲ ခေါ်သွားတော့ကွာတဲ့။ အဖေရယ်၊ နောက်ထပ် အချုပ် သားနှစ်ယောက်ရယ်၊ ရဲသားနှစ်ယောက်ရယ်။ ကျောက်တံတားရဲစခန်းကနေ ဘားလမ်းကို လမ်းလျှောက်သွားရတယ်”

“လမ်းပေါ်မှာ လူတွေကလဲ ရှင်းလို့..။ ကားတွေလဲ ရှင်းနေတာပဲ။ အဖေ့လက်ကို သူတို့ ကြိုးတွေ တုပ်ချည်ထားကြတယ်။ မနက်က စောစောစီးစီး၊ အေးက အေးသနဲ့။ အဖေတို့ ခပ်ဖြေးဖြေးပဲ လျှောက်သွားကြတယ်။ အဲဒီအချိန်မှာ ဆူးလေဘုရား ဘေးက အဖေတို့ ဖြတ်သွားရတာ သမီး”

“ဆူးလေဘုရားကြီးက မီးတွေ ထိန်ထိန်ညီးနေတာ သပ္ပါယ်လိုက်တာ သမီးရယ်။ မြတ်စွာဘုရားကို ကြိုးတွေတုပ်ထားတဲ့ လက်နှစ်ဖက်နဲ့ အဖေလမ်းလျှောက်ရင်း ရှိခိုးလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေသတိရလိုက်တာက ဒီနေ့ဟာ လွတ်လပ် ရေးနေ့ ဆိုတာပါပဲ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာပါသမီး။ အဖေ မျက်ရည်ကျမိတယ်။ အော်..မြန်မာပြည်ကြီး လွတ် လပ်ရေးရတဲ့ နှစ်ပတ်လည်နေ့မှာ ငါ မလွတ်လပ်ပါလားလို့..။ အထဲမှာ နေရတဲ့ အချိန်တွေထဲမှာ အဲဒီအချိန်လေးဟာ အဖေ စိတ်အထိခိုက်ဆုံး အချိန်ပါပဲ” တဲ့။

ကိုယ်လဲနားထောင်ရင်း မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့..။ အဖေ့ကိုယ်ဝဝကြီးကို ဖက်ထားမိတယ်။ ကိုယ်တို့မိသားစုတွေ မပါဘဲ အဖေတယောက်တည်း ဖြတ်သန်းလိုက်ရတဲ့ လွတ်လပ်ရေးနေ့ကို ရင်ထဲမှာ ဆို့မိလို့..။

ကိုယ့်ဘဝမှာ အဖေ မျက်ရည်ကျတာ မမြင်ဖူးဘူး။ အဖေက အနုပညာသမားမို့ ခံစားလွယ်၊ ထိခိုက်လွယ်တတ်လို့ စိတ်ပျော့ ပြောင်းသူဆိုတာ မှန်ပေမဲ့ အဖေ့မျက်ရည်ကိုတော့ ကိုယ်မမြင်ဖူးခဲ့ဘူး။ အဖေ မျက်ရည်ကျတယ်ဆိုတာ ဒါ ပထမဆုံး အဖေ ပြောဖူးတာပါပဲ။ ပြန်ပြောတဲ့အချိန်မှာလဲ မျက်နှာက မှုန်မှိုင်းနေပေမဲ့ မျက်ရည်မကျခဲ့ပါဘူး။ အဖေ့ရင်ထဲမှာတော့ ကိုယ် မသိတတ်နိုင်ဘူးလေ..။

ဘာရယ်မဟုတ်၊ လွတ်လပ်ရေးနေ့မှာ လွမ်းမိ တွေးမိတာလေးတွေ ရေးကြည့်တာပါ။ ဆူးလေဘုရားလမ်းပေါ်မှာကျခဲ့တဲ့ မျက်ရည်တွေ ခြောက်သေးရဲ့လားလို့တော့ ကိုယ် ဆက်မတွေးချင်တော့ပါဘူးလေ..။

မိုးချိုသင်း
0