မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၄)

 
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၄)
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈
အပျော်လွန် တပည့်များသို့ ပါမောက္ခကြီး၏ ရာဇသံ

(၁)
၁၉၄၉-၅ဝ ခု၊နှစ်လောက်က ဖြစ်ပေလိမ့်မည်။ ၁၉၅၃ ခု၊ နှစ် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရောက်ချိန်ထိ မီလိုက်သော နောင်တော်ကျောင်းသားကြီးများပြောပြ၍ သိကြရ စိတ်ဝင်စားကြရသော အပျော်လွန်ကျောက်းသားများသို့ ပါမောက္ခကြီး၏ ရာဇသံပါ။

(၂)
ရန်ကုန်တက္ကသိုလ် Archway (နောက်ပိုင်း စစ်ကိုင်းလမ်းဟုလည်းခေါ်) ထိပ်၌ ပါမောက္ခချုပ် ဒေါက်တာထင်အောင်နေပြီး၊ Archway နှင့် ပုဂံလမ်းထောင့်တွင် ပါမောက္ခဦးအောင်လှနေသည်။ ဝန်းနှင့်ခြံနှင့် နှစ်ထပ်တိုက် အင်းဝဆောင်နှင့် မလှမ်း မကမ်း။

ခြံတံခါးရယ်လို့ မရှိ၊ မြက်ခင်း ပန်းပင်များ၊ ဆင်ဝင်အောက်တွက် ပါမောက္ခ၏ ကားရပ်လေ့ရှိသည်။

အခြားသော ပါမောက္ခများသည်လည်း တက္ကသိုလ်နယ်မြေအတွင် ထိုပုံစံ ဝန်းနှင့် ခြံနှင့် နှစ်ထပ်တိုက်များနှင့်နေကြ၏။

(၃)
သင်္ချာဘာသာရပ်သာမက တေးဂီကိုလည်း ကျွမ်းကျင်သော ပါမောက္ခဦးအောင်လှသည် အင်္ဂလိပ်ခေတ် အမျိုးသားတက္က သိုလ်မှာကတည်းက သင်္ချာဘာသာ သင်ကြားပို့ချခဲ့သူ၊ ဆိုဗီယက်-မြန်မာ ချစ်ကြည်ရေးအသင်း၌လည်း အမှုဆောင်လုပ်၍ ကျော်ကြားလူသိများ၏။

ပါမ္ခောကတော်ကား ဒေါ်မေသန်း သီချင်းကြီးတူရိယာအဖွဲ့ထောင်ပြီး၊ အသံလွှင့်သီချင်းဆိုနေသူပါ။ တချိန်တုန်းက အေဝမ်း မှ ရုပ်ရှင်မင်းသမီးဖြစ်သည်။ အသံကောင်း မင်းသမီးမို့ အေဝမ်းသဘင်ဝန်တံဆိပ် ဓာတ်ပြားများအဖြစ်လည်း မေသန်း၏ သီချင်းများကို နာထောင်ကြရသည်။

လူကြိုက်များသော သီချင်းအမည်က ဇာတ်လိုက် ဖြစ်၏။

(၄)
ည (၁ဝ) နာရီခန့် လူခြေတိတ်ချိန်၌ဖြစ်သည်။

တက္ကသိုလ်ကျောင်းသား သုံးလေးယောက်သည် ပါမေက္ခဦးအောင်လှ နေအိမ်အိမ်ခြံတွင်းသို့ မှောင်ရိပ်ခိုကာ ဝင်ရောက် သွားကြ၏။ မီးရောင်က ထိန်မနေ ခမ်မှိန်မှိန်မို့ ဆရာတို့မအိပ်ကြသေးဟု တွက်မဆကြပြီး ဝမ်းသာအားတက်ကာ အသင့်ပါ လာသော ဓာတ်စက်ကိုနေရာချကြ၏။

ထို့နောက် လွတ်မကျရန် တိုက်ပုံအင်္ကျီနှင့်ကပ်ပြီး ဂရုတစိုက်သယ်လာသော ဓာတ်ပြားကိုထုတ်၏။ ထိုဓာတ်ပြားက အခြား မဟုတ် ရုပ်ရှင်မင်းသမီးမေသန်း၏ ဇာတ်လိုက်သီချင်းဓာတ်ပြား။

ဓာတ်စက်ပေါ်တင်၏။ ဓာတက်စက် သံပတ်တင်းလိုက်၍ ဖွင့်ဖို့အသင့်ဖြစ်လေပြီ။

(၅)
ရုပ်ရှင်မင်းသမီးမေသန်း၏ ဇာတ်လိုက်သီချင်းသံ လေထဲလွင့်လာပြီ။
ဤဇမ္ဗူလောကဝယ် ပြိုင်ဆိုင်သူ ရှားလိမ့်မယ်၊
အိုက်တင်တွေ များလွန်းတယ် ပျို့ချစ်သူရယ်၊
လူကိုမြင်ရင် ကြာမူပိုတယ်၊ ချစ်မျက်နှာထား အမူခြားတယ်၊
+ + + + + + +

ရှင့် အိုက်တင်တွေရယ် များလွန်းလှပါတယ်၊
ဇာတ်လိုက်လုပ်ရင် တော်လိမ့်မယ် မေသန်းထင်တယ်၊
+++++++++++

မေသန်းကိုချစ်ရင် သည်းညဉ်းခံရမယ် အလိုလိုက်တာရယ်၊
အကြိုက်ကိုလည်းဆောင်ရမယ် သဒ္ဒါကြည်ဖြူတယ်၊ ချစ်လက်စရှိသူရယ် ကြင်နာမိတော့တယ်၊
++++++++

မေသန်းလည်းသိပါတယ် ရှင်တော်တော်ကဲချင်တယ်၊ သူများထက် ထူးသူရယ်၊
ဒီလိုလူစားကို ကြောက်အားတော်ပိုတယ်---။

ထိုအချိန်တွင် ပါမေက္ခဦးအောင်လှ နေအိမ်အောက်ထပ်မီးပိတ်သွားသည်။ ကျောင်းသားများ၏ အူမြူးသံက မင်းသမီး မေသန်းရဲ့သီချင်းသံကို မထိုးဖေါက်နိုင်ချေ။ ဓာတ်စက်ဆရာက ဓာတ်စက်ခေါင်းကို မလိုက်ပြီး လေ့ကျင့်ထားသည့်နေရာ၌ ပြန်ချလိုက်ရာ--၊

မေသန်းကိုချစ်ရင် သည်းညဉ်းခံရမယ် အလိုလိုက်တာရယ်၊
အကြိုက်ကိုလည်းဆောင်ရမယ် သဒ္ဒါကြည်ဖြူတယ်၊ ချစ်လက်စရှိသူရယ် ကြင်နာမိတော့တယ်၊
မေသန်းလည်းသိပါတယ် ရှင်တော်တော်ကဲချင်တယ်၊ သူများထက် ထူးသူရယ်၊

ရုတ်တရက် တံခါးတွန်းဖွင့်ရင်း “ဘယ်သူတွေလဲကွ” ဟူသောအသံကြီးနှင့် ပါမေက္ခဦးအောင်လှထွက်လာရာ ကျောင်းသား များလည်း ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြသည်။

(၆)
မနက်မိုးလင်းတော့ ဓာတ်စက်နှင့်ဓာတ်ပြားက မြက်ခင်ပေါ်မှာ၊ လာဖွင့်သော ကျောင်းသားများ၏ နာမည်၊ အတန်း၊ ဘယ် အဆောင်မှာနေ စသည်တို့ ဘာဆိုဘာကိုမှ ပါမောက္ခကြီးမသိ။ သူလုပ်ရသည်က ဓာတ်စက်နှင့်ဓာတ်ပြားကို သင်္ချာဌာနသို့ သယ်ဆောင်သွားရခြင်းတည်း။

ထိုသတင်းကလည်း တက္ကသိုလ်နယ်မြေ၌ ပြန့်သွားလေပြီ။

ပါမောက္ခကြီး ဘာလုပ်ရမည်နည်း။ ထင်ထားသလို ဘယ်သူမှလည်း လာမစုံစမ်း၊ လာမတောင်းကြပါ။ ယူထား၍မဖြစ်၊ သင့် လည်းမသင့်။ ရုံးခန်းထဲ ကြာရှည်စွာမထားချင်။ ရာဇသံပေးရန် အကြံရသောကြောင့် စာရွက်ပေါ်၌ စာလုံးကြီးကြီးနှင့် ရေးသည်က ...

“အပျော်လွန်တပည့်တို့
မင်းတို့ပစ္စည်းတွေကို ဆရာသယ်ခဲ့ရ၊ သိမ်းထားရတဲ့ ဒုက္ခကို ငဲ့ညှာသောအားဖြင့် လာပြန်ယူကြပါ။
မနက်ဖြန်ကစပြီး (၃) ရက်တိတိ ဆရာမွန်းလွဲပိုင်း သင်္ချာဌာနမှာ ရှိမည်မဟုတ်။
စာရေးလေးကိုမှာထားတယ်၊ ပြောပြီး လာယူကြပါတော့ကွာ။
(၃) ရက်ကျော်လို့မှ လာမယူရင် မင်းတို့ဓာတ်စက် အပေါင်ဆိုင်ရောက်ပြီမှတ်၊

အောင်လှ”

Notice Board ပေါ်မှ ထူးထူးဆန်းဆန်း စာကိုဖတ်ပြီး မသိသူများက ဇဝေဇဝါ၊ သူသူများက ပြုံးကြနှင့်။

ပထမနေ့ မထူးခြား၊ ဒုတိယနေ့ မနက်ပိုင်းစသင်ပြီး ပါမောက္ခရုံးခန်း ဓာတ်စက်ကြီးက မရွေ့မရှား။

ရာဇသံ၏ နောက်ဆုံးနေ့ မွန်းလွဲပိုင်း၌ ကျောင်းသား (၃) ယောက်လာယူသွားကြောင်း စာရေးလေးက ပါမောက္ခ ဦးအောင် လှအား ပြောပြ၏။

သြော် ... ငါတို့ခေတ်က ငါတို့တက္ကသိုလ်က အပျော်လွန်ကျောင်းသားများအား ပါမောက္ခကြီး၏ရာဇသံကို ကျွန်တော်ကျောင်း သားဘဝက ကြားဖူးခဲ့ပါသည်။

(၇)
B.Sc အောင် တက္ကသိုလ်ကထွက်၊ မြန်မာအသံတွင် အလုပ်လုပ်ရင်း စာရေးဆရာလည်း ဖြစ်လာ၏။ ပင်စင်စား ပါမေက္ခဦး အောင်လှ၊ ဒေါ်မေသန်းတို့နှင့် သိခွင့် ခင်မင်ခွင့် ရလိုက်ပါသည်။ မေးကြည့်ချင်သည်မှာ လျှာယားလှပါဘိ။ သို့သော် အဘယ် မှာလျှင် မေးရဲပါနည်း။

အပျော်လွန်ကျောင်းသားများ မေသန်း၏ ဇာတ်လိုက်သီချင်းလာဖွင့်စဉ် ဆရာတို့ဇနီးမောင်နှံ ဘယ်လိုနေကြသလဲဟုသာ ကျွန်တော် ဆက်လက်တွေးနေမိကြောင်းပါ။

(မှတ်ချက်။  ။ တက္ကသိုလ်အတူရောက်၊ အဆောင်မှာအတူနေ၊ ထိုသတင်း အတူကြားဖူး၊ ဗာဂျီးနီးယား၌ အတူနေသူ ဦးစိုး သိမ်း (တောင်ငူ) က သီချင်းနှင့်စာသားရှာပေး၍သာ ဤဆောင်းပါးရေးနိုင်ပါကြောင်း ကျေးဇူးတင်စွာဖော်ပြပါသည်။)

၂ဝ၁၈ ခု၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့။
0