ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၂


ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၂
 (မိုးမခ) မတ် ၂၈၊ ၂၀၁၈

အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ဆက်ဆံရေးဘဝ

၉။ စာရေးသူဟာ နတလက ဖိတ်လိုက်တဲ့ဧည့်သည်တဖွဲ့တည်းဆိုရင် ပြသနာမရှိဘဲ လုပ်ငန်းစဉ်အတိုင်း အဆင့်လိုက်လုပ်နိုင်ပေမဲ့ ၁၉၉၀ခုနှစ်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် အင်းတော်ကြီး တိုင်းရင်သားအဖွဲ့နဲ့ လရွှီးလဟယ် နာဂတိုင်းရင်းသားအဖွဲ့ဟာ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြလို့ အစီအစဉ်တွေ ရှုပ်ထွေး ဗြောင်းဆန်နေအောင် သတိထားကိုင်တွယ်နေရပါတယ်။ အင်းတော်ကြီးအဖွဲ့က အရင်ရောက်ပြီး နာဂအဖွဲ့က နောက်ကျမှ ရောက်လာတာမို့ နာဂအဖွဲ့ကို စုပေါင်းရိပ်သာမှာ ခဏထားခဲ့ပြီး အင်းတော်ကြီးတိုင်းရင်းသားတွေကို လေ့လာရေးအဖြစ် ဗိုလ်ချုပ်ဈေးကို လှည့်လည်ပြသနေပါတယ်။ ဒီအချိန်မှာ စာရေးသူအား ရဲဝါယာလက်ကား၊ ဆက်သွယ်ရေးစက်ပေါ်မှာ လူကြီး အရေးပေါ်စကားပြောချင်တယ် ဆိုလို့ ပါလာတဲ့ ရဲအုပ်က လာသတင်းပို့တာမို့ စက်ဆီအပြေးအလွှား သွားလိုက်ပါတယ်။ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်နေပြီး သူက ...

G1 “ မောင်းတီးအဖွဲ့(နာဂအဖွဲ့)ကို ခေါင်းပေါင်း (ထိပ်ပိုင်းလူကြီး) ဒီနေ့တွေ့မယ်။ အခုချက်ခြင်း
ဝပ်ကျင်း (တည်းခိုဆောင်စုပေါင်းရိပ်သာ) ပြန်သွား၊ ရထားလား”

စာရေးသူက လာတွေ့မည့်ခေါင်းပေါင်း အဆင့်ရာထူးပေါ်မူတည်ပြီး အချိန်ကပ်နေပြီးပြင်ဆင်ရာမှာမို့ လုံခြုံရေးအရ (တိုင်းမှူးနဲ့ အတွင်းရေးမှူး (၁) အပါအ၀င် လူကြီးတွေနားမှာ ဆက်သွယ်ရေးစက်တွေ အမြဲဖွင့်ထားပြီး နားထောင်နေတတ်တာမို့ ဆင်ခြင်နေရ ) မမေးသင့်ပေမဲ့ စိတ်ပူပန်မှုကို မထိန်းနိုင်ဘဲ ဘယ်လို ခေါင်းပေါင်းများ လာနိုင်မလဲဆိုတာ အထာလေးနဲ့အထွဋ်တက် မေးလိုက်ပါတယ်။

စာရေးသူ - “ ခေါင်းပေါင်းဆိုတာက သူကြီးလား၊ ဆယ်အိမ်ခေါင်းလား ခင်ဗျ”

G1 - “ မမေးနဲ့လေကွာ၊ ဟိုကျ ဖျာခင်းထား (လုံခြုံရေးတပ်ချ၊ မိုင်းရှင်းအဖွဲ့ အခင်းအကျင်း ထူထပ်စွာ ချထား) တာပေါ်မူတည်ပြီး မင်းအတွေ့အကြုံအရ သိလာလိမ့်မယ်၊ အိပ်ရာနဲ့ ထမင်းစား (အိပ်ဆောင်နဲ့ခန်းမ) ၂ နေရာတွေ့မယ်။ မောင်းတီးအဖွဲ့ခေါင်းဆောင်တွေ ညှိ၊ သပ်သပ်ရပ်ရပ်လုပ်၊ စောင်ခြုံဖို့ (လုံခြုံရေးတပ်တွေချ၊ မိုင်းရှင်း အခမ်းအနားမိုက်စင်ပြင်၊ လိုက်ကာထည့်ပြင်) နဲ့ ကျန်တာ မင်းသက်သာအောင် ဒို့ လုပ်ထားပြီးပြီ၊ လက်ရှိအဖွဲ့ကို ကိုသိန်းလင်း (တိုင်းရဲမှူးကြီး) သားလေး (ရဲအုပ်) နဲ့လွှဲထားခဲ့။ အချိန်တော့ မရဖူးနော်။ မြန်မြန်သွား၊ ရထားလား။”

စာရေးသူ - “ ၉၆ (လိုက်နာဆောင်ရွက်ပါ့မယ်) ပါ”

၁၀။ G1 ကြီးကတော့ မိမိအားစိတ်မပူဖို့ နှစ်သိမ့်သွားပေမဲ့ ဒီလိုစိန်ခေါ်မှုကြီး တိုင်းရင်းသား  ၂ ဖွဲ့စလုံး တ ပြိုင်နက် ဆုံတာမျိုး၊ အချိန်ကပ်ပြီး လူကြီးလာတွေ့တာမျိုး မရှိသေးတာမို့ အချိန်မရွေး ဂျောက်ကမ္ဘားထဲ ထိုးကျသွားမယ် အန္တရာယ်ကို ပြေးမြင်နေရပါတယ်။ မိမိက ကြိုတင်သတိပေးအမိန့် ထုတ်ဖို့ သက်ဆိုင်ရာ ချက်ပြုတ်ရေး တာဝန်ခံ၊ သန့်ရှင်းရေးနဲ့ တိုင်းရင်သားခေါင်းဆောင်တွေကို ဗိုလ်ချူပ်ဈေးက ဖုံးဆက်သော်လည်း အရေးထဲ ရိပ်သာဖုံးလိုင်းက မအားဖြစ်နေတာမို့ နီးစပ်ရာ တပ်တတပ်က အရာရှိတစ်ဦးဆီဖုံးဆက်ကာ ကြိုတင်ပြင်ဆင်ထားဖို့သွားပြောခိုင်းလိုက်ပါတယ်။

ရဲဝါယာလက်နောက်တစီးအား ဗိုလ်ချုပ်ဈေးကို ထပ်စေလွှတ်ပေးဖို့ လမ်း ၅၀ ရဲရုံးကို တိုက်ရိုက်ဆက်ပြီး ရဲအုပ်ကို လက်ရှိ အင်းတော်ကြီးတိုင်းရင်းသားတွေကို ခရီးစဉ်အတိုင်း နောက်နေရာတွေကို  ဆက်သွားဖို့ မှာကြား တာဝန်လွှဲခဲ့ကာ သူ့ကို ချန်ထားခဲ့ရပါတယ်။ မိမိက အမြန်ရောက်လေ အချိန်ပိုရလေဖြစ်တာမို့ ရဲကားကို ထိပ်နီဖွင့်စေကာ မီးပွိုင့်များကို ရဲchannnal စက်ကနေ စိမ်းပေးခိုင်းပြီး တက်သုတ်ရိုက် မောင်းနှင်ခိုင်းခဲ့ပါတယ်။ လာမည့်လူကြီးဟာ အနည်းဆုံး အတွင်းရေးမှူး (၁ / ၂) ဖြစ်နိုင်တယ် မှန်းပေမဲ့ ဟိုရောက်တော့ ခင်းထားတဲ့ အခင်းအကျင်းအရ အတွင်းရေးမှူး (၁) အတွက် ပုံသေသတ်မှတ်ထားတဲ့ ရုပ်မြင်သံကြားအဖွဲ့တွေအပြင် အခြားကင်မရာဆိုင်းတွေပါတွေ့ရပြီး  မိုင်းရှင်းအဖွဲ့တွေ၊ အပြင်စည်း အတွင်းစည်း လုံခြုံရေးအဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့၊ တပ်ထိန်း၊ ယာဉ်ထိန်းတွေချထားလို့ ဗဟိုကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီးသန်းရွှေ လာနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

လှံနဲ့ ဇော်ဂျီလို ကရမည့်ပုံ

၁၁။ စာရေးသူက ကျွေးမွေးရေးအဖွဲ့ တာဝန်ခံတပ်မှူးနဲ့အတူ လူကြီးတွေမေးရင် ပြနိုင်ဖို့Menu နဲ့ လက်ရှိစားသောက်မည့် အစားအစာနမူနာ အသင့်ပြင်ဆင်တားတာတွေ၊ အိပ်ဆောင်အတွင်း သန့်ရှင်းရေးနဲ့ ထုံးသုတ်စည်ပင်အဖွဲ့တွေကို စစ်ဆေးတာတွေ၊ လူကြီးမိန့်ခွန်းပြောဆိုမည့် ခန်းမအတွင်း ပရိဘောဂ စားပွဲကုလားထိုင် လိုက်ကာခန်းဆီး seating plan ချထားတာတွေ၊ ချာလပတ်ကို ရမ်းနေပါတယ်။ အဓိက အရေးကြီးတာက နာဂခေါင်းဆောင်တွေဟာ မြန်မာစကားမလည်ဝယ်တာမို့ စစ်ကိုင်းရွာသစ်ကြီးတက္ကသိုလ်ဆင်း နယ်ဘက်အကယ်ဒမီဘွဲ့ရ ကျောင်းဆရာ နာဂတစ်ဦးနဲ့ ညှိနှိုင်းရပါတယ်၊

နာဂအဖွဲ့ - “ကျွန်တော်တို့ခေါင်းဆောင်ပိုင်းက ထွက်ကြိုပြီး ကျန်သူကုတင်ဘေးကနေ ရပ်ကြိုမယ်၊”

စာရေးသူ “အေးဗျ။ လာမှာက နိုင်ငံတော်ထိပ်တန်းအဆင့် လာတွေ့မှာဆိုတော့ အပြုအမူက အစ မမှားစေချင်ဖူး။ လက်အုပ်ချီတာ မလုပ်တတ်ရင်တောင် လက်၂ ဘက် ရှေ့ဆန့်တန်း အုပ်ပြီး ခါးလေးကိုင်းလိုက်ရင် ဖြစ်ပါတယ်။ လူကြီးတွေမေးရင် ဘာသာပြန်ဆရာက မြန်မာအထာသိနေလို့လိမ္မာပါးနပ်ဖို့လိုတယ်နော်။ ခန်းမမှာ တခါထပ်တွေ့ရင် မိမိဒေသ အမှန်တကယ်လိုအပ်တဲ့ ဥပမာ မီးစက်လိုမျိုး တောင်းတတ်ဖို့သိပ် အရေးကြီးတယ်။ ဒီလို အခွင့်အရေးမျိုး ရဖို့ တော်ယုံ မလွယ်သလို ယခင်ကလို စာတတန်ပေတတန်နဲ့ ကြိုးနီစနစ်များလို့ တောင်းတိုင်း မရဘဲ အကြာကြီးနေမှ ရတယ်လေ၊ အခု ပြန်ရင်တောင် ချက်ခြင်းထည့်ပေးလိုက်နိုင်တဲ့ အနေအထားမျိုး လူကြီးတွေက လုပ်ပေးလို့ရတယ်။”

နာဂအဖွဲ့ - “ကျေးဇူးပါဘဲ၊ကျနော်တို့က နာဂ အထိမ်းအမှတ် လက်ဆောင် နာဂလှံကြီးတချောင်း နိုင်ငံတော်အကြီးအကဲကို လက်ဆောင်ပေးချင်တယ်။”

စာရေးသူလည်း မျက်လုံးပြုးသွားရကာ- “ ဟ လှံကြီးက အရှည်ကြီး၊ ထိပ်မှာ ဓါးကလည်းမျ နေတာဘဲ၊ မတော် သူက လေးနေတဲ့ လှံကြီးအယူမှာ မနိုင်လို့ ချော်ထိုးမိရင် ခေါင်း ငယ်ထိပ် မြွေပေါက်တာထက် ဆိုးသွားမယ်။ နေရာကလည်းကျဉ်းတယ်။ ခန်းမမှာ မဖြစ်ဖူးလား။”

နာဂအဖွဲ့ကျောင်းဆရာက - “ဟာ ခန်းမထဲက တွေ့မည့်သူက အဆင့်နိမ့်ရာထူးနိမ့်တယ်၊ အမြင့်ဆုံး အကြီးဆုံးသူက အိပ်ဆောင်ထဲလာတွေ့မယ် မဟုတ်လား၊ နေရာကျယ်တဲ့ အိပ်ဆောင်အ၀င် လမ်းခွနေရာမှာ ရနိုင်ပါတယ်။ ကျနော်တို့ တဖက်တချက်က ကိုင်ထားပေးကြမယ်လေ။ စိတ်ချပါ။”

စာရေးသူ - "ကြည့်လည်းလုပ်ကြပါဗျာ၊ လူကြီးတွေက မင်းတာဝန်ယူနိုင်ရင် လုပ်ပါလို့ဘဲ ပြောကြမှာဘဲ၊ အထူးသဖြင့် ထောက်လှမ်းရေးအဖွဲ့ပြောရင် လက်ပေါက်ကပ်တယ်ဗျ၊ လမ်းက ကျဉ်းတာမို့ တီဗွီအဖွဲ့ကို ဦးစားပေးရမည်ဖြစ်လို့ သူတို့ကို မ၀င်ခိုင်းတော့ဘဲ ကျနော်က လုံခြုံရေးတာဝန်ယူရမယ်လေ။ အစမ်းလုပ်ကြည့်မယ်။ ကိုင်း ... ပြောနေတာကြာပါတယ်။ ဇာတ်တိုက်လေ့ကျင့်ကြမယ်၊ ပေးမည့်နေရာ ထုံးဝိုင်းထားမယ်။ လှံနဲ့ချိန်ဆကြမယ်” ဆိုပြီး ဒါရိုက်တာမိုက်တီးရဲ့ရိုက်ချက်၊ ကိုတင်သန်းဦးရဲ့ လျှပ်တပြက်ရိုက်ချက်လို့ သတင်းမှတ်တမ်းတင်ဖို့ ရောက်နေတဲ့ (မြ၀တီ) ကကပြည်အဖွဲ့က စနေတာကို အော်ပြောလိုက်ရင်း မင်းသမီးမပါဘဲ စာရေးသူ စတန့်မင်းသားအဖြစ်သရုပ်ဆောင်ရပါတော့တယ်။

၁၂။ မကြာခင် တိုင်းမှူးနဲ့ အတွင်းရေးမှူး (၂) တို့ ရှေ့ဆင့်နောက်ဆင့် ရောက်ချလာပါတယ်။ သူတို့ဟာ တိုင်းရင်သားတွေကို မတွေ့သေးဘဲ ကားဘေးမှာဘဲ ရပ်စကားပြောနေကြရာ အဲဒီအခါကျမှ သူတို့ရဲ့ PSO တွေကိုမေးကြည့်ရာ သူတို့လည်း ရုတ်တရက်သိလို့မှ ရောက်လာတာဖြစ်ပြီး တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် လာမည်ဆိုတာ သိလိုက်ရလို့ အံ့သြသွားရပါတယ်။ ဆက်လက်ပြီး အတွင်းရေးမှူး (၁) ယာဉ်တန်းရောက်လာချိန်မှာတော့ ဗိုလ်ချုပ်ခင်ညွှန့်ကို ဗိုလ်ချုပ်တင်ဦးက လက်ပြနှုတ်ဆက်ကာ သူတို့ ၂ ဦး စလုံး ခန်းမထဲထိုင်ရင် ပူတယ်လို့ ဆိုကာ သစ်ပင်အရိပ်တခုဆီ သွားကြပါတယ်။ စာရေးသူက သူတို့ ၂ ဦး စလုံး ထိုင်ဖို့ ကုလားထိုင် ၂လုံးသွားချပေးလိုက်စဉ် အချင်းချင်းပြောစကားကြောင့် အံ့သြ မှင်သက်မိခဲ့ပြီး အခုထိနားထဲက မထွက်လို့ ဝေမျှ ပေးလိုက်ရပါတယ်။

S1 - “ အင်း ... သူက စိတ် မမှန်တော့ဖူး၊ ခက်တယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး ”

S2 -  “ဟိုနေ့ကလည်း မြန်မာ့အသံဝန်ထမ်းတွေကို ပုတီးဆောင်ထားကြ ပြောကြတယ်။ ဟုတ်လား”

S1 - “ဟုတ်တယ်၊ ကြ့ည်ပြီးထိန်းရေတယ်၊ မီးစင်ကြည့်က နေရတယ်၊ စိတ်လေတယ်ဗျာ။”

၁၃။ နောက် နာရီဝက်ခန့်လောက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင် မော်တော်ယာဉ်တန်းကြီးဟာ ရောက်ချလာပါတော့တယ်။ VIP ထက်မြင့်တဲ့ VIPP အဓိက လူကြီးဖြစ်တာနဲ့အညီ အခြွေအရံ အသင်းအပင်းများစွာနဲ့ရထားတွဲကြီးလို စာရေးသူစောင့်ဆိုင်းနေရတဲ့ အိပ်ဆောင်ကို ဦးတည်လာပါတော့တယ်။ အဆောင်ထဲလှမ်းဝင်တာနဲ့ နာဂတွေက နှုတ်ခွန်းဆက် ဓလေ့အရ အော်ဟစ်လိုက်သံဟာ အမိုးတွေလွင့်စင်သွားမတတ် ဆူညံသွားပါတယ်။

လည်လှီးသတ်ကြ

၁၄။ ဇာတ်လမ်းက စလေပြီ။ နာဂခေါင်းဆောင်တွေကို အုပ်စုကျေးရွာအလိုက် ကျောင်းဆရာက တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်အား မိတ်ဆက်ပေးလိုက်ပြီးတာနဲ့ ဇာတ်ရှိန်တက်လာပါတယ်။

တပ်ချုပ် - “ မင်းတို့လာလည်တာ အဆင်ပြေကြရဲ့လား”

ကျောင်းဆရာ - “ ဟုတ်ကဲ့ပါ၊ ပျော်ကြပါတယ် အဘကြီးခင်ဗျ”

တပ်ချုပ် “ မင်းတို့ မြန်မာပြည်ကို ချစ်ကြရဲ့လား”

နာဂအဖွဲ့ - (လက်သီးလက်မောင်းတန်းကာ) "ချစ်ကြတယ်" (တချို့စကားမပီကြ)

ဗိုလ်ချုပ်မှူးကြီး ပီတိဖြစ်သွားဟန်တူပြီး - “အေး - ဒို့ မြန်မာတွေက ကိုယ်ထီးကိုယ်နန်းနဲ့ နေခဲ့တာကွ၊ ဘုရင့်နောင်၊ ဆင်ဖြုရှင်၊ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရင်တွေ လက်ထက်တုံးက မင်းတို့နာဂနယ်တွေသာမက အာသံ မဏိပူရပြည်နယ်တွေကို သိမ်းထားတယ်ဆိုပေမဲ့ ကုလားစော်ဘွားတွေက ဝေးတော့ မကြာခဏ သစ္စာဖေါက်ကြတာမို့ သွားပြီးနိမ်နှင်းရတယ်။ ကုလားတွေ မကောင်းဖူး၊”

၁၅။ အဲ့ဒီနောက် ဗိုလ်ချုပ်မှူးကြီးအား အမှတ်တရ လှံကြီးပေးတဲ့ အစီအစဉ်စပါတယ်။ မိမိက လှံရဲ့ ဓါးသွားပိုင်းကို ကိုင်လျှက် (ထိုးမိရင်လည်း အရင်အသေခံမယ်၊ ဘုရားစာ စိတ်ထဲက ရွတ်တာစုံလို့)လှံရဲ့ အရင်းပိုင်းကို ကျောင်းဆရာက သေချာစွာ ဆုပ်ကိုင်ပြီး လှံကို ကန့်လန့်ဖြတ်ထားကာ လှံအလယ်ပိုင်းကိုသာ ခေါင်းဆောင်လုပ်သူက ကိုင်လျှက် တပ်ချုပ်ကို ပေးအပ်သလို နာဂဦးထုပ်ကြီးကို ဆောင်းပေးပါတော့တယ်။ တပ်ချုပ်ကြီးလည်း လှံကို မလွှတ်တော့ဘဲ မာန်ပါပါ လှံ ကြီးကို လက်မှကိုင်ထားကာ ထောင်လိုက်ပါတယ်။

 ကြားဖြတ် တင်ပြချင်တာက အဲဒီတုံးက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်နဲ့ကျောင်းနေဘက် သူငယ်ချင်းဖြစ်တဲ့အပြင် အမေ၊ အဖိုးတို့နဲ့ တောက်လျှောက် ပတ်သက်ခဲ့တာကြောင့် ထောက်ခံကြောင်း ပြောထားတာဖြစ်ရာ ဗိုလ်ချုပ်မှူးကြီးစောမောင်အနေနဲ့ အိန္ဒိယကို မုန်းတီးနေဟန်တူပါတယ်။ ယခုလည်း နာဂအဖွဲ့က လက်ဆောင်ပေးလိုက်တဲ့ လှံကြီးနဲ့ ဦးထုပ်ကြီးဆောင်ထားရတာမို့ တပ်ချုပ် စိတ်ကြီးဝင်သွားတဲ့ အသွင်ပြောင်းကာ ရှေးခေတ်ဘုရင်ကြီးတွေ ၀င်ပူးနေသလားလို့စာရေးသူ စိုးရိမ်စိတ်တွေ ဒီဂရီဆောင့် တက်လာပါတယ်။ ခုနလေးတင် S(1/2) တို့ ပြောစကားအတိုင်း တော်ကြာ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် လှံကြီးကို ဘယ်သူ့မှ မပေးသေးဘဲ ထောင်လျှက် ကိုင်ထားနေရာမှ စိတ်ဖေါက်ပြီး လှံနဲ့ ဝှေ့ရမ်းလိုက်မှဖြင့် လှံရဲ့ဒါးသွား အနီးဆုံးဟာ စာရေးသူ လည်ပင်းနဲ့အနီးဆုံးဖြစ်နေရာ အလွယ်တကူ လည်လှီးလိုက်သလို ဖြစ်သွားနိုင်တာမို့ဘုရားစာတောင် စိတ်ထဲ ရွတ်နေတာတောင် အယောင်ယောင်အမှားမှား ဖြစ်နေပါတယ်။

၁၆။ တပ်ချုပ် - “မင်းတို့ ကုလားတွေကို ချစ်လား”
ကျောင်းဆရာ - “ မချစ်ဖူး”
တပ်ချုပ် “မြန်မာသွေးက တိုက်ရဲတယ်။ သေရဲရမယ်၊ မင်းတို့ကိုင်တဲ့ လက်နက်တွေ မကောင်းရင် အော်တိုလက်နက်တွေ စက်ရုံကြီးတွေ ရှိတယ်။ တောင်းရင်ပေးမယ်။ ပူစရာ မလို၊ ကုလားတွေကို လည်လှီးသတ်ကြ။”( ဒါကိုတော့ ရုပ်မြင်သံကြားက သတင်းတည်းဖြတ်မှာ ပူရန်မလိုပါ)
ကျောင်းဆရာ - “ သတ်ပစ်မယ်”
တပ်ချုပ် - “ နောက်ပြီး ပုတီးတွေ ဆောင်ထားကြ၊”

အဲဒီမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ နာဂတွေဟာ ကြောင်စီစီဖြစ်သွားရာ စကားပြန်လုပ်သူကျောင်းဆရာက
အကယ်ဒမီရှော့ပီသစွာ ဘယ်လို ပြန်လိုက်လဲ မသိ၊ နာဂ တဖွဲ့လုံးက “အောင်ရေ” ၃ခါ  (နာဂဓလေ့အရ အောင်ပြီ ဆုတောင်း ဟစ်ကြွေးသံ) ဆူညံစွာ အော်ဟစ်ကြလိုက်ရာ နောက်ကလူကြီးတွေကပါ လက်ခုပ်လက်ဝါးတီး ယောင်ဝါးဝါးနဲ့ ပြီးသွားပါတော့တယ်။ စာရေးသူ အပူလုံးထိုးကျသွားပါတယ်။

တပ်ချုပ်က S-2 အား “ကိုတင်ဦး ကြည့်လုပ်ပေးလိုက်”ဆိုကာ သူနဲ့ အတွင်းရေးမှူး (၁) ၊ တိုင်းမှူးတို့ ပြန်သွားကြပြီး ဒုတိယ အစီအစဉ်အရ အတွင်းရေးမှူး (၂) က ဒေသဖွံဖြိုးရေးအတွက် နာဂအဖွဲ့နဲ့ စားသောက်ခန်းမမှာ ဆက်လက်တွေ့ဆုံပါတယ်။

ARMY RUM တန်ခိုးတော်တော်ပြင်း
၁၇။ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦးဟာ နာဂအဖွဲ့တွေကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သူရဲ့ ၀သီအတိုင်း -

S-2 - “ ဒို့တွေက ရှယ်ဧည့်ခံကျွေးမွေးထားဖို့ လုပ်ထားတယ်။ ဘာတွေ စားချင်ကြသတုံး။ မင်းတို့ စားနေကြ အစားအစာနဲ့အဆင်ပြေကြရဲ့လား ” ဆိုပြီး လောကွတ် စတင်မေးပါတယ်။

နာဂအဖွဲ့ “ ကျနော်တို့ သောက်ရတာ မ၀ပါဖူး” ဇာတ်လမ်းက ပြီးပြီထင်တာ မုန်တိုင်း စပါပြီ။

S-2 “ ဟ ဘယ်လိုဖြစ်တာတုံး။ ဒီမှာကပူလို့ ရေသောက်ရတာ မ၀ဖူးလား၊ ရေခဲနဲ့ရေ ကျွေးမွေးရေးက အလျှံပယ် မလုပ်ပေးထားဖူးလားကွ” ။

 ဗိုလ်ချုပ်တင်ဦးရဲ့ ရှေ့စကား ကြွားထားသမျှ  အရှက်တော်ကွဲနေလို့ မျက်လုံးဟာ တတောင်လောက် ပြုးထွက်သလားထင်ရပြီး ကျွေးမွေးရေး တာဝန်ခံတပ်မှူးခင်မျာ မျက်နှာလေး ဇီးရွက်သာသာ ကျန်ပါတော့တယ်။ စာရေးသူက ရိပ်မိပြီး ကျောင်းဆရာကို မျက်ရိပ်ပြကာ အတိုင်အဖေါက် ညီညီ ထပြောရပါတော့တယ်။

စာရေးသူ “ဒါက ဒီလိုရှိပါတယ်အဘ။ ရေ မဟုတ်ပါဖူး။ သူတို့က ရောက်ရောက်ခြင်း အရက်သောက်ချင်တယ်ဆိုလို့ အရက် သေတ္တာ (၄၈ လုံး)  ချပေးထားတာ ကြိုက်လို့ ခနလေးကုန်သွား
ပါတယ်။”

ကျောင်းဆရာ - “ သူတို့က စစ်တပ်က ထုတ်တဲ့ Army Rum က ကွီနိုင်ငှက်ဖျားဆေးပါတယ်ဆိုလို့ သူတို့က ပျောက်အောင်သောက်ကြသလို၊ နာဂအရက်က အ၀င်ကြမ်းပြီး စစ်တပ်အရက်က ချိုတာမို့ သောက်လေ သောက်လေ ငတ်မပြေဆိုတဲ့ အတိုင်း ပုလင်းနဲ့ပါးစပ်ဆက်သွားတာပါခင်ဗျ” ပြောလို့ အားလုံးဝိုင်းရီကြပြီး သက်ပြင်းချခဲ့ကာ ကျွေးမွေးရေးတပ်မှူးက မိမိကိုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။

S-2 - “ အေး ဒါဆိုလည်း အ၀ သောက်ပါစေ၊ မင်း(စာရေးသူ) ကကထောက်ကို မနက်ဖန်သွားပြီး ၅ သေတ္တာသွားထုတ်လိုက်၊ ငါပြောပေးထားမယ်။နောက်ပြီး သူတို့က အေးတဲ့နေရာကလာလို့ ဒီမှာက ပူတယ်။ အ၀တ်သိပ်မ၀တ်ချင်ဖူး။ ဒါပေမဲ့ လူမြင်ကွင်းကျ သူတို့အရပ် ဂလန်ဂလားဝတ်စုံတွေက လှပတောက်ပြောင်တာ ၀ိုင်းကြည့်နေမယ်ဆိုရင် အောက်ပိုင်းအမြင်တော်အောင် ပုဆိုး ပေးဝတ်၊ မ၀တ်တတ်ရင် ခါးပတ်နဲ့ ပေးထိမ်း၊ ဘောင်းဘီက ဆိုက်စကားပြောမယ်။ ကုန်ကျတာစာရင်း G-1 ဆီက ငွေထုတ်။ ကုန်တိုက်သွား။ ၀န်ကြီးကို ပြောထားမယ်။ နောက်ပြီး မင်းတို့စားသလို မကျွေးနဲ့လေ။ သူတို့စားချင်တဲ့ပုံစံအတိုင်း မီးပုံပွဲနဲ့လုပ်ပေးလိုက်ပေါ့။ ကဲကဲ ... နာဂဒေသက ဘာလိုအပ်သလဲ၊  စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်ပေါ့။ မင်းတို့ပြန်သွားရင် လေယာဉ်နဲ့တခါတည်း ထည့်ပေးလိုက်မယ်။ ပစ္စည်းများလို့အရပ်လေယာဉ်ဝန်ပို စကားပြောရင် လေတပ်က လိုရင် သုံးပေးမယ်။”

၁၈။ ကျောင်းဆရာ - “ရွာလူကြီးတွေက နာဂရိုးရာအထိမ်းအမှတ်နေ့မျိုး နှစ်စဉ်ကျင်းပပေးစေလိုတယ် တဲ့၊ သူတို့က လူနည်းစုမို့လို့ ပေး မလုပ်တာလားတဲ့။” ဒီလိုပြောလိုက်တော့ S-2 ရော ကျနော်ပါ စိတ် မကောင်းဖြစ်သွားပါတယ်။

S-2 - “ မဟုတ်ဖူး။ မဟုတ်ပါဖူး။ အဲဒီလို မထင်ပါနဲ့၊ ဒို့မှာ ခွဲခြားစိတ် မရှိပါဖူး။ ကဲ ... သူတို့ကိုပြောလိုက်၊ တပ်ချုပ်တင်ပြပြီး နှစ်စဉ်နှစ်တိုင်း လုပ်ပေးမယ်ဗျာ။ အဲဒီပွဲကိုလည်း နိုင်ငံတော်အကြီးအကဲတွေ အားတဲ့လူ လာတက်ပေးမယ်။ ကျနော် ကိုယ်တိုင် ပထမကြိမ် လာရောက် ပေးမယ်ဗျာ၊ ရက်သာရွေးပေးတော့၊ ရတယ်လို့ သဘောထားလိုက်နော်” ပြောသံဆုံးလိုက်တာနဲ့ နာဂအဖွဲတွေရဲ့ပျော်ရွှင်ဝမ်းမြောက်သံတွေဟာ အဆောက်အဦးတခုလုံး သိမ့်သိမ့်တုန်သွားပါတော့တယ်။ အဲဒီကစပြီး ယနေ့ အချိန်အထိ နာဂရိုးရာပွဲ နှစ်တိုင်းကျင်းပလေ့ ရှိတာတွေ့ရမှာဖြစ်တယ်။

နှလုံးသားထိမှန်သွား

၁၉။ နာဂဒေသအတွက် မီးစက်တွေ၊ ဒီဇယ်ဆီပေပါ၊ မျိုးစေ့တွေ၊ ပညာရေး သင်ထောက်ကူပစ္စည်းတွေ၊ ကျန်းမာရေးမှ ဆေးဝါးမျိုးစုံ၊ အိမ်မိုးဖို့သွပ်တွေ၊ ဘိလပ်မြေအိတ်တွေ၊ အထည်အလိပ်မျိုးစုံ၊ ဆက်သွယ်ရေးဖုံးတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ ဓါတ်မြေသြဇာပိုးသတ်ဆေး၊ လယ်ယာသုံးပစ္စည်းတွေ၊ လေယာဉ်တစီးစာ ရသွားပါတယ်။ ကျောင်း၊ ဆေးရုံ၊ လမ်းဖေါက်ဖို့စီမံကိန်းတွေကို တိုင်းမှူးမှတဆင့် တင်ပြခိုင်းပါတယ်။ နာဂအဖွဲ့တွေဟာ ပျော်သွားပြီး ညတိုင်းမီးပုံပွဲ ကျင်းပပေးရပါတယ်။ ရန်ကုန်အတွင်း လှည့်လည်တဲ့ခရီးစဉ်တိုင်း ဆပ်ကပ်ပွဲကြည့်သလို အထူးသဖြင့် ကလေးလေးများက ၀ိုင်းကြည့်ကြပြီး သိမ်ကြီးဈေး အလိုအလျောက် စက်လှေခါးတက်ဆင်းတဲ့အခါ အားပါပါနဲ့ အတက်အဆင်း ခုန်ကူးကြလို့ ၀ိုင်းရီကြတာ ကြုံတွေ့ရပါတယ်။ ဘာလို့ဆိုတော့ ပတ်ထားတဲ့ ခါးပတ်က မခိုင်လို့ တချို့ ပုဆိုးကျွတ်ကျကုန်လို့ဖြစ်ပါတယ်။ အပြန်ခရီးမှာ နာဂလူကြီးတွေပြောသွားတဲ့ စကားတခွန်းက -

“ဒို့နာဂတွေက မြန်မာပြည်မှာ နာဂသူပုန်ဆိုတာ ဘယ်တော့မှ မရှိစေရဖူး။ မြန်မာပြည်ကို ချစ်တယ်” ဆိုတဲ့ စကားဟာ စာရေးသူရင်ထဲ ပင်ပန်းသမျှ အမောပြေသွားရသလို ထိပ်ပိုင်းလူကြီးတွေရဲ့ နှလုံးသားကို ထိမှန်သွားစေပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
0