မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၂)


မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၆၂)
(မိုးမခ) မတ်လ ၂၁၊ ၂ဝ၁၈

● ၂ဝ၂ စစ်ဒေသ
၂ဝ၂ စစ်ဒေသအား ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သောစစ်ဒေသများထဲတွင် ပြသနာအများဆုံး အခက်အခဲဆုံးစစ်ဒေသလည်းဖြစ်ခဲ့သည်။ စတင်ဖွင့်လှစ်ကထဲက လွတ်မြောက်သည့် အခြေခံဒေသဟူ၍ မရှိခဲ့ဘဲ ပြောက်ကျားဒေသအဖြစ် တလျောက်လုံးရပ်တည်ခဲ့ရသည့်ဒေသဖြစ်သည်။

၂ဝ၂ စစ်ဒေသအား မူလရှမ်းပြည်နယ် မိုးကုတ်ခရိုင်မှရဲဘော်များ၊ တရုတ်ပြည်ရောက် စစ်ချွမ်းရဲဘော်ဟောင်းများ၊ ကွေ့  ကျိုးရဲဘော်ဟောင်းများနှင့် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ အစောပိုင်းခေါင်းဆောင်များမှာ စစ်ဒေသ နိုင်ငံရေးမှူးဦးကြည်ပြိုင်၊ တပ် မှူး ဦးတင့်လှိုင်တို့အပြင် ဦးဇော်ဝင်း၊ ကိုမြအောင်၊ ကိုတုတ် စသည့် စစ်ချွမ်းရဲဘော်ဟောင်းများ၊ ရဲဘော်ဘရန်ရှောင်စ သည့် ကွေ့ကျိုးရဲဘော်ဟောင်းနှင့် ယခင်မိုးကုတ်ခရိုင်မှ ဦးစိန်မောင်၊ ရဲဘော်ပုမောင်၊ ရဲဘော်ကျော့ရင်စသည့် ကေဒါရဲဘော် များဖြင့် စုဖွဲ့ခဲ့ကြသည်။

၂ဝ၂ စစ်ဒေသတပ်ဖွဲ့များဝင်ရောက်သည့်ဒေသမှ နမ့်ခမ်းနှင့်မိုးမိတ်ကြား ရွှေလီမြစ်ရိုးအတိုင်း ဒေသအခေါ် ကိုးတောင် ဒေသနှင့်ငါးတောင်ဒေသတို့ဖြစ်သည်။ အစိုးရတပ်ကတော့ ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ပါသည်။ ဒေသ အတွင်း ပေ ၅ဝဝဝ နှင့် ၆ဝဝဝ အထက်မြင့်မားမတ်စောက်သည့်တောင်တန်းများတွင် ပလောင်ကျေးရွာများရှိသည်။ ငါးတောင်ဒေသ၌ တောင်ခါးပမ်း နှင့် အတန်ငယ်နိမ့်သောတောင်ကြောများတွင် ကချင်ရွာများရှိသည်။ တောင်ကြားပြန့်ကွင်းငယ်များတွင် ရှမ်းရွာလေးများရှိ သည်။ ကိုးတောင်ဒေသတွင်တော့ တအာင်းပလောင်ရွာက ပိုများသည်ဟုဆိုရမည်။

နယ်စပ်မှ ၂ဝ၂ ဒေသသို့ နမ့်ခမ်းအောက်ဖက်မှ ရွှေလီမြစ်ကို ဖြတ်ဆင်းလျင် ပိုနီး၍ ၂ဝ၂ တပ်ဖွဲ့များသည် နမ့်ခမ်းခရိုင်ရုံးရှိရာ မန်ရှိုးဒေသမှ အသွားအလာပြုကြသည်။ နမ့်ဖတ်ကာနှင့် ကွတ်ခိုင်ကြားကားလမ်းကိုဖြတ်၍လည်း ထိုဒေသသို့ သွားရောက် နိုင်သော်လည်း ကားလမ်းတွင် အစိုးရတပ်လုံခြုံရေးယူသည့်စခန်းများအပြင် လှုပ်ရှားစစ်ကြောင်းများရှိသဖြင့် လုံခြုံ ရေးအား နည်းသည့် နမ့်ခမ်းအနောက်ဖက် မန်ဝိန်းကွင်းအား အသုံးပြုကြသည်။ ထို့ကြောင့် ၂ဝ၂ စစ်ဒေသ ထောက်ပံ့ရေးဂိုဒေါင်အား မန်ရှိုး၌ ထားရှိသည်။

၂ဝ၂ စစ်ဒေသအတွက် လက်နက်ခဲယမ်းထောက်ပို့ရသည်မှ ၂ ရက်ခရီးခန့်ဖြစ်၍ မဝေးလှဟုဆိုနိုင်သော်လည်း လမ်းတ လျောက် အစိုးရတပ်များအပြင် KIA နှင့် သူ၏မဟာမိတ် PSLO/PSLA ပလောင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များလှု ပ်ရှားနေသည်။ အစိုးရတပ်နှင့်သာမက KIA/PSLO တို့နှင့်ပါ ၁၉၇၆ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးနေသည်။ စစ ချင်း သူ့ဒေသ သူ့လူမျိုးခေါင်းဆောင်များကို မစည်းရုံးနိုင်သေးသဖြင့် တပ်သားရေသောက်မြစ်ကလည်း ခက်ခဲသည်။ ရန်သူ့ နောက်ပိုင်း ဝင်ရောက်လှုပ်ရှားနေသည့်တပ်ဖြစ်ရာ အစိုးရတပ်၏ထိုးစစ်အပြင် KIA/PSLO တို့၏ ပြောက်ကျား ချောင်းမြောင်း ပစ်ခတ်မှုခံနေရပေရာ အကြပ်အတည်းများသည်။

၁၉၆၈ မှ KIA နှင့်အပစ်ရပ်သည့် ၁၉၇၆ အတွင်း ၂ဝ၂ စစ်ဒေသသည်အရှေ့မြောက်နယ်စပ်အခြေခံဒေသနှင့် အခြေအနေများ စွာကွာသွားသည်။ အရှေ့မြောက်နယ်စပ်၌ လွတ်မြောက်သည့်အခြေခံဒေသပေါ်ထွန်းလာပြီး အခြေခံဒေသအတွင်း အေး အေးလူလူ နေနိုင်သည့်ကာလတွင် ၂ဝ၂ ကား ပြောက်ကျား တောပုန်းဘဝနှင့် လှုပ်ရှားနေရဆဲဖြစ်သည်။ အစိုးရတပ်စစ် ကြောင်းများ၏ ထိုးစစ်ကြောင့်လည်းကောင်း၊ ရိက္ခာအခက်အခဲကြောင့်လည်းကောင်း၊ တပ်များကိုစုစည်းမထားနိုင်ဘဲ ဖြန့်ခွဲ ထားရသည်။ တောတောင်လျှိုမြောင်ထဲတွင် ပုန်းအောင်၍ တိမ်းရှောင်နေရသည်။ ဤသို့ အချိန်ကြာမြင့်လာသည်နှင့်အမျှ ၂ဝ၂ ပါတီကော်မတီတွင်းတွင်လည်ကောင်း တပ်ဖွဲ့တွင်းတွင်၎င်းသဘောထားကွဲလွဲမှုများ ဖြစ်လာသည်။ ၂ဝ၂ မှ အရှေ့ မြောက်သို့ ပြန်ပြေးသည့် စစ်ပြေးများ များလာသည်။ မတူသော အမြင်အယူဆများဖြစ်လာသည်။ ပြင်းပြင်းထန်ထန် အပြန် အလှန် တိုက်ခိုက်ဝေဖန်လာခဲ့ကြသည်။ အစိုးရထိုးစစ်ကို တိမ်းရှောင်၍ နေသူများကို တောပုန်းဝါဒကျင့်သုံးသည်ဟု တဖက် က စွပ်စွဲသည်။ တဖက်ကလည်း တပ်စုပြီးတိုက်ပါက ရိက္ခာပြသနာနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ထပ်မံဖြည့်တင်းရမည့် ခဲယမ်းမီးကျောက်ပြသနာကို ထောက်ပြကြသည်။

ဤသို့အယူအဆ ရှုပ်ထွေးပြီး ပြင်းထန်စွာကွဲပြားနေစဉ်ကာလများတွင် အရှေ့မြောက်သို့ ပြန်လည်ဆုတ်ခွာလာသည့် ၂ဝ၂ တပ်ဖွဲ့ဝင်များအားဝေဖန်ဆန်းစစ်မှုကို အရှေ့မြောက်အခြေခံစခန်း မုန်းကိုးအနီး မန်ကန်ကျေးရွာတွင် ပြုလုပ်ရာ သခင်ဖေ တင့် တက်ရောက်ခဲ့ပြီး ၂ဝ၂ နိုင်ငံရေးမှူး ဦးကြည်ပြိုင်က အမှားအားလုံးနှင့်ပတ်သက်ပြီး သူ့တွင်တာဝန်ရှိကြောင်း ဆန်းစစ်ခဲ့ သည်။ ဆန်းစစ်ပွဲပြီးလျင် ၂ဝ၂ တပ်ဖွဲ့အား ၁၉၇၃ ခုနှစ် ဇူလိုင်လတွင် ၎င်းတို့ဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ပါတီရဲဘော်ဟောင်းဆိုသည့် စစ်ချွမ်းရဲဘော်ဟောင်းများဖြစ်သည့် ဦးကြည်ပြိုင်၊ ဦးတင့်လှိုင်၊ ဦးဇော်ဝင်း၊ ကိုမြအောင်တို့သည် ၂ဝ၂ စစ်ဒေသအား တယောက်ပြီး တယောက်စွန့်ခွါကြတော့သည်။ အရှေ့မြောက်ပါတီ ဗဟိုကလည်း သူ့လူဟောင်း များကို အရှေ့မြောက်တွင် နေရာပြန်ပေးသည်။ ထိုစဉ်ကာလက ၂ဝ၂ တပ်ဖွဲ့ ခေါင်းဆောင်အချို့သည် ဒဏ်မခံနိုင်၊ အဆင်းရဲ အပင်ပမ်းမခံနိုင်ကြဟုလည်း ဆိုနိုင်ပါသည်။ မိမိတို့ရောက်ရှိသည့် ၁၉၇၆ ခုနှစ်တွင် ၂ဝ၂ စစ်ဒေသကေဒါအချို့က ၎င်းတို့ဒေ သသို့ လက်နက်ခဲယမ်း မီးကျောက်များကို တရုတ်မှ ရဟတ်ယဉ်တောင်း၍ ပို့ပေးရန် ဆွေးနွေးကြသည့်မှတ်တမ်းများကို အံ့သြစွာ တွေ့ရသည်။ ပဲခူးရိုးမ၏ ကိုယ်ဒူးကိုယ်ချွန် စိတ်တ်ဓါတ်နှင့် ကွာခြားလွန်းလှပေသည်။ တရုတ်၏ အကူအညီကို မှီခို လွန်းသည့်စိတ်ဓါတ်ကို အချို့လူဟောင်းများတွင် စိတ်ပျက်ဘွယ်ရာတွေ့ရှိသည်ဟု ဆိုရမည်။

ထိုသို့ ထွက်ပြေးသွားကြသည့် စစ်ချွမ်းလူဟောင်းများအား ၂ဝ၂ စစ်ဒေ သတွင် ကျန်နေသည့်ရဲဘော်များက စစ်ပြေးများဟု ခေါ်ကြသည်။ သို့သော် မည်သည့်အရေးယူမှုမှမရှိဘဲ အရှေ့မြောက်တွင် တာဝန်ကြီးများပြန်ပေးခံရ၍ အားလုံးက စိတ်ပျက် ကြသည်။ ၂ဝ၂ ဒေသအတွက် တွန်းအားမဖြစ်ခဲ့သည့် အကြောင်းအချက်တခုဖြစ်ခဲ့သည်။ ယခင်မိုးကုတ်ခရိုင်မှ ဦးစိန်မောင် အား တာဝန်ပေးခဲ့သေးသော်လည်း ကြာကြာမခံခဲ့ပေ။ အစိုးရထံ လက်နက်ချသွားခဲ့သည်။ ၂ဝ၂ စစ်ဒေသအတွက် မတည် ငြိမ်သော နှစ်ကာလများဟုဆိုရ ပါမည်။

ဤသို့သော်ခေါင်းဆောင်ပိုင်းတွင် ရှုပ်ထွေးမှုများဖြစ်ပွားနေခဲ့၍၂ဝ၂ စစ်ဒေသ ကြီးထွားမလာနိုင်သော်လည်း CPB အား ယုံ ကြည်မှုရှိသည့်ရဲဘော်အချို့ကြောင့် ဆက်လက်တောင့်ခံနိုင်ခဲ့သည်ဟုဆိုရမည်။ ယခင်မိုးကုတ်ခရိုင်မှ ပြောက်ကျားရဲဘော် ဟောင်းများဖြစ်သည့် ရဲဘော်ပုမောင်၊ ရဲဘော်ကျော့ရင်၊ ကွေ့ကျိုးရဲဘော်ဟောင်း ရဲဘော်ဘရန်ရှောင်၊ စစ်ချွမ်းရဲဘော် ဟောင်း ရဲဘော်ကိုတုတ်တို့ကား ပါတီအားသစ္စာရှိရှိဖြင့် ပြောက်ကျားဒေသ၌ဆက်လက်ရပ်တည်ခဲ့ကြသည်။ သို့ဖြစ်ရာ စစ်ချွမ်းရဲဘော်ဟောင်းများ အရှေ့မြောက်ပြန်ပြေးပြီး ကိုစိန်မောင်လည်းလက်နက်ချပြီးနောက် ၂ဝ၂ စစ်ဒေသအား နိုင်ငံရေး မှူး ရဲဘော်ပုမောင်၊ တပ်မှူးရဲဘော်ဘရန်ရှောင်၊ ဒုနိုင်ငံရေးမှူး ရဲဘော်ကျော့ရင်၊ ဒုတပ်မှူးရဲဘော်ကိုတုတ်တို့က ၁၉၇၇ ခန့်မှ စတင်တာဝန်ယူခဲ့သည်။ ထိုအချိန်ကစ၍ ၂ဝ၂ ခေါင်းဆောင်မှု တည်ငြိမ်သွားခဲ့တော့သည်။

၂ဝ၂ စစ်ဒေသ ပြောက်ကျားအခြေခံစခန်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခြင်း၏ ဒုတိယအကြောင်းမှာ ဒေသခံများအား စည်းရုံးသိမ်းသွင်းနိုင်၍ ဖြစ်သည်ဟုဆိုရမည်။ ၂ဝ၂ စစ်ဒေသလှုပ်ရှားတဝိုက်ရှိ ကျယ်ဂေါင်၊မန်နား ခိုမုန်းတဝိုက်သည် မုန်းကွမ်းပလောင်တို့၏ဒေသဖြစ်သည်။ ထို မုန်းကွမ်းပလောင်ထဲမှ ရဲဘော်အိုက်ညီနှင့်ရဲဘော်ကျော်သောင်းတို့အား ၂ဝ၂ တပ် ဖွဲ့တွင်းသို့ စည်းရုံးသိမ်းသွင်နိုင်ခဲ့၍ ၂ဝ၂ တပ်ဖွဲ့သည် မုန်ကွမ်းပလောင်ဒေသ၌ ကောင်းစွာအခြေချနိုင်ခဲ့သည်။ ရဲဘော်အိုက် ညီရော ရဲဘော်ကျော်သောင်းပါ ၂ဝ၂ ပါတီကော်မတီဝင်များဖြစ်ခဲ့ကြသည်။ အလားတူ ငါးတောင်နယ်ထဲရှိ လွယ်ရ၊ တုန်းကြီး ဒေသမှ ရဲဘော်ဘရန်ဂေါင်၊ ရဲဘော်သန်းထွန်း စသည့် ကချင်ရဲဘော်များကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သဖြင့် ၂ဝ၂ စစ် ဒေသသည် ပြောက်ကျားဒေသအဖြစ် ကောင်းစွာရပ်တည်နိုင်ခဲ့သည်။

၁၉၇၇ ခုနှစ်၌ ပြန်လည်ဖွဲ့စည်းမှုများပြုလုပ်ပြီးနောက် ၂ဝ၂ အဓိကတပ်တွင် တပ်ခွဲ ၂ ခွဲရှိခဲ့သည်။ ခွဲ ၁ တွင် အင်အား ၆ဝ ခန့်ရှိပြီး ခွဲ ၂ တွင် အင်အား ၅ဝ ခန့်ရှိသည်။ ထိုစဉ်က ခွဲ ၁ တွင် တပ်ခွဲမှူးအဖြစ်တာဝန်ယူနေသူမှာ ကွေ့ကျိုးရဲဘော် ဟောင်းတဦး၏သား ရဲဘော်ပေါပေါဆိုသည့် ကရင်သွေးပါသည့်ရဲဘော်တဦးဖြစ်သည်။ (လက်ရှိ ကိုးကန့်အဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တရွှင်၏ ယောက္ဖတော်စပ်သူဖြစ်သည်) ခွဲ ၂ ခွဲမှူးမှာ ရဲဘော်အိုက်ညီ ဖြစ်သည်။

၂ဝ၂ စစ်ဒေသအတွင် ထိုအချိန်ကာလက မြို့ နယ် ၃ ခုဖွဲ့စည်းထားသည်။ အမှတ် ၁ မြို့ နယ်မှာ ရွှေလီမြစ်ရိုးအပေါ်ပိုင်း မုန်းခက်၊ ပြင်လုံ၊ ကိုးတောင်ဒေသ အပေါ်ပိုင်း နားအော်ကြီး၊ နာအော်လေးဒေသဖြစ်သည်။ အမှတ် ၁ မြို့ နယ်တပ်တွင် အင်အား ၄ဝ ခန့်ရှိသည်။ အမှတ် ၂ မြို့ နယ်တွင် ကျယ်ဂေါင်၊ မန်နား ခိုမုန်း စသည့် ကိုးတောင်ဒေသအလယ်ပိုင်း(နမ့်ဆန်တောင်ပိုင်ခေတ်က မန်နားခိုမုန်း၌ " ဟိန်" ဟုခေါ်သည့် တိုက်သူကြီးတဦးထားရှိအုပ်ချုပ်ခဲ့သည်)နှင့်၊ ကုန်းပေါင်း၊ ဒွန်နို၊ ဟင်လိုင်းစသည် ရွှေလီမြစ်ရိုးကရွာများပါဝင်သည်။ မုန်းကွမ်းပလောင်ဒေသဖြစ်ပြီး ၂ဝ၂ စစ်ဒေသအတွက် အမာခံဒေသဖြစ်ခဲ့သည်။ ၎င်းမှာ ရဲဘော်အိုက်ညီတို့ကြောင့်ဟုဆိုရမည်။ တိုင်းရင်း သားဒေသတွင် အရေးကြီးဆုံးမှာ ဒေသခံတိုင်းရင်းသားတို့အား စည်းရုံးသိမ်းသွင်းနိုင်ရေးသည် လွန်စွာအရေးကြီးသည်။ အမှတ် ၂ မြို့ နယ်မှူးမှာမုန်းကွမ်းပလောင်ဒေသခံတဦးဖြစ်သူ ရဲဘော်ကျော်သောင်းဖြစ်သည်။ အမှတ်၂ မြို့ နယ်တပ်တွင် အင်အား ၆ဝ ခန့်ရှိသည်။ ၂ဝ၂ စစ်ဒေသရုံးနှင့် စစ်ဒေသတပ်များမှာလည်း အဓိက အမှတ် ၂ မြို့နယ်အတွင်း လှုပ်ရှားအခြေခံကြသည်။

အမှတ် ၃ မြို့နယ်ကို ကိုးတောင်ဒေသတောင်ပိုင်းနှင့် နမ့်မိတ်ချောင်းတောင်ဖက်ရှိ ငါးတောင်ဒေသအားအခြေပြု ဖွဲ့စည်းသည်။ ခတ်ချယ်၊ မန်စန်၊မန်ကျယ်၊ ရေပုန်း၊ တုန်းကြီးစသည့်ရွာများပါဝင်သည်။ ငါးတောင်ဒေသမှာမိုးမိတ်နှင့်နီးသွားပြီဖြစ်သည်။ အမှတ် ၃ မြို့ နယ်တပ်တွင် အင်အား ၂ဝ ခန့်သာရှိပြီး အင်အားအနည်းဆုံးမြို့နယ်ဖြစ်သည်။

၂ဝ၂ စစ်ဒေသသည် အရှေ့မြောက်တလျောက်ဖွဲ့စည်းခဲ့သော စစ်ဒေသများတွင် အင်အားအနည်းဆုံးစစ်ဒေသဖြစ်သည်။ စုစုပေါင်းအင်အား ၂ဝဝဝန်းကျင်ခန့်သာ ရှိသည့်အပြင် ထိုတပ်အားလုံးစုစည်းခြင်းမပြု နိုင်။ ဖြန့်ခွဲထားရသည်။ လျှိုမြောင်များတွင် စခန်းပုန်းများတည်ဆောက်၍ လှုပ်ရှားရသည်။ အစိုးရတပ်စစ်ကြောင်းများလှုပ်ရှားပါက တပ်ဖျောက်နေရသည်။ ဒေသတွင်း မကြာခဏတိုက်ပွဲဖြစ်သောကြောင့် ရွာပျက်များပေါများသည်။ အချို့ရွာသားများမှာ တောင်ယာတွင်သာ အိမ်လုပ်နေကြရသည်။ လူထုကဆင်းရဲပြီး မတည်ငြိမ်၍ ရိက္ခာနှင့်ပတ်သက်၍ လူထုအား မှီခိုအားပြု ရန် ခက်ခဲသည်။

သို့သော် ၂ဝ၂ စစ်ဒေသသည် ပြောက်ကျားဒေသအဖြစ် ရပ်တည်နိုင်ခဲ့၍ အရှေ့မြောက်မှ အဓိကတပ်များဆင်းလာပြီး မိုး မိတ်၊ မိုးကုတ်၊ မဘိန်း၊လဝါဒေသတို့သို့ ထိုးဖောက်လှုပ်ရှားရာတွင် ကောင်းစွာအထောက်အကူပြုသည့်ဒေသအဖြစ် အဆင် သင့်ဖြစ်ခဲ့သည်။ တကယ်တော့ ၂ဝ၂ စစ်ဒေသသည်ပြောက်ကျားဒေသဖြစ်ပြီး အစိုးရတပ်များ ဝိုင်းပတ်ခံရသည့်အနေအထားတွင်ရှိသည်ဆိုသော်လည်း နောက်တန်းထောက်ပံ့ရေးနှင့် ဝေးလွန်းလှသည် မဟုတ်ပေ။ ၂ဝ၂ နောက်တန်းထောက်ပံ့ရေး ဂိုဒေါင်အား နမ့်ခမ်းခရိုင်ရုံးစိုက်ရာ မန်ဟီးရိုးတွင်ထားရှိသည်။ ထိုဂိုဒေါင်အား စစ်ချွမ်းရဲဘော်ဟောင်းတဦးဖြစ်သူ ရဲဘော် ကြည်မောင်က တာဝန်ယူသည်။ မန်ရှိုးမှ လက်နက်ခဲယမ်းများကို ၂ဝ၂ ဒေသသို့ သယ်ရန် နှစ်ရက်ခရီးတာကွာဝေးသည်။ နမ့်ခမ်းတဖက်ကမ်း မိမိဒေသ ကွန်ဟိုင်းရွာမှ မန်ဝိန်းကွင်းအားဖြတ်၍ ပါကျောက်တောင်ကြောမှတဆင့် ရွှေလီမြစ်အားဖြတ်ပြီး လျင် ၂ဝ၂ ဒေသသို့ရောက်သည်။ သက်တောင့်သက်သာ အေးအေးလူလူတော့ သယ်၍မရ။ အစိုးရတပ်လှု ပ်ရှားမှုများကို စောင့်ကြည့်ရသည်။ အထူးသဖြင့် နမ့်ခမ်းမှ အမြောက်တကမ်းအကွာရှိ မန်ဝိန်းကွင်းအား နေ့ဖက်ဖြတ်ရန်မလွယ်။ ညပိုင်းချီ တက်ရန်လိုအပ်သည်။ ၂ဝ၂ ဒေသရောက်လျင်လည်း အစိုးရစစ်ကြောင်းလှုပ်ရှားမှုများရှိ၍ လက်နက်ခဲယမ်းများကို ကောင်းစွာသိုဝှက်ရန်တော့ လိုအပ်သည်။

မည်သို့ဆိုစေ ၂ဝ၂ စစ်ဒေသသည် အရှေ့မြောက်စစ်ဒေသ၊ ၁ဝ၁ စစ်ဒေသတို့ကဲ့သို့ နယ်စပ်ကို ကျောပေးမထား၍ အတန် ငယ် ခက်ခဲသည်။ ၁၉၇၇ ခုနှစ်မှစ၍ ခေါင်းဆောင်ပိုင်းတည်ငြိမ်သွားခဲ့သော်လည်း ဒေသခံမဟုတ်သော အောက်အဆင့်ကေဒါ၊ ရဲဘော်များအား ၂ဝ၂ သို့ စေလွှတ်တာဝန်ပေးရန် ခက်ခဲနေဆဲဖြစ်သည်။ ပြောက်ကျားဒေသတွင် ရေရှည်တောင့်ခံနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

၂ဝ၂ စစ်ဒေသနှင့်ပတ်သက်၍ ရဲဘော်နီထက် (ကျဆုံး) ၏ စကားတခွန်းကတော့ မှတ်လောက်သားလောက်ဖြစ်သည်။ "ကိုယ်တို့ ၂ဝ၂ ကတော့ လီနင်လာရင်တောင် လီနင် စစ်ပြေးဖြစ်နိုင်တယ်" ဟု ရီမော ပြောဆိုတတ်သည်။ ရုရှားတော်လှန် ရေးအား အောင်မြင်စွာ ခေါင်းဆောင်နိုင်ခဲ့သည့်ဗလာဒီမာ အိလိယက် ယူလျာနော့ လီနင်သည်ပင် ၂ဝ၂ ကဲ့သို့ အခြေအနေကို ရင်ဆိုင်ရန်ခက်ခဲမည်ဟု ပုံဖေါ်ခဲ့ခြင်းအား ပါတီခေါင်းဆောင်များက သိပ်တော့ သဘောမတွေ့လှ။ ပညာတတ်ဆိုသည်ကား ဤကဲ့သို့ပင်ဖြစ်သည်ဟုဆိုရမည်။ ရဲဘော်နီထက်ကား ရန်ကုန်တက္ကသိုလ်မှ သင်္ချာအဓိကနှင့် ဘွဲ့ရခဲ့သော ကျောင်းသား ရဲဘော်တယောက်ဖြစ်သည်။ အမည်ရင်းက ကိုဘဟန်ဟုခေါ်သည်။ သူ့အကြောင်း နောက်အခန်းများတွင် ဆက်လက်ဖေါ် ပြပါဦးမည်။

မည်သို့သော ခက်ခဲသည့်အခြေအနေများရှိနေသည်ဆိုသော်လည်း၁၉၇၇ ခုနှစ်ပိုင်းတွင် ၂ဝ၂ စစ်ဒေသသည် မြို့ နယ် ၃ မြို့ နယ် ဖွဲ့စည်းလှုပ်ရှား နိုင်သည့် အခြေအနေရှိပြီး အရေးပါသော ပြောက်ကျားဒေသတခု အဖြစ်ရပ်တည်နေခဲ့ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး

ဓာတ်ပုံ - ရဲဘော်နီထက် (ကျဆုံး) ၂ဝ၂ စစ်ဒေသ
0