သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္တာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ (၂)


သိဒ္ဓတ္ထမူခါဂျီ ရေးတဲ့ ကိုယ်ခန္တာတွေ နားစက်နေတာနဲ့ လှုပ်ရှားနေတာ (၂)
ဘာသာပြန် မောင်ရစ် (နယူးယောက္ကာ မဂ္ဂဇင်း၊ ဇန် ၈၊ ၂၀၁၈) မိုးမခ၊ ဧပြီ ၅၊ ၂၀၁၈

(၄)
သူ ငြိမ်ငြိမ်နေစဉ်က ဘာကြိုက်သလဲ။ သူ လှုပ်ရှားနေစဉ်က ဘာကြိုက်သလဲ။ ကျနော့်အမေ သီးမခံနိုင်လောက်အောင်အထိကို ကျနော့်အဖေက ခရီးသွားရတာကို ကြိုက်ပါတယ်။ ဟိုး ကျနော် ငယ်စဉ်တုန်းကဆိုရင် နွေရာသီရောက်ပြီဆိုတာနဲ့ အဖေဟာ အိမ်ကို လက်မှတ်လေးစောင်ရယ် ခရီးသွားဗီဇာလက်မှတ်ဖောင်တွေရယ် ကိုင်ပြီး ညနေခင်းမှာ ရောက်ချလာမယ်၊ တညအိပ်ဖြစ်ဖြစ် တညထက်ပိုပြီးဖြစ်ဖြစ် နိုင်ငံခြားဖြစ်ဖြစ် တစိမ်းတွေဒေသဖြစ်ဖြစ်ကို အပြင်ထွက်ကြမယ် လည်ကြမယ်ဆိုပြီး ကြေညာလိုက်မယ်။ ကိုင်ရို၊ အဒစ်၊ အဘာဘာ၊ ဘန်ကောက်၊ မပွင့်လင်းခင် မော်စကို၊ ရှားဘုရင်အလွန် တဟီရန် စတဲ့ မြို့တွေဆီကိုပါ။ အမေကတော့ တပြစ်တောက်တောက်နဲ့ ဘာတွေ သယ်ရမလဲ၊ ဘာတွေ စုံစမ်းထားရမလဲ၊ ဘာတွေ ကလေးတွေကို ကျွေးရမလဲ ပြင်ရ ဆင်ရ ပါတော့တယ်။ စိတ်ပညာရှုထောင့်ကနေ သည်ကိစ္စကို ချည်းကပ်ကြည့်ချင်မယ်ဆိုရင်တော့ ကျနော့်အဖေဟာ ငယ်စဉ်က သူ့ဇာတိမြေကနေ မောင်းထုတ်ခံရလို့ ထွက်ပြေးခဲ့ရသူပါ။ ဒါပေမယ့် ကျနော့်အဖေ တခါတလေ ပြောသလို ပြောရရင် နယ်ခြားကိုဖြတ်ဖို့ စာရွက်ဆိုတာ နယ်ခြားကိုဖြတ်ဖို့ စာရွက်တရွက်မျှသာပါတဲ့လေ။

အမယ်လေး ... ကျနော့်အဖေက ဈေးတွေကိုလည်း ကြိုက်သဗျ။ အမေရိကန်က malls လို့ခေါ်တဲ့ ဆူပါမားကက်ကြီးတွေကိုတော့ အဖေက စိတ်ပျက်ပါတယ်။ သူပြောချင်တာက ဈေးမှာ စကားမများလိုက်ရဘဲ ၀ယ်ရတယ်ဆိုတာ စစ်ပွဲမှာ မတိုက်ဘဲ သေရတာနဲ့ တူပါသတဲ့။ ဒေလီမြို့တော်ထဲက ဈေးဆိုင်တန်းတွေက အလွန်တရာ ဈေးဆစ်လွန်းကြတဲ့ အဖေ့လို လူမျိုးတွေကို တွန်းလှန်နိုင်ဖို့  'တခွန်းဈေး' ဆိုပြီး ဆိုင်းဘုတ်ချိတ်လိုက်ကြကတည်းက အဖေက ဒါဟာ လူနေမှုစနစ်ကြီး ကျဆုံးခန်းရောက်သွားတဲ့ လက္ခဏာလို့ ဆိုလိုက်တော့တာပါပဲ။  အဖေဟာ လမ်းဘေးက တွန်းလှည်းနဲ့ ဈေးရောင်းသူတွေနဲ့ အမြဲတန်း တကျက်ကျက်ဖြစ်နေကြပါ။ သူသဘောကျတဲ့ တွန်းလှည်းဈေးသည်ဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ ဒါပေမယ့် ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမယ်လား မသိပါ။ အဖေ ချော်လဲတုန်းကပေါ့၊ လွန်ခဲ့တဲ့ တနှစ်ကျော်ခန့်က ရပ်ကွက်ဈေးထဲက အပြန်၊ လက်တဖက်တချက်ဆီမှာ ကြက်သွန်နီတအိပ်စီ ဆွဲရင်းနဲ့ အပြန်၊ လမ်းမှာ ချော်လဲပါတယ်။ ပထမဦးဆုံး ရှေးဦးသူနာပြုအဖြစ် ဆိုက်ရောက်လာသူတွေက လမ်းဘေးက အသီးအရွက် အသီးအနှံ ဈေးသည်တွေပါ။ သူတို့က အဖေ့ကို နာမည်လည်းသိတယ်၊ အိမ်လည်း သိကြတယ်။ သူတို့တွေက အိမ်ကို သယ်လာပေးကြတယ်။ ဘာနဲ့သယ်လာသလဲဆိုတော့ အသီးတွေသယ်တဲ့ တွန်းလှည်းကို အရေးပေါ်လူနာတင်လှည်းအဖြစ် အသွင်ပြောင်းပြီး တွန်းပြီး သယ်လာပေးခဲ့ကြတာပေါ့။

ကျနော့်အဖေပြောတာကတော့ သူ ကျောက်တုန်းလေးတတုံး ချော်နင်းပြီး လဲတယ်တဲ့။ ခေတ္တ ခဏလောက်ကတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။ ဒါပေမယ့် သူ့ကို ၀န်းရံထားတဲ့ ကမ္ဘာကြီးဟာ တဖြေးဖြေး ပြောင်းသွားခဲ့ပါပြီ။ နေ့စဉ်နဲ့အမျှ အဖေဟာ သူ့ဟန်ချက်ကို သူထိန်းနိုင်တာ လျော့ကျလာတယ်။ အမေက ကာယလေ့ကျင့်ပေးတဲ့ သူနာပြုရယ် နေ့အချိန် စောင့်ရှောက်တဲ့ နောက်သူနာပြုတဦးရယ်ကို ငှားယမ်းပေးပါတယ်။ လက်သမားဆရာတယောက်ကတော့ သူကုတင်မှာ သစ်သားလက်ရမ်းတွေ လာရောက်တတ်ဆင်ပေးပါတယ်။ လွန်ခဲ့တဲ့ နွေရာသီမှာ ကျနော် သူ့ဆီ သွားလည်တော့ ကံကြမ္မာက သူ့ကို ကျီစားထားလိုက်ပြီလားလို့ အောက်မေ့မိပါတယ်။ အမြဲတန်း လှုပ်လှုပ်ရှားရှားနေထိုင်ချင်သူဟာ သူ့ကုတင်မှာ သူအချုပ်ကျနေပါတယ်။ သူ့ဖိနပ်တွေကလည်း သိမ်းလိုက်ကြပြီ။ သူ့တုတ်ကောက်လည်း ဖွက်ထားပါတယ်။ သူ သွားချင်ရာသွားလို့ မရတော့ပါ။ တညမှာတော့ဖြင့် သူ စိတ်တွေ ကိုယ်တွေ ကယောင်ကတန်းဖြစ်လို့ဆိုပြီး သူ့ခန္တာကိုယ်ကို ကြိုးနဲ့ချည်ပြီး ကုတင်လက်ရမ်းတွေနဲ့ တုတ်ထား၊ ညအိပ်အကျီအစတွေကိုလည်း တွဲချီထားပြီး အိပ်ယာပေါ်ကနေ ပြုတ်မကျရအောင် လုပ်ထားရပါတယ်။ အဲသည်လိုနဲ့ မနက်ဝေလီဝေလင်း ကျနော် နိုးလာတော့ လက်တွေအချုပ်ခံထားရတဲ့ ကျနော့်အဖေဟာ တိတ်တိတ်ကလေး ငိုကြွေးနေတာ တွေ့ရပါတယ်။

ဒီလိုနဲ့ မသိလိုက်မသိဘာသာနဲ့ အဖေရဲ့ ခန္တဗေဒစနစ်အသစ်တခု ဖြစ်ထွန်းလာပါတယ်။ သစ်သီးနဲ့ အရွက်အနှံရောင်းတဲ့ ဈေးသည်တွေက အိမ်ကို ရောက်လာကြတယ်။ အဖေရဲ့ နေ့ပိုင်းသူနာပြု ပိန်ပိန်ပါးပါး အမျိုးသား (အမည်ပြောင်က ဘစ်ရှနူး - ဟိန္ဒူ​နတ်ဘုရားတဆူ၊ နေ့တဒူဝလည်ပတ်မှုကို ထိန်းသိမ်းစောင့်ရှောက်သူ)က မနက်ခင်းတိုင်း အိမ်အပေါ်ထပ်က လေသာဆောင်မှာ လှုပ်ကုလားထိုင်ပေါ် အဖေ့ကိုတင်ပြီး  ထုတ်ထားပေးပါတယ်။ ပြီးတော့ လူတွေတန်းစီပြီး ကန်တော့ပွဲလာကြသလိုမျိုး ဈေးသည်ပေါင်းစုံက အောက်ကနေ စုဝေးကြပါတယ်။ ကျနော့်အဖေဟာ သူ့ကိုကြည်ညိုသူတွေကြားထဲ ပြန်ရောက်သွားရသလို ပျော်ရွှင်ဝမ်းမြောက်သွားပါတယ်။ သူက အပေါ်စီးကနေ ဈေးစကားဆိုနိုင်တယ်။ ဈေးတွေ ဆစ်နိုင်တယ်။ အကျယ်ချူပ်ကျနေတဲ့ ဘုရင်တပါးလိုပေါ့လေ။ ဘုရင်ကတော့ တပြားမှ လျော့မည် မဟုတ်ပါ။ သူတို့ဈေးတွေကို အပြစ်တင်မယ်။ ခရမ်းသီးရဲ့ လတ်ဆပ်မှုကို မေးခွန်းထုတ်မယ်။ သူတို့တွေရဲ့ ပန်းဂေါ်ဖီထုပ်တွေ ပဲ့ရွဲ့နေတာဟာ သူ့လို အိုကြီးအိုမတဦးအတွက် ထိခိုက်နစ်နာစေတယ်လို့ ငြီးတွားမယ်။ ပြီးတော့ ငါးတွေက ဘာဖြစ်လို့ မလတ်ဆပ်နိုင်ရတာလဲလို့ ပြောမယ်။ ဒီအဖြစ်ဟာ သိပ်မကြီးကျယ်တဲ့ အံ့ဖွယ်သုတလို့ ဆိုရမှာ ဖြစ်ပါတယ်။ မစ္စတာ မူကာဂျီးကြီး ဈေးကို မသွားနိုင်တဲ့အခါ ဈေးကိုယ်တိုင်က မူကာဂျီးကြီးဆီကို လာရတာကိုး။

ဒီဖြစ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး ကျနော် နားလည်သလို ပြောရရင်တော့ ခုနင်ကပြောခဲ့တဲ့ homeostasis ဆိုတဲ့ 'မိမိဖာသာ ဟန်ချက်ညီအောင် ထိန်းညှိခြင်း' ပေါ့။ အဲသည် အသေးအဖွဲလုပ်ထုံးလုပ်နည်းကလေးက အဖေ့ကို ကယ်တင်လိုက်ပါတယ်။ နောက်တခါ လဲပြိုကျမှု မဖြစ်အောင် အချိန်ဆွဲထားလိုက်တယ်။ သူ့အတွက် အမြဲလိုအပ်နေတဲ့ မာန်တွေထန်တွေကို ထိန်းပေးထားလိုက်တယ်။

Phillip Larkin က ရေးခဲ့ဖူးပါတယ်။ 'သေခြင်းက မင်းကို ပြိုကွဲသွားစေတယ်၊ မင်းဖြစ်ခဲ့တဲ့ တစစီ တစစီဟာ သူတို့အချင်းချင်းဆီကနေ ဝေးရာကို အရှိန်နဲ့ အတောမသတ် ထွက်ပြေးကြတယ်။ ဘယ်သူမှ မမြင်နိုင်တော့အထိ ...'

ဒါပေမယ့် အဖေရဲ့ နောက်ဆုံးအချိန်တွေဆိုတာက ခုနင်ကလို ကြယ်တခွန် တစစီ ပြိုကွဲသွားတာမျိုးလို ကျနော်က မမြင်ပါ။ ဒါရဲ့ ဆန့်ကျင်ဖက်ပါ။ သူ့ကို အလွန်သေးငယ်သော ခွန်အားတွေက အင်အားတွေက အစွမ်းသတ္တိကြီးစွာနဲ့ စုစည်းထားကြတယ်၊ ဆွဲထားကြတယ်။ အဖေဟာ သိတော့သိနေ ရိပ်မိနေပါပြီ။ ကံကြမ္မာနဲ့ လောကကြီးနဲ့  သူ ဈေးဆစ်တဲ့ဆီမှာ သူရှုံးနိမ့်နေပြီဆိုတာ။ သို့သော်လည်း ကြက်သွန်နီရောင်းတဲ့ဈေးသည်တောင်မှ အနည်းဆုံးတော့ သူ့ကို အကောင်းဆုံးဈေးတခုတော့ ပြန်ပေးသေးတယ်လေ။

(၅)

နောက်တော့လည်း ဟဲမင်းဝေးပြောသလိုမျိုး အရာရာဟာ တစစီပြိုလဲရတာပါပဲ။ တဖြေးဖြေးချင်း မသိမသာလေး ပျက်မယ်။ နောက်တော့ ဗြုံးဆို တပြိုင်နက်တည်း ပျက်မယ်။ ဘစ်ရှနူးဆိုတဲ့ သူနာပြုလည်း သူ့ကျန်းမာရေးကြောင့် ရွာပြန်ရပါတယ်။ နောက်အကူတဦးကို ထပ်ခန့်ပြီး အစားထိုးရပါတယ်။ နေ့စဉ် လေသာဆောင်ထွက်တဲ့ အခမ်းအနားကနေ ၀ရုန်းသုံးကားဆီကို ဦးတည်လာပါတော့တယ်။ နေ့ခင်းတခုမှာ ကျနော့်အဖေကို လေသာဆောင်မှာ သေသေချာချာ နေရာချပေးထားပြီးနောက် အကူသမားက တနေရာကို ထွက်သွားမိပါတယ်။ အဲသည် မိနစ်ပိုင်းအတွင်းမှာပဲ အဖေဟာ လှုပ်ကုလားထိုင်ကနေ ထလိုက်တယ်။ ကိုယ့်ဖာသာကို ဖိနပ်စီးတယ်။ ပြီးတော့ တတောက်တောက်နဲ့ မီးဖိုခန်းဆီကို သွားတော့တာပါပဲ။ ကျနော့်အဖေက မီးဖိုခန်းထဲမှာရှိနေတဲ့ အမေရဲ့ ညာဖက်ပုခုန်းကို သွားတို့လိုက်ပါတယ်။ ဒီလို နှုတ်ဆက်တာဟာ ဟိုးတုန်းကတည်းက အကျင့်ဖြစ်နေခဲ့တော့ အမေကိုယ်တိုင်ကလည်း အမှုမဲ့အမှတ်မဲ့နဲ့ ဖြစ်သွားပြီး ဘာကြောင့် သူ မီးဖိုထဲ ရောက်လာရတာလဲဆိုတာကို ဂရုစိုက်လိုက်မိဖို့ ပျက်ကွက်သွားပါတယ်။ အမေလည်း သတိထားလိုက်မိတဲ့အချိန် ချက်ခြင်းဆိုသလို လှည့်လဲကြည့်လိုက်မိရော အဖေဟာ ဘေးတိုက် လဲပြိုကျသွားတဲ့အချိန် ဖြစ်နေပါပြီ။ သူ့ဦးခေါင်းဟာ သူအလွန်ဂုဏ်ယူတဲ့ မာဘယ်ကျောက်ပြားစာပွဲစွန်းနဲ့ ရိုက်မိသွားပါတယ်။ ကလကတားကွ ကလကုတား မဟုတ်ဘူးလို့ သူပြောပြောပြီး သူဘယ်လောက် အဝေးကြီးကနေ လာခဲ့ရတယ်ဆိုတာကို ပြောလေ့ရှိတာပေါ့။ ပြီးတော့ ကြမ်းပေါ်မှာ ဖုတ်ကနဲ လဲကျသွားတော့တာပါပဲ။

ဦးနှောက်ကို ရိုက်လိုက်မိတဲ့ ဒဏ်ဟာ လူတဦးရဲ့ ဟန်ချက်ညီညီနဲ့ လွတ်လပ်သော အမှီအခိုကင်းပသော သက်ရှိဘ၀ကနေ လွတ်ထွက်သွားနိုင်လောက်တဲ့ ရိုက်ချက်ပါပဲ။ ခန္တာကိုယ်အစိတ်အပိုင်းတွေ အားလုံးထဲမှာ ဦးနှောက်ဆိုတာဟာ နေရာအကန့်အသတ် ကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ရတာပါ။ သည်ထက်လည်း နေရာချဲ့ထွင်လို့ မရပေဘူး။ ဦးခေါင်းခွံက သူ့ကို ချုပ်ထားပါတယ်။ အခြားနေရာတွေဆိုရင်တော့ သွေးတွေဆိုတာ အပြင်ကို ထွက်ပြီး ယိုစီးသွားနိုင်ပါတယ်။ ဦးခေါင်းခွံအတွင်းထဲက သွေးတွေဆိုတာကတော့ အထဲမှာပဲ သိုဝှက်စွာ အုံကြွလာပါတယ်။ အဲသည်ကနေ သွေးခဲမှု ဖြစ်လာတယ်။ ပြီးတော့ သွေးခဲက ဦးနှောက်အာရုံကြောတွေကို ဖိလာပါတယ်။ သွေးခဲဆိုတာက ကြီးလာနိုင်ပါတယ်။ သူ့ဖိအားကလည်း များလာတော့ ဦးနှောက်ရဲ့ အလုပ်တွေကို ချိနဲ့ အားနည်းစေပါတယ်။

အဲသည်လို ဆက်တိုက် တခုပြီးတခုဖြစ်ပျက်မှုဟာ Homeostasis ဆိုတဲ့ 'မိမိဖာသာ ဟန်ချက်ညီအောင် ထိန်းညှိခြင်း' အဆင့်ကို ကျော်လွန်သွားပါတယ်။ တကယ်ပါပဲ။ မိမိဖာသာ ထိန်းညှိခြင်း ပြင်ဆင်ခြင်းတွေ ပျက်ယွင်းသွားပြီဆိုတဲ့အခါ အလွန်ရှုပ်ထွေးတဲ့ စနစ်အမျိုးမျိုးဟာ တစစီပြိုကွဲကြတော့တာပါပဲ။ ဆက်တိုက် တောက်လျောက် ပျက်စီးခြင်း - failure cascade လို့ ခေါ်ရမယ် ထင်ပါတယ်။

မုန်တိုင်းရိုက်ခတ်ခြင်းကို ခံရတဲ့ သစ်ပင်ဟာ လဲပြီးတော့ လျပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်လိုက်တယ်။ လျပ်စစ်ဓာတ်အားတွေ ဟန်ချက်ပျက် အားတွေ မနိုင်မနင်းဖြစ်တော့ တခြားကွန်ယက်တွေကို ထိခိုက်တယ်။ မြို့ကလေးက မီးပျက်တာကနေ တပြည်နယ်လုံး အမှောင်ကျသွားတယ်။ ဘဏ်တခုက စနစ်ပျက်စီးမှုကနေ ကမ္ဘာလုံးချီတဲ့ ကပ်ကြီး ဆိုက်စေပါတယ်။ ဒါဟာ ဆက်တိုက် တောက်လျောက် ပျက်စီးခြင်း (failure cascade) ပါ။

သို့သော်လည်း 'မိမိဖာသာ ဟန်ချက်ညီအောင် ထိန်းညှိခြင်း' အစွမ်းသတ္တိဟာ ခုနင်က 'ဆက်တိုက်တောက်လျောက်ပျက်စီးခြင်း' လာနေပြီ၊ ၀င်ရောက်နေပြီဆိုတာကို မြင်နိုင်စွမ်း မရှိပါဘူး။ အရင်အတိုင်း ပုံမှန်ဖြစ်နေတယ်ဆိုပြီး ပုံမှန်ဖြစ်မှုဖြစ်စဉ် မပျက်မခြင်း  ဆက်လည်ပတ်ဖို့ ကြိုးပမ်းပါတယ်။ အဖေ မီးဖိုထဲမှာ လဲကျပြီး နောက် ၂ နာရီလောက်အထိ အဖေဟာ အေးအေးသက်သာဖြစ်နေပုံပါပဲ။ သူ့နဖူးမှာ လဲကျတဲ့ဒဏ်ကြောင့် အညိုအမည်းစွဲ ယောင်ကိုင်းလာတာက လွဲလို့ပေါ့။ သူက ရေနည်းနည်း တောင်းသောက်ပါတယ်။ သူ့ ခုံမှာ သွားထိုင်ပါတယ်။ သူ့ပုံမှန်မနက်ခင်းလေး ပျက်သွားတာကို ပြစ်တင်ပါတယ်။ ဈေးသည်တွေလည်း ပြန်ကုန်ကြပါပြီ။ နောက် ၄ နာရီလောက်အကြာမှာ ကျနော့်အဖေက သူနေလို့မကောင်းဘူးလို့ ပြောလာပါတယ်။ ဖိအားကို ခံစားနေရတဲ့ သူ့ဦးနှောက်အာရုံခံတွေ (Neuron) က သူ့ကို အမျိုးမျိုးသော သတင်းစကားတွေ ပို့နေပါပြီ။ ဒီတမိနစ်အတွင်းမှာ သူကိုယ်တွေ ပူလာတယ် ၊ ပြီးတာနဲ့ သူကိုယ်တွေ အေးလာပြန်ရောတဲ့။ သူ့အကျီတွေကို အတင်းချွတ်ပစ်တယ်။ ချွေးတွေ အရမ်းထွက်လာတယ်။ ပြီးတော့ သူ စောင်ခြုံချင်တယ်တဲ့။ သူဟာ ပုံပြင်ထဲက ရွှေဝါရောင်ဆံပင်ခွေတွေနဲ့ သမီးလေး အငမ်းမရ သူများဝက်ဝံတွေအိမ်ထဲ ၀င်စားသလို ချာပါတီတွေ စားတယ်။ ပူတယ် စပ်တယ် ပြောတယ်။ ပြီးတော့ အိပ်တော့မယ် တဲ့။ သူ တနာရီနေတော့ နိုးလာတယ်။ လက်တွေ ဝှေ့ယမ်း ကယောင်ကတန်းတွေ ဖြစ်နေတယ်။ ဒါနဲ့ အမေလည်း ကျနော့်ဆီက အချိန်မီ ဖုံးဆက်လိုက်ရတော့တာပါပဲ။

ပျက်ယွင်းခြင်းဖြစ်စဉ်ရဲ့ အရှိန်အဟုန်ဟာ မင်သက်သွားရလောက်အောင် မြန်ဆန်ပါတယ်။ အဖေဟာ အရေးပေါ်အခန်းထဲမှာ သူ့ဆိုဒီယမ်အဆင့်ဟာ တောက်လျောက် ကျဆင်းလာပါတယ်။ ၁၃၁ ... ၁၂၈ ... ၁၂၂ ... ။ သူသတိလစ်မျောမှု (coma) ဟာ အဲသည် ဆားဓာတ် ဟန်ချက်မညီမှုကြောင့် ပိုဆိုးလာပါတယ်။ သူ မျောနေတဲ့အခါ အသက်ရှုတာလည်း နှေးသွားတယ်။ သွေးထဲမှာ ကာဘွန်ဒီုင်အောက်ဆိုက်တွေ တိုးပွားလာတယ်။ သူ့နှလုံးခုန်တာတွေကလည်း ကမောက်ကမ ဖြစ်လာပါတယ်။ ကြွက်သားတွေလည်း တုန့်ဆိုင်းကုန်တယ်။ သွေးခုန်နှုန်းတွေလည်း ထိန်းလို့ မရတော့။ သွေးထဲက အက်ဆစ်တွေ၊ ဘေ့စ်တွေ၊ ဆားတွေ ပေါင်းစပ်လည်ပတ်မှုတွေဟာ တမျိုးတမည်တွေ ဖြစ်ကုန်တာကိုး။ အဲသည်မှာတင် သူ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ပါ။ ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ဘူးဆိုတာနဲ့ သူ့ဦးနှောက်ကလည်း ပိုဆိုးလာပါတယ်။ ဆက်တိုက်ဆိုသလို ပျက်ယွင်းမှု ဆက်တိုက် တိုးလာပါတော့တယ်။

သို့သော်လည်း ကျနော့်အဖေက သေခြင်းတရားကို လက်မခံနိုင်သေးပါ။ သူကိုယ်တိုင် ဈေးဆစ်ရဦးမှ ဖြစ်တော့မှာကိုး။ သူ့ခန္တာကိုယ်ဟာ ကယောင်ကတန်းနဲ့ ချီတက်နေသေးတယ်။ ကမ္ဘာဦးလူတွေ ဆင်ခြင်တုံ့တရားမဲ့ အသက်ရှင်သန်လိုမှုကို ချိတ်တွယ် ကုတ်ကပ်ထားသလိုမျိုးပေါ့။ အဖေက သိမှာပါ ... သူ့သွေးထဲ သူ့အရိုးထဲကနေပြီးတော့ တခါတရံမှာ ဈေးကြီးတခုလုံးက သူ့ဖက်မှာ ရှိမနေဘူး ဆိုတာမျိုး။ အဲသည်အခါကျရင် လူကိုယ်တိုင်ဟာ မတန်တဆဈေးတွေထဲကနေ အသက်သာဆုံးဈေးကိုလည်း အကောင်းဆုံးအဖြစ် ရွေးရသေးတယ် မဟုတ်လား။ ဘယ်လိုပဲ စောင်းနေစောင်းနေ ချိန်ခွင်ကတော့ ချိန်ခွင်ပေါ်မှာ ရှိနေနိုင်သေးဖို့ လိုတယ်လေ။ ဆိုဒီယမ်က ၁၂၅ ဖြစ်နေပြီ။ ဟုတ်လား။ ကျနော့်အဖေကတော့ လက်ခံရမှာပဲ။ ဒါပေမယ့် အခြားဟန်ချက်တွေကိုတော့ ပြင်ရတော့မှာပေါ့။ အဖေဟာ သူ့နှလုံး ဆက်ခုန်နေနိုင်ဖို့အတွက် ဦးနှောက်ရဲ့ အချို့အစိတ်အပိုင်းတွေကို ရပ်ဆိုင်းထားဆို ရပ်ထားရတော့မှာပါ။

အဲသည် ရက်သတ္တပတ်တွေမှာ ကျနော်ရဲ့ အရေးပေါ်ခန်းအတွင်းက ဦးနှောက်ဆရာဝန်တွေ သူနာပြုတွေအပေါ် ခံစားချက်တွေလည်း ပြောင်းလာပါတယ်။ အရင်က ဒေါကန်နေရာကနေ သူတို့ကို လေးစားလာမိပါတယ်။ ဆေးရုံက လူတွေအားလုံးကိုယ်တိုင်ကလည်း လွဲချော်နေတဲ့ ဟန်ချက်ကို လက်ခံပြီးတော့ ဆက်ထိန်းသိမ်းနိုင်ဖို့ လုပ်နေကြရတာပါ။ အစစမှာ ကွဲနေတာ၊ လွဲချော်နေတာ၊ မလောက်မငှဖြစ်နေတာတွေကြားထဲကနေ အဖေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ကျနော်ပြောခဲ့တဲ့ ဟိုတုန်းက ဘော်စတွန်က ဆေးခန်းလေးဟာလည်း သူ့နည်းသူ့ဟန်နဲ့ Homeostasis ဆိုတဲ့ 'မိမိဖာသာ ဟန်ချက်ညီအောင် ထိန်းညှိခြင်း' ကို လုပ်ဆောင်နေခဲ့တာပါပဲ။ ဘယ်လောက်ပဲ ဘတ်ဂျက်တွေ နဲနဲ အခက်အခဲ လွဲချော်မှုတွေရှိရှိ။ အခု အိန္ဒိယက ဆေးရုံနဲ့ နှိုင်းရင်တော့ အပုံကြီး သာခဲ့တယ်ဆိုနိုင်ပါတယ်။ အကိုက်အခဲဆေးတွေ ကုန်သွားရင် လိုသလို ထပ်ဖြည့်နိုင်ခဲ့တယ်။ ပိုက်ခေါင်းတွေ ထိုးဖို့ဆီဆိုတာ ကုန်သွားတယ်လို့ မရှိခဲ့။ အခု ဒေလီက ဆေးခန်းထဲကို ကြည့်ပါ။ သာမန် လုပ်ဆောင်မှုလေးတခုမှာတော့ အစွမ်းကုန် ကြိုးပမ်းရတာ ဖြစ်ညှစ်ပြီး ကြံဖန်ရတာတွေ ပါဝင်ပါတယ်။ ဒေလီကဆေးရုံ လည်ပတ်နေဖို့အတွက်က ဖြတ်လမ်းနည်းတွေ အခြားတဖက်က စဉ်းစားရတာတွေ ပါတယ်။ မရေမတွက်နိုင်အောင် မရှက်မကြောက်နိုင်လောက်အောင် အမြဲတန်း ပုံမှန်လုပ်ဆောင်နေရတာတွေချည်းပဲ။

(ဆက်လက်ဖော်ပြပါမည်)

ယခင် အပိုင်း ၁ - ဖတ်ရှုလိုက သည်မှာ ဖတ်ပါ။
0