မိုးထက်နေ - ဒီပြဲကအူပီးလား အပေၝက်လား

Sample Image
ဒီပွဲက အပြီးလား အပေါက်လား

မိုးထက်နေ

နိုဝင်ဘာ ၃၊ ၂၀၀၇

စက်တင်ဘာလူထုတိုက်ပွဲတွေပြီးတာ ခုဆို ၁လစွန်းစွန်း ရှိခဲ့ပါပြီ။ လက်ရှိလဲ နောက်ထပ်လှိုင်းလုံးတွေ တလိပ်လိပ်တက်နေတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားနေရပါတယ်။ လူတိုင်းပြောနေတဲ့အတိုင်း ဒီတစ်ကြိမ် လူထုတိုက်ပွဲက ၈၈ အရေးတော်ပုံရဲ့ ဒုတိယပိုင်းနဲ့ နောက်ဆုံး အပိုင်းဖြစ်တယ်ဆိုတာလည်း သေချာပါတယ်။

အားတက်စရာကောင်းတဲ့ အချက်တွေက စစ်အာဏာရှင်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေက ကျနော်တို့ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လုံးဝဒုက္ခမပေးနိုင်၊ ရိုက်လှဲဖို့  မတတ်နိုင်ဘူးဆိုတာပါပဲ။

တစ်ဘက်က စစ်အာဏာရှင်တွေဘက်မှာလည်း ၁၉ နှစ်လုံးလုံးမှာ အဖက်ဖက်က အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရတယ် ဆိုတာလဲ သေချာပါတယ်။ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှုတွေ၊ စီးပွားရေးဆိုင်ရာ ထိန်းချုပ်မှုတွေဟာလဲ ထိထိရောက်ရောက် ဒုက္ခပေးနိုင်တာကို တွေ့ ရပါတယ်။

စစ်တုရင်ပွဲ

ယေဘူယျ အားဖြင့် စစ်တုရင်ပွဲ တစ်ပွဲကိုသေချာထိုင်ကြည့်ရင် ပထမပိုင်းရွှေ့  တဲ့အကွက်တွေထက် နောက်ပိုင်းရွှေ့ ရတဲ့ အကွက်တွေက ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးတာ တွေ့ရပါတယ်။ End Game ကစားတဲနေရာမှာ စိတ်ရှည်တဲ့လူ၊ ပိုပြီး တွက်ချက်နိုင်တဲ့သူက အနိုင်ရ သွားလေ့ရှိပါတယ်။

သိပ်သွေးဆူတဲ့လူက အမှားတွေ့တာ များပါတယ်။ ရှေ့ ပိုင်း အကွက်မှားတွေကို ပွဲစဉ်တစ်လျှောက်လုံး ပြန်ကု,စားလို့ ရပေမဲ့၊ ပွဲသိမ်းကစားနေတဲ့အချိန်မှာ အကွက်မှား ရွှေ့  မိသွားရင် ကုစားလို့ လုံးဝ မလွယ်တော့ပါဘူး။ ပွဲသိမ်းနီးလာလေ တစ်ဘက်နဲ့ တစ်ဘက် ပိုပြီး သတိထား ဂရုစိုက်ဖို့ လိုလာလေဖြစ်ပါတယ်။

Sample Image

ဖက်ဆစ်အလိုတော်ရိ မျက်နှာကြီးများ

စစ်အာဏာရှင်တွေ တလျှောက်လုံး ရပ်တည်လာတာ စီးပွားရေးလုပ်ငန်းရှင်၊ အရင်းရှင်တွေနဲ့ အဆင်ပြေပြေ ဖြစ်အောင်ပေါင်းသင်းမှုနင့်ပါ။ ကျနော်တို့နိုင်ငံရဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ နောက်မှာ အာဏာရှင် အသိုင်းအဝိုင်းထဲက ဗိုလ်ချုပ်တစ်ယောက် ကိုတွေ့ နိုင်ပါ တယ်။ တနည်းအားဖြင့် အကျိုးစီးပွားတစ်ခုထဲ ဖြစ်အောင်လုပ်ယူလိုက်တာပါ။

လက်ကြီးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကို ထိန်းချုပ် ပံ့ပိုးပေးထားနိုင်တဲ့ အတွက် သူရဲ့လုပ်ငန်းက လူအများစုကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိန်းချုပ်ထားနိုင်တယ် ဆိုတဲ့ အချက်ကို အသုံးချတဲ့ သဘောပါ။ လက်ကြီးစီးပွားရေးသမားတစ်ယောက်ကို မှီခို နေထိုင်ရတဲ့လူတွေရဲ့ အရည်အတွက်ဆိုတာကလည်း လုပ်ငန်းအကြီး အသေး အပေါ် မူတည် ပြီး အနည်းအများ ရှိပါတယ်။

ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကို မွေးထားခြင်းအားဖြင့် တနိုင်ငံလုံးနီးနီး မှာရှိတဲ့ ဘဏ်ဝန်ထမ်းတွေနဲ့ အိမ်ထောင်စုတွေကို အနည်းနဲ့ အများ ချုပ်ကိုင်ထားနိုင်တဲ့ သဘောမျိုး ရှိပါတယ်။ သူတို့ တွေးလုံးကလည်း အနည်းနဲ့ အများတော့ ထိရောက်ပါတယ်။

ကျနော်တို့ မြန်မာတိုင်းရင်းသားတွေက ကျေးဇူးတရား ဆိုတာကို အလွန်အကျွံ သိတတ်တဲ့ အားနည်းချက် ရှိပါတယ်။ ကမ္ဘာဇ ဝန်ထမ်းတွေလဲ အာဏာရှင်ရဲ့ ဆိုးဝါးယုတ်မာမှုကို သတိမထားမိဘဲ နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဦအောင်ကိုဝင်းဟာ နအဖဒေါက်တိုင် တစ်ချောင်း ဖြစ်တယ်ဆိုတာကို တွေးမိတဲ့လူက အနည်းစုပဲ ရှိမယ်ထင်ပါတယ်။

Sample Image

ဖက်ဆစ်အလိုတော်ရိ မျက်နှာမွဲများ

ကြက်ခြေနီ၊ အရန်မီးသတ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်အဖွဲတွေကို ဖွဲ့စည်းတာကို ကြည့်ရင် သိနိုင်ပါတယ်။ အဲလိုအဖွဲ့အစည်းတွေဆိုတာ လူမှုရေးလုပ်ငန်းတွေအတွက် လိုအပ်တယ်ဆိုတဲ့ အကြောင်းပြနဲ့ ဖွဲ့စည်းတာဖြစ်ပေမယ့်၊ တကယ်တမ်း သူတို့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေက လူမှုရေးအဖွဲ့အစည်းတစ်ခုမှာ ရသင့်တာထက် ပိုပါတယ်။ ဧည့်စာရင်းစစ်တဲ့ ကိစ္စကအစ၊ လုံခြုံရေးကိစ္စအထိ ဒီအဖွဲ့အစည်းတွေကို တာဝန်ပေးစေခိုင်းထားပါတယ်။

ကြံ့ဖွတ်မှာ အမြဲတမ်း တက်တက်ကြွကြွ ပါဝင်နေတဲ့လူတွေကို ကြည့်ရင် အခွင့်အရေး လိုချင်တဲ့ လူချမ်းသာ စီးပွာရေးအသိုင်းအဝိုင်းက လူတွေရယ်၊ လူတွင်ကျယ်လုပ်ချင်တဲ့ ဆင်းရဲ တဲ့ အလွှာက လူတွေရယ် ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ကြက်ခြေနီ၊ စွမ်းအားရှင်နဲ့ အရန်မီးသတ်တွေကို ကြည့်မယ်ဆိုရင်တော့ အလုပ်လက်မဲ့လူတန်းစားတွေထဲက လူတွင်ကျယ်လုပ်ချင်တဲ့ လူတွေ များပါတယ်။

သာမန်လူလတ်တန်းစားတွေ၊ ကိုယ့်ဘဝကိုနားလည်ပြီး ကြိုးစားမှုရှိတဲ့ ဆင်းရဲတဲ့မိသားစုက လူတွေအနေနဲ့ကတော့ ဒီလိုအဖွဲ့အစည်းတွေမှာ တက်ရောက်ပြီး အချိန်ပြည့် လုပ်နေဖို့  အချိန် မရှိပါဘူး။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီအာဏာရူးတွေဟာ သူတို့အာဏာတည်မြဲရေး အတွက် လူမိုက်မွေးဖို့ မျက်နှာကြီးတွေအပြင် မျက်နှာမွဲတွေကိုလည်း အသုံးချတယ်ဆိုတာ တွေ့ရပါတယ်။

အာဏာရှင် ဘယ်လိုစည်းရုံးလဲ

ကျနော်တို့ လူမျိုးတွေက အမှတ်အတေးနည်းတယ်။ ခွင့်လွှတ်လွယ်တယ်။ ပျော်ပျော်ရွှင်ရွှင်နေ ရတာကို ကြိုက်တယ်။ အလှုအတန်းကို ဝါသနာပါတယ်။ ဒီအချက်တွေအပေါ် အခွင့်ကောင်းယုပြီး စည်းရုံးထားတာကို တွေ့ ရပါတယ်။

ညဖက် ရုပ်မြင်သံကြားသတင်းတွေကို ကြည့်လိုက်ရင် ဘုရားလှည့်ဖူးတာ၊ အလှုလှည့်လုပ်တာကို အမြဲလွှင့်ပေးနေတာ ဘာသာရေးနဲ့ စည်းရုံးတာပါ။ နောက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခွင့်ပေးခဲ့တာ၊ လှေပြိုင်ပွဲ၊လှည်းပြိုင်ပွဲတွေလုပ်ခဲ့တာဟာ ပျော်ရွှင်မှုနဲ့ စည်းရုံးတာပဲဖြစ်ပါတယ်။

နောက် ခံယူချက်သိပ်မရှိတဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေကို လိုသမျှ အခွင့်အရေးပေးပြီး စည်းရုံးတယ်။ သူတို့ဆီက အာဏာကလွဲပြီး တခြား အခွင့်အရေးမှန်သမျှ ပေးတယ်။

အစဉ်အလာကောင်းတဲ့ တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ KNUကိုလည်း ဘာသာရေး အကြောင်းပြပြီး ခွဲခဲ့တယ်။ နောက်တစ်ခါ အခွင့်အရေးပေးပြီး ထပ်ခွဲတယ်။ အဓိကကတော့ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးရဲ့ပင်ကိုယ်စိတ်က ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့၊ ချစ်စရာကောင်းတဲ့စိတ်တွေကို အရောင်းဆိုး အသုံး ချတာ ဖြစ်ပါတယ်။

Sample Image

သူတို့ ထွက်ပေါက်

နောက် သူတို့ခေတ်အဆက်ဆက် ကျဉ်းထဲကြပ်ထဲရောက်တာနဲ့ သုံးလေ့ရှိတဲ့ ထွက်ပေါက်တစ်ခုက ညှိနှိုင်းရေးစာပွဲပေါ်ကို ခေါ်တတ်တာပါ။

ကွန်မြူနစ်ပါတီကိုလည်း ညှိနှိုင်းရေး ခေါ်ခဲ့ဘူးပါတယ် (၁၉၅၅ လို့ ထင်ပါတယ်)။ ဦးနု အစိုးရလက်ထက်မှာဖြစ်ပါတယ်။ နောက်ထပ် ခေါ်တာတွေလည်း ရှိပါတယ်။ နောက် KNU ၊ NLD တို့ ကိုလည်း ညှိနှိုင်းရေးတွေ လုပ်ခဲ့ပါတယ်။ အဲလို ညှိနှိုင်းရေးတွေ လုပ်တယ်ဆိုတာ BCP၊ KNU၊ NLD တို့ ကို စည်းရုံးတာမဟုတ်ဘဲ အသုံးချတာပါ။

သူတို့ တကယ်လိုချင်တဲ့ပြယုဒ်က အာဏာပိုင်ဘက်က သဘောထားကြီးကြီးထား စည်းရုံးတာကို၊ ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေက လက်မခံနိုင်လို့ ပျက်ရပါတယ်ဆိုတဲ့ အဖြစ်ကို လိုချင်တာပါ။

ဒါကြောင့်လဲ ဘယ်တော့မှာမှ လက်ခံနိုင်တဲ့ကမ်းလှမ်းမှုမျိုးနဲ့ မညှိနှိုင်းတာ ဖြစ်ပါတယ်။ ခုလက်ရှိ အနေအထားမှာလည်း NLD နဲ့တွေ့ဖို့ ကမ်းလှမ်းထားတာလည်း ဒီအကွက်ကို လိုချင်လို့ပါ။

Sample Image


သင်းတို့ ရဲ့ဆရာ ဘယ်သူလဲ

ကျနော် အထင်တော့ ခေတ်အဆက်ဆက် အတိုက်အခံ အဖွဲ့အစည်းတွေအားလုံးက အာဏာရှင်ရဲ့ဆရာပါပဲ။ သူတို့ဖက်က အထက်စီးနဲ့ ညှိနှိုင်းဖို့တောင်းဆိုရင် အလိုလို ပျက်သွားတတ်တယ် ဆိုတာကို ကျနော်တို့ဖက်က သက်သေ အကြိမ်ကြိမ်ပြ သင်ကြားခဲ့ တာပါ။

လက်ရှိစစ်တပ်က ခေါင်းဆောင်ဆိုတဲ့လူတွေထဲမှာ ကျနော်မြင်သလောက် လူတော် တစ်ယောက်မှ မပါဘူး။ ဒါပေမယ့် အမှတ်သည်းခြေကြီးတဲ့ ခပ်တုံးတုံးကလေး တစ်ယောက်လိုပါပဲ။ နောက် မေးခွန်း နားမလည်ပေမယ့် အလွတ်ကျက်ပြီး စာမေးပွဲဖြေတဲ့ လူတစ်ယောက်ကျက်ထားသမျှ အကုန်တိုးသလိုပါပဲ။

စက်တင်ဘာလူထုတိုက်ပွဲ အဆုံးသတ်အပိုင်းမှာ အင်တာနက်အပါအဝင် ပြည်ပနဲ့ ဆက်သွယ်လို့ရတဲ့ ဖုန်း၊Fax အားလုံးကို ပိတ်ပစ်လိုက်တယ်။ အဲလိုပိတ်ထားတာ အဓိက အကြောင်းတစ်ခု မဟုတ်ပေမယ့် အဲဒီအချိန်မှာပဲ လူထုတိုက်ပွဲတွေ အဆက်ပြတ်သွား တာဖြစ်ပါတယ်။

ဒါကြောင့်၊ အခုတစ်ခါ၊ ပခုက္ကူက သံဃာတွေလှုပ်ရှားတာနဲ့ တပြိုင်တည်း ပထမ ဆုံးလုပ်လိုက်တာ ပြည်ပ ဆက်သွယ်ရေးလမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ဆို့လိုက်တာ ကို တွေ့ရတယ်။ အန်တီစုကို ဆွေးနွေးဖို့  ကမ်းလှမ်းတယ် ဆိုတာလည်း နိုင်ငံတကာ ဖိအားလျှော့သွားစေချင်တာရယ်၊ ဒီဆွေနွေးပွဲဟာ ဖြစ်လာမှာမဟုတ်ဘူး ဆိုတာ ယုံတာရယ်ကြောင့်ပါ။

သေချာတေွးကြည့်ရင် ကျနော်တို့ဖက်က အာဏာရှင်ကို သင်ပေးထားတာတွေ အများကြီးဗျ။

အပြီးလား အပေါက်လား

နအဖရဲ့ လက်ရှိအခြေအနေကို ကျနော်ဥာဏ်မှီသလောက် တွေးကြည့်လို့ရတာကတော့ သူတို့ဖက်က ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားတယ်လို့ ထင်ပါတယ်။

ဒီတစ်ခါ တိုက်ပွဲမှာ အကောင်းဆုံးတစ်ယောက်ပဲ ကျန်မယ်ဆိုတာကိုလည်း လက်ခံထားပြီးပြီလို့ ထင်ပါတယ်။ ရင်ဆိုင်ဖို့ အစီအစဉ်တွေကိုလည်း အသေးစိတ် ရေးဆွဲပြီးဖြစ်မယ် ထင်ပါတယ်။

အာဏာရှင်တွေဆိုတာကတော့ သူတို့အာဏာတည်မြဲရေးအတွက် နောက်ဆုံး မြန်မာပြည်ကလူတွေကုန်အောင် သတ်ဖို့၊ ထောင်ထဲထည့်ဖို့လည်းအသင့် အနေအထားဖြစ်မှာပါ။

နောက်ဆုံး နိုင်ငံတစ်ကာက လက်နက်ကိုင် အရေးယူတာမျိုးဆို (နိုင်ငံတကာတပ်တွေ လာမယ်လို့ လောလောဆယ် တွေးမိသလောက် လုံးဝမယုံပါ) တောင်မှ ထမင်းအိုးညှိမဲ့ အစီအစဉ်တွေ ရှိနေလောက်ပါတယ်။

စစ်တပ်ကတော့ တကယ်လို့  နိုင်ငံတကာတပ် ဝင်လာခဲ့လို့ တိုက်ကြခိုက်ကြရင် ပြည်သူတွေပါ ဒုက္ခရောက်မယ်ဆိုတဲ့ တွေးလုံးမျိုးလည်း ရှိနေမှာပါ။ သူတို့ကိုသူတို့ အရှုံးဖက်က တွက်ထားပြီး ဖြစ်မှာပါ။

သူတို့အာဏာလက်မဲ့ဖြစ်တာနဲ့ ပြည်သူ့ခုံရုံးမှာ တရားစွဲခံရမယ် ဆိုတာကို လည်း ထိတ်လန့် နေမှာပါ။ အဲဒီအတွက် အဆုံးစွန်အထိ မိုက်မဲဖို့  ပြင်ဆင်ထားတာ ဖြစ်ပါတယ်။


လူညံ့စိတ်ကူး


ဒီတစ်ခါ အခြေအနေက လုံးဝ အမှားမခံနိုင်တဲ့ အခြေနေဆိုတာ အားလုံးလည်း သိနေပြီ ဖြစ်မှာပါ။ စစ်အာဏာရှင်တွေဖက်ကလည်း လုံးဝ အခြေမလှတာကို တွေ့နေရပါတယ်။ ၁၉ နှစ်အတွင်းမှာ အဆိုးးဝါးဆုံး အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေပေးတုန်းမှာ ကျနော်တို့ဖက်က ပါးပါးနပ်နပ်နဲ့ ရုန်းနိုင်ရင် ကျနော်တို့ ရည်ရွယ်တဲ့ လေထုသစ်ကို အလွယ်တကူ ရနိုင်လိမ့်မယ် ထင်ပါတယ်။

ကျနော့်စိတ်ကူးထဲမှာတော့ အန်တီစုက ညှိနှိုင်းရေးစာပွဲမှာထိုင်၊ လူထုကလည်း ငြိမ်းငြိမ်းချမ်းချမ်း တိုက်ပွဲဝင်၊ ကျနော်တို့ ကျောင်းသားတပ်မတော်ကလည်း ရသလောက်နေရာမှာ လက်နက်ကိုင်တိုက်ပွဲဝင်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း နဲ့ သူ့တို့ရဲ့ နောက်လိုက်နောက်ပါတွေလည်း မေးခွန်းမတိုးလို့ စာမေးပွဲခန်းထဲမှာ ချွေးပြန် နေတာကို မျက်စိထဲ ပြေးပြေး မြင်နေမိတယ်ဗျာ။

Comments

Goldie Shwe said…
Dear Moe Htet Nay
Thank you. Also we wil keep track of the Junta, all the family members and friends, who gain benefit from their wealth they robbed from the public and also other business associates and keep exposing them so that they know there is no quiet peaceful little corners to enjoy their lives.