ကျနော်တို့ လူမျိုးတွေမှာ ထုံးစံတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကလေးငယ်တွေကို ကျန်းမာရေး ကောင်းအောင် ဆိုပြီး မိဘမဟုတ်တဲ့ အကြီးအကဲ(အဘိုး၊ ဘုန်းတော်ကြီး) တွေကနေပြီး အဆောင်သဘော လက်ဖွဲ့သဘော လက်ဆောင်ပေးတတ်တယ်။
ချည်ဆွဲကြိုးလေးလိုမျိုး၊ တိရစ္ဆာန်လေးတွေမွေးဖို့ ပေးတဲ့ အလေ့ရှိတယ်။ (ကျေးလက်တွေမှာတော့ ကြက်ပေါက်ကလေး ပေးလေ့ ရှိတယ်) တက်နိုင်တဲ့သူတွေ ကလဲ ရွှေနဲ့လုပ်ထားတဲ့ ဆွဲကြိုးလေး၊ လက်စွပ်လေး ပေးလေ့ရှိတယ်။ အမှန်တော့ ကလေးငယ်တွေကို အသိအမှတ်ပြု လက်ဆောင်ပေးတဲ့ သဘောပါပဲ။ ကျေးလက်ထုံးစံ အတိုင်း ခမည်းပေးတဲ့ နေရာမှာလည်း ချစ်စရာ၊ အပြိုင်အဆိုင် လုပ်လေ့ရှိပါတယ်။
ကပ်စီးလည်းနည်း ကိုယ်ပေးတဲ့ ခမည်းဟာလည်း တန်ဖိုးကြီးတာဖြစ်စေ့ချင်တဲ့ လူတွေကို အကြောင်းပြုပြီး မဖြစ်နိုင်တဲ့ ကြီးကြီးမားမား ကတိတွေ ပေးတတ်သူတွေကို “တောဆင်ခမည်း ပေးတယ်”လို့ပြောလေ့ရှိတယ်။ ဆိုလိုတာက တောထဲက ဆင်ရိုင်းကို ခမည်းအနေနဲ့ ပေးလိုက်တယ်။ လိုချင်ရင်တော့ ကိုယ့်ဟာကို ဖမ်းယူပေါ့ ။
နိုင်ငံတကာရဲ့ ရပ်တည်ချက်ကလည်း အာဏာလွဲပြောင်းရေးကိုသာ ဇောင်းပေးတိုက်တွန်းနေတာ ဖြစ်ပြီး၊ တဖက်ကကြည့်ရင် ဖွဲစည်းပုံရဲ့ အရည်အသွေး၊ တရားမျှတခြင်း ရှိမရှိ စတဲ့ အချက်တွေကို စိတ်ဝင်စားမှု မရှိဘူးလို့ ပြောလို့ ရပါတယ်။ နိုင်ငံတကာရဲ့ နောက်ထပ်တောင်းဆိုချက်တစ်ခုက အချိန်အတိအကျ သတ်မှတ်ပြီးလုပ်ဆောင်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့် RM (လမ်းပြမြေပုံ)ကို အချိန်အနား သတ်ပေးလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စတွေကို ရှောင်တိမ်းဖို့ရာက လက်သိပ်ထိုး အာဏာလွဲပြောင်းရေး နည်းလမ်းတစ်ခုတည်းသာရှိတဲ့ အတွက်ကြောင့် လမ်းပြမြေပုံကို ကသုတ်ကရက် အကောင်အထည်ဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒါမှသာ စစ်အုပ်စု အနေနဲ့ လွတ်တော်ရဲ့ ၂၅% ကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒါအပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကြေညာခြင်း မရှိဘဲ ကလိမ်ကကျစ် ဖျက်သိမ်းလိုတဲ့ ဆန္ဒကိုလည်း တွေ့ရပါတယ်။ မေလ ဆန္ဒခံယူပွဲနဲ့  RM ကို ရှေ့ဆက်ဖို့  အတည်ပြုလိုက်တာနဲ့ တပြိုင်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ဇာတ်မျောကိုလည်း အလိုလို ပြည်ဖုံးကား ချပြီးသား ဖြစ်ပါလိမ့်မယ်။
ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မျက်လှည့်ပြပွဲကို ကျနော်တို့ ၂၆ နှစ်တိတိကြည့်ခဲ့ရပြီး ဖြစ်တယ်။
ဗိုလ်စောမောင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာလည်း ၁၉၉၀ မှာ မဆလ ကနေ အသွင်ပြောင်းယူထားတဲ့ တစညပါတီအားကိုးနဲ့ ၁၉၉၀မှာ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ NLDကို အပြတ်အသတ်ရှုံးနိမ့်သွားတဲ့အတွက် မျက်နှာပြောင်တိုက်ပြီး လွှတ်တော်ခေါ်ယူရေးကို ရူးချင်ဟန်ဆောင်ခဲ့ပြန်ပါတယ်။
အဲဒီမျက်လှည့်ပွဲဟာလည်း နှစ်ပေါင်း ၂၀ နီးပါး ကြာခဲ့ပါတယ်။ အခုတစ်ခါ ရွေးကောက်ပွဲကို ၂၀၁၀ မှာ ကျင်းပပေးမယ် ဆိုတဲ့ ကတိကို ချပြလိုက်ပြန်ပါပြီ။
ဗိုလ်နေဝင်း လိုလည်း ဗိုလ်ဦး မျက်လှည့်ပြလို့မရ။ ၁၉၉၀ ရွေးကောက်ပွဲလိုလည်း ပါတီတစ်ခုကို အားကိုးလို့မရ ဆိုတာသဘောပေါက်တဲ့ စစ်အုပ်စုဟာ ဒီတစ်ခါမှာတော့ ကြံ့ဖွံ့ကို ပွဲထုတ်မယ်လို့ ထင်ပါတယ်။ တစ်လျှောက်လုံး NGOပါလို့ ရုပ်ပြထားတဲ့ ၄င်းတို့ရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းကို နိုင်ငံရေးအဖွဲ့အသွင် ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားပါလိမ့်ဦးမယ်။
ဒါပေမဲ့ ဒီတစ်ခါတော့ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံအရ အခြားအတိုက်အခံ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ စည်းရုံးခွင့်၊ မဲဆွယ်ခွင့် ပေးမယ်မထင်ပါဘူး။ တကယ်ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကပ်မှ နာမည်ကောင်းယူပြီး အထိန်းသိမ်းခံများကို ပြန်လွတ်ပေးပါလိမ့်မယ်။
တကယ်လို့ ဒီလိုကောက်ကျစ်မှု အမျိုးမျိုးကို ကျော်လွှားပြီး အတိုက်အခံတွေ အာဏာရခဲ့တယ် ဆိုရင်လည်း စစ်အုပ်စုဟာ ၄င်းတို့ လမ်းကြောင်းကို ၁၉၉၀ ကနေ ပြန်စပါလိမ့်ဦးမယ်။
နောက်တစ်ချက်က ၁၉၉၀ တုန်းက စစ်အုပ်စုဟာ ၄င်းတို့ရဲ့ ဒေါက်တိုင်တွေကို ဒီနေ့အချိန်လောက်ထိ မမွေးမြူနိုင်သေးပါဘူး။ အခုအချိန်မှာတော့ စစ်အုပ်စုမှာ ဒေါက်တိုင် တော်တော်များများရှိနေရုံသာမက စစ်အုပ်စုပိုင် လွှတ်တော်နေရာ ၂၅%နဲ့ပေါင်းဖို့ ကြံ့ဖွံ့အတွက်နေရာ ၃၀%လောက်ကို ယုတ်မာမှုအမျိုးမျိုး သုံးပြီး ဖန်တီးနိုင်ဖို့ ၁၉၉၀ ကလောက် မခဲယဉ်းတော့ပါဘူး။
ဒါဟာ လူထုရွေးချယ်တင်မြောက်မှု အမည်ခံထားတဲ့ စစ်အုပ်စုလက်အောက်မှာ ဆက်နေရဦးမယ် ဆိုတဲ့ အဓိပ္ပာယ်သာဖြစ်ပါတယ်။ စစ်အုပ်စုဟာ မျက်လှည့်ပွဲအတွက် ဗုံကလေးနဲ့ လင်ကွင်းလေး တီးကာ တီးကာ အချက်ပေးနေပြီဆိုတာ အားလုံး သတိရှိဖို့ လိုပါတယ်။
ဆန္ဒလုယူပွဲ
စစ်အုပ်စုဟာ ဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ တရားဝင်ကြေညာချက်ထုတ်ခဲ့ပါတယ်။ ပြည်သူလူထု အနေနဲ့ ဆန္ဒခံယူပွဲမှာ အခြေခံဥပဒေကို အတည်ပြုရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အတည်ပြုမှုကို ရရှိပြီးမှသာ ရွေးကောက်ပွဲကို ဆက်လက်ကျင်းပဖို့ စီစဉ်ရမှာဖြစ်ပါတယ်။
၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ကြောင်းကြေညာလိုက်တဲ့ အတွက် ပြည်သူလူထုဟာ ဖွဲစည်းပုံအခြေခံဥပဒေကို သဘောတူကိုတူရမှာဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေပါတယ်။
ဆန္ဒခံယူပွဲ ဆိုတာထက် ဆန္ဒလုယူပွဲသာဖြစ်ပါတယ်။ အချို့ အတိုက်အခံတွေက ဆန္ဒခံယူပွဲ အဖြေကိုစောင့်ကြည့်ဖို့လိုတယ် ဆိုတဲ့ သဘောထားရှိတာကို ကြားရပါတယ်။
အမှန်တော့ ၂၀၁၀ မှာရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ကြေညာချက်မှာ မေလ ဆန္ဒခံယူပွဲရဲ့ အဖြေဟာ တစ်ခါတည်း ပါပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့  အနေနဲ့  ဆန္ဒခံယူပွဲ တစ်ခုအနေနဲ့  မမြင်ပဲ ဆန္ဒလုယူပွဲ တစ်ခု အနေနဲ့  အမြင်ရှင်းနေဖို့ လိုပါတယ်။
အခုအချိန်မှာ အတိုက်အခံနိုင်ငံရေး သမားတွေနဲ့ ပြည်သူတစ်ရပ်လုံးဟာ စစ်အုပ်စုရဲ့ သွေးရူးသွေးတန်း ထိုးတင်လာတဲ့ RMကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့အားလုံး နောက်တစ်ခါ လိမ်လည်တာကို လက်ပိုက်ကြည့်နေရဦးမှာဖြစ်တယ်။
အားစမ်းပွဲ
စစ်အုပ်စုဟာ မေလဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခု ကန့်သတ်ပြီး တိုက်ပွဲခေါ်ယူလိုက်တာလည်း ဖြစ်တယ်။ ပြည်သူဟာ မေလမတိုင်ခင် RMကို ပြတ်သားတဲ့ ငြင်းဆန်မှုတွေ လုပ်မလာနိုင်ဘူး ဆိုပြီးတော့လည်း တွက်ချက်တယ်။ ဘာကြောင့် မေလကို ရွေးချယ်လဲလို့ တွက်ချက်ကြည့်တဲ့အခါ မေလဟာ သင်္ကြန်ပြီးခါစ အချိန်ဖြစ်တယ်။
လူငယ်အများစုဟာ သင်္ကြန်ကို စားမြုံ့ပြန်ရင်း၊ သင်္ကြန်လက်ပမ်းကျမှုတွေကို ကုစားရင်း၊ သင်္ကြန်ပြဿနာတွေကို ဖြေရှင်းရင်း ပုံမှန်ဖြတ်သန်းနေကြဖြစ်တယ်။
နောက်တစ်ခုက မြန်မာပြည်ရဲ့ နေရာတိုင်းမှာ အပူလွန်နေတဲ့ အချိန်အခါ ဖြစ်တယ်။ သဘာဝ အခြေအနေကိုက လူထုတိုက်ပွဲကို တားမြစ်ထားတဲ့ ပုံစံမျိုးရှိနေတယ်။
ရွေးကောက်ပွဲ တကယ်လုပ်တာ မလုပ်တာထက်၊ တရားမျှတမှု ရှိတာမရှိတာထက် ဖွဲစည်းပုံကို လူထုက သဘောတူထားတယ်၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကတိ တရားဝင်ပေးထားတယ် ဆိုရင် နိုင်ငံတကာ အနေနဲ့ အခုလောက်ဖိအားပေးမယ် မဟုတ်ဘူးလို့လည်း တွက်ချက်မှုတွေ ရှိနိုင်တယ်။ လူထုသဘောတူညီမှု ရထားပါတယ် ဆိုတဲ့ RMကို နိုင်ငံတကာ အစိုးရတွေ အနေနဲ့  ဝင်ရောက်စွက်ဖက်ဖို့  အခက်အခဲ ရှိနိုင်တယ်။
မှတ်ကျောက်
စစ်အုပ်စုဟာ ကတိပေးဖို့ဆုံးဖြတ်ချက် ချတာနဲ့အတူ ၄င်းကတိကို ဖောက်ဖျက်ဖို့ ပြင်ဆင်ထားတယ် ဆိုတာကို နှစ် ၂၀ အတွေ့အကြုံအရ အားလုံးသိရှိထားပြီးဖြစ်တယ်။
စစ်အုပ်စု အနေနဲ့၎င်းတို့ရဲ့ ကတိစကားကို လေးနက်စေဖို့ အတိုက်အခံ နိုင်ငံရေးသမားအားလုံးကို ချွင်းချက်မရှိ လွတ်ပေးဖို့လိုပါတယ်။ အတိုက်အခံ တွေရဲ့ RMပေါ်သဘောထားကို ပြည်သူလူထုထံ လွတ်လွတ်လပ်လပ် တင်ပြခွင့်ပေးဖို့လိုပါတယ်။
ဒါ့အပြင် ၂၀၀၈ မေလ ကနေ ၂၀၁၀ အထိ နှစ်နှစ်တာ ကာလကို ပါတီအသီးသီးရဲ့ စည်းရုံးရေးကာလအဖြစ် အသုံးချခွင့်ပေးဖို့လည်း လိုပါတယ်။
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စစ်အုပ်စုရဲ့ သဘောထားနဲ့ ဘာကြောင့် ရွေးကောက်ပွဲအသစ်ကျင်းပရတယ် ဆိုတဲ့ အကြောင်း ပြည်သူလူထု နဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။
စစ်အုပ်စုရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို အထက်ပါစံတွေနဲ့ အကြိုမှတ်ကျောက်တင်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီမှတ်ကျောက်တွေမှ အတင်မခံနိုင်ဘူး ဆိုရင်တော့ RM ကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့  နှိုးဆော်လိုက်ရပါတယ်။
စစ်အုပ်စုကတော့ အာဏာလက်မလွတ်ရေး မျှော်လင့်ချက်တွေ၊ တွက်ချက်မှုတွေ အပြည့်အသိပ်နဲ့ တောဆင်တစ်ကောင် ခမည်းပေးလိုက်ပြန်ပါပြီ။ ဆင်တစ်ကောင် ပိုင်ရတော့မယ် ဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ရိုးသားတဲ့ မျှော်လင့်မှုမျိုးနဲ့ ကျေနပ်ကြမလား။ ဒါမှမဟုတ် လိမ်လည် ယုတ်မာမှုတစ်ခုအဖြစ် အမှန်တိုင်းမြင်ပြီး စစ်အုပ်စုရဲ့ စိန်ခေါ်သံကို လက်ခံတုံ့ပြန်ကြမလားဆိုတဲ့ အမေးကို ကျနော်တို့အားလုံး ချက်ချင်း အဖြေပေးဖို့  လိုနေပါပြီ။
Comments