အိုလံပစ် သပိတ်ူမန်မာ သပိတ်

အိုလံပစ် သပိတ် မြန်မာ သပိတ်

မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း
ဒေါ်သင်းသီရိ (ဗွီအိုအေ၊ မတ်လ ၂ ရက် ၂၀၀၈ ) ကောက်နုတ်ချက်
မတ် ၂၊ ၂၀၀၈

၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲတော်ကြီးကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကြီးကျယ်ခန်းနားစွာ ကျင်းပနိုင်ဖို့  အတွက် တရုတ်အစိုးရက အစွမ်းကုန် ပြင်ဆင်နေပါပြီ။ အခုလို အိုလံပစ်ပွဲတော်ကို တရုတ်နိုင်ငံမှာ ကျင်းပခွင့် ရတာဟာ ရှားရှားပါးပါး အခွင့်အရေးတရပ်ဖြစ်တာမို့  တရုတ်အစိုးရအနေနဲ့  “၀မ်းဝေါလ် ၀မ်းဒရင်းမ်” အိမ်မက်တခု ကမ္ဘာတခုရယ်လို့  အမည်ပေးခေါင်းစဉ်တပ်ပြီး အစည်ကားဆုံး ကျင်းပနိုင်ဖို့ အတွက် စိုင်းပြင်းနေကြပါတယ်။

ဒါပေမယ့် အားကစားပွဲတော်ကျင်းပမယ့် မြို့ တော် အတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေထုညစ်ညမ်းမှု ပြဿနာတွေနဲ့  လူ့ အခွင့်အရေးဆိုင်ရာ ပြဿနာတွေအပေါ်ကို ထောက်ပြဝေဖန်မှုတွေလည်း ရှိနေတာမို့  တရုတ်အစိုးရအနေနဲ့  စောစောပိုင်းအချိန်တွေကတည်းက အတော်ကလေးကို ဒီပြဿနာတွေအပေါ် ဖြေရှင်းနိုင်ဖို့  အတွက်လည်း ရုန်းကန်နေရပါတယ်။

တရုတ်အစိုးရဟာ အိုလံပစ်ပွဲတော်ကို ကျင်းပနိုင်ဖို့ အတွက် ဒေသတွင်းက အတိုက်အခံတွေနဲ့ လူ့ အခွင့်ရေးဆိုင်ရာ ဝေဖန်ထောက်ပြပြောဆိုနေသူတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့ တွေကလည်း ပြောဆိုနေပါတယ်။

ဒါ့အပြင် တရုတ်အစိုးရ ဟာ မြန်မာနိုင်ငံကိစ္စအပါအ၀င် ဆူဒန်နိုင်ငံက ဒါဖိုး အရေးပြဿနာတွေကိုပါ မသိကျိုးကျွံပြုနေပြီးတော့ အဲဒီနိုင်ငံတွေက အာဏာရှင်အစိုးရတွေနဲ့ ရင်းနှီးစွာ ဆက်ဆံနေမှုတွေ၊ စီးပွားရေး ကုန်သွယ်နေမှုတွေအပေါ်ကို လည်း နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့ တွေက အပြင်းအထန်ထောက်ပြနေကြပါတယ်။

ကမ္ဘာ့အိုလံပစ်ပွဲတော် ကို လက်ခံကျင်းပမယ့် အစိုးရမှာ လူ့  အခွင့်အရေးဆိုင်ရာကိစ္စတွေကို လိုက်နာကျင့်သုံးတဲ့ နိုင်ငံမဟုတ်တဲ့အတွက် အိုလံပစ်ပွဲတော်ကို ဆန့်  ကျင်သပိတ်မှောက်ကြဖို့ လည်း လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

တိုက်ဆိုင်မှုတခုကတော့ အိုလံပစ်ပွဲတော်ကျင်းပမယ့် ဩဂုတ်လ ၈ ရက်နေ့ ဟာ ၁၉၈၈ ခု မြန်မာနိုင်ငံ ဒီမိုကရေစီ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ရှစ်လေးလုံးရက်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံအတွင်း ခက်ခဲဆိုးဝါးလှတဲ့ အခြေအနေတွေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးစနစ်တရပ် ဖြစ်ထွန်းလာစေဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံးက ၀ိုင်းဝန်းကြိုးပမ်းနေချိန်မှာ တရုတ်အစိုးရကတော့ မြန်မာစစ်အစိုးရအပေါ်မှာ ဩဇာရှိ ရင်းနှီးပါလျက်နဲ့ ဖိအားပေး ထောက်ပြပြောဆိုဖို့  တာဝန်တွေ ပျက်ကွက်နေတာမို့ ရှစ်လေးလုံး မျိုးဆက် ကျောင်းသားတွေကလည်း အိုလံပစ်ပွဲတော်ကို ဆန့် ကျင်သပိတ်မှောက်ကြဖို့ ဖေဖော်ဝါရီလ ၂၅ ရက် နေ့ က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။


“အခုကျနော်တို့ ပီကင်းအိုလံပစ်ပွဲတော်နဲ့ ပတ်သက်ပြီးတော့ သပိတ်မှောက်ကြဖို့ ကျနော်တို့ တိုက်တွန်း နိုးဆော် တဲ့လုပ်ရပ်ဟာ တရုတ်အစိုးရအပေါ်မှာ ထင်ကြေးနဲ့ လုပ်လိုက်တဲ့ ကိစ္စမဟုတ်ပါဘူး၊ နောက်တခု ပြောချင်တာက အခုလို အိုလံပစ် ဘွိုင့်ကောက် လုပ်ရတာသည် ကျနော်တို့ အဖိနှိပ်ခံ ပြည်သူပြည်သားတွေအနေနဲ့ ကျနော်တို့  အခွင့်အရေးကို ကျနော်တို့ ခုခံကာကွယ်ခြင်း ဖြစ်ပါတယ်။ တရုတ်ဆန့် ကျင်ရေး၊ တရုတ်မုန်းတီးရေးစိတ်ဓာတ် ကျနော်တို့ မှာ လုံးဝမရှိပါဘူး။ ကျနော်တို့ ဟာ တရုတ်ပြည်သူပြည်သားတွေနဲ့ တသားတည်းရှိနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ကျနော်တို့ လိုလားပါတယ်။ မြတ်နိုးပါတယ်။ အိုလံပစ်ဘွိုင့်ကောက်လုပ်ရခြင်း ဟာ တရုတ်အစိုးရရဲ့ လူမိုက်အားပေး နိုင်ငံခြားရေးပေါ်လစီကို ကျနော်တို့ ဟာ ဆန့် ကျင်ဆန္ဒပြခြင်းသာ ဖြစ်ပါတယ်”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင် ပြောပြခဲ့တာပါ။ အခုလို ထောက်ပြချက် တွေအပေါ် တရုတ်အစိုးရကတော့ သူတို့ ဟာ မြန်မာနိုင်ငံအပေါ် အိမ်နီးခြင်းကောင်း မိတ်ဆွေကောင်း မူဝါဒ ကိုသာကျင့်သုံးဆက်ဆံနေတာသာဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်တရပ်ဖြစ်ထွန်းဖို့ ကိုလည်း သူတို့ လိုလားပါတယ်။ သူတို့ အပေါ်နားလည်မှုလွဲခြင်းသာဖြစ်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ သူတို့ နားလည်မှုလွဲတာ မဟုတ်ကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ်မှာ ဖိအားပေးပြောဆိုမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေအပေါ်မှာ အထောက်အကူဖြစ်စေမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“တရုတ်အစိုးရအနေနဲ့ မစ္စတာ ဂမ်ဘာရီ သွားတဲ့အခါမှာရော တရုတ်အစိုးရအနေနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ကြေညာချက်တွေမှာရော ကျနော်တို့ ကြားနေရတာတွေကတော့ မြန်မာပြည်ဒီမိုကရေစီရေး၊ တွေ့ ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးမှာ သူတို့ အနေနဲ့ တိုက်တွန်းပါတယ်၊ အားပေးပါတယ်ဆိုပြီးတော့ ဒီလိုပဲ ပြောနေတယ်။

ဒီလိုပဲပြောနေတာဟာ စကားအရာသာ ကျနော်တို့ တိုင်းပြည် အမျိုးသားရင်ကြားစေ့ရေးအတွက် စေ့ဆော်တိုက်တွန်းနေတယ်လို့ ပြောတယ်၊ ဒါပေမယ့် တဖက်မှာ လက်တွေ့ ကျတော့ သိသာ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ဒီမိုကရေစီရေးဆောင်ရွက်မှုတွေ ဘာတခုမှကို ဖြစ်မလာဘဲနဲ့ တဖက်မှာသာ စစ်အစိုးရကို အားပေးထောက်ခံမှုတွေက ထင်သာမြင်သာနေတယ်ဗျာ၊

ဒါကြောင့်မို့ လို့ ကျနော်တို့ ပြောချင်တာက အခုအချိန်ကစပြီးတော့ပေါ့ဗျာ တရုတ်အစိုးရအနေနဲ့ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးထွန်း ကားရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက်ကို ထိရောက်တဲ့ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မယ်ဆိုလို့ ရှိရင် ကျနော်တို့ နဲ့ တရုတ်အစိုးရ ကြားထဲမှာ အခုလို ပြဿနာတွေရှိနေစရာ အကြောင်းမရှိပါဘူး”

ပီကင်းအိုလံပစ်ပွဲတော်ကို ဆန့် ကျင်သပိတ်မှောက်ကြဖို့ ကိစ္စဟာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အတွင်းမှာလည်း လှုပ်ရှားမှုတွေဖြစ်လာပါတယ်။ အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့ က ပီကင်းအိုလံပစ် သပိတ်မှောက်လှုပ်ရှားမှုတခုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကစတင်လိုက်ပြီးတော့ သူတို့ ရဲ့လှုပ် ရှားမှုအကြောင်းကိုတော့ အဲဒီအဖွဲ့ ရဲ့မူဝါဒရေးရာ တာဝန်ခံ ဦးအောင်ဒင်က အခုလိုပြောပြပါတယ်။


“ကျနော်တို့ ကဒီအစိုးရတွေကိုကျနော်တို့ မလှုံ့ ဆော်ဘူး။ ဒီ အိုလံပစ်အားကစားသမားတွေကို လှုံ့ ဆော်တာ မဟုတ်ဘူး၊ ကျနော်တို့ က ပြည်သူတွေကိုလှု့ံဆော်တာ၊ ပြည်သူတွေအနေနဲ့ ကျနော်တို့ တောင်းဆိုတာ ၁ အချက် အိုလံပစ် အခမ်းအနားကိုဗျာ အိုးပန်းနင်း စာရီမိုရီ ဖွင့်ပွဲအခမ်းအနားက စလို့ ပိတ်ပွဲအခမ်းအနားအထိ အိုလံပစ်ပွဲတလျှောက်လုံးကို တယ်လီဗီရှင်းကနေမကြည့်ကြဖို့ ၊ အဲဒီနေ့ တွေမှာ တယ်လီဗီရှင်းပိတ်ထား လိုက်ပေါ့ဗျာ သို့ မဟုတ်လည်း အိုလံပစ်အစီအစဉ်လာတဲ့ တယ်လီဗီရှင်းကိုပိတ်လိုက်ပေါ့။

ဒုတိယအချက်ကတော့ အိုလံပစ်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပစ္စည်းရောင်းချတာတွေကို ၀ယ်ယူသုံးစွဲခြင်းမပြုကြဖို့ ၊ အိုလံပစ်ကို စပွန်ဆာ လုပ်ကြတဲ့ ကုမ္မဏီတွေကထုတ်တဲ့ပစ္စည်းတွေကိုလည်း မ၀ယ်ယူကြဖို့ ။

နောက် ၃ အချက်ကတော့ အဲဒီလိုအိုလံပစ် ကျင်းပတဲ့အချိန် ဒီအိုလံပစ်ကျင်းပတဲ့ အချိန်အခါသမယက ကျနော်တို့ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တဲ့ အနှစ်၂၀ ပြည့်တဲ့နေ့  မြန်မာပြည်သူတွေကို ထောင်နဲ့ သောင်းနဲ့  သွေးမြေကျ ခဲ့တဲ့နေ့ ။ အဲဒီနှစ်မှာ အဲဒီအိုလံပစ် ပွဲတော်ကို အားမပေးဘဲနဲ့ပြည်သူတွေအနေနဲ့  သူရဲကောင်းပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတဲ့ပွဲတွေ လုပ်ကြပေါ့ဗျာ၊

အထူးသဖြင့်တော့ ဘာသာရေး ဆုတောင်းပွဲတွေလုပ်ဖို့ နောက်တခါ မြန်မာ့အရေးကိစ္စဆွေးနွေးပွဲတွေလုပ်ကြဖို့ ၊့ မြန်မာ့ဒီမိုကရေစီထောက်ခံဖို့  အတွက် ရန်ပုံငွေစုဆောင်းတာတွေလုပ်ကြဖို့ နောက်တခါ တရုတ်သံရုံးတွေရှေ့ မှာ ဆန္ဒပြတာမျိုးလုပ်ကြဖို့  အဲဒါတွေ ကျနော်တိုက်တွန်းထားပါတယ်။

နောက် တချိန်တည်းမှာပဲ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေကို စည်းရုံးပြီးတော့ တရုတ်အစိုးရကိုဖိအားပေးတဲ့စာတွေ ရေးသားပေးပို့ ကြဖို့ လည်း ကျနော်တို့ လှုံ့ ဆော် ထားတယ်၊ ဒါတွေကို ကျနော်တို့ အခုကြေညာတဲ့အချိန်ကစပြီးတော့ တကယ်ကိုထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်သွားဖို့  အစီအစဉ်ရှိပါတယ်၊ ကျနော်တို့  အခု လူတသန်း မေတ္တာရပ်ခံထားတယ်၊ လူတသန်းကနေပြီးတော့ တရုတ်အိုလံပစ်အခမ်းအနားကို တီဗွီကနေမကြည့်ဘူးဆိုတာကို ကတိက၀တ်ပြုကြပေါ့ အဲလိုပြီးရင် ကျနော်တို့ က လစဉ်လစဉ် ဒီလမှာဖြင့်ရင် ပြည်သူ ဘယ်လောက်က ၀န်ခံကတိပြုသွားပြီ။ တရုတ်အိုလံပစ်အခန်းအနားကို တယ်လီဗီရှင်းမှာမကြည့်ဘဲ သပိတ်မှောက်မယ်လို့ အဲလိုပဲ လစဉ်လစဉ်ရရှိတဲ့ စာရင်းဇယားတွေကို ထုတ်ပြန်ပြီး ကမ္ဘာကို ကြေညာသွားမှာပါ၊

အဲလိုနည်းနဲ့ ကျနော်တို့ ရဲ့လှုပ်ရှားမှုဟာ ဘယ်လောက်ထိ ထိရောက်တယ်၊ ကျနော်တို့ က တရုတ်အစိုးရကို ဘယ်လောက်ထိ ထိထိရောက်ရောက် ဖိအားပေးတယ်ဆိုတာကို ပြသဖို့ အစီအစဉ်ရှိပါတယ်”

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံသူတွေလည်းဖြစ်ကြ တဲ့ တောင်အာဖရိကတိုက်က ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ အမေရိကန်နိုင်ငံက ဂျိုဒီဝီလီလျံတို့ ဦးဆောင် ပြီးတော့လည်း မြန်မာနိုင်ငံနဲ့ ဆူဒန်နိုင်ငံရဲ့ အရေးကိစ္စတွေအပေါ်မှာထားရှိတဲ့ တရုတ်အစိုးရရဲ့ သဘောထားတွေ မပြောင်းလဲဘူးဆိုရင် ပီကျင်းအိုလံပစ်ပွဲတော်ကို သပိတ်မှောက်မယ်လို့ ပြောဆိုနေသလို ဟောလိဝုဒ်က ရုပ်ရှင် ဒါရိုက်တာ စတီဗင်စပီးဘတ်ကတော့ အိုလံပစ် အနုပညာအကြံပေးတာဝန်ကနေ နှုတ်ထွက်သွားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ တရုတ်အိုလံပစ်ဆန့် ကျင်ရေးကရော ဘယ်လောက်ထိ ထိရောက်မှုရှိနိုင် ပါသလဲဆိုတဲ့အမြင်ကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ ဝင်တဦးဖြစ်တဲ့ ကိုအောင်သူငြိမ်း က သူ့ အမြင်ကို အခုလိုပြောပြပါတယ်။

“ဒါပေမယ့် လက်တွေ့ အပိုင်းမှာတော့ ကျနော်တို့ ရဲ့ ခုနလိုကန့် ကွက်ဖို့ ခေါ်တဲ့ ကိစ္စဟာဆိုလို့ ရှိရင်ဘယ်လောက် အကျိုးသက်ရောက်မှုရှိမလဲဆိုတဲ့ သေချာမပြောနိုင်ပါဘူးခင်ဗျ။

ဥပမာ ကျနော်ထိရောက်မှုအပိုင်းကို ပြောရမယ် ဆိုလို့ ရှိရင် တရုတ်နိုင်ငံအနေနဲ့ သူတို့ ရဲ့ သံတမန်ရေးအပိုင်းမှာဆိုလို့ ရှိရင် နိုင်ငံတကာအနေနဲ့ ဒီ ကျနော်တို့  မြန်မာကိစ္စအပါအ၀င် ဆူဒန်နိုင်ငံမှာရှိတဲ့ ဒါဖိုးဒေသပေါ့။ ဆိုတော့ အဲဒီကိစ္စတွေကို သူ့ အနေနဲ့ ပိုပြီးလေးလေး နက်နက် စဉ်းစားဖို့ လိုလာပြီ၊ နောက်တခုကကျတော့ အာဏာရှင်အစိုးရတွေကို ဆက်ပြီးတော့ ထောက်ပံ့ ဆက်ဆံနေတဲ့ သူတို့ ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုလာပြီဆိုတဲ့ဟာမျိုး တရုတ်နိုင်ငံဘက်က စဉ်းစားဖို့  ဖြစ်လာပါလိမ့်မယ်။

ဆိုတော့ အခုလည်း သူ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဒီကိစ္စတွေကို ထုတ်ပြောနေရ တာတွေဖြစ်လာပါပြီ။ နောက်တခုကကျတော့ အခုလို ကျနော်တို့ ကန်မ်ပိန်းခေါ်တဲ့ကိစ္စပေါ့နော် ဒါကကျတော့ ကျယ်ကျယ်ပြန့် ပြန့်  စည်းရုံးနိုင်မှပဲ သွားပြီး ဖိအားသက်ရောက်မှုရှိပါလိမ့်မယ်၊ ကျနော်တို့ ကျယ်ကျယ်ပြန့် ပြန့်  မစည်းရုံးနိုင်ဘူးဆိုရင် ဒီလောက်အကျိုးသက်ရောက်မှုရှိမယ်လို့ မပြောနိုင်ပါဘူးခင်ဗျ”

တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရလက်ထက်မှာ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုတွေ အများဆုံးလုပ်ထားတဲ့ နိုင်ငံတခု ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးဟာလည်း ပြည်တွင်းရေးသက်သက်သဘောထားတဲ့ နိုင်ငံဖြစ်သလို မြန်မာ့အရေး ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဖြေရှင်းဖို့ ကြိုးစားစဉ်မှာလည်း တရုတ်အစိုးရက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

နိုင်ငံတကာ ကြိုးစားနေတဲ့ လူ့ အခွင့်အရေးတိုးတက်မှု ခြေလှမ်းတွေအပေါ်မှာ တရုတ်အစိုးရဟာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို မိမိနိုင်ငံအတွင်းမှာတောင်မှပဲ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်၊ ပီကျင်းအိုလံပစ် အားကစားပွဲတော်ကြောင့် သတင်းနဲ့ စာနယ်ဇင်းသမားတွေကို ပိုမို ဖမ်းဆီးလာတာမို့ ပြင်သစ်အခြေစိုက် အာရ်အက်အက်ဖ် ခေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ ကလည်း တရုတ်အစိုးရကို ဝေဖန်ပြောဆိုရင်း အိုလံပစ်ပွဲတော်ကို ဆန့် ကျင်သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေပြုလုပ် နေပါတယ်။

အမေရိကန်သမ္မတ ဂျော့ဘုရှ် ကတော့ ပီကျင်းအိုလံပစ်ပွဲတော်ကို သူသွားမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့အားကစားပွဲတော်တခုကို သွားရောက်အားပေးတာဖြစ်သလို တရုတ်နိုင်ငံက ခေါင်းဆောင်ပိုင်းတွေနဲ့  တွေ့  တဲ့အခါ မြန်မာနိုင်ငံကိစ္စအပါအ၀င် ဆူဒန်အရေးကိစ္စတွေကို ပြောဆိုဖို့ သူ့ အနေနဲ့ နှုတ်ဆိတ်နေမှာမဟုတ်ဘူးလို့  ပြောပါတယ်။

“ကျနော့်ရဲ့ ခရီးစဉ်က ရှင်းပါတယ်၊ အိုလံပစ်အားကစားပွဲတော်အတွက်ပါ။ ကျနော်အနေနဲ့ အဲဒီအပေါ်ခွဲခြားပြီး မြင်ပါတယ်။ ဒါပေမယ့် တရုတ်သမ္မတနဲ့ တွေ့ တဲ့အခါ ကျနော်တို့ အဓိကထားပြီး ပြောဆိုနေတဲ့ အရေးကိစ္စတွေ အပေါ် ဆွေးနွေးမှာပါ၊ တရုတ်နိုင်ငံအတွင်းမှာ လွတ်လပ်မှုရှိဖို့ ၊ လူ့ အခွင့်အရေးတွေ တိုးတက်လာဖို့ နဲ့  တောင့်တင်းခိုင်မာတဲ့ လူ့ အဖွဲ့ အစည်းတွေ ဖြစ်ထွန်းလာဖို့ အတွက်လည်း အချိန်တိုင်း တွေ့ ဆုံမှုတွေတိုင်းမှာ ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံကိစ္စ၊ ဒါဖိုးပြဿနာ၊ အီရန်အရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်အစိုးရ ကို ပြောနေပါတယ်။ တရုတ်နိုင်ငံကိုရောက်တဲ့အခါ ဒီကိစ္စတွေကိုပြောဖို့ ကျနော့်အနေနဲ့ နှုတ်ဆွံ့ နေမှာမဟုတ် ပါဘူး”

အခုလို တရုတ်အစိုးရရဲ့ ပီကင်းအိုလံပစ်အားကစားပွဲကို ဆန့် ကျင်သပိတ်မှောက်မှုတွေဟာ ပွဲတော်ရက်နီးကပ် လာတာတဲ့အမျှ တော်တော်လေး ဆူဆူညံညံဖြစ်လာသလို နိုင်ငံတကာအတွင်းမှာလည်း ပိုမိုသတိထား စောင့် ကြည့်စရာသတင်းတခုလည်း ဖြစ်လာပါတယ်။ တရုတ်အစိုးရဘက်ကတော့ အိုလံပစ်ပွဲတော်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေး အသုံးချမှုတွေ မလုပ်ဖို့ ပြောဆိုနေသလို ရှားရှားပါးပါးကျင်းပခွင့်ရတဲ့ အိုလံပစ်ပွဲတော်ကို သူတို့ အနေနဲ့ နာမည် ပျက်မကျန်ခဲ့ရလေအောင်လည်း အစွမ်းကုန်ကြိုးစားနေပါတယ်ရှင်။

Comments