သတင်းတို ၂၀

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၂၀
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၅၊ ၂၀၀၈


ဒုက္ခသည်များကို မောင်းထုတ်ပြီ(AFPသတင်းဌာန)
မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသူများကို နှင်ထုတ်လျက်ရှိကြောင်း မုန်တိုင်းတိုက်ခတ်သွားသည့်ဒေသမှ ရဟန်းတော်များက ယနေ့ ပြောပြသည်။

အစိုးရက အခြေခံဥပဒေကို အတည်ပြုပြီ(APသတင်းဌာန)အခြေခံဥပဒေကို အတည်ပြုလိုက်ကြောင်း မြန်မာအစိုးရက ယနေ့ ကြေညာလိုက်သည်။၉၂.၄ ရာခိုင်နှုန်းသော ထောက်ခံမဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မဲပေးသူပေါင်း ၂၂ သန်းရှိခဲ့သည်ဟု ဆိုသည်။
ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် ဦးအောင်တိုး၏ ပြောဆိုချက်ကို ကိုးကားပြီး နအဖ အစိုးရ ရေဒီယိုက ကြေညာခြင်းဖြစ်သည်။
(နေ့ ၂း၀၀)


ရန်ကုန်မှာ နောက်ဆုံးပေါ် ရောင်းကုန် - ဒုက္ခသည် ထမင်းထုပ်၊ ဒုက္ခသည်ခေါက်ဆွဲ (မိုးမခ)

စီးတီးမတ်၊ စတားမတ်နဲ့ လူးဝစ်စ်လမ်းတို့မှာ ထိုင်းဘုရင်လှူထားတဲ့ လေဘေးကူ စားသောက်ကုန်တို့ကို ချပြီး ရောင်းနေပြီဟု ဆိုပါသည်။ ဈေးဝယ်တွေအချင်းချင်း လက်တို့ပြီး နံမည်ပေးထားတာက ဒုက္ခသည်ထမင်းထုပ်၊ ဒုက္ခသည်ခေါက်ဆွဲ ဟုဖြစ်သည်။ မြန်မာလူငယ်များကမူ ထို လေဘေးအကူပစ္စည်းများကို ၀ယ်ယူအားပေးခြင်း မပြုကြရန်၊ သက်ဆိုင်ရာကို တိုင်တန်းရန်နှင့် နိုင်ငံတကာသို့ အကြောင်းကြားကြရန် မေတ္တာရပ်ခံထားသည်။ သက်သေခံရရှိရန် ကြိုးစားထားသည်ဟု မျက်မြင်များက ပြောကြားသည်။ (မြန်မာစံတော်ချိန် ၁၂ နာရီ)

ယမန်နေ့က ဒေးဒရဲမြို့နယ် (ဓာတ်ပုံ AFP)

ယမန်နေ့က ထိုင်းဝန်ကြီးချုပ် ရန်ကုန်သို့ ခေတ္တသွားရောက်ခဲ့သည်။ (ဓာတ်ပုံ Reuters)

ယမန်နေ့က ရန်ကုန်မြို့ဆင်ခြေဖုံး (ဓာတ်ပုံAP)

မုန်တိုင်းအသစ် အားမရှိတော့ပါ (AP သတင်းဌာန)
မုန်တိုင်းအသစ်နောက်တစ်ခု မြစ်ဝကျွန်းပေါ်သို့ လာဦးမည်ဟု ခန့်မှန်းခဲ့ကြသည်၊ သို့သော်လည်း အဆိုပါမုန်တိုင်းသည် အားပျော့သွားပြီဖြစ်ကြောင်း တိုင်ဖွန်းမုန်တိုင်းသတိပေးဌာန (JTWC)ကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။


မြန်မာပြည် ဓာတ်ပုံအတု
မုန်တိုင်းဓာတ်ပုံများ ပလူပျံနေချိန်တွင် မြန်မာပြည်တွင် ရိုက်ကူးခဲ့သည်ဟု ဆိုသော ဓာတ်ပုံတစ်ပုံ မိုးမခသို့ ရောက်လာသည်။ ရုပ်အလောင်းအများအပြား ကမ်းစပ်တွင် စုဝေးနေသည့်ပုံ ဖြစ်သည်။ ( ပုံကြီးချဲ့ကြည့်ရန် ဓာတ်ပုံကို နှိပ်ပါ။ )
အဆောက်အဦးတို့တည်ဆောက်ထားပုံမှာ မြန်မာပုံစံ မဟုတ်ပါ၊ ထိုင်းပုံစံဖြစ်သည်။ အဆောက်အဦးနောက်မှ တောင်တန်းများကြောင့်လည်း မြစ်ဝကျွန်းပေါ်တွင် ရိုက်ကူးထားသည့်ပုံမဟုတ်ဟု ယူဆနိုင်သည်။

တစ်သိန်းကျော် သေဆုံးမှုရှိနိုင်ကြောင်း ကြက်ခြေနီအဖွဲ့ပြောပြီ (AP သတင်းဌာန)
ကမ္ဘာ့ကြက်ခြေနီနှင့်လခြမ်းနီအသင်းက သေဆုံးမှုနှုန်း ၁၂၈ ၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းလိုက်သည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်ထက် လွန်စွာများပြားသော အရေအတွက်ဖြစ်သည်။ ကြက်ခြေနီအဖွဲ့ ပြောခွင့်ရ အရာရှိ Matthew Cochrane က ၎င်းတို့အနေဖြင့် ရုပ်အလောင်းများကို ရေတွက်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။ ၎င်းတို့၏အလှူရှင်များ၊ လုပ်ဖော်ကိုင်ဖက် ကူညီရေးအဖွဲ့များအကြား ဆွေးနွေးကြသည့်အခါ ထည့်သွင်းပြောဆိုရန် ခန့်မှန်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂကလည်း စစ်အစိုးရက ကူညီကယ်ဆယ်လိုသူများကို မြန်မြန်ဆန်ဆန် ခွင့်မပြုပါက သေဆုံးမှုနှုန်း အကြီးအကျယ် တိုးတက်လာမည်ဟု သတိပေးထားသည်။
(မြန်မာပြည် နံနက် ၇း၄၅)

Comments