ကောင်းကင်ူပာ - မုန်တိုင်းကိုဖတ်လာရတဲ့စာ

မုန်တိုင်းကို ဖြတ်လာရတဲ့ စာ

ကောင်းကင်ပြာ
မေ ၁၁၊ ၂၀၀၈

စနေ ညနေ
လမ်းပေါ်မှာ သစ်ပင်တွေ
ဓါတ်တိုင်တွေ
ဆိုင်းဘုတ်တွေ …
ပြီးတော့ …
လူတွေ . . .

သစ်ပင်တွေ အမြစ်ကနေ ကျွတ်
ဓါတ်တိုင်တွေက သုံးပိုင်းစီ ကျိုးကြေ
ဆိုင်းဘုတ်တွေက တွန့်လိမ်ကောက်ကွေး
ဘီးလ်ဘုတ်ကြီးတွေ ထက်ပိုင်းကျိုး၊ တုံးလုံးလဲနဲ့
လူတွေက လက်ထဲမှာ
ရသမျှ ရိက္ခာ လိုက်ဝယ် …
ကျွတ်ကျွတ်အိပ် ကိုယ်စီ …

ငိုနေတဲ့ လူ မရှိ
ညည်းတွားနေတဲ့ လူ မရှိ
ကြောက်ရွံ့နေတဲ့လူ မရှိ

ဗမာတွေ …
သိပ်မာတဲ့ ဗမာ …
ထုသား ပေသား ကျနေတဲ့ ဗမာ။

ဘယ်သူကမှ ဘယ်သူ့ကို မသနားနိုင်
ဘယ်သူကမှ ဘယ်သူ့အတွက် သူရဲကောင်းမလုပ်နိုင်
အားလုံး ဆုံးရှုံးကြ
အနည်းနဲ့ အများပဲကွာတယ်
လူတိုင်း ဆုံးရှုံးကြတယ်။
လူတိုင်းထိခိုက်ကြတယ်။ --

အိမ်နီးဝန်းကျင်ကို လိုက်ကြည့်မိ
ရန်ကင်း ချမ်းမြေ့အောင်နားကမီးပွိုင့်ကြီးက လမ်းကို ကန့်လန့်ဖြတ်
ဘေးက မဟာဓါတ်အားလိုင်းနဲ့ ကြိုးတုတ်တုတ်ကြီးတွေက လမ်းကို တား
ဖြတ်သွားဖြတ်လာတွေက အဲဒီကြိုးတွေကို တစ်ကြိုးကျော်၊ တစ်ကြိုးအောက်က
ခေါင်းငုံ့လို့ သွားကြရ …

သစ်ပင်ကြီးတွေက လမ်းကိုပိတ်
ရေက လူပေါ်ကို တွယ်တက်
ရန်ကင်းစင်တာ ဆိုင်းဘုတ်တစ်ခြမ်းမဲ့
မှန်တွေလည်းကွဲ
စက်မှု ၁ လမ်းကွေ့မှာ ဓါတ်တိုင်နဲ့ သစ်ပင်ကြီးက လမ်းကိုဖြတ်ပိတ်လို့
ပြည်ထဲရေးဝန်ကြီးရုံးရှေ့က သစ်ပင်ကြီးကလည်း လမ်းတစ်ခုလုံးကို ပိတ်ထားတယ်။

တာမွေအ၀ိုင်းထိပ်ဘက် ရွှေညောင်ပင်ကြီးက အမြစ်ကနေကျွတ်
အနားက ဘီးလ်ဘုတ်ကြီးက လမ်းတစ်ခုလုံးကို ပိတ်
အ၀ိုင်းထပ်ကနေ သင်္ကန်းကျွန်းဘက်သွားတဲ့လမ်းလည်း ပိတ်ရောပဲ။

ကျောက်မြောင်းကတော့ တိုက်ခန်းများလို့ ထင်ပါရဲ့။
အပင်တွေ နည်းနည်း သက်သာတယ်
ထိတယ် ဆိုပေမယ့် ရန်ကင်းနဲ့ ဆရာစံ ရပ်ကွက်လောက် မထိ
အမိုးပွင့်သွားတဲ့ တိုက်ခန်းတွေတော့ ရှိသပေါ့။။

တောင်ဥက္ကလာဘက်မှာ
လမ်းမှာ လူတိုင်းက ဓါးတစ်လက်စီ
တစ်ချို့က ပုဆိန်တွေနဲ့
လဲသမျှ သစ်ပင်တွေကို ခုတ်ထွင်နေကြ
ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေလည်း ဓါးတလက်စီနဲ့
သစ်ပင်တွေ ထွက်ခုတ်နေတယ်။

သူတို့တွေပဲပေါ့ …
မနှစ်ကလည်း လူတွေ စားဝတ်နေရေး ပူ လွန်းလှလို့
လမ်းပေါ်ထွက် လမ်းလျှောက်ခဲ့ကြသေးတာ …
အခုတော့ ဓါး ကိုယ်စီနဲ့ ။

သစ်ပင်ပိတဲ့အိမ်တွေကို အရပ်က လူအားနဲ့ ၀ိုင်းရှင်း
တချို့အိမ်တွေက လက်ဘက်ရည်ဖိုးထွက်ပေးတာကို
အတင်းငြင်းပြီး ထွက်ပြေးသွားတဲ့ ချာတိတ်တွေ …
လက်မောင်းမှာ ဆေးမှင်တွေ
နားမှာ နားကပ်မည်းလေးတွေ
ခု လက်ထဲမှာတော့ လွှတွေ ဓါးတွေနဲ့။

သူတို့ပဲပေါ့ …
မနှစ်က ဘုန်းကြီးတွေ လမ်းပေါ်ရောက်တော့
ဘေးက လက်ချင်းချိတ်ပြီး
ရဲရဲကြီး ရှေ့တက် လိုက်ခဲ့တာ။

ခက်တာက ဓါတ်တိုင်နဲ့ ဖုန်းတိုင်တွေ
ကြိုးတွေကိုလည်း မဖြတ်ရဲ
တိုင်တွေကိုလည်း ဘေးဖယ်မရ
လမ်းတွေကို အများဆုံး ပိတ်နေတာက အဲဒါတွေ …

သက်ဆိုင်ရာဆိုတာကလည်း (တယောက်ဆို တယောက်မှ)
လမ်းပေါ်မှာ မတွေ့ရ

ကိုယ့်အရပ် ကိုယ် တာဝန်ယူထားကြရတာ

ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကား
ဂျာမာန်တွေနဲ့ မဟာမိတ်တွေ ဥရောပ မြို့ပျက်ကြီးထဲမှာ စစ်တိုက်နေတဲ့အခန်း
ရုပ်ရှင်မှာ ကြည့်ဖူးကြသလိုမျိုး
အဲဒီအတိုင်းပဲ …
ရန်ကုန်မြို့ကြီးတစ်ခုလုံးဟာ
စစ်ဘေးစစ်ဒဏ်တစ်ခုကို အကြီးအကျယ်သင့်မြို့ပျက်ကြီး
တကယ့်ကို မြို့ပျက်ကြီး

အိမ်ပျက် သူတို့
ရရာ အထုပ်တွေ ဆွဲလို့
လမ်းပေါ်မှာ လျှောက်နေကြတယ်။

မုန်တိုင်း မတိုင်ခင်နေ့က
ညဆိုင်းဆင်းရတဲ့ အလုပ်သမတွေ
အလုပ်ခွင်ရှိတဲ့ စက်ရုံ အလုပ်ရုံတွေကနေ
ကိုယ့်အိမ်ရှိရာကို လမ်းလျှောက်ပြန်လာနေ
လက်ထဲမှာ ချိုင့်ကိုယ်စီ
မျက်နှာတွေမှာ စိုးရိမ်ပူပန်မှုကိုယ်စီ
အပျက်အစီးပုံကြီးထဲက ကိုယ့်အိမ်
ဘာများဖြစ်နေလေမလဲလို့ … စက်ဘီးတွေနဲ့ သွားနေတဲ့လူတွေ
အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေ
သွပ်တွေ သံတွေ လာဝယ်သူတွေ
ကျိတ်ကျိတ်တိုး
တန်းစီ
မိုးကာဖျင်ရောင်းတဲ့ဆိုင်တွေလည်း
လက်မလည်ဘူး …
အမိုးပွင့်အိမ်က ယာယီမိုးလိုသကိုး။

တိုင်းမှူးလို့ ယူဆရတဲ့ တယောက်
လဲန်ခရူဇာ အဖြူတစ်စင်း
အဲကွန်းဖွင့်ပြီး
လုံခြုံရေးကားတစ်စီး ခြံရံ
အပျက်အစီးတွေကြား
တိုးဝင်လို့ရသလောက် လိုက်ကြည့်နေတာ တွေ့ရတယ်။

မီး မရှိ
ရေ မလာ
ဈေး မရှိ
စတိုးဆိုင်တွေနဲ့ ကုန်ခြောက်ဆိုင်တွေ မဖွင့်

ဘယ်မှာလဲ စွမ်းအားရှင်
ဘယ်မှာလဲ ကြံ့ခိုင်ရေး
ဘယ်မှာလဲ အမျိုးသမီးရေးရာ
ဘယ်မှာလဲ ပြည်သူ့ရဲ
ဘယ်မှာလဲ တပ်မတော်သား

သြော် …
သူတို့လည်း ကိုယ်တို့လို လောကီသားတွေပေမို့၊
တို့တွေလိုပဲ
မိုးထဲ ရေထဲမှာ
အိုးမဲ့ အိမ်မဲ့ ဖြစ်သူကဖြစ်
ဘ၀ပျက်သူတွေက ပျက်
သေတဲ့လူတွေ က သေ
ငတ်တဲ့လူတွေက ငတ်လို့ … အိမ်ကြက်ချင်း အိုးမည်း သုတ်ခဲ့တာ။
အခုတော့ ကြက်ခြံထဲက
ကြက်တွေက
ဒီကြက်ခြံကြီး ဒုက္ခရောက်တော့
အတူတူ ရောက်ကုန်ကြရပြီ။

တို့ကို ရိုက်ခဲ့တဲ့ လူတွေ
တို့ကို ပစ်ခဲ့တဲ့ လူတွေ
တို့ကို သတ်ခဲ့တဲ့ လူတွေ
ဒါပေမယ့်
သူတို့နဲ့ တို့နဲ့ အတူတူပဲ
တို့နဲ့ သူတို့နဲ့ အတူတူပဲဆိုတာ
သူတို့ စဉ်းစားမိကြရဲ့လား။
တွေးမိကြရဲ့လား။
တွေးမိကြပြီလား။

အယုတ်အလတ် အမြတ်မရွေး
နာဂစ်က အားလုံးကို ထိပါးခဲ့ပြီ။
အရေးကြီးတော့ သွေးစည်းရတော့မယ်။
ဒီအခက်အခဲကြီး
ဒီအပျက်အစီးပုံကြီး
တို့တွေ အားလုံး အတူတူ
ရင်ဆိုင် ဖြတ်သန်းကြရတော့မယ်။

အတွေးတွေ အများကြီးနဲ့ မိုးချုပ်သွားခဲ့
မှောင်မည်းနေတဲ့လမ်းတွေပေါ်မှာ
လူတွေ
လူတွေ
လူတွေ
မနားတမ်း လမ်းလျှောက်နေကြရတုန်းပဲ။ ချစ်သူကို ပြောမိတယ်။

ကိုယ် နိုင်ငံရေးလုပ်တာ
ကိုယ် အခြေခံဥပဒေကို မထောက်ခံတာတွေဟာ
ဒါတွေကြောင့်ပါ … လို့။


တကယ့်ဒုက္ခမှာ
တနိုင်ငံလုံး
ကိုယ်တို့တွေ ရှောင်နေလို့ရတာ မဟုတ်ဘူး။
ဒုက္ခကို အားလုံး အတူတူ ခံစားကြရမှာ။

ကိုယ်တွေက လုပ်မနေပါနဲ့
ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ဆိုပြီး
ကိုယ်လွတ်ရုန်းလည်း
တချို့သော ကိစ္စတွေဟာ ရုန်းလို့မလွတ်နိုင် …

နိုင်ငံရှိတဲ့ လူတိုင်းမှာ
ကိုယ့်နိုင်ငံ ကောင်းအောင်
လုပ်ပေးဖို့ တာဝန် ဆိုတာ ရှိတယ် …
အဲသည်မှာ ကိုယ်တို့တွေ ပြန်စရာ
အေးရိပ်သာယာ အိမ်လေး
အားလုံး ကိုယ်စီမှာ ရှိကြမယ်။

ခုတော့ …
လူတွေ လူ တွေ လူတွေ …
မနားတမ်း လမ်းလျှောက်နေကြရတုန်းပဲ။

(မေလ ၄၊ ၂၀၀၈ က ရေးထားတဲ့ သူငယ်ချင်းရဲ့ စာ)
Illustration from - http://www.bsimple.com/doubt9a.jpg

Comments

Unknown said…
12251i love it.pls try again,
that poem beat my heart.
i 'm a person who love my country so much.i pray for every body in Myanmar.May God Bless Myanmar nation wide peoples but governers.
they r monsters.