
လေဘေးသင့်ဒေသများ လယ်လုပ်ငန်းပြန်လည်အစပြုရန် အရင်းအနှီးလိုအပ်
ညိုညိုအောင်
ဇွန် ၄၊ ၂၀၀၈
ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ခြင်းမရှိဘဲ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဆန်အိုးကြီးဒေသများတွင် လယ်ယာလုပ်ငန်းခွင်ဝင်ရောက်ရန် လတ်တလော အရင်းအနှီးလိုအပ်နေကြောင်း ဒေသခံလယ်သမားကြီးများက ပြောကြားသည်။
မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မြို့နယ် ၇ခုမှ ဒေသခံများ အိုးအိမ်၊ ကျွဲ၊ နွား၊ လယ်ယာအသုံးပြုစက်ပစ္စည်းများ ပျက်စီးခဲ့ပြီး မျိုးစပါးပါမကျန် ပျက်စီးခဲ့သည်။
ယခုကဲ့သို့ မိုးဦးကျလယ်ယာလုပ်ငန်းခွင် စတင်ဝင်ရောက်ရမည့်အချိန်တွင် ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရခြင်းက လယ်သမားကြီးများနှင့် လယ်ယာလုပ်ငန်းများကို အခက်အခဲ ဖြစ်စေပြီး နိုင်ငံ၏ စပါးအထွက်ကိုပင် ထိခိုက်နိုင်ကြောင်း အများစုက သုံးသပ်ကြသည်။
မုန်တိုင်းဒဏ်ခံဒေသများမှာ ရိုးရာလယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး အဆိုပါလုပ်ငန်းကို လယ်ပိုင်ရှင်များ၊ လယ်သူရင်းငှား၊ ပွဲစား၊ ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်၊ လယ်ယာသုံးပစ္စည်းထုတ်လုပ်သူ စသည်ဖြင့် နည်းမျိုးစုံဖြင့် ပါဝင်ပတ်သက်နေသူ များစွာရှိရာ ယခုကဲ့သို့ လယ်တစ်ရာသီမလုပ်ရပါက ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းတွင်ပါ အဟန့်အတား ဖြစ်စေနိုင်ကြောင်းကို ဒေသခံလယ်သမားကြီးများထံ မေးမြန်းချက်များအရ သိရှိရသည်။
“လယ်ယာလုပ်ငန်းခွင် စတင်ဝင်ရမယ့်အချိန်၊ မျိုးစပါးမရှိဘူး။ ကျွဲတွေ တချို့ သေသွားတယ်။ ကျန်တဲ့ ကျွဲတွေက ပင်ပန်းသွားပြီး အလုပ်မလုပ်နိုင်သေးဘူး။ အရင်းအနှီးမရှိဘူး။ ဘယ်ကစလုပ်ရမှန်းမသိဘူး။ လယ်မလုပ်ရရင်လည်း ဘာလုပ်ရမှန်းမသိဘူး” ဟု ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာမှ လယ်သမားကြီးတစ်ဦးက ဆိုသည်။
၎င်းတို့အနေဖြင့် လယ်ယာလုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန်အတွက် လုပ်အားခ၊ မျိုးစပါး၊ လယ်ယာသုံးစက်ပစ္စည်းများသာမက ယင်းတစ်ရာသီလုပ်ကိုင်ရန် ငွေကြေးအရင်းအနှီး လိုအပ်နေပြီး ယင်းကဲ့သို့ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးသည့် အဖွဲ့အစည်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လယ်တွေက ပြန်လုပ်လို့ရတယ်ဗျ။ ဘာမှမဖြစ်ဘူး။ တချို့ရွာတွေတော့ မသိဘူးပေါ့။ ကျွန်တော်တို့ပတ်ဝန်းကျင်ရွာတွေကတော့ ပြန်လုပ်လို့ရပါတယ်။ ဒါပေမဲ့ အရင်းအနှီးနဲ့ လယ်လုပ်ပစ္စည်းတွေက အခက်အခဲဖြစ်တာ။ ဒါတွေဖြည့်ဆည်းမှုလေးတွေရှိလာရင်တော့ အဆင်ပြေမယ်။ ကနေ့အထိတော့ လယ်လုပ်ဖို့ ဘယ်ကအရင်းအနှီး ရှာရမလဲ မသိဘူး” ဟု ဒေးဒရဲမြို့နယ် ကျုံဒါးရွာမှ လယ်သမားကြီးတစ်ဦးက ဆိုသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းများအရ လေဘေးဒဏ်ခံရသော ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် လယ်သမားမိသားစုပေါင်း ၂၄၇ ၀၀၀ ကို ထိခိုက်ခဲ့သည်ဟု သိရသည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှ လယ်သမား မိသားစုများအတွက်သာမက သူရင်းငှားများအတွက်ပါ လယ်မြေများ ပြန်လည်၍ နေသားတကျ လုပ်ကိုင်နိုင်ရန်မှာ အထူးပင်လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်က ဘောက်(အငှားလိုက်) လုပ်တာ။ အခု လောလောဆယ်တော့ ဒီမှာပဲ ခဏနေရမှာပေါ့။ ပြီးတော့မှ အဆင်ပြေမယ့် ကွင်း(လယ်)ထဲမှာ အိမ်လေးဆောက်ရမှာပဲ။ ပြီးမှ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပေါ့” ဟု တွံတေးမြို့နယ်မှ လေဘေးဒဏ်ခံခဲ့ရသည့် လယ်သူရင်းငှားတစ်ဦးက ပြောကြားသည်။
ဘိုကလေးဒေသခံလယ်သမားတစ်ဦးကမူ “အရင်က လယ်တစ်ဧကက ကုန်ကျစရိတ်က ကျပ် တစ်သိန်းခွဲလောက်ကျတယ်။ အခုတော့ လယ်စရိတ်က ပိုတက်ဖို့ပဲရှိတယ်။ ဒီအရင်းအနှီးကို လယ်သမားက ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး။ လယ်ရောင်း၊ လယ်ပေါင်ဆိုတာကလည်း တရားဝင်လုပ်လို့မရတဲ့အနေအထား။ အခုပြောနေကြတာတော့ ကုမ္ပဏီတွေ ၀င်လုပ်မယ်လို့လည်း ပြောနေကြတယ်။ ကိုယ့်လယ်တော့ ကိုယ်လုပ်ချင်တာပေါ့။ ကံပေါ့။ ဘယ်တတ်နိုင်မလဲ”ဟု ဖွင့်ဟသည်။
အဆိုပါဒေသခံလယ်သမားအများစုမှာ အစဉ်အဆက် လယ်ယာလုပ်ကိုင်လာကြပြီး ၂၀၀၃ ခုနှစ်အထိ တာဝန်ကျေစပါး ရောင်းချပေးခဲ့ကြကာ ယခုအချိန်အထိလည်း နိုင်ငံတွင် ရိက္ခာလိုအပ်ချက်မရှိအောင် ဆွေစဉ်မျိုးဆက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“အခုက လယ်သမားတွေမှာ အရင်းအနှီးမရှိတော့ဘူး။ လယ်နဲ့လူပဲ ကျန်တော့တာ။ ဒီအခြေအနေမှာ စိုးရိမ်ရတာက ၀ိသမလောဘသားတွေ ၀င်လာမှာကိုပဲ။ လယ်တွေကို သိမ်းကျုံးယူပြီး အရင်းအနှီးထည့်လိုက်ရင် ဒေသခံတွေက လယ်သူရင်းငှားတွေ ဖြစ်ကုန်မှာစိုးရတယ်” ဟု ဘုရင့်နောင်ပွဲရုံဝင်းမှ သီးနှံကုန်သည်ကြီးတစ်ဦးက ခန့်မှန်းသည်။
စိုက်ပျိုးရေးကို အခြေခံပြီး အခြားစီးပွားရေးလုပ်ငန်းများကိုပါ ဘက်စုံဖွံဖြိုးတိုးတက်အောင် တည်ဆောက်မည်ဟု အစိုးရက ဆိုသည်။ မြန်မာ့စီးပွားရေးကို စောင့်ကြည့်လေ့လာနေသူတစ်ဦးကလည်း ရေရှည် ပြန်လည် ထူထောင်ရန်အတွက် ၎င်းတို့၏ အခြေခံစီးပွားရေး လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးရမည်၊ သို့မှသာ အဆိုပါဒေသများ အမြန်ပြန်လည် ထူထောင်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်လိုက်သည်။
Comments