Burma Related News in Brief - June 13th 2008

မြန်မာ့အရေး သတင်းတိုထွာ
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၁၃၊ ၂၀၀၈

အမေရိကန်က မြန်မာအရေး ၈၈ စစ်ကြောင်း ခရီးစဉ် ဖို့ဝန်းရောက်ပြီ

မြန်မာစစ်အစိုးရက လယ်ထွန်စက်အသစ်များကို အဟောင်းနဲ့ လဲ

မိုးကုတ်ပြီးလျင် မြစ်ကြီးနား ရေလွှမ်းမည်ဟု အရပ်သတင်းဖြစ်

အမေရိကန်က မြန်မာအရေး ၈၈ စစ်ကြောင်း ခရီးစဉ် ဖို့ဝန်းရောက်ပြီ

မိုင် ၃၀၀၀ ခြေလျင်ချီတက်နေသည့် အမေရိကန်က ၈၈ စစ်ကြောင်း အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းကို ရောက်ရှိပြီ ဖြစ်သည်။ ယခင်အပတ်က ချီကာဂိုသို့ ရောက်ရှိခဲ့ပြီး မြန်မာများ၊ တိဗက်များနှင့် မြန်မာ့အရေးကို အမေရိကန်သားတို့ ပိုမိုသိရှိလာစေရေး ပူးပေါင်းဆောင်ရွက်ခဲ့သည် ဆိုသည်။ ယခု ဖို့ဝိန်းတွင်လည်း ကျောင်းသားတပ်မတော်က ရဲဘော်ဟောင်းများ၊ မြန်မာ့အရေးလှုပ်ရှားသူများနှင့် စုဝေးချီတက်မှုကို ပြုကြမည်ဟု သိရသည်။ သြဂုတ်လ ၈ ရက်နေ့အမီ ကုလသမဂ္ဂ ရုံးချုပ်သို့ အရောက်ချီတက်မည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရက လယ်ထွန်စက်အသစ်များကို အဟောင်းနဲ့ လဲ

မြစ်ဝကျွန်းပေါ် လေဘေးပြန်လည်ထူထောင်ရေးအတွက် ရရှိသော လယ်ထွန်စက်အသစ် ၈၆ စီးကို ဘုရင့်နောင်ဈေးရှိရာ ကုန်လှောင်စခန်းတခုတွင် ထိန်းသိမ်းထားရမှ စစ်ကား ၁၀ စီးဖြင့် လာရောက်ပြီး လယ်ထွန်စက် အဟောင်းများနှင့် လဲလှယ်လိုက်သည်ဟု ရန်ကုန်ရပ်ကွက်က ဆိုသည်။ ကိုယ်ထူကိုယ်ထ စေတနာရှင်များက လယ်ထွန်စက်များ၊ ရေစုတ်စက်များနှင့် မီးစက်များကို တနိုင်တပိုင် ပေးပို့ လှူဒါန်းနေချိန်၊ စစ်အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများကို ကြိုးနီစနစ်ဖြင့် အဆင့်ဆင့် နှောင့်နှေးအောင်လုပ်နေသည့် ပြောဆိုမှုများကြား၊ ယခုလို သတင်းထွက်ခြင်း ဖြစ်သည်။

မိုးကုတ်ပြီးလျင် မြစ်ကြီးနား ရေလွှမ်းမည်ဟု အရပ်သတင်းဖြစ်

တရုတ်ပြည်တွင် ငလျင်လှုပ်ပြီးနောက် ရေကာတာများ ပျက်စီးခြင်း၊ ရေကြီးခြင်းတို့ စိုးရိမ်ရကြောင်း သတင်းများထွက်နေစဉ်၊ မိုးကုတ်တွင်လည်း ရေကြီးသည့်အဖြစ်နောက်ပိုင်း၊ မြစ်ကြီးနားတွက်လည်း ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်း ဖြစ်နိုင်ကြောင်း အရပ်ထဲတွင် ထင်ကြေးပေး ပြောဆိုနေကြသည်ဟု ဆိုပါသည်။ တရုတ်ပြည်က ရေကာတာများ ကျိုးပေါက်လျင် ဖြစ်လာမည်ဟု ထင်ကြေးပေးနေကြခြင်းဟု သိရသည်။ စစ်အစိုးရက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိကြောင်း ထင်ရှားပြီးနောက်ပိုင်း ပြည်သူများက ထိုသို့ ပြောဆိုမှုများ ဖြစ်လာခြင်း ဖြစ်သည်။

Comments