ဆက်ဖတ်ချင်သော ဘလော့ဂ်များ
မိုးမခ စာဖတ်သူ (ဟောလိဝုဒ်)၊ စာဖတ်သူတွေ ရေးတဲ့စာ

ဇွန် ၂၂၊ ၂၀၀၈
စိုးဇေယျထွန်း http://soezeya.blogspot.com/
ရုပ်ရှင်သရုပ်ဆောင် ဒွေး ကွယ်လွန်တုန်းက ဓာတ်ပုံတွေ သူ့ ထံက ဦးဦးဖျားဖျား ထွက်လာတာ မှတ်မိနေသည်။
လောလောဆယ်ဆယ် နာဂစ်ဒုက္ခသည်တွေနဲ့ အတူ သူ့ ကိုတွေ့ နေရသည်။ နာဂစ်မုန်တိုင်းအလွန်မှာ သူ မြင်တွေ့ရတာတွေထဲက တချို့ ကို လှစ်ကနဲ လှပ်ပြသည်။
“နှစ်စဉ်နှစ်တိုင်း လှိုင်းခုန်ပွဲကို ပြင်ကနုဝ ကျေးရွာလေးတွင် ပြုလုပ်ပြီး ပြင်ကနုဝနှင့် စက်လှေတစ်နာရီ ခန့် စီးရသောပြင်စလှု မြို့နယ်ခွဲမှ အစိုးရ အရာရှိများ အပါဝင် ပတ်ဝန်းကျင် ကျေးရွာများက လာရောက်ကြပြီး အချို့ဆိုလျှင် ၀ါဆိုလပြည့်နေ့ ညကတည်းက ရောက်ရှိနေတတ်သည်။ ……. ထိုလှိုင်းခုန်ပွဲကို လွန်ခဲ့သော နှစ်ပေါင်းများစွာက စတင်ပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာ မပျက်ကျင်းပခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဒီနှစ် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ကျင်းပနိုင်ဦးမှာလော ဆိုသည့် မေးခွန်းကို ကျွန်တော်မေးကြည့်တော့ .........သူချက်ခြင်း မဖြေပဲ ပင်လယ်ပြင်ကြီး ဆီသို့ ငေးကြည့်ပြီး တိတ်ဆိတ်နေသည်။ ထို့နောက် သူ လေပူတစ်ချက်ကို ၀ူး ...... ကနဲ မုတ်ထုတ်လိုက်ပါတော့သည်။”
( လှိုင်းခုန်ပွဲ၊ http://soezeya.blogspot.com/2008/06/blog-post_06.html )

photo: http://soezeya.blogspot.com/2007/11/blog-post_8957.html
သတင်းမုဆိုးဘ၀တုန်းက သူ့ အတွေ့ အကြုံတချို့ ကိုလဲ မချွင်းမချန် ပြန်ပြောပြသည်။
“လမ်းလေးဆယ်နှင့် ဗိုလ်ချုပ်လမ်းထိပ် ရောက်တော့ ထရန်စဖော်မာကို ဗုံးခွဲထားသည်ကို တွေ့ရသည်။ ဗုံးအား သေးသောကြောင့် ထရန်စေဖော်မာကို ထိခိုက်မှု မရှိသော်လည်း ကာရံထားသည့် အုတ်ထရံများ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ ကျွန်တော်လည်း ထိုနေရာတွင် ဓာတ်ပုံ နှစ်ပုံ သုံးပုံခန့် ထပ်ရိုက်လိုက်သည်။ …….
နောက်ထပ်ကွဲ သည့်နေရာ ရွှေမြင်းပျံ စတိုးအရှေ့ (ဂျပန် သတင်းထောက် သေသွားသည့် နေရာနှင့် မျက်နှာချင်းဆိုင်) မှာကွဲခြင်း ဖြစ်ပြီး …….
ရဲများက ဓာတ်ပုံ ရိုက်သွားကြောင်း ပြောတော့ ထိုသုံးပွင့်နှင့် စစ်ဗိုလ်က ပုံများကို ဖျက်ပစ်ခဲ့ဖို့ ကျွန်တော့်ကိုပြောသည်။ စောစောက တိုင်းမှုး အရှေ့တွင် ရိုက်တာတောင် ဘာမှ မပြောသည့်ဟာကို သူကလာပြီး ဖျက်ဖို့ ပြောနေတော့ ကျွန်တော်လဲ မဖျက်နိုင်ဘူးဟု ပြောလိုက်သည်။ ……..
ကိုယ့်ကို ချုပ်နှောင်လိုက်ပြီဟု သိရသည့်အခါတွင် စိတ်ထဲတွင် ကျဉ်းကျပ်လာသလို ခံစားလာရသည်။ ကျွန်တော် အချုပ်ခန်းအတွင်းက သံတိုင်ကြီးများကို ကြည့်ကာ စဉ်းစားနေမိသည်။ ကျွန်တော် တကယ်ပဲ အပြစ်ကျူးလွန် မိခဲ့သလား။ ကျွန်တော်ပဲ နိုင်ငံတကာ ဥပဒေတွေကို လက်လှမ်းမမီ၍လားမသိ။ သာမန်နေရာ တစ်ခုမှာ ဗုံးကွဲတာကို ဓာတ်ပုံရိုက်ရင် ဖမ်းခံရတယ် ဆိုတာ နိုင်ငံတကာမှာတော့ ကျွန်တော်တစ်ကြိမ်မှ မကြားဖူးပါ။ မကြားဖူးပေမယ့် လောလောဆယ်တော့ အချုပ်ခန်း ၀ ကိုတော့ ကျွန်တော် ရောက်နေပြီ။ ……….”
(ချိန်ကိုက်ဗုံးခြောက်လုံးနှင့် အချုပ်ခန်းထဲက နံနက်စာ http://soezeya.blogspot.com/2008/01/blog-post_16.html )
“ကျွန်တော် သတင်းထောက် ဖြစ်ပြီး သိပ်မကြာခင်မှာပဲ အောင်ဆန်းကွင်းကို သွားဖို့ ဆရာက ကျွန်တော့်ကို ခေါ်သည်။ ဘာကြောင့် သွားသည်ကိုတော့ ကျွန်တော်လဲ မသိ။ ဆရာက လိုက်ခဲ့ဟု ခေါ်၍သာ လိုက်သွားခြင်း ဖြစ်သည်။ ……..
ဟိုရောက်တော့ ခရာတေးဒို လေ့ကျင့်ရေး ခန်းမသစ် ဖွင့်ပွဲဖြစ်သည်။ ခရာတေး ဒိုလေ့ကျင့်ရေး ခန်းမ ဖွင့်ပွဲပြီးတော့ ခရာတေးဒို အဖွဲ့ချုပ် ဥက္ကဌဆိုသူက့ ကျွန်တော့် ဆရာကို လာပြီး ပြောသည် “အင်တာလေး ဘာလေး မဗျူးတော့ဘူးလား ဆရာ” တဲ့။ ကျွန်တော် အကဲ ခတ်မိ သလောက် ခရာတေးဒို ဥက္ကဌနှင့် ကျွန်တော့်ဆရာက အနည်းငယ်တော့ ရင်းနှီးပုံရသည်။ …….
ကရာတေးဒို ဥက္ကဌက လူငယ်ပိုင်းပဲ ရှိဦးမည်။ ပြီးတော့ မေးလိုက်သည့် မေးခွန်းကို လိုရင်းကို မဖြေပဲ အရှည်ကြီး ဇာချဲ့ပြောနေသည်။ မေးတာကို လိုရင်း မဖြေတော့ ကျွန်တော် စိတ်ကောင်းကောင်း မရှည်။ မေးခွန်းလဲ မေးပြီးရော ကျွန်တော်က သူ့နာမည်ကို ဘယ်လိုခေါ်လဲ လို့မေးလိုက်သည်။ ဘာဖြစ်လို့လဲ မေးတာလဲ ဆိုတော့ သတင်းရေးမှာ နာမည် ထည့်ရေးဖို့ မေးခြင်းဖြစ်သည်။ အဲတော့ သူက ဖြန်ဖြေသည် ဒေါက်တာ ရဲနိုင်ဝင်း။
ကျွန်တော် နာမည်မေးလိုက် သည့်အတွက် ဆရာက အားနာသွားဟန် တူသည်။ လမ်းရောက်တော့ ကျွန်တော့်ကို ဆရာက ပြောသည်။ သူက ဒီလောက် နာမည်ကြီးတာ သူ့ကို မသိဘူးလားတဲ့။ ကျွန်တော်လဲ မသိမှ မသိတာ မသိဘူးဟု ပဲ ဖြေလိုက်သည်။ အဲတော့ ဆရာက ထပ်ပြောသည်။
“ အဲဒါဗိုလ်ချုပ်ကြီးရဲ့ သားလေကွာ”
“ ဘယ်က ဗိုလ်ချုပ်ကြီးလဲ”
“ ဗိုလ်ချုပ်ကြီး ခင်ညွန့်”
“သြော် . . .”
ထိုခေတ်က ဗိုလ်ချုပ်ကြီး ခင်ညွှန့်မှာ တန်ခိုးထွားနေချိန် ဖြစ်သောကြောင့် တစ်ကြောင်း၊ ဒေါက်တာ ရဲနိုင်ဝင်းသည် ပုဂံဆိုက်ဘာတက်၏ ဖောင်တာ ဖြစ်တာက တစ်ကြောင်းကြောင့် လူတိုင်း မသိတဲ့ သူမရှိသလောက် ဖြစ်သည်။ အနည်းဆုံးတော့ လူကို မသိကြသည့်တိုင် နာမည်ကိုတော့ ကြားဖူးကြသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးသည် ဗိုလ်ချုပ်ကြီး ဖြစ်သည် ဆိုသည်က လွဲ၍ ကျန်တာ ဘာမျှမသိပါ။
တကယ်တော့ ရာထူးတိုင်း အဆင့်တိုင်းတွင် သူ့နေရာနှင့်သူ လုပ်ပိုင်ခွင့်ရှိကြသည်။ ထိုလုပ်ပိုင်ခွင့်နှင့် အာဏာကို ကျွန်တော် ကောင်းစွာမသိပါ။ ထို့ကြောင့် ကျွန်တော်သည် သတင်းကိစ္စ မေးစရာ ရှိလျှင် ဒီတိုင်း ၀င်မေးလိုက်သည်။ ……..”
(မှတ်မိသေးတဲ့ သတင်းထောက်ဘ၀က နေ့ရက်များ http://soezeya.blogspot.com/2008/01/blog-post_10.html)

ဘလော်ဂါ စိုးဇေယျထွန်းက "နောက်ထပ်အမှတ်ရစာတွေကို သတိရလျှင် ဆက်ရေးပါမည်" ဟု သူ့  မှတ်တမ်းအဆုံးမှာ ကတိက၀တ်ပြုထားသည်။ အမှတ်ရစရာတွေ ဆက်ဝေမျှဖို့  လေးလေးစားစားတောင်းဆိုချင်ပါသည်။ သတိရစရာတွေ မေ့မသွားစေချင်။
Comments