More than 100 women give birth every day in the cyclone affected area

မုန်တိုင်းသင့်ဒေသတွင် နေ့စဉ် ကလေးမွေးဖွားမှု ၁၀၀ ကျော်ရှိ
APသတင်းဌာန
ဇွန် ၁၂

မုန်တိုင်းဒဏ်သင့်ခဲ့သော ကိုယ်ဝန်သည် တစ်သောင်းဝန်းကျင်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောလိုက်သည်။ ပြည်ပအကူအညီများအပေါ် စစ်အစိုးရ၏ လိုလား မှုနှင့်ပတ်သက်ပြီးကူညီရေးအသင်းအဖွဲ့များ၏ ပူပန်မှုများ ထွက်ပေါ်စဉ်တွင် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

အာရှတိုက်အတွင်း အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာပြည်တွင် မုန်တိုင်းမတိုင်မီကပင် ကိုယ်ဝန်ဆောင်မှု၊ ကလေးမွေးဖွားမှုများမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိခဲ့ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ ပြောခွင့်ရအရာရှိ William A. Ryanက ဆိုသည်။

နေ့စဉ်နေ့တိုင်း မုန်တိုင်းသင့်ဒေသမှ အမျိုးသမီး ၁၀၀ ထက်မနည်း ကလေးမွေးဖွားမှုရှိနေသည်ဟုလည်း ပြောပြသည်။“ကျန်းမာရေးဌာနတွေ ပျက်စီးကုန်တယ်၊ အရပ်လက်သည်တွေလည်း မရှိတော့ဘူး ဆိုတော့ ပိုပြီး စိုးရိမ်စရာကောင်းနေပြီ၊ ကိုယ်ဝန်ဆောင်တွေ တတ်ကျွမ်းတဲ့သူတွေနဲ့ မီးဖွားနိုင်ကြဖို့အခြေအနေ မပေးဘူးဆိုတာ ရှင်းနေပါတယ်”

မုန်တိုင်းမတိုင်မီက ကလေးမွေးဖွားမှု တစ်သိန်းတွင် သားဖွားမိခင်သေဆုံးမှု ၃၈၀ ရှိသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ ထိုင်းနိုင်ငံထက် ၄ ဆ၊ ဂျပန်ထက် အဆ ၆၀ ပိုများသည်ဟုလည်း ဆိုသည်။

၎င်းတို့၏ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ အနေဖြင့် မုန်တိုင်းသင့်မြို့နယ် ၁၀ခုရှိ ဆေးရုံဆေးခန်းများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောပြသည်။

လက်ရှိအချိန်တွင် မုန်တိုင်းခံဒုက္ခသည်များအားကူညီရေးနှင့်ပတ်သက်ပြီး အစိုးရကထုတ်ပြန်သော စည်းကမ်းချက်အသစ်များကြောင့် လုပ်ငန်းများ နှောင့်နှေးနိုင်ကြောင်း နိုင်ငံတကာကယ်ဆယ်ကူညီရေးအဖွဲ့များ၏အဆိုအရ သိရသည်။

အင်္ဂါနေ့ကထုတ်ပြန်သော ထိုစည်းကမ်းချက်များအရ စာရွက်စာတမ်းအလုပ်များ၊ အစိုးရအဖွဲ့အစည်းများထံ အကြိမ်ကြိမ်ဆက်သွယ်ရခြင်းများ (a large amount of paperwork and repeated contacts with government agencies) များစွာ လိုအပ်မည်ဖြစ်သည်။

“ခွင့်ပြုချက်အဆင့်ဆင့်တောင်းခံနေရခြင်းကြောင့် ကူညီရေးလုပ်ငန်းများ မလိုအပ်ဘဲ ကြန့်ကြာနေရသည်”ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်း၏ အစီရင်ခံစာတစ်စောင်က ဆိုသည်။

Comments