ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အကူအညီများနဲ့ ဝေးဆဲ
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၂၃၊ ၂၀၀၈
မေလ ၃ ရက် နာဂစ်မုန်တိုင်းရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသေကျေခဲ့ရတဲ့ မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသမှာ ယခု ၂လ နည်းပါး ရောက်ချိန်အထိ အခက်အခဲများ၊ အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ကိုယ်ထူကိုယ်ထကူညီစောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖွဲ့တခုက ပြောကြားပါတယ်။
ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ လူမှုရေးအဖွဲ့များ၊ ကိုယ်ထူကိုယ်ထ စေတနာရှင်များက မညီးမညူကူညီလှူဒါန်းလုပ်ကိုင်နေချိန်မှာ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေး၊ ကူညီရေးအဖွဲ့အစည်းကြီးတွေကတော့ ရန်ပုံငွေများ၊ ၀န်ထမ်းအင်အား၊ ပစ္စည်းအထောက်အကူ စတာတွေ လျော့နည်းနေပြီ၊ အားနည်းနေပြီ စတဲ့ အကြောင်းပြချက်တွေကို တရားဝင်ထုတ်ဖော်ပြောဆိုလာပြီဖြစ်တာကို တွေ့ရပါတယ်။
ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့တကွ မုန်တိုင်းကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ဝေဖန်ရဲတဲ့လူငယ်တွေကို စစ်အစိုးရက ဖမ်းဆီးနှိပ်ကွပ်လိုက်တဲ့နောက်ပိုင်း မြန်မာပြည်သူ စေတနာရှင်တွေ၊ လုပ်အားပေးတွေကလည်း စစ်အစိုးရ အနှောက်အယှက်တွေကို တရားဝင်ထုတ်ဖော်ပြောကြားပေးဖို့ အနည်းငယ် ၀န်လေးရတယ်လို့ သူတို့က ပြောခဲ့ပါတယ်။
ယခုဆိုလျင် အကူအညီမရသေးတဲ့ ဝေးလံတဲ့ ကျေးရွာတွေ၊ အရပ်တွေက အမျိုးသမီးတွေ၊ လူကြီးတွေဟာ မြို့ကြီးတွေ၊ ဆွေမျိုးသားချင်းရှိတဲ့ ဒေသကြီးတွေဆီကို ကိုယ့်ဖာသာ စွန့်စားတက်ရောက်ပြီး တိုးတိုးကြိတ်ကြိတ် အလှူခံရှာထွက်နေရတယ်လို့ အဲဒီ စေတနာဝန်ထမ်းအဖွဲ့က ပြောပါတယ်။ စစ်အစိုးရ တရားဝင်ခွင့်ပြုတဲ့ ဒုက္ခသည်စခန်း၊ အလှူခံဌာနတွေကို ၀င်ထွက်သွားလာဖို့ကတော့ သူတို့တောင်းတဲ့ သန်းကောင်စာရင်း၊ မှတ်ပုံတင်၊ သက်သေအထောက်အထား စတာတွေ၊ အာဏာပိုင်အဆင့်ဆင့်ရဲ့ ထောက်ခံစာတွေကို မတင်ပြနိုင်လို့ သူတို့ မသွားနိုင်ကြဘူးလို့ ဆိုပါတယ်။
လယ်ထွန်စက်အပျက်တွေကို အာဏာပိုင်တွေက ခွဲဝေပေးတာနဲ့ ပတ်သက်ပြီးတော့လည်း လယ်သမားတွေက မယူမနေရ ယူနေရတယ်လို့လည်း သိရပါတယ်။ မယူခဲ့လို့ရှိရင် လယ်မလုပ်နိုင်တဲ့ ရွာတွေ၊ လယ်သမားတွေအဖြစ် သတ်မှတ်ပြီးတော့ သူတို့ကို ပြောင်းရွှေ့ပစ်တာတွေ၊ လယ်တွေ အိမ်တွေ သိမ်းတာတွေ ဖြစ်လာမှာကို စိုးရိမ်လို့လို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် သူတို့အတွက်လိုအပ်တဲ့ ထွန်စက်ကောင်းကောင်းတလုံးကို မြန်မာငွေ ၇ သိန်း၊ ၈ သိန်းလောက်နဲ့ ၀ယ်ပြီး သုံးနိုင်တဲ့အတွက် အဲဒီလယ်ထွန်စက်မျိုးတွေကို အချင်းချင်းလိုက်ပြီး အလှူခံတာမျိုး၊ ချေးငှားပြီး သုံးစွဲတာမျိုး လုပ်နေရတယ်လို့ သူတို့က ပြောပါတယ်။ အဲသည်မှာ လောင်စာဆီကလည်း အရေးပါတဲ့ အခန်းကလည်း ပါပါတယ်လို့ ထပ်မံ ဖြည့်စွက်ပါတယ်။ လောင်စာမရှိဘဲ သူတို့ လယ်ထွန်လို့ မရလို့ပါတဲ့။
ပထမ စစချင်းမှာ သူတို့အတွက် အစားအသောက်၊ အ၀တ်အထည်၊ ဆေးဝါး တို့ကို စီစဉ်ရကြောင်း၊ အဲသည့်နောက်မှာ အမိုးအကာနဲ့ သောက်ရေ၊ သုံးရေကို ပြင်ဆင်ပေးရကြောင်း၊ အခုအချိန်မှာတော့ လုပ်ကိုင်စားသောက်ဖို့ ကိရိယာ၊ တန်ဆာပလာများ၊ ထွန်စက်၊ မျိုးစေ့၊ လှေ၊ ပိုက်ကွန် စသည်ဖြင့်တို့ကို ရှာဖွေ စုံစမ်းပေးရကြောင်း၊ အဲဒါနဲ့ တပြိုင်နက်တည်းမှာ ပညာရေး၊ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတို့ကို ရွာခံ၊ နယ်ခံ ဘုန်းတော်ကြီးကျောင်းများကို အခြေခံပြီး စီစဉ်ရတာမျိုးတွေ ရှိကြောင်း စေတနာရှင်လုပ်အားပေးအဖွဲ့တခုက ရှင်းပြပါတယ်။ ဆရာတော်ကြီးတွေဦးဆောင်တဲ့ ကယ်ဆယ်ရေး၊ ကူညီရေးအဖွဲ့တွေကတော့ ကျွမ်းကျင်သူ ပညာရှင်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ စတဲ့ လူတွေပါလာလေ့ရှိတာကြောင့် ပိုပြီး စနစ်ကျ ထိရောက်ကြောင်း သူတို့က ထင်မြင်ချက်ပေးပါတယ်။
“ ကျနော်တို့ မြန်မာတွေဟာ သူများဆီက အလကား လက်ဖြန့်တောင်းစားတဲ့ အကျင့် လုံးဝ မရှိပါဘူး၊ မတရားလည်း သူများပစ္စည်းကို မလိုချင်ပါဘူး။ တောသူ တောင်သားတွေက ပိုပြီးတော့ ရိုးသားတယ်၊ ပြတ်သားတယ်။ သူတို့ခေါင်းပေါ်မှာ အမိုးလေး၊ အကာလေးရှိပြီဆိုရင် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ကြိုးစားတော့တာပါပဲ။ အဲသည်လို အကူအညီလိုနေရင်တောင်မှ တောင်းရကောင်းမှန်း မသိဘဲ၊ ကိုယ့်ကံကို ပုံချလို့ ကျိတ်မှိတ်သည်းခံ ဖြေရှင်းတတ်တဲ့ ကျနော်တို့ လယ်သမားတွေ၊ တံငါသည်တွေကို စစ်အစိုးရက မတရား အနိုင်ကျင့်နေတာ …” လို့ သူတို့က ပြောပါတယ်။
Comments