Nargis Memorial Burial Place Marked by Volunteers at Bokalay in the Delta of Burma

ဘိုကလေးက နာဂစ် အထိမ်းအမှတ် သုဿန်မြေ တဧကနဲ့ စတင်ပြီ
မင်းစင်လင်း

ဇွန် ၁၇၊ ၂၀၀၈

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဓာတ်ပုံတွေမှာ ပါခဲ့တဲ့အတိုင်း ဘိုကလေး၊ ဓားပြချောင်းကျေးရွာအနီးမှာ နာဂစ်မုန်တိုင်းမှာ ပျက်စီးကြသူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို မြုတ်နှံဖို့ မြေ တဧက ၀ယ်ပြီး စေတနာရှင်များက ဆောင်ရွက်နေကြပါတယ်။ တဧကကို ကျပ်ငွေ ၅ သိန်း ပေးရပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ World Concern, ICRC, Care Myanmar တို့က ကူညီပေးကြတယ်လို့ သိရပါတယ်။

ပထမ အခေါက်မှာ စေတနာရှင် ၁၂ ဦး၊ ဒုတိယ အခေါက်မှာ ၁၈ ဦး သွားရောက်ပြီး ရုပ်အလောင်းတွေ ကောက်ယူ မြှတ်နှံနေကြရာမှာ ပထမအသုတ်က သေဆုံးသူ ၂၀၀ ကျော်ကို မြှတ်နှံပေးနိုင်ခဲ့ပါတယ်။ စစ်တပ်ကတော့ မီးမှုတ်တဲ့ လက်နက်တွေနဲ့ အလောင်းတွေကို အဝေးက ပစ်ပြီး ရှင်းလင်းဖို့ ကြိုးစားပါတယ်။ မအောင်မြင်ပါဘူး။ ရေတွေနဲ့ နစ်မြုတ်နေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင် မလုပ်ဘဲ ကယ်ဆယ်ရေးလုပ်ငန်းကအစ အလောင်းကောက်လုပ်ငန်းတွေမှာပါ ဒေသခံ ဒုက္ခသည်တွေကို မတရားချွေးတပ်ဆွဲပြီး လုပ်အားပေးခိုင်းနေတာကို တွေ့ကြရတယ်လို့ ရွာခံတွေက ပြောကြပါတယ်။

အလောင်းတွေ အတော်များများက မိန်းမလှကျွန်းပေါ်မှာ သွားစုနေလို့ စေတနာရှင်လုပ်အားပေးတွေက အဲဒီနေရာကနေ သွားကောက်ပြီး မြုတ်နှံတာပါ။ မြှတ်နှံရာမှာ ကျင်းတကျင်းကို ပေ ၂၀ အလျား၊ ပေ ၇ ပေ အနံ နဲ့ ၃ ပေ အနက်တူးပြီး တကျင်းကို ၇ ဦး နှုန်းထားပြီး သဂြို င်္လ်ပေးကြတယ်လို့ သိရပါတယ်။ ၃ ပေ ထက် နက်အောင် တူးရင် မြေအောက်က ရေတွေ စိမ့်ထွက်နေလို့ ဒီထက်ပိုလည်း မတူးနိုင်ပါဘူးတဲ့။ ကောက်ရသမျှ ခန္တာကိုယ်အစိတ်အပိုင်းကို မဆို ကောက်ယူပြီး မြုတ်ပေးပါတယ်လို့ ပြောပြကြပါတယ်။ အဲဒီက ဓားပြချောင်းတရွာထဲမှာကို လူ ၉၆ ဦး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခြား ကယ်ဆယ်ရေး အခြေအနေတွေကို ရွာကလူတွေ အနီးအနားက လူတွေ မေးမြန်းကြည့်တော့ အာဏာပိုင်တွေက ထောက်ပံ့တာ ကြက်သွန် တဥ နဲ့ အာလူး တခြမ်းလို့ ပြောစမှတ်တွင်နေပါတယ်လို့ ဆိုပါတယ်။ ဒုံမြစ်ကမ်းဘေးတလျောက်က ရွာတွေဖြစ်တဲ့ - ကဒုံ၊ စပ်စု၊ ကွင်းနီးကျောင်း၊ ဧရာ၊ ပျဉ်ပုံကြီး၊ ပျဉ်ပုံလေး၊ ကွင်းချောင်း၊ စက်ဆန်းစတဲ့ ကျေးရွာတွေမှာ အကူအညီက နေ့တိုင်းကို လိုအပ်နေတယ်လို့ သိရပါတယ်။ စပ်စုနဲ့ ကွင်းနီးကျောင်းစတဲ့ ကျေးရွာတွေက စလို့ ရွာတိုင်းမှာ တွေ့နေရတာကတော့ သာသနာ့အလံနဲ့ အလံဖြူတွေကို လွှင့်ထူထားကြတာဖြစ်ပါတယ်။

အလံဖြူကတော့ သူတို့ကို ကူညီကြဖို့ တောင်းပန်တဲ့သဘောပါ။ သာသနာ့အလံကတော့ သူတို့ရွာမှာ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းတော်ကြီးတွေဆီမှာ လှူဒါန်းပေးကြပါ ဆိုတဲ့သဘော။ သူတို့တွေဆီကို အလှူပစ္စည်းရောက်ဖို့ ဘုန်းကြီးတွေကိုသာ ဦးတိုက်ပေးထားခဲ့ကြပါဆိုတဲ့ သဘောကို တညီတညွတ်တည်း ပြနေကြတာပါလို့ ရွာသားတွေက ဧည့်သည်တွေကို ရှင်းပြကြပါတယ်။ အလှူရှင်တွေကလည်း ဘုန်းကြီးကျောင်းပဲ ဦးတည်သွာကြတာဖြစ်ပါတယ်။ အဲဒီ ပြည်သူ့လူထု စေတနာဝန်ထမ်း အလှူရှင်တွေကြောင့်သာ သူတို့ အသက်ရှင်နေကြတာဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။

ပြန်လာတဲ့ စေတနာရှင်လုပ်အားပေးတွေက တညီတညွတ်တည်း ပြောကြတာကတော့ ရွာတွေအားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကြီးအကျယ်လိုအပ်နေပါတယ်တဲ့။ ကျန်းမာရေး ဆေးပေးခန်းဆိုတာ ဘယ်ရွာမှာမှ မရှိပါဘူး။ သူတို့တွေ တခုခုဆိုရင် ဘိုကလေးကို တက်ပြီး ဆေးကုနေကြရတာ ဖြစ်ပါတယ်။ ရေမိုင် ၅၀ ကျော် ဝေးတဲ့ ရွာတွေဖြစ်လို့ အရေးပေါ်လူနာတွေအတွက်ကတော့ မျှော်လင့်ချက် အလွန်နည်းပါတယ်လို့ သိရပါတယ်။

နာဂစ် အထိမ်းအမှတ် သုဿန်ကတော့ ဓမ္မသုခလို့ ခေါ်တဲ့ နေရာမှာ တည်ရှိပါတယ်လို့ ပြောပါတယ်။

Comments