Penang Sayadaw said Burma as failed state with failed govrnment

သာသနမောဠိ ဦးဆောင် ပီနန်ဆရာတော်ကြီး ဆန်ဖရန်စစ္စကိုဘေးဧရိယာသို့ ကြွရောက်၊
မြန်မာပြည်သည် မင်းမဲ့တိုင်းပြည်ဖြစ်နေပြီး၊ ပြည်သူနှင့် သံဃာတို့က ထိမ်းသိမ်းစောင့်ရှောက်နေကြရသည်ဟု ပွင့်လင်းစွာထုတ်ပြော

မိုးမခ

ဇွန် ၂၊ ၂၀၀၈

ယခုရက်သတ္တပတ်အကုန်တွင် သာသနမောဠိဦးဆောင်၊ ပီနန်ဆရာတော်ကြီး ဦးပညာဝံသသည် အမေရိကန်အနောက်ခြမ်း ဘေးဧရိယာသို့ ကြွရောက်ပြီး မြန်မာပြည်အရေးနှင့် လေဘေးကယ်ဆယ်ရေးကိစ္စများကို ရှင်းလင်းဟောကြားခဲ့သည်။ ဆရာတော်ကြီးနှင့်အတူ သာသနမောဠိ အမေရိကန်အရှေ့ခြမ်းက ဦးဆောင်ဆရာတော်တဦးဖြစ်သော ဦးနာယကလည်း လိုက်ပါလာပြီး တကာ၊ တကာမများက မေးမြန်းသော အမျိုး၊ ဘာသာ၊ သာသနာရေး ကိစ္စများနှင့် လက်ရှိ အရေးပေါ်ဆောင်ရွက်နေရသော လေဘေးကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေး ကိစ္စများကို အသေးစိတ် ရှင်းလင်းခဲ့ကြသည်ကို တွေ့ရသည်။

ဖရီးမောင် မေတ္တာနန္ဒ၀ိဟာရနှင့် ဒေလီးစီးတီး ထေရ၀ါရဓမ္မအသင်းတို့တွင် တရားပွဲများလည်း ဟောကြားခဲ့သည်။ သာသနမောဠိ ပဓာနစေရ မစိုးရိမ်ဆရာတော် ဦးကောဝိဒ ပျံလွန်ခြင်း တလပြည့် ဆွမ်းကျွေး တရားနာအစီအစဉ်ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

သာသနမောဠိအဖွဲ့ချုပ်ကို ဦးတည်ပြီး ဘေးဧရိယာရှိ အဖွဲ့ အတန်းအစား အသီးသီးက လေဘေးကယ်ဆယ်ရေး အလှူငွေများကို ၀ိုင်းဝန်းလှူဒါန်းကြသည်ကိုလည်း ကိုယ်တိုင် လက်ခံခဲ့သည်ကို တွေ့ရသည်။ မြန်မာပြည်တွင်းရှိ လူမူကယ်ဆယ်ရေး ကူညီရေး အသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူပုဂ္ဂိုလ်အသီးသီးတို့ထံသို့ လေဘေးကယ်ဆယ်ရေး အကူအညီများ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ပို့ဆောင်ပေးလျက်ရှိကြောင်း အားလုံးကလည်း တညီတညွတ်တည်း ၀ိုင်းဝန်း ကူညီလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ဆရာတော်ကြီးက အဓိကထားပြောကြားရာတွင် ဘုန်းတော်ကြီးများ၊ အရပ်ဖက် ပြည်သူများက လေဘေး ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေး၊ ကူညီရေး လုပ်ငန်းများကို အဖက်ဖက်က ၀ိုင်းဝန်းပြီး ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်နေကြကြောင်း၊ အထက်က အစိုးရမင်းများက ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်းဥစ္စာအ၀၀ကို အချိန်မီ ကာကွယ်စောင့်ရှောက် ကယ်တင်ရန် ယခုအချိန်အထိ အကြောင်းအမျိုးမျိုးပြပြီး ပျက်ကွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် လေဘေး ကယ်ဆယ်ရေး၊ ကူညီရေးများကိုသာမက သံဃာတော်များနှင့် ပြည်သူလူထုက လေဘေးမှ ပြန်လည် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများကိုပါ တနိုင်တပိုင် ၀င်ရောက်ဆောင်ရွက်လာနေရပြီ ဖြစ်ရာ၊ ယခု တိုင်းပြည်သည် အစိုးရမင်းများ ပျက်ကွက်နေသည့် မင်းမဲ့တိုင်းပြည်ဖြစ်နေပြီး၊ ပြည်တွင်းရှိ ဘုန်းတော်ကြီးများနှင့် တာဝန်သိ မျိုးချစ် ပြည်သူလူထုက အချင်းချင်း တတ်အားသလောက် ထိမ်းသိမ်းစောင့်ရှောက်နေရကြောင်း စသည်ဖြင့် မိုးမခ စာနယ်ဇင်းအဖွဲ့က မေးမြန်းသည်တို့တွင် ထုတ်ဖော်ပြောကြားသွားသည်။

Comments