U.S. ships off Myanmar to leave

အမေရိကန်စစ်သင်္ဘောများ နောက်ပြန်လှည့်

AP သတင်းဌာန

ဇွန် ၃၊ ၂၀၀၈

ဒုက္ခသည်များကို သွားရောက်ကူညီရန် ခွင့်ပြုချက် မရသဖြင့် မြန်မာ့ရေပြင်အနီးမှ အမေရိကန်စစ်သင်္ဘောများ ပြန်လည်ထွက်ခွာတော့မည်ဟု အမေရိကန်စစ်ဗိုလ်ချုပ်တစ်ဦးက ယနေ့ပြောလိုက်သည်။

မုန်တိုင်းအပြီးတစ်လအကြာတွင် စစ်အစိုးရမူဝါဒများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း၊ ဒုက္ခသည် တစ်သန်းကျော် စားသောက်ခိုလှုံရာ ကင်းမဲ့နေကြောင်း ကုလသမဂ္ဂ၏ သတိပေးချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်က ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

အမေရိကန်ရေတပ် ဗိုလ်ချုပ် Timothy Keating က သင်္ဘောများ ပြန်လှည့်ရန် ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ ဆုတ်ခွာမိန့် မထုတ်ပြန်ခင်က အမေရိကန်သည် မြန်မာအစိုးရခေါင်းဆောင်များကို ၁၅ ကြိမ် ချည်းကပ်ပြောဆိုခဲ့သည်။ အကူအညီများ ဖြန့်ဝေရေးအတွက် သင်္ဘော၊ ရဟတ်ယာဉ် နှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို ၀င်ခွင့်ပြုရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရသတင်းစာကမူ မြန်မာပြည်တွင်ထွက်ရှိသော ရေနံအတွက် အမေရိကန်တို့ ကျူးကျော်လာမည်ကို စိုးရိမ်ကြောင်း ရေးသားခဲ့သည်။ သို့သော်လည်း ဆက်ဆံရေးအဆင်ပြေနေသော အိမ်နီးချင်းနိုင်ငံတို့မှ ရဟတ်ယာဉ်များကိုလည်း တားဆီးခဲ့သည်။

အမေရိကန်ဗိုလ်ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာ အစိုးရခေါင်းဆောင်များ စိတ်ပြောင်းလာပါက အမေရိကန်စစ်သင်္ဘောများ ပြန်လည် သွားရောက်မည်ဟု ဖော်ပြထားသည်။

“လူတွေ သိန်းသန်းချီပြီး ဒုက္ခရောက်နေ၊ အသက်ဆုံးရှုံးမှုတွေ ထပ်တိုးနေတဲ့အခြေအနေမှာ ကျနော်တို့ ကူညီနိုင်တဲ့အခြေအနေမှာ ရှိခဲ့တယ်။ ရှိခဲ့ပေမဲ့ မြန်မာစစ်အစိုးရက ခွင့်မပြုတဲ့အတွက် အကူအညီ မပေးနိုင်ခဲ့ဘူး။ အဲဒါကြောင့် စိတ်မကောင်းဖြစ်မိသလို၊ ဒေါသလည်း ထွက်ရပါတယ်။”ဟု ဗိုလ်ချုပ်က ဆိုသည်။

Comments