
၈၈ အနှစ် ၂၀
(အခန်းဆက်များ)
ထာဝရ ၈ လေးလုံး
မိုးမခ ၀င်း
ဇူလိုင် ၂၄၊ ၂၀၀၈
အဲသည်နေ့က မှတ်မိသလောက်ပြောရရင် ရှိရှိသမျှ လမ်းတွေပေါ်မှာ ပြည်သူလူထုကြီးတွေ ထွက်လာကြတယ်။ ကလေးလေးတွေ ပါတယ်။ အလုပ်သမားတွေ ပါတယ်။ အမျိုးသမီးတွေ ပါတယ်။ အိမ်ရှင်မတွေ … ရဲအရာရှိတွေ … ကျောင်းသား လူငယ်တွေ … ဆရာဝန်တွေ … ဆရာ၊ ဆရာမတွေ … တက္ကသိုလ်က ၀န်ထမ်းတွေ …
အို … လက်ထဲမှာ ဆိုင်းဘုတ်လေးတွေ ကိုယ်စီနဲ့ ။ ကြည့်လိုက်ရင်ကို ဘာ ဆိုတာ သိရတယ်လေ။ ရင်ခုန်စရာ ကောင်းတယ်။ ဖြတ်သွားသမျှတွေက ၀ိုင်းပြီး အားပေးနေကြတယ်။ လက်ပြတယ်။ ရေတိုက်တယ်။ စိတ်မထိမ်းနိုင်သူတွေ မျက်ရည်တွေ ၀ဲနေကြတယ်။
ဒါ ဘယ်လောက်ထိ တာရှည်ခံမှာတဲ့လဲ။ သွေးနဲ့ အဆုံးသတ်ရမယ်ဆိုတာ သိသိကြီးနဲ့ ချီတက်နေကြတယ်။
ဘာအတွက် ထွက်လာကြတာတဲ့ လဲ။
အာဏာရှင် အစိုးရကို ဖြုတ်ချဖို့၊ လက်နက်နဲ့ ဖြေရှင်းတဲ့ အာဏာရှင်ကို တိုက်ဖို့ တဲ့။
ဘာနဲ့ တိုက်မှာတဲ့ လဲ။
သပိတ်မှောက်မယ်..လက်နက်မပါဘူး။ အော်ပြီး ငါတို့ဆန္ဒတွေ ထုတ်ပြမယ်။
ဒီလိုနည်းနဲ့ ဖြေရှင်းနိုင်မယ်ပေါ့။
အဲသည်လို တွေးကြပါတယ်။ ယုံကြည်ကြပါတယ်။
ဒီပွဲ ဘယ်လို အဆုံးသတ်သွားသလဲ။
ထင်တဲ့အတိုင်းပါပဲ။ လမ်းမတွေပေါ်မှာ သွေးတွေနဲ့ ခင်းခဲ့ပြီ။
စစ်တပ်က မိဘပြည်သူတွေကို သေနပ်မောင်း ဖြုတ်ခဲ့ပြီ။
စစ်တပ်က ပြည်သူ့သားသမီးတွေကို သေနပ်ပြောင်းဝနဲ့ ချိန်ခဲ့ပြီ။
စစ်တပ် ဘယ်သူ့အတွက်လဲလို့ အော်ဟစ်သံတွေ ဆူညံခဲ့ပြီ။
တပ်မတော် မဟုတ်ဘူးဟေ့ … သတ်မတော် … တဲ့။
သွေးရူးသွေးတမ်းနဲ့ ငါတို့ ပြည်သူတွေ အော်ဟစ်ကုန်ကြပြီ။
မယုံဘူးလို့ ပြောမလား။ မဖြစ်နိုင်လို့ ပြောမလား။
သမိုင်းကို သွေးနဲ့ ရေးခဲ့တာပါ။
ရှေးက ဘိုး တွေ ဘွား တွေခမျာ မျက်ရည်တွေနဲ့ပြောသံ ငါတို့ကြားတယ်။
"မင်းတို့တွေ အဘတို့ထက် ပိုသတ္တိရှိပါသတဲ့။
ငါတို့မြေးတွေ အဘတို့ထက် ပိုသတ္တိရှိသတဲ့။
သေနပ်ပြောင်းဝရှေ့ ရင်ကော့ခံရဲတယ် တဲ့ …"
ခေတ်သမိုင်းတလျှောက် ခေါင်းငုံခံ မပြောရဲ မဆိုရဲ နေခဲ့သမျှ၊ ဟောဒီ ၈၈၈၈ ခေတ်က ကျောင်းသား လူငယ်တွေရဲ့ သွေးတွေနဲ့ စတေးခဲ့ရပြီ။ ဘာအတွက် ငါတို့သွေးတွေ စတေးခဲ့ရသလဲ ဆိုတော့ …
နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် နောင်လာမယ့် သားငယ်သမီးငယ်တို့်အတွက် စတေးရကျိုး နပ်ဖို့ …
ပြည်သူတွေက အာဏာရှင်ဆိုတာ ဒါကို ခေါ်တယ်လို့ အသိတရားရသွားရင် တော်ပြီ။
အာဏာရှင်ကို ဆန့်ကျင် တိုက်ဖျက်ရမယ်ဆိုတဲ့ အသိတရား ငါတို့ ပြည်သူလူထုရင်ထဲ အသဲစွဲသွားရင် လုံလောက်ပါပြီ။
အဲဒါကို သွေးနဲ့ ပြခဲ့ရပြီ။
ငါတို့သွေးက ပြခဲ့တဲ့ အဲသည် အသိတရားနဲ့ ရှေ့ကို ချီတက် သွားကြပါစို့။
Comments