Daw Suu banned from Martyrs' day gathering

အာဇာနည်ဗိမ္မာန်သို့ ဒေါ်စုသွားခွင့်မရ
AFP သတင်းဌာန
ဇူလိုင် ၁၉၊ ၂၀၀၈

အာဇာနည်နေ့ အခမ်းအနားကျင်းပသည့်နေရာသို့ အခြားသူများ သွားရောက်ခဲ့ကြသော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ စနေနေ့က နေအိမ်တွင် အကျဉ်းချခံနေရသည်။ နှစ်ပတ်လည်အခမ်းအနားတက်ရောက်ရန် စစ်အစိုးရထံမှ ဖိတ်ကြားစာကို ဒေါ်စု ရရှိခဲ့ခြင်းမရှိကြောင်း သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံတဦးက ပြောသည်။

“ဒေါ်စုကို မဖိတ်ဘူးဗျာ။ ခါတိုင်းဆို အာဏာပိုင်တွေက ဖိတ်စာ ပို့နေကျပါ” ဟု ဆိုသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၊ အစိုးရအရာရှိအချို့၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များက ၆၁ နှစ်မြောက် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

သို့သော်လည်း နိုင်ငံခြားသံရုံးများသို့ ပေးပို့ထားပြီးဖြစ်သော အခမ်းအနားတက်ရောက်ရေး ဖိတ်ကြားစာများကို နိုင်ငံခြားရေး ၀န်ကြီးဌာနက အကြောင်းပြချက်မပေးဘဲ ပယ်ဖျက်ခဲ့သည်ဟု သံတမန်များက အတည်ပြုပြောပြကြသည်။

Comments