BBC on Martyrs' day of Burma

အာဇာနည်နေ့ ဘယ်လဲ

ဘီဘီစီ (မြန်မာပိုင်း)
ဇူလိုင် ၁၉၊ ၂၀၀၈

ဒီတပတ်အတွင်း မြန်မာသတင်းတွေထဲမှာ ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို ခါတိုင်းနှစ်တွေလို မဟုတ်တော့ဘဲ အကျဉ်းရုံး ကျင်းပခဲ့တဲ့ သတင်းကို ပြန်ပြောင်းကြည့်ရအောင်ပါ။ အာဇာနည်နေ့ရောက်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်အထိ အခမ်းအနား ကျင်းပဖြစ်မဖြစ် မသိခဲ့ရသလို ကျင်းပမယ်ဆိုရင်တောင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ပြုလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ကြပါဘူး။

ဒီလို မတင်မကျ ဖြစ်ခဲ့ကြရတာကလည်း အာဇာနည်နေ့ရောက်ဖို့ တပတ်တောင် မလိုတော့တဲ့ အချိန်ကျမှ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသံရုံးသံတမန်တွေကို အခမ်းအနား တက်စရာ မလိုတော့ဘူးလို့ မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့တဲ့အကြောင်း ရန်ကုန်မြို့ ဗြိတိန်နိုင်ငံသံရုံးက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး မာ့ခန်းနင်း (Mark Canning)က ဘီဘီစီကို အခုလို ပြောခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ လာမယ့် စနေနေ့ကျရင် ကျင်းပမယ့် အခမ်းအနားကို တက်ရောက်ဖို့ ပြင်ဆင်ထားတာပါ။ မနေ့တုန်းကတော့ ကျနော်တို့ သံတမန်အသိုင်းအ၀ိုင်းကို တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်တော့ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားလာပါတယ်။ သံတမန်တွေမပါဘဲ ဒီအခမ်းအနားကို ဆက်ကျင်းပမှာလား ဆိုတာကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် အရင်နှစ်တွေကလို ကျနော်တို့ ဒီအခမ်းအနားမှာ ပါဝင်ဖို့ အစီအစဉ် မရှိတော့ပါဘူး။"

အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေကိုလည်း ပြီးခဲ့တဲ့ ၂ ရက်ကမှ အခမ်းအနားတက်ဖို့ နှုတ်နဲ့ ဖိတ်ခဲ့တာပါ။ ဒီနှစ်အာဇာနည်နေ့ကို ခါတိုင်းနဲ့မတူဘဲ ရန်ကုန်မှာ အကျဉ်းရုံးကျင်းပတာဖြစ်သလို ဦးစီး ကျင်းပသူကလည်း ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီ ဖြစ်သွားပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေကိုတော့ ၀န်ကြီးဌာနတွေ နေပြည်တော် ပြောင်းသွားလို့ မြို့တော်စည်ပင်က ဦးစီးကျင်းပရတာလို့ လာဖိတ်ရင်းနဲ့ ပြောခဲ့ပါတယ် တဲ့။

အရင်တုန်းကဆို နိုင်ငံတော် အကြီးအကဲတွေ ကိုယ်တိုင်တက်ရောက်ပြီး နိုင်ငံတော်အခမ်းအနားအဖြစ်နဲ့ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ကို န၀တ၊ နအဖ ခေတ်မှာ ယဉ်ကျေးမှုဝန်ကြီး ၀န်ကြီး အဆင့်သာ တက်ခဲ့ရာက အခု မြို့တော်ဝန်သာတက်တဲ့အဖြစ် ရောက်လာပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အချိန်မှာ တနိုင်ငံလုံး ဥသြဆွဲ အလေးပြုခဲ့တဲ့ အစဉ်အလာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါတွေဟာ အာဇာနည်နေ့ကို မှေးမှိန်အောင် ကြိုးပမ်းတဲ့ လက္ခဏာတွေလို့ သုံးသပ်နေကြပါတယ်။ ဒီလိုဆိုရင် အစိုးရက ဘာကြောင့် မှေးမှိန်အောင် ကြိုးပမ်းတာပါလဲ။ ဂျပန်နိုင်ငံ ကန်တ (Kanda)တက္ကသိုလ် နိုင်ငံတကာ ယဉ်ကျေးမှုဆိုင်ရာဌာန ပါမောက္ခ ဒေါက်တာ အေးချမ်းကတော့ အချက် ၂ ချက်ကို ထောက်ပြသုံးသပ်ပါတယ်။

(photo:www.kuis.ac.jp)

"တချက်က ဘာလဲဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကို မှေးမှိန်အောင် လုပ်ချင်တာ ဖြစ်ဖို့များတယ်။

အဲ နောက်တချက်ကတော့ နိုင်ငံရေးသိပ္ပံ ရှုထောင့်က ကြည့်မယ် ဆိုလို့ရှိရင် political legacy လို့ ခေါ်တာပေါ့လေ။ နိုင်ငံရေး အမွေဆက်ခံမှုဆိုတာကို ဖြတ်တောက်ပစ်ချင်တာ ဖြစ်ပါလိမ့်မယ်။ သူတို့စိုက်ထူလိုတဲ့ နိုင်ငံရေး အစဉ်အလာဆိုတာက ၁၉၆၂ မှာ စတဲ့ နိုင်ငံရေးအစဉ်အလာပါ။ သူတို့က အတိတ်က မြန်မာနိုင်ငံသမိုင်းကိုလည်းပဲ ဒီအစဉ်အလာနဲ့ပဲ ရှုမြင်ဖို့ ကြိုးစားနေတယ်ဆိုတာ အတော်လေး ထင်ရှားနေတာပဲ။

ဘာကြောင့်လဲဆိုတာကတော့ အောင်ဆန်းဆိုတဲ့ နာမည်ကို လူတွေက တသသ ပြောနေကြလို့ပါပဲ။ ဆိုတော့ အောင်ဆန်းစုကြည်ဆိုရင်ပဲ အောင်ဆန်းဆိုတာ ပါနေပြီ။ အဲတော့ ဘယ်သူ့ရဲ့သမီးလဲ ဆိုတာကို လူတိုင်းသိတယ်။ ပြည်သူက ဗိုလ်ချုပ်ကို ချစ်ကြတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ ခုန ဒုတိယအချက်မှာပါတဲ့ ဆက်နွယ်မှု အမွေဆက်ခံမှု ဆိုတာက ဖြစ်လာတယ်။

အဲတော့ ဒါဟာ အဓိက အချက်ပါပဲခင်ဗျ။ ဒီ အောင်ဆန်းဆိုကို သူက ဖြုတ်ချင်တာ၊ အဲတော့ ဖြုတ်လို့မရဘူး။ လူတိုင်းက အောင်ဆန်းစုကြည်၊ အောင်ဆန်းစုကြည် ဖြစ်နေတဲ့အခါကျတော့ ဒီဟာက political legacy ဖြစ်လာတယ်လေ။ political legacy ဖြစ်လာတော့ ဒီ political legacy (နိုင်ငံရေး အမွေဆက်ခံမှု) ကို ဖြတ်တောက်ချင်တာ။"

Comments