ဆဲဗင်းဇူလိုင် သို့မဟုတ် သမိုင်းအပိုင်းအစများ
ကေ
ဇူလိုင် ၅၊ ၂၀၀၈
(မှတ်ချက် - ဘလော့ဂ်တခုမှ -07-07-07 သို့ သမိုင်းအပိုင်းအစများ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)
ဇူလိုင်လရောက်လာတာနဲ့ အလိုလိုနေရင်း သတိဆွဲနေမိတယ်။ ဒီလထဲမှာက သမိုင်းရက်စွဲတွေ တခုထက်မက ရှိခဲ့ဖူးတယ်လေ။ အပြင်ဘက်မှာ မုတ်သုံမိုးတွေက အသဲအမဲ ရွာနေတယ်။ အားလုံးရဲ့ ရင်ထဲမှာလည်း သမိုင်းဖြစ်ရပ်တွေက အခဲမကွဲသေးပါ။ ထူးထူးခြားခြား ဒီနှစ်မှာ ၇ တွေချည်း ထပ်နေသည်။
ဆဲဗင်းဇူလိုင်ဆိုတာကို ငယ်ငယ်ထဲက တောက်လျှောက် ကြားလာရသော်လည်း သမိုင်းမတင်နိုင်သေးတဲ့ သမိုင်းတခုမို့ နှလုံးသားချင်းသာ ဆင့်ကမ်းလာကြရတာ အခုထက်ထိ။
ကိုယ်တွေအတွက် instant Encyclopedia လည်းဖြစ်၊ instant History Book လည်း ဖြစ်ခဲ့တဲ့ အဖေ့ဆီကနေ အကြောင်းခြင်းရာတွေကို သိခဲ့ပေမဲ့ တကယ့်ခံစားချက်တွေကတော့ သူတို့ရဲ့ အိုမင်းလှပြီဖြစ်တဲ့ ဒဏ်ရာတွေမှာသာ တွေ့နိုင်ပေတော့မည်။
ဒီလိုနဲ့ အဖေ့ရဲ့ ၀ါညစ်ညစ် မှတ်တမ်းတချို့ကို ပြန်လှန်ကြည့်မိသည်။
xxxxxxxxxxxxxx
ဒီနေရာမှာ Union လို့ ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အအုံကြီး ရှိခဲ့ပါတယ်။
စေတနာရှင် သူဋ္ဌေးဦးညိုက လှူဒါန်းဆောက်လုပ်ခဲ့လို့ ၁၉၃၁ ခုနှစ်မှာ တကသ (တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ)၊ အင်္ဂလိပ်လိုတော့ RUSU (Rangoon University Students' Union) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံး တကသ ဥက္ကဋ္ဌက ကိုကျော်ခင် ဖြစ်ပါတယ်။ ၁၉၃၅-၃၆ ခုနှစ် မှာတော့ ကိုနု (၀န်ကြီးချုပ်ဟောင်းဦးနု)က ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး မစ္စတာရာရှစ် (၀န်ကြီးဟောင်း)၊ ကိုကျော်ငြိမ်း (ဒုဝန်ကြီးချုပ်ဟောင်း)၊ ကိုအောင်ဆန်း (လွပ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်)တို့ အမှုဆောင် ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဒုတိယကျောင်းသားသပိတ်ကြီး မှောက်ခဲ့ပီး သပိတ် ကာလအတွင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်တွေ သူရဲကောင်းတွေ အာဇာနည်တွေ မွေးထုတ်ခဲ့တဲ့ သမိုင်းဝင်နေရာကြီး ဖြစ်ခဲ့ပါတယ်။
xxxxxxxxxxxxxx
ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်ရိပ်သာလမ်းဘက်အပေါက် ၀င်ဝင်ချင်း လက်ယာဖက်က မြေကွက်လပ်ကြီး မြက်ရိုင်းပင်ရှည်တွေ ဖုံးလွှမ်းလို့။ ဗိုလ်အောင်ကျော်အထိမ်းအမှတ် ကျောက်တိုင်ငယ်လေးသာ အထီးတည်း။ မန္တလေးဆောင်မှာ ကျောင်းတက်ခဲ့တဲ့ တလျှောက်လုံး မထိတထိ ငေးမောရင်း ပုံဖော်ကြည့်နိုင်ရုံသာ။
xxxxxxxxxxxxxx
သမဂ္ဂအဆောက်အဦးကြီးဟာ အလျားပေ ၂၀၀ ခန့် အနံပေ ၅၀ ခန့်ကျယ်တဲ့ နှစ်ထပ်အုတ်တိုက် အဆောက်အဦး ဖြစ်ပါတယ်။ အလယ်မှာ အ၀င်တံခါးပေါက်ကြီးရှိပြီး သံတံခါးတယ်ကာတံခါးအပေါ် လေ၀င်ပေါက်ကို သံပန်း တပ်ထားပါတယ်။ သံပန်းမှာ ဦးညို၏အလှူ ဆိုတာကို လက်မ၀က်ခန့် လေးထောင့်သံချောင်းများနဲ့ GIFTED BY U NYO လို့ ပုံဖော်ထားပါတယ်။ အဲဒီတံခါးက ၀င်လိုက်ရင် ဘယ်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ ကြောင်လိမ်လှေကား ရှိပါတယ်။ ညာဘက်မှာတော့ သန့်စင်ခန်း ရှိပါတယ်။ ဒီတံခါးခန်းက ဆင်ဝင်သဘောမျိုး ရှေ့ထွက်နေတာပါ။ အဲသည်ကကျော်ပြီး အထဲဘက် ၀င်လိုက်ရင်တော့ ကော်ရစ်ဒါစင်္ကြံလမ်းကို တွေ့ရမယ်။ ဒီစင်္ကြံက တောက်လျှောက်ပါ။ ဘယ်ဘက်ကို သမဂ္ဂစားသောက်ဆိုင် မီးဖိုခန်းအထိနဲ့၊ ညာဘက်မှာ သမဂ္ဂဆံပင်ညှပ်ဆိုင်အထိ ရှိပါတယ်။
အောက်ထပ်ကို ငါးပိုင်းခွဲထားပါတယ်။ ဘယ်ဘက်ကစရင် အစွန်ဆုံးမှာ ပေ၅၀ ပေ၃၀ခန့် ကျယ်မယ့် မီးဖိုခန်း၊ အဲသည်နောက် နှစ်ဘက် ကော်ရစ်ဒါရှိတဲ့ အလျားပေ ၆၀ အနံ ပေ၄၀ခန့် ရှိပြီး၊ ဆက်တီအမြင့်ပုံစံ လေးယောက်ထိုင် စားပွဲကုလားထိုင်စုံ ၁၂စုံခန့် ဆံ့တဲ့ သမဂ္ဂ စားသောက်ဆိုင်ခန်း(လူငါးဆယ်လောက် တပြိုင်တည်း သက်တောင့်သက်သာထိုင်နိုင်မည်)၊ အဲဒီနောက် သတင်းစာများ ထားတဲ့အခန်း၊ နောက် သမဂ္ဂ အိမ်တွင်းအားကစားခန်း၊ ဒီနောက်မှာ မီးဖိုလောက်ပဲကျယ်တဲ့ ဘကြီးကံသိန်းရဲ့ သမဂ္ဂဆံပင်ညှပ်ဆိုင် ရှိပါတယ်။ ဒါက အောက်ထပ်ရဲ့ အနေအထားပါ။
xxxxxxxxxxxxxx
အင်း.. အဖေက အတိုင်းအတာတွေ အရွယ်တွေကို အသေးစိတ်တွေ ရေးထားပေမဲ့ သိပ် ပုံမပေါ်သလိုပဲ။ ဟော .. ဒီပုံပဲ.. ဒီပုံပဲ..။ ပုံနဲ့ တိုက်ကြည့်မှပဲ ပိုပြီးမြင်လာတယ်။ ယူနီယံကြီးရဲ့ခမ်းနားပုံက တကယ်ပါပဲ...။
xxxxxxxxxxxxxx
အလယ်လမ်းက ကော်ရစ်ဒါရောက်တဲ့အခါ ညာဘက်မှာ ဥက္ကဋ္ဌအခန်းနဲ့ အတွင်းရေးမှူးအခန်း ၂ခန်း ရှိပါတယ်။ ဒီ ၂ ခန်းဆုံးတော့ ကော်ရစ်ဒါဆုံးပြီး စာကြည့်တိုက်ခန်းမ အ၀င်တံခါးကို တည့်တည့် ရောက်ပါတယ်။ ဒီစာကြည့်တိုက်ခန်းကလည်း အစည်းအဝေးခန်းမလောက်ပဲ ကျယ်ပီး စစ်မဖြစ်မီက နိုင်ငံရေးစာအုပ် အစုံဆုံးလို့ နာမည်ကြီးတဲ့ စာကြည့်တိုက်ပါ။ စစ်အတွင်းမှာ စာအုပ်များနဲ့ ဘီရိုတွေ ပျက်စီးသွားလို့ ၁၉၅၇ ခုနှစ်လောက်မှာမှ အဲဒီအချိန်က ၀န်ကြီးချုပ်ဦးနု ဦးဆောင်ပြီး စာကြည့်တိုက် ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေ အမြောက်အမြား လှူခဲ့ပြီး စာကြည့်တိုက်အသစ် ပြန်လုပ်ဖြစ်ပါတယ်။ ဒီအခန်းရဲ့ အနောက်ဘက်နဲ့ တောင်ဘက်မှာလည်း အစည်းအဝေးခန်းမရဲ့ အပြင်မှာလို L ပုံ ကော်ရစ်ဒါကျယ် ရှိပါတယ်။ မျက်နှာစာနှစ်ဘက်ကို လှည့်လို့ပေါ့။
စစ်ကြိုခေတ် ဒါမှမဟုတ် လွပ်လပ်ရေးကြိုးပမ်းမှုခေတ်က ကျောင်းသားခေါင်းဆောင်များ ဒီသမဂ္ဂထဲမှာ ဘယ်လို လှုပ်ရှားသွားလာ၊ နေထိုင်ခဲ့ကြတယ် ဆိုတာတော့ မမှီလိုက်ပါ။ တခါတရံ ဘကြီးကံသိန်းကို မေးကြည့်မှ ၀ိုးတ၀ါး သိရတတ်ပါတယ်။ ၁၉၅၂ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် ဆယ်စုနှစ် အတွင်းမှာတော့ သမဂ္ဂနဲ့ အဆက်မပြတ်ခဲ့တဲ့အပြင် ကိုယ်တိုင်ပင် ၀ိညာဉ်တွယ်ခဲ့ရတာမို့ သမဂ္ဂရဲ့ သရုပ်ကို ဖမ်းမိ ဆုပ်ကိုင်မိပါတယ်။
xxxxxxxxxxxxxx
တချိန်တခါက တက္ကသိုလ်ကျောင်းကြီးနဲ့ ကျောင်းတော်သားကြီးများရဲ့ အရှိန်အစော်တွေက ခမ်းနားလှပါလား။ အဖေတို့တွေ ဒီကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဘယ်လောက်တောင် တန်ဖိုးထား.. စွဲလန်းကြမလဲနော်...။
xxxxxxxxxxxxxx
ဒီစာအုပ်ဆိုင်နေရာမှာ စစ်ကြိုခေတ်ဦးပိုင်းက ဦးကြီးဖာနီဗယ်ရဲ့ Burma Book Club ရှိခဲ့ဖူးပြီး အဲဒီကလပ်ကပဲ နိုင်ငံခေါင်းဆောင်ဖြစ်မယ့် ကျောင်းသားတွေ ဖတ်သင့်တဲ့ စာအုပ်မျိုးစုံ တင်ပီး ရောင်းခဲ့ရုံမက တို့ဗမာအစည်းအရုံး စတင် တည်ထောင်သူတစ်ဦးဖြစ်တဲ့ မီးတုတ် သခင်သိန်းမောင်ကြီးကို မွေးထုတ်ခဲ့တာပါ။
xxxxxxxxxxxxxx
ကြည့်ပါဦး.. ဖာနီဗယ်ဆိုတာ အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်ရေးစနစ်နဲ့အတူ အမှုထမ်းရအောင် ဗမာပြည်ကို ရောက်လာရင်း .. ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုကို တဖက်တလမ်းက ပံ့ပိုးခဲ့တာ... ဘယ်လောက် အတုယူဖို့ကောင်းတဲ့ ပညာရှင်ကြီးတွေလဲ..။ သမိုင်းသုတေသနတွေလုပ်ရင်း ဗမာပြည်ကိုချစ်လွန်းလို့.. ခေါင်းချဖို့ကြံပေမဲ့လည်း.. ပညာရှင်တွေကို တန်ဖိုးထားရကောင်းမှန်းမသိ ၀န်တို အညှိုးကြီးမှုတွေကြောင့် ... စွန့်ခွာသွားခဲ့ရသူ...။
xxxxxxxxxxxxxx
သမဂ္ဂစားသောက်ဆိုင်မှာ ခမ်းနားလွန်းလို့ အစက မ၀င်ရဲပါ။ နောက်တော့လည်း တခြားဆိုင်များမှာ ပေးရတဲ့ အဖိုးအခနဲ့ပင် ကျောင်းသားတွေ ခမ်းခမ်းနားနား စားသောက်ရအောင် စီမံထားတာလို့ သိရပါတယ်။ စားသောက်ဆိုင်ရဲ့ ကုလားထိုင်စားပွဲတွေက ဆက်တီခပ်မြင့်မြင့်ပုံစံ ဖြစ်ပါတယ်။ စားပွဲမှာ မှန်ခင်းထားပြီး ကုလားထိုင်တွေကလည်း ပါလစ်ရောင် တောက်နေတာပါ။
ဆိုင်ရဲ့ အခမ်းအနားဆုံးအရာကတော့ ထိပ်ဘက်နံရံမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဧရာမ ပန်းချီကားကြီးပါ။ ဆရာကြီးဦးဘကြည်လက်ရာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ရဲဘော် ယူနီဖောင်းနဲ့ ဆက်တီကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားကြီးပါ။ ဒီပုံကြီးကပဲ ကျနော်တို့ကို ဆိုင်ခန်းထဲမှာ အိနြေ္ဒရရနေထိုင်အောင် ဖန်တီးထားတယ်လို့ ထင်ပါတယ်။ ဘေးဘက်နံရံမှာ ပန်းချီကားတချို့ ချိတ်ထားပြီး ကျနော်တို့ရောက်စမှာ အနည်းငယ်ပဲ ရှိပါတယ်။ နောက်ပိုင်းမှာ သမဂ္ဂစားသောက်ဆိုင်ကို တင်ဒါရတာက ပန်းချီဦးနန်းဝေဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကားကြီးကလွဲလို့ ကျန်ပုံတွေနေရာမှာ သူ့ပန်းချီကားတွေနဲ့ အစားထိုးပြီး ချိတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကားကြီးကတော့ သမဂ္ဂအဆောက်အဦးကြီး ဗုံးခွဲခံရတဲ့အချိန်မှာ တပါတည်း ပါသွားတဲ့အထိ ဒီနေရာမှာ စွဲစွဲမြဲမြဲရှိခဲ့ပါတယ်။
နောက်တခန်းဖြစ်တဲ့ စာဖတ်ခန်းထဲမှာလည်း သမဂ္ဂဥက္ကဌဟောင်း ကိုနု၊ ကိုဗဆွေ၊ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့ ပုံတွေအပြင် ဗိုလ်အောင်ကျော်ရဲ့ ဓာတ်ပုံကြီးများ ချိတ်ဆွဲထားခဲ့ပါတယ်။ ကျနော်တို့က ဒီပုံတွေကြည့်ပြီး ဘကြီးကံသိန်းကို မေးတတ်ပါတယ်။ ဘယ်သူက ဘယ်လိုလဲပေါ့လေ။
“အို .. ကိုနုကတော့ ဘုရားလောင်းပဲ။ ဥပုသ်နေ့တိုင်း ရွှေတိဂုံကုန်းတော်ကို တက်တယ်။ ဘကြီးလည်း ခေါ်ခေါ်သွားလို့ လိုက်ရတယ်။ တခါကတော့ ကိုအောင်ဆန်းလည်းပါတယ်။ ကိုနုက အုတ်ခဲတခု ရှေ့မှာချပြီး မျက်လုံးမှိတ်ရွတ်နေပါတယ်။ ကိုအောင်ဆန်းက ခင်ဗျား အုတ်ခဲကြီး ကြည့်ရွတ်နေလို့ လွပ်လပ်ရေးမရဘူးဗျ.. ဆိုပြီး အုတ်ခဲကို ယူလွှင့်ပစ်တယ်။ ကိုနုကတော့ တယ်ခက်တဲ့ အောင်ဆန်းပဲ ဆိုပြီး ရယ်နေတယ်။ ကိုအောင်ဆန်းက ဂွကျတယ်၊ ဆံပင်ညှပ်ဆိုင်က ဆုံလည်ကုလားထိုင်ပေါ်တက်ထိုင်လို့ ဆံပင်ညှပ်မယ်ထင်ပီး ခြုံထည်ခြုံကာမှ ခင်ဗျားတို့ကို ဘယ်သူက ဆံပင်ညှပ်မယ်ပြောလို့လဲ ဆိုပြီး ဟောက်ချင်ဟောက်တာ။ ဒီ့ပြင် ဆံပင်ညှပ်မယ့်သူ လာလည်း ထမပေးဘဲ စာပဲ မဲဖတ်ချင် ဖတ်နေတာ..။”
“ဘကြီး ဦးကျော်ငြိမ်းကရော ဘယ်လိုလူမျိုးလဲ။”
“ဟာ .. သူကတော့ လှစ်လှစ်ကလေးရယ်။ ကိုဗဆွေနဲ့တော့ တခြားစီပဲ..။”
“ကိုဗဟိန်းကရော..ဘယ်လိုလဲ။”
“ဟာ .... သူကတော့ မင်းသားပဲ။”
ဒီလိုနဲ့ ဘကြီးကံသိန်းဆီက မှတ်ချက်တွေဟာ အပြင်က ဒဂုန်တာရာတို့ တခြား ဝေဖန်ရေးသားသူတွေနဲ့ မတိမ်းမယိမ်း ဖြစ်နေတတ်ပါတယ်။
xxxxxxxxxxxxxx
မြင်ယောင်ကြည့်မိတယ် .. အဖေတို့တွေ နယ်က တက်လာလာချင်း ခမ်းနားလှတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ အူကြောင်ကြားလေးတွေ ဖြစ်နေမှာပေါ့....။
သမိုင်းဝင် တက္ကသိုလ်ကျောင်းသားကြီးတွေအကြောင်းက သူတို့အတွက် တထောင့်တည ပုံပြင်တွေတောင် ဖြစ်ချင်ဖြစ်နေခဲ့မှာ...။
xxxxxxxxxxxxxx
ဗမာ့လွတ်လပ်ရေး ဗိသုကာတွေကို သည် တကသ ကပင် မွေးထုတ်ခဲ့တာပါ။
“သြော် .. အထက်ဗဟိုက၊ ပျက်ပြိုလို့ ကျခဲ့တဲ့၊ ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်၊ တက္ကသိုလ် သဘင်သမဂ္ဂ အသင်းဆီက၊ အဆက်သမတ သနင်းတွေနဲ့၊ တြင်းန၀င်းကောင်းကျိုးအထွေထွေ၊ တက်ကွအတင်းဟေ့လို့ အကွက်ကျကျနင်းပီး၊ ခက်သမျှရှင်းပေမည့်၊ သတင်းဒေါင်းအိုးဝေ...။”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကပင် ညွှန်းဆိုခဲ့ရသော သမဂ္ဂအသင်းပါပေ။
“ရွှေဒေါင်းအိုးဝေမဂ္ဂဇင်းဆီက၊ အဆက်မကင်းတဲ့ သံသရာမှာ၊ တပည့်အရင်းရဲ့ စံပမာရွယ်ရည်ရှာတဲ့၊ အယ်ဒီတာမောင်ညိုမြရဲ့ပြင်၊ သြောာ် ဗမာ့အတွက်ဖြင့်၊ မရသမျှ ပွက်မကွဆိုတဲ့၊ သမဂ္ဂ ဥက္ကဋ္ဌ မောင်ဘဂျမ်းတို့ကို၊ ဓဇဂ္ဂသုတ်အရ၊ အောင်တဖွဖွမန်းရာက၊ အောင်ဇယပန်း ညောင်သပြေနုချိန်မတော့၊ နောင်မြန်မာ့စတမ်း မောင်ရွှေနုရယ်လို့၊ အောင်ဇေယျတု မြွတ်မဆုံးနိုင်တဲ့ပြင်၊ တက်ဘုန်းကြီး ဆရာသိန်းဖေကလေးတို့ကိုဖြင့်၊ ယိမ်းမသွေ ကိန်းသေ ရွေးလိုက်ကဲ့၊ အရေးရှိလျှင် အရာပေါ်ကြပေတော့...” ဆရာကြီးမှိုင်းက နိမိတ်ဖတ်ပြီး တပ်လှန့်ခဲ့ပါတယ်။
ဆရာကြီးက တိုင်းပြည်လွတ်လပ်ရေးအတွက် တက္ကသိုလ်သမဂ္ဂဆီက ခေါင်းဆောင်များကို မျှော်မှန်း အားရခဲ့ပါတယ်။ ဆရာကြီးမျှော်မှန်းတဲ့အတိုင်းလည်း တကသ ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့ရာ ဋ္ဌာနဖြစ်ခဲ့ပါတယ်။
xxxxxxxxxxxxxx
အင်း .. လွတ်လပ်ရေးအသီးအပွင့်တွေ ထွားပွင့်ခဲ့တဲ့ မြေဆီမြေနှစ် တကယ့် ဘူမိနက်သန် နေရာမှန်ကြီးပဲနော်။
xxxxxxxxxxxxxx
၁၉၆၂ ဇူလိုင်လ (၇) ရက်နေ့ အဲဒီနေ့ဟာ စနေနေ့ပါ။ နေ့လည် ၁ နာရီမှာ သမဂ္ဂအစည်းအဝေးခန်းမမှာ အစည်းအဝေး ကျင်းပပါတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။ အခမ်းအနားမှူးကတော့ ကိုသာဒိုးလား၊ ကိုလှရွှေလား မမှတ်မိတော့ပါ။ အစည်းအဝေးမှာ ကျောင်းသားထု တခဲနက် ဆုံးဖြတ်တာတွေထဲက မှတ်မိသလောက်ကတော့... ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်၊ စစ်တပ်က အာဏာ သိမ်းတာကိုလည်း ကန့်ကွက်တယ်၊ တက္ကသိုလ် အက်ဥပဒေများကို ရုတ်သိမ်းတာကိုလည်း ကန့်ကွက်တယ် စတာတွေပဲ ဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာ သမဂ္ဂရှေ့ကစပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံများ ကြွေးကြော်ကာာ လှည့်လည်ြပီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြပါတယ်။
xxxxxxxxxxxxxx
တနာရီလောက် ကစားပြီး ပြန်လာရေချိုးပါတယ်။ ရေချိုးပြီး အခန်းရှေ့မှာ တဘက်နဲ့ ရေသုတ်နေတုန်းမှာပဲ Main (ဗဟိုဆောင်များ)ဘက်က အတွဲလိုက် ဆွဲပစ်လိုက်တဲ့ သေနတ်သံတွေကို ကြားရပါတယ်။ ရပ်လိုက် ပစ်လိုက်ပဲ။ ခဏကြာ ဗဟိုဆောင်ဘက်မှ ပြေးလာသူများကို မြင်ရပါတယ်။ အော်လည်း လာကြပါတယ်။ အ၀ိုင်းလေးနားမှာ စစ်တပ်က ပစ်ကုန်ပြီ တဲ့။ အ၀ိုင်းလေးနားမှာဆိုရင် အဓိပတိလမ်းတံခါးမကြီး၊ ပြီးတော့ တကသ နဲ့ မန္တလေးဆောင်၊ အမရဆောင်ပေါ့။ တကသ မှာ ပြဿနာတော့ ဖြစ်ပြီထင်ရဲ့။
xxxxxxxxxxxxxx
နောက်တနေ့ (ဇူလိုင် ၈ ရက်) နံနက်လင်းအားကြီးမှာတော့၊ အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကြောင့် အားလုံး လန့်နိုးကုန်ပါတယ်။ အခန်းတံခါးပင် ၀ုန်းကနဲ ပွင့်သွားပါတယ်။ တံခါးက အောက်မင်းတုန်း ချရုံချထားလို့ ပွင့်တာဖြစ်ပေမဲ့ အဲဒီလိုပွင့်ရလောက်အောင် အတော်ကြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ပုံရပါတယ်။ ကျနော်တို့လည်း ပြန်မအိပ်ဖြစ်တော့ပါဘူး။
xxxxxxxxxxxxxx
သြော် ဇူလိုင် ၇ ရက်နဲ့ ၈ ရက်ကို ခွဖြစ်ခဲ့တာပဲ။ ၇ ရက်နေ့မှာ ၀င်စီးပီး ၈ရက်နေ့မှာမှ ဖောက်ခွဲလိုက်တာကိုး။ ကြိုတင်ကြံစည်ထားတာနေမယ်နော်။ အိုး..ကြည့်ပါဦး၊ ပြိုကျ ပျက်စီးသွားတဲ့.. တကသ.. ယူနီယံ အဆောက်အဦကြီး...။
xxxxxxxxxxxxxx
ည (၇) နာရီတွင်တော့ ရေဒီယိုက ဗိုလ်နေ၀င်းရဲ့ တိုက်ရိုက် အသံလွှင့်ချက်ထွက်ပေါ်လာပါတယ်။ ကျနော်တို့ မှီလိုက်သလောက် ကြားလိုက်သလောက်.... “ ကျွန်တော် တိုင်းပြည်တာဝန် ယူသည့်အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမယ့် တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်..” တဲ့...။
“အခုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစား တယ်ဆိုတာ ရိပ်စားမိပါတယ်။ ကျွန်တော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ်နေကြတယ်ဆိုရင်တော့ ကျွန်တော် နောက်ထပ် ဘာမျှမပြောလိုပါဘူး၊ ဓားကိုဓားချင်း လှံကိုလှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်..” တဲ့။
ဓားကိုဓားချင်း လှံကိုလှံချင်း ဆိုတာ ရှေးခေတ်သူရဲကောင်းများ စီးချင်းထိုးတဲ့ ဟာမျိုးဗျ။ အခု ခင်ဗျားကြီးက အထက်စီးကလည်း လုပ်သေး၊ လူမိုက်စကားလည်းပြောသေး၊ ဓားကိုဓားချင်း လှံကို လှံချင်းတဲ့လား....။
ကျနော့်အသည်းမှာ ဒီစကားဟာ အမှတ်အသား ထင်ပါတယ်။ ကျနော်တင်မဟုတ်ပါဘူး၊ ဓားကိုဓားချင်း လှံကိုလှံချင်း ဆိုတဲ့ စကားရှစ်လုံးဟာ၊ ကျနော်တို့ခေတ်မှာ ဒါမှမဟုတ် ၆၀ပြည့်နှစ်လွန်ပိုင်း လူငယ် ကျောင်းသားတွေရဲ့ အသည်းမှာ အမြဲနာနေမယ့် အမှတ်အသားဖြစ်နေမှာ မလွဲပါ။ မကြာခင် တချိန်မှာတော့ အဲဒီအသဲက အမှတ်အသားကို မှတ်တမ်းတင်ကြပါလိမ့်မယ်။ ကြေအောင် ချေကြပါလိမ့်မယ်..။
xxxxxxxxxxxxxx
ကြည့်ပါဦး..အဖေ့ရဲ့ နာကြည်းမှုတွေ။ ကိုယ့်ရင်ထဲကိုတောင် ပဲ့တင်လာတယ်။ သူတို့ ဘယ်လောက်တောင် ငိုညည်းခဲ့ကြမလဲနော်။
xxxxxxxxxxxxxx
တရားဝင်ကြေညာတဲ့ သေသူစာရင်းဟာ ၁၆ ဦးနဲ့ ဒဏ်ရာရသူ ၄၁ဦး ဖြစ်ပါတယ်။ နောက်နှစ်မှာ ကျနော်တို့ စာရင်းကောက်ကြည့်တော့ အပြည့်အစုံ မဟုတ်သေးတာတောင် ၁၁၄ ဦး ရှိပါတယ်။ ဒဏ်ရာရသူ စာရင်းကလည်း ၁၀၀ ကျော်ပါတယ်။ ဒဏ်ရာရသူနဲ့ သေသူ မတိမ်းမယိမ်းရှိနေတာကို ကြည့်ရင် ပစ်ကတည်းက သက်သက်ညှာညှာ ပစ်တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဗိုလ်နေ၀င်း နန်းဆင်းမိန့်ခွန်းမှာ ပြောသလို ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ မှန်အောင်ပဲ ပစ်တယ် ဆိုတဲ့စကား သိပ်မှန်ပါတယ်။
xxxxxxxxxxxxxx
တော်လှန်ရေးကြီးကို အသက်ဆက်ပေးခဲ့တဲ့သူတွေ ခုဆိုရင်တောင် ဘယ်နှစ်ယောက်မြောက်ခဲ့ပြီလဲ။ မဝေးတော့တဲ့ တချိန်မှာတော့ မှတ်တမ်းတင် အလေးပြုကြရတော့မှာပါ။
xxxxxxxxxxxxxx
အဲသည်တုန်းက ဘကြီးကံသိန်းကို မေးသလိုပဲ ၇၀ပြည့်နှစ်လောက်မှာ တက္ကသိုလ်မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲတခုကို တက်ရင်း ဘကြီးကံသိန်းကို အပန်းဖြေရိပ်သာထဲက ဆံပင်ညှပ်ဆိုင်ထဲမှာ တွေ့လို့ ဇူလိုင် ၇ ရက် ညအကြောင်း မေးကြည့်မိပါတယ်။ အဲဒီညက ၁၁ နာရီလောက်မှာ စစ်တပ်က စစ်ဗိုလ်တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့ နာမည်တွေ ခေါ်ပြီး လက်ကိုင်အသံချဲ့စက်တွေနဲ့ လှမ်းအော်ပါတယ်။ သမဂ္ဂအဆောက်အဦထဲမှ မိသားစုတွေနဲ့အတူ ထွက်ပေးဖို့ပါ။ ဦးကံသိန်းနဲ့ ဦးနန်းဝေတို့က အပြင်မှာ ညကြီးသန်းခေါင်မို့ ပစ္စည်းတွေသယ်ဖို့ ကားငှားမရနိုင်တာကြောင့် မနက်မှ ထွက်ပါရစေလို့ တောင်းပန်ကြပါတယ်။
စစ်တပ်က ပစ္စည်းတွေယူဖို့မလို လူချည်းပဲထွက်ရမယ်၊ ဦးကံသိန်းနဲ့ ဦးနန်းဝေမိသားစု မှန်မမှန် လူစာရင်းကိုလည်း စစ်ဆေးရမယ်လို့ ပြောပါတယ်။ ယူနီယံထဲမှာ မသမာသူတွေ ခိုအောင်းနေနိုင်လို့ အပြတ်ရှင်းမယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ဦးနန်းဝေလည်း သူ့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားတွေထားခဲ့ပြီး မိသားစုခြေလွတ်လက်လွတ်ထွက်ခဲ့ကြရပါတယ်။ ဦးကံသိန်းလည်း ဆံပင်ညှပ်ဆိုင်က မှန်ကြီးတွေတောင် မသယ်ရဘဲ လူလွတ် ထွက်ခဲ့ရတာပါပဲ။ ဦးကံသိန်း ပြောတာကတော့ အထဲမှာ ခိုအောင်းနေသူဆိုတာလည်း မရှိပါဘူးတဲ့။ သူတို့ထင်သလို မြေအောက်ခန်းတွေ ဘာတွေလည်း မရှိဘူး ဆိုတာလည်း လူလေးတို့အသိပဲ လို့ပြောပါတယ်။ လူလေးတို့က သိပေမဲ့ မသိတဲ့သူက မသိဘူးပေါ့ ဘကြီးရယ်။ ဒါကြောင့်လည်း သမဂ္ဂအထဲဝင် မိုင်းကပ်ပီး ဇူလိုင်လ (၈)ရက်နေ့ နံနက်လင်းအားကြီးမှာ ကျောင်းသားထုပိုင်ဆိုင်တဲ့ ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်ပါတော့တယ်။
xxxxxxxxxxxxxxxx
တိုက်တိုက်ဆိုင်ဆိုင်နော်.. အဖေလည်း အဲဒီ ဘကြီးကံသိန်းဆိုတာနဲ့ ဒီလောက် နှစ်တွေကြာမှ ပြန်တွေ့ပြီး မေးဖြစ်ခဲ့တာ..။
xxxxxxxxxxxxxx
၁၉၅၆ ခုနှစ်က တကသ ဖွဲ့စည်းခဲ့တာ (၂၅) နှစ်မြောက်ဖြစ်လို့ တကသ ငွေရတုသဘင် ကျင်းပခဲ့ကြတာတွေကို ပြန်လည်မြင်ယောင်လာမိပါတယ်။ အဲဒီတုန်းက ပွဲလမ်းသဘင်တွေက အဓိပတိလမ်းမတလျှောက်နဲ့ ၀ိဇ္ဇာခန်းမရှေ့မြက်ခင်းပြင် သည်နေရာတွေဟာ ပွဲခင်းပေါ့။ အဲဒီစင်တွေပေါ်မှာ တင်တဲ့ ဇာတ်တွေဟာ တကသ အပေါ်ထပ်မှာ ဇာတ်တိုက်ကြတာပေါ့။ အပေါ်ဘက် စာကြည့်တိုက်ခန်းဘက်မှာ စန္ဒယားကြီးတလုံးချပြီး သီချင်းတိုက်ကြ အကတွေ သင်ကြနဲ့ စည်ကားခဲ့တာတွေကို မြင်ယောင်ကြားယောင်လာပါတယ်။
“ရွှင်မြူး .. ရွှင်မြူး ကြည်နူးပျော်စရာ သာယာ..သာယာ အေးမြကာ ပွဲ..ပွဲတော်မှာ နွှဲ..နွှဲပျော်ကာ ဒို့သမဂ္ဂရဲ့ ငွေရတုသဘင်မှာ....”
ထိုစဉ်က..သာယာခဲ့ပါဘိချင်း.......။
xxxxxxxxxxxxxx
ဤသမဂ္ဂ၏ ကြောင်လိမ်လှေကားမှာ တက်ကာဆင်းကာ ပျားပန်းခပ် လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေ သမဂ္ဂ လက်ဘက်ရည်ဆိုင်မှာ စုဝေး၍ လက်ဘက်ရည်သောက်ရင်း ငြင်းကြ ခုံကြသည်များကို နောင်ဘယ်အခါများမှ တွေ့ရတော့မှာလဲ..။
xxxxxxxxxxxxxx
ဒါ .. အဖေတို့ တကသခေတ်က အုပ်စုဓာတ်ပုံလေးလေ။ သူ့ခေတ် သူ့သမိုင်းနဲ့ သူတို့ရင်ခုန်သံတွေ ဒီ သမဂ္ဂအဆောက်အဦးကြီးတ၀ိုက် ဘယ်လောက်တောင် လှိုင်းထခဲ့ကြသလဲမသိ .. အဖေရေ..။ ဒီလိုပုံစံမျိုး မဟုတ်တောင် တနည်းနည်းနဲ့တော့ ကျောင်းသားလူငယ်တွေ စုဝေးကြဦးမှာပါ...။ လူထုဒေါ်အမာက ပြောတယ် “လူ့အညွှန့်ဆိုတာ .. ချိုးလို့ မရပါဘူး” တဲ့....။
Comments