အမေရိကန်ကို စားစရာသယ်လာမယ်ဆိုရင်


အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

ချမ်းမြေ့အိမ်
ဇူလိုင် ၈၊ ၂၀၀၈

ပြည်ပရောက်နေကြတဲ့ မြန်မာတွေ၊ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ ကာရာအိုကေ စီဒီဓာတ်ပြားတွေအပြင် ဆီးထုပ်၊ ချိုချဉ် လက်ဖက် စတဲ့ အစားအစာတွေကို လူကြုံနဲ့ ထည့်ပေးဖို့၊ စာတိုက်ကနေ ပို့ပေးဖို့ ရွှေပြည်တော်က ဆွေမျိုး၊ မိတ်ဆွေတွေကိုလည်း လှမ်းမှာတတ်ကြပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် မြန်မာပြည်ကို ပြန်လည် လည်ပတ်တဲ့အခါမှာလည်း စားစရာတွေ တနင့်တပိုး အပင်ပန်းခံ သယ်လာတတ်ကြပါတယ်။

အဲ ... အမေရိကလည်းရောက်ရော လေဆိပ်မှာ ဟိုစားစရာတွေ အသိမ်းခံရ၊ ဒီပစ္စည်းတွေ အလွှင့်ပစ်ခံရနဲ့ အဲဒီအခါကျမှ သယ်လာပေးတဲ့သူရော၊ လူကြုံမှာတဲ့သူတွေပါ စိတ်မကောင်း ဖြစ်ကြရတယ်။ တချို့ စိတ်ထားမကြီးတဲ့သူတွေဆိုရင် အထင်လွဲကြ၊ အခင်အမင်တွေပါ ပျက်ကြရတဲ့အထိ ဖြစ်ကြတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီ လူမှုရေးဒုက္ခတွေ မကြုံရအောင် ဒီဆောင်းပါးလေး ဖတ်ပြီးမှ မြန်မာပြည်က အစားအစာတွေကို မှာပါခင်ဗျား။ ကိုယ်တိုင်လည်း စိတ်ချလက်ချ သယ်လာပါခင်ဗျား။

အဦးဆုံး သတိပေးချင်တာက ပစ္စည်းတွေသယ်လာမယ့် ခရီးသည်တွေကိုပါ။ အမေရိကရောက်လို့ လေဆိပ်က အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ဗျူရိုဌာန (Customs and Border Protection) (CBP)မှာ သယ်ဆောင်လာတဲ့ စားစရာပစ္စည်းတွေနဲ့ ပတ်သက်လို့ ပြဿနာ တစုံတရာ ဖြစ်ပြီဆိုရင် လောလောဆယ် တာဝန်ယူဖြေရှင်းရမယ့်သူက ပစ္စည်းသယ်လာတဲ့ ခရီးသည်ကိုယ်တိုင်ပါ။ ပစ္စည်းမှာတဲ့သူ၊ လူကြုံထည့်ပေးလိုက်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် အားနာလို့ပဲဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် ပစ္စည်းတွေ သယ်ပေးရမယ်ဆိုရင် အဲဒီပစ္စည်းက ဘာလဲ၊ ဘာနဲ့လုပ်ထား ချက်ထားတာလဲ၊ အသားပါသလား စသဖြင့် မြန်မာပြည်မှာတည်းက လူကြုံထည့်ပေးတဲ့သူကို ရှေးမဆွ မေးခဲ့ပါ။ ဒါမှမဟုတ် ပစ္စည်းထုပ်တွေကို အားမနာဘဲ ကိုယ်တိုင်ဖြေကြည့်၊ စစ်ဆေးကြည့်ပါ။ အမေရိကရောက်မှ ပြဿနာတက်ပြီဆိုရင် အဲဒီလူကြုံတွေလည်း မကယ်နိုင်ပါဘူး။

နောက်တစ်ခုက အမေရိကန်ပြည်ထောင်စု လေဆိပ်ကို မဆင်းခင် လေယာဉ်ပေါ်မှာ ဝေပေးတဲ့ (CBP Form 6059B) ဆိုတဲ့ ခရီးသည်တိုင်း ဖြည့်စွက်ရတဲ့ အကောက်ခွန်ကြေညာပုံစံ (Customs Declaration Form) ပါ။ အဲဒီပုံစံ (Form)ကို ခရီးသည်တစ်ဦးထက်ပိုတဲ့ မိသားစု ဆိုရင် ဦးစီးတစ်ယောက်ကသာ တစ်စုံဖြည့်ရင် လုံလောက်ပါတယ်။ အဲဒီပုံစံထဲမှာပါတဲ့ အမှတ်စဉ် ၁၁ မှာ စားစရာပါသလားလို့ မေးထားပါတယ်။ ပဲကြီးလှော်တစ်ထုပ် ပါရင်ပဲ စားစရာပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ကျွေးတဲ့ အစာ မကုန်နိုင်လို့ သယ်လာရရင်လည်း အစာပါတယ်လို့ ဖြေရမှာပါ။ ဒါ့အပြင် လေယာဉ်ကွင်းက ၀ယ်လာတဲ့အစာဖြစ်ဖြစ်၊ ဒါကို အစာလို့ မှတ်ယူရပါလိမ့်မယ်။ လေယာဉ်ပေါ်က ကျွေးတဲ့အစာ၊ လေယာဉ်ကွင်းက ၀ယ်လာတဲ့အစာမို့ ပုံစံကမေးထားတဲ့အစာနဲ့ မပတ်သက်ဘူးလို့ ကိုယ်ဘာသာ အဓိပ္ပာယ်ဖော်ရင်တော့ မှားပါလိမ့်မယ်။ အစာပါတယ်လို့ ကြေညာဖို့ ပျက်ကွက်ခဲ့ရင် အမေရိကန်ဒေါ်လာ တစ်ရာကနေ တစ်သောင်းအထိ ဒဏ်တပ်ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံထဲကို သယ်လာလို့မရတဲ့ အစာတွေအကြောင်း ဆက်ကြရအောင်ပါ။ ယေဘုယျအနေနဲ့ မြန်မာပြည်ကနေ ကုန်းသတ္တ၀ါအသားတွေ သယ်လာလို့ မရပါဘူး။ ကုန်းသတ္တ၀ါအသား ဆိုရာမှာ ကြက် ဘဲကလွဲရင် အမဲ၊ ၀က်၊ သိုး၊ ဆိတ်၊ ဆတ်၊ ချေ(ဂျီ) အပါအ၀င် ခြေ၄ချောင်းသားတွေလို့ မှတ်ယူပါ။ အဲဒီအသားတွေဆိုရင် ချက်ထားတာပဲဖြစ်ဖြစ်၊ ကင်ထား ကြော်လှော်ထားတာပဲဖြစ်ဖြစ်၊ မချက်သေးဘဲ အခြောက်လှန်းထားတာပဲဖြစ်ဖြစ် ခွင့်မပြုပါဘူး။ အသား ဆိုရာမှာလည်း အသားတုံးပုံ ဖြစ်နေမှ မဟုတ်ပါ၊ အသားတုံးပုံမဟုတ်တဲ့ အမှုန့်၊ အရေခွံ၊ အဆီ၊ သွေးခဲ၊ သွေးမှုန့််၊ အရိုးခဲ၊ အရိုးမှုန့်၊ အကြောခြောက်တွေကအစ သယ်လာလို့မရပါဘူး။ ဒါကို အထူးသတိချပ်စေချင်ပါတယ်။ အသားကို အခြားပုံစံတစ်ခုခုအဖြစ် ပြုပြင်ပြောင်းလဲ ရောနှောထားရင်လည်း မရဘူး ဆိုတာ အမှတ်ရစေချင်ပါတယ်။

အခုလောလောဆယ် အာရှတိုက်က နိုင်ငံတချို့မှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် အဲဒီနိုင်ငံတွေကလာတဲ့ ကြက်၊ ဘဲ၊ ငှက်တွေနဲ့ ပတ်သက်တဲ့ အသား၊ အရိုး၊ ဥ (ဆားရည်စိမ်အပါဝင်)၊ အသည်းအမြစ်၊ အရေခွံ၊ အကြောတွေလည်း အစိမ်း အကျက် သို့မဟုတ် အခြောက် အားလုံး အသိမ်းခံရပါမယ်။ နောက်ပြီး အခု စက်တင်ဘာလမှာ တရုတ်လူမျိုးတို့ရဲ့ လမုန့်(moon cakes)စားတဲ့ ရာသီပွဲလေး ရှိပါတယ်။ တချို့လမုန့််ထဲမှာ ပဲယိုတွေနဲ့ ဋ္ဌာပနာထားတဲ့အပြင် ကြက်၊ ဘဲဥအနှစ်(အငန်စိမ်) အလုံးလိုက် ပါတတ်ပါတယ်။ အဲဒီဥတွေ၊ အသားနည်းနည်းရောထားတဲ့ လမုန့်တွေဆိုရင် အခုလောလောဆယ် ကြက်ငှက်တုပ်ကွေး မကင်းသေးတဲ့ နိုင်ငံက လာတာဆိုရင် အသိမ်းခံရမှာပါ။ အသားနဲ့ဥ မပါတဲ့ လမုန့်ဆိုရင် စစ်ဆေးကြည့်ပြီး ခွင့်ပြုပါတယ်။ နောက်ပြီး တရုတ်လူမျိုးတို့ အထူးတန်ဖိုးထားတဲ့ တနင်္သာရီကမ်းရိုးတန်းကလာတဲ့ ငှက်သိုက်(ဇီဝဇိုးငှက်အန်ဖတ်ခြောက်) တွေလည်း အသိမ်းခံရတတ်ပါတယ်။ ကြက်ငှက်တုတ်ကွေး လက်ရှိဖြစ်နေတဲ့ နိုင်ငံတွေ (ဥပမာ ထိုင်း၊ ဗီယက်နမ်၊ တရုတ်)က လာတဲ့ ငှက်သိုက်တွေလို့ ယူဆပြီး အသိမ်းခံရတတ်တာပါ။ ဒါကြောင့် တစ်ပေါင်ကို ဒေါ်လာထောင်ချီတန်တဲ့ ငှက်သိုက်တွေကို အာရှမှာ ကြက်ငှက်တုတ်ကွေး မပျောက်သေးမချင်း သယ်မလာကြပါနဲ့ဦးလို့ သတိပေးပါရစေ။

ကျနော်တို့မြန်မာနိုင်ငံကတော့ ကြက်ငှက်တုတ်ကွေး ကင်းပါတယ်လို့ ကြေညာထားပေမယ့်လည်း အခုနေအခါ မသယ်တာ အကောင်းဆုံးပါပဲ။ မကြာခင် ကြက်ငှက်တုတ်ကွေးတွေ အာရှတိုက်မှာ လုံးဝ ကင်းသွားပြီဆိုတဲ့အခါ ပြန် ခွင့်ပြုပါလိမ့်မယ်။

ပင်လယ်စာတွေအကြောင်း ဆက်ပါမယ်။ ယေဘုယျအနေနဲ့ ပင်လယ်သတ္တ၀ါတွေနဲ့ ပတ်သက်တဲ့ အစာတွေ အကုန်လုံးနီးပါး ခွင့်ပြုပါတယ်။ ငါး၊ ပုစွန်တွေဆို ရေခဲရိုက်အစိမ်းတွေတောင် ခွင့်ပြုပါတယ်။ အခြောက်၊ အကြော်၊ အမှုန့်၊ အကျက်တွေဆို သာလို့တောင်ရသေးလို့ ဆိုရမှာပါ။ သယ်ချင်တယ်ဆို ငါးပုပ်ခြောက်၊ ငါးဆားနယ်၊ ငါးပိ၊ ပုစွန်ငါးပိ (စိမ်းစားငါးပိ)တွေကို မချက်ဘဲ အစိမ်းအတိုင်း သယ်လာလို့ရပါတယ်။ ပလတ်စတစ်အိတ်တွေနဲ့ ထုတ်လာပါ။ အင်ဖက်တွေ၊ ငှက်ပျောဖက်တွေနဲ့တော့ ထုပ်မလာရပါဘူး။ ဂဏန်းအရှင်တွေ ခွင့်မပြုပါဘူး။ ချက်လာရင်တော့ ရပါတယ်။

ကဲ ... သစ်သီးသစ်ရွက်တွေအကြောင်း ပြောကြပါစို့။ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ သစ်ရွက်၊ သစ်ပင်တွေ၊ ပန်းပင် ပန်းပွင့် ပန်းဖူးတွေ၊ ပျိုးပင်တွေ၊ စိုက်ပျိုးဖို့မျိုးစေ့တွေ၊ မြေကြီးနဲ့မြေသားတွေ သယ်လာလို့ မရပါ။ ဒါပေမဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ယိုထိုးထား၊ အချဉ်တည်ထား၊ အခြောက်လှမ်းထား၊ ချက်ပြုတ်ထားရင်တော့ ခွင့်ပြုပါတယ်။ ဒါကြောင့် ဆီးယို၊ မရမ်း သရက်ယိုတွေဆို သယ်လို့ရတာပေါ့။ အဲ တညင်းသီးဆို ဆားရည်စိမ်နဲ့ ပြုတ်ပြီးသားဆို ခွင့်ပြုပါတယ်။ အစိမ်းတော့ သယ်မလာပါနဲ့။

တစ်ခုတော့ ကြိုတင် တောင်းပန် အသိပေးထားပါရစေ။ ဒီဆောင်းပါးရေးသူက CBPလို့ ခေါ်တဲ့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဗျူရိုမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတွေကို မေးမြန်းပြီး ရေးထားတာမို့လို့ အထက်က အချက်အလက်တွေအတွက် တာဝန်တော့ မယူနိုင်ပါဘူး။ အဲ အသေးစိတ် သိချင်ရင် ကိုယ့်ဘာသာကိုယ် သက်ဆိုင်ရာ အင်တာနက်စာမျက်နှာ (၀က်ဘ်ဆိုက်)တွေမှာ ရှာဖွေ ဖတ်ကြည့်နိုင်ပါတယ်။ ကျနော်သိထားတဲ့ ၀က်ဘ်ဆိုက်တစ်ခု ထည့်ရေးပေးလိုက်ပါတယ်။ www.cbp.gov ၀က်ဘ်ဆိုက် Questions စာမျက်နှာက Hot topics မှာ ရှာဖွေ ဖတ်ကြည့်နိုင်ပါတယ်။ အဖြစ်အပျက် အပြောင်းအလဲ အလွန်မြန်နေတဲ့ ဒီကနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေး၊ ပိုးမွှားရောဂါ အကြီးအသေးအလိုက်၊ အချိန်အခါ အခြေအနေအလိုက်၊ လေဆိပ်မှာ ဆက်ဆံရ တွေ့ရတဲ့ တာဝန်ကျအရာရှိ လူပုဂ္ဂိုလ်အလိုက် အပြောင်းအလဲတွေ ရှိနိုင် ဖြစ်နိုင်တယ် ဆိုတာလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ထားကြမယ်လို့ ယုံကြည်ပါတယ်။

အထက်က ရေးခဲ့တဲ့ အချက်အလက်တွေ ဆိုတာက ယေဘုယျကြောင်းလမ်း (Guidelines)တွေပါ။ အားလုံးကို ပြည့်ပြည့်စုံစုံ တထိုင်တည်း အသေးစိတ်ရေးပြလို့ မဖြစ်နိုင်ပါဘူး။ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်တာတွေကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်တွေမှာ ခရီးမထွက်ခင် နောက်ဆုံးအခြေအနေ(Updates)တွေ ရှာဖတ်ကြည့်စေချင်ပါတယ်။

နောက်တစ်ခု အကြံပေးချင်တာက ပါလာတဲ့ အစာပစ္စည်းတွေ လေဆိပ်မှာ အသိမ်းခံရပြီ ဆိုရင် သွေးအေးအေး၊ ခေါင်းအေးအေးထားပြီး ပစ္စည်းသိမ်းသွားတဲ့ CBP အရာရှိကို ညင်သာစွာ မေးခွန်းထုတ်ပါ။ စောဒကတက်ပါ။ အမေရိကားမှာ အရာရှိကို မေးခွန်းထုတ်ပိုင်ခွင့်၊ စောဒက တက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အေးဆေးညင်သာရမယ်နော်။ ဒါနဲ့မှ မကျေနပ်ရင် အဲဒီအရာရှိရဲ့ အထက်က အုပ်ချုပ်သူအရာရှိ (Supervisors)တွေနဲ့လည်း စကားပြောဖို့ တောင်းဆိုနိုင်ပါတယ်။ တခါတရံမှာ အရာရှိကမေးတာတခြား၊ ခရီးသည်ကဖြေတာတခြား ဖြစ်ပြီး မှားယွင်း အသိမ်းခံရတာမျိုးလည်း ရှိတတ်ပါတယ်။ တခါတလေကျတော့ စားစရာပစ္စည်းရဲ့အပြင်ပန်း အမြင်မှာတင် သံသယဖြစ်ပြီး သိမ်းလိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ ကျနော်တို့ နေရာတကာမှာ အသုံးပြုလေ့ရှိတဲ့ ပုစွန်ခြောက်မှုန့် ဆိုရင် တရုတ်လူမျိုးတွေ စားလေ့ရှိတဲ့ ၀က်သားအမှုန့်နဲ့ အလွန်တူလို့ ဝေခွဲမရဘဲ သိမ်းယူလိုက်တာမျိုး ရှိပါတယ်။ ဗာလချောင်ကြော်(ပုစွန်ခြောက်၊ ငါးခြောက်တွေနဲ့ချက်ထားတဲ့ ငါးပိကြော်) ဆိုရင်လည်း ၀က်သားအမှုန့်နဲ့ ကြော်ချက်ထားတယ်လို့ ယူဆပြီး သိမ်းတတ်ပါတယ်။ CBP အရာရှိတွေ အနေနဲ့ မြည်းစားကြည့်ခွင့် မရှိပါဘူး။ ဒါကြောင့် ခရီးသည်ကသာ လည်လည်ဝယ်ဝယ် ရှင်းပြတတ်ရင် အစာစစ်ဆေးတဲ့ CBP အရာရှိတွေက အမှန်သိပြီး ပြန်ပေးလေ့ရှိပါတယ်။

ကျနော်တို့ အထူးနှစ်သက်တဲ့ လက်ဖက်စို(အသုတ်) ဆိုရင်လည်း ဒီအတိုင်းပါပဲ။ လက်ဖက်က (Preserved) နှပ်ပြီးသားပါ။ အဲဒါကို ခရီးသည်က အစိုအစိမ်း(Fresh)ပါ လို့ စစ်ဆေးတဲ့ အရာရှိကို အဖြေမှားရင်တော့ အသိမ်းခံရပါလိမ့်မယ်။ အဲ ... တချို့ အသားပါတဲ့ အစာတွေကိုတော့ အသားမပါပါဘူးလို့ ပြီးစလွယ် ညာမပြောမိပါစေနဲ့။ အဲဒီ CBPဌာနမှာ အလုပ်လုပ်နေကြတဲ့ အရာရှိအများစုက အတွေ့အကြုံ ရှိပြီးသားတွေမို့ပါ။ တချို့ဆိုရင် မြန်မာတွေကြိုက်တဲ့ လက်ဖက်တို့ တညင်းသီးတို့ကို ကောင်းကောင်းကြီး သိကြပါတယ်။ ဒါကြောင့် စောဒက တက်ရာမှာ မိမိပစ္စည်းက အမှန်အကန်ဆိုရင် အကြောင်းမဟုတ်ပါ။ မမှန်မကန် ဆိုရင် အဲဒီနေရာမှာတင် ဒဏ်ငွေ ၁၀၀ ကနေ ၂၅၀ အထိ အတပ်ခံရနိုင်ကြောင်း သတိပေးပါရစေ။

ကဲ ... ဒီဆောင်းပါးလေးကို အနှစ်မချုပ်ခင် ငွေကြေးနဲ့ ပတ်သက်တာလေး ဗဟုသုတအဖြစ် နည်းနည်းလေး ဖြည့်စွက် ဆရာလုပ်ပါရစေဦး။ အမေရိကကို ငွေသားနဲ့ ချက်လက်မှတ် ဘယ်လောက်ဖြစ်ဖြစ် တရားဝင် သယ်လာခွင့် ရှိပါတယ်။ အဲဒီအပေါ်မှာ အကန့်အသတ်နဲ့ အခွန်ကောက်တာမျိုး မလုပ်ပါဘူး။ ပါလာတဲ့ ငွေသားနဲ့ ချက်လက်မှတ်က ဒေါ်လာတစ်သောင်းကျော်ရင်တော့ အထက်က ညွှန်းခဲ့တဲ့ အကောက်ခွန်ကြေညာပုံစံ (Customs Declaration Form) ထဲက အမှတ်စဉ် ၁၃မှာ ကြေညာရပါမယ်။အကောက်ခွန်အရာရှိ တစ်ဦးဦးကို ဖွင့်ဟ ပြောပြရပါမယ်။ အဲဒီလို မလုပ်ဘဲ မြုံထား၊ လျှို့ဝှက်ထားရင်တော့ တကယ်လို့ အစစ်ဆေးခံရပြီး ပေါ်သွားခဲ့ရင် အဲဒီငွေသားတွေ၊ ချက်လက်မှတ်တွေကို အသိမ်းခံရနိုင်တဲ့အပြင် ဥပဒေအရ တရားစွဲဆိုခံရနိုင်ပါတယ်။

အထက်ပါအချက်အလက်တွေဟာ ခရီးသည်တွေကိုယ်တိုင် မိမိနဲ့ တပါတည်း သယ်ယူလာတဲ့ အစားအစာတွေမှာသာ အကျုံးဝင်တာ မဟုတ်ပါဘူး။ စာတိုက်လုပ်ငန်းတို့၊ ပုဂ္ဂလိကပိုင် အမြန်ချောစာပို့လုပ်ငန်း (DHL, FedEx, UPS)တို့ကနေတဆင့် ပို့လာရင်လည်း အထက်ပါအချက်တွေနဲ့အညီ စစ်ဆေးခံရပြီးမှ လိပ်စာရှင်လက်ထဲ ရောက်မှာဖြစ်ကြောင်း သိစေလိုပါတယ်။

ဒီနေရာမှာ တခြား စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလန်၊ သြစတေးလျနိုင်ငံတွေရောက် မြန်မာမိတ်ဆွေများကိုလည်း ဒီလို အလားတူဆောင်းပါးတွေ ရေးသား ပေးပို့ဖို့ မိုးမခ၀ိုင်းတော်သားများကိုယ်စား ဖိတ်ခေါ်ပါရစေ။ အမေရိကန်ပြည်ထောင်စု CBPဗျူရိုက မိတ်ဆွေများကိုလည်း ဒီဆောင်းပါးရေးဖြစ်ဖို့ အချက်အလက်တွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားရင်း အနှစ်ချုပ်ပါရစေ။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာများ ရွှေပြည်တော်ကနေ အစားအသောက်တွေ ချမ်းမြေ့စွာ မှာယူစားသောက်နိုင်ကြပါစေ။ အဲ ... အစားအသောက်တွေ ပိုလျှံနေရင်လည်း မှိုမတက်ခင်၊ ဆီချေးစော် မနံခင် မိုးမခ၀ိုင်းတော်သားတွေအတွက် စေတနာ မေတ္တာ ရှေ့ထားပြီး မျှဝေပေးနိုင်ကြောင်းပါခင်ဗျား။

ခွင့်ပြုသော အစားအစာများ

ပုစွန်ပုစွန်ခြောက်၊
ငါး၊ ငါးခြောက်၊
ငါးပုပ်ခြောက်ငါးပိ၊

ပုစွန်ငါးပိ၊ လက်ဖက်စို၊
လက်ဖက်ခြောက်ပုန်းရည်ကြီး၊
မလိုင်ကိတ်မုန့်၊

ကိတ်ခြောက်၊ ပေါင်မုန့်၊
ထိုးမုန့်ဟာလ၀ါ၊
သစ်သီးယိုမျိုးစုံသစ်သီးခြောက်၊

ငရုတ်သီးမှုန့်နနွင်းမှုန့်၊
မဆလာမှုန့်ပဲမှုန့်၊
မြေပဲဆန်ထန်းလျက်၊

အသင့်ချက်ပြီးမုန့်ဟင်းခါး၊ ခေါက်ဆွဲထုပ်၊
သရက်သီးပိုးတီသရက်သီးသနပ်
ခံတက်ချဉ်တမာချဉ်နဲ့ ချဉ်ဖတ်မျိုးစုံ၊

မြေသားမပါသော မှိုစို(အစိမ်း)၊ မကျည်းသီးမှည့်၊
ငှက်ပျောအူ(အကျက်)၊ အခွံနွှာထားသော ကြက်သွန်ဖြူ(အစိမ်း)၊
မြေသားမပါသော ချင်းတက်အပြင်ခွံ အုန်းဆံမပါသော အုန်းသီး၊

ပဲကြီးလှော်ဆန်ဖြူ၊
ကောက်ညှင်းကျည်တောက်။

ခွင့်မပြုသော အစားအစာများ

ဝက်အူချောင်းဆိတ်သားခြောက်၊
ဆတ်သားခြောက် နှင့် အသားအမျိုးမျိုး၊ ကြက်သွန်နီ
ငရုတ်သီးစိမ်း၊ ကွမ်းရွက်၊

ကွမ်းသီး (အမြောက်အမြား)၊ အသီးအမျိုးမျိုး
မျိုးစေ့သစ်ပင်
ပျိုးပင်ပန်းပင်၊

ပန်းပွင့်အမျိုးမျိုးသစ်ရွက်၊
ငှက်ပျောအူ(အစိမ်း)ငှက်ပျောရွက်၊
အင်ရွက်၊ ဖက်ရွက်၊

ညောင်ရွက်ပေါက်စီ၊
အသားညှပ်မုန့်ကောက်ညှင်းငချိတ်၊
ဆန်မည်း၊ ဆန်နီကြံချောင်း၊

ဝါးလုံးမြေကြီး၊ မြေသား၊
တိရိစ္ဆာန်အရိုး၊ သွား၊ ချို၊ အကြော၊ အရွတ်။

(အထက်ပါဆောင်းပါးကို စက်တင်ဘာ ၂၇ ၂၀၀၅ နေ့က မိုးမခတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

နောက်ဆက်တွဲသတင်း

တရားမဝင် အစားအစာသယ်ဆောင်မှု ဒဏ်ကြေးငွေ အမေရိကန် တိုးမြှင့်

(နိုဝင်ဘာ ၃၊ ၂ဝဝ၆)၊ မိုးမခ အထောက်တော် ဝဝ၂

အမေရိကန်ပြည်ထောင်စုအတွင်းသို့ လေကြောင်း၊ ရေကြောင်းခရီးများဖြင့် ဝင်ရောက်လာသူများအနေဖြင့် သယ်ဆောင်လာသည့် အစားအစာများကို တရားဝင် ထုတ်ဖော်ကြေညာခြင်း မပြုပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ယင်းဒဏ်ကြေးငွေအား အမေရိကန်ဒေါ်လာ ၁ဝဝ မှ ဒေါ်လာ ၃ဝဝ သို့ တိုးမြှင့်လိုက်သည်။

အမေရိကန် အကောက်ခွန်ဋ္ဌာနက အစဉ် (သို့မဟုတ်) လတ်တလော တားမြစ်ထားသော အစားအစာများ၊ အခြားပစ္စည်းများအား ရှာဖွေတွေ့ရှိပါက ယင်းသို့ ဒဏ်ကြေးတိုးမြှင့် စည်းကြပ်ခြင်းကို ပြီးခဲ့သည့် လအနည်းငယ်မှ စတင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာပြည်မှ လာရောက်ကြမည့် လေယာဉ်စီး ခရီးသည်များအနေဖြင့် မိမိတို့ သယ်ဆောင်လာသည့် အစားအစာများနှင့် အခြားပစ္စည်းများကို အကောက်ခွန်ပုံစံတွင် အထူးဂရုပြု ဖြည့်စွက်စေလိုသည်ဟု ဆန်ဖရန်စစ္စကို လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

Comments