The Memorial Book for Kye Mon U Thaung from MoeMaKa to publish

 မိုးမခ မီဒီယာအဖွဲ့က ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ထုတ်မည်
မိုးမခ
ဇူလိုင် ၈၊ ၂၀၀၈

မိုးမခ အဖွဲ့သားများက လွန်ခဲ့တဲ့ ဇွန်နောက်ဆုံးပတ်၊ တနင်္ဂနွေမှာ မေတ္တာနန္ဒ ဘုန်းတော်ကြီးကျောင်းမှာ တပိုင်တနိုင် ဆွမ်းကပ်ကြပြီး ၀ိုင်းတော်သားများနဲ့ မိုးမခချစ်သူ မိတ်ဆွေများ မိတ်ဆုံခဲ့ကြပါတယ်။ စေတနာဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းတခုဖြစ်တဲ့ အားလျော်စွာ လက်ခံရရှိတဲ့ ငွေကြေးအထောက်အပံ့မှန်သမျှကို လုပ်ငန်းလည်ပတ်မှုနဲ့ ပြည်တွင်းက စာနယ်ဇင်းပညာရှင်များကို ကူညီအားပေးဖို့ကိုသာ သုံးစွဲပြီး ရပ်တည်နေခဲ့တာကြောင့် ဒီတခေါက် တွေ့ဆုံပွဲမှာတော့ မိုးမခက ထုတ်ဝေမယ့် စာအုပ်ကို သပိတ်မှောက်စာနယ်ဇင်းသမားများ ထောက်ပံ့ဖို့ ရန်ပုံငွေအဖြစ် လျာထားမယ်လို့ စဉ်းစားကြပါတယ်။

ထုတ်ဝေမယ့် စာအုပ်ကတော့ ၂၀၀၈ ဧပြီလမှာ ကွယ်လွန်ခဲ့တဲ့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)အတွက် မိုးမခက အမှတ်တရ ဂုဏ်ပြုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ မိုးမခမှာ ဆရာရေးခဲ့သမျှနဲ့ မိုးမခကစာရေးသူတွေ သူ့အကြောင်း ရေးဖွဲ့တာတွေကို စုစည်းတဲ့ ဆောင်ပါးစာအုပ်ဖြစ်ပါတယ်။ စာအုပ်တချို့ကို ကြေးမုံဦးသောင်းရဲ့ ဇနီး ဒေါ်တင်တင်ဝင်းကို လက်ဆောင်အဖြစ် ကန်တော့ပါမယ်။ ဆရာမအနေနဲ့ ဆရာကြီးပရိသတ်တွေ၊ မိသားစုတွေ၊ ချစ်ခင်သူတွေကို မျှဝေပေးနိုင်ဖို့ပါ။

စာအုပ်တအုပ်ကို အဖိုးငွေ ဒေါ်လာ ၁၀ နဲ့ ရောင်းဖို့ စဉ်းစားထားပြီး ရတဲ့ အလှူတွေကို သပိတ်မှောက်စာနယ်ဇင်းသမားတွေကို ကူညီအားပေးဖို့ ရန်ပုံငွေ ထားပါမယ်။ မိုးမခ စာနယ်ဇင်းအဖွဲ့က စာနယ်ဇင်းသမားတွေအတွက် နှစ်စဉ်၊ လစဉ်ပြုနေကြ ကူညီအားပေးမှုတွေအတွက် ပိုပြီး အထောက်အကူရမယ်လို့ မျှော်လင့်ပါတယ်။

ဒီလ ဇူလိုင်နောက်ဆုံးအပတ်၊ တနင်္ဂနွေမှာလည်း မိုးမခ ၀ိုင်းတော်သားတွေ ပြန်လည် ဆုံတွေ့ကြအုံးမယ်လို့ စဉ်းစားထားပါတယ်။ နောက်ထပ် စီစဉ်နေတဲ့ စာအုပ်ကတော့ အကျဉ်းကျနေတဲ့ စာနယ်ဇင်းသမား ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးများ စုစည်းမှု ဖြစ်ပါတယ်။ မောင်စွမ်းရည်က ဒီဆောင်းပါးတွေကို စုစည်းပြီး သတ်သတ်မှတ်မှတ် ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ စာအုပ်တအုပ် ဖြစ်ချင်နေတာ နှစ်ပေါင်း အတော်ကြာလှပါပြီ။ ဒီတခါတော့ မိုးမခ ၀ိုင်းတော်သားတွေအနေနဲ့ ဆရာမောင်စွမ်းရည် ဆန္ဒကို ဖြည့်စွမ်းနိုင်ကောင်းပါရဲ့။ မြန်မာစာနယ်ဇင်းသမားများရဲ့ မီးရှူးတန်ဆောင်တခုဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်ကိုလည်း ဒီစာအုပ်နဲ့ အလေးပြုခွင့်ရနိုင်ကောင်းပါရဲ့လို့ မိုးမခက ဆုတောင်းပါတယ်။ ဒီမှာ မှာယူနိုင်ပါပြီ။

Comments