Monywa Aung Shin on Nelson Mandela


(မှတ်ချက် - အောက်ဖော်ပြပါကဗျာမှာ ၁၉၉၄ ခုနှစ်ထုတ် စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁ မှ ကဗျာဆရာ မုံရွာအောင်ရှင်၏ ပြောင်မြောက်သော လက်ရာတခုဖြစ်သည်။

မုံရွာအောင်ရှင် (ဦးအေးကြူ)သည် ၂၀၀၀ ပြည့်နှစ်က ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရသည်။ အဖွဲ့ချုပ်ခေါင်းဆောင်များ လွတ်မြောက်ရေးတောင်းဆိုသည့် စာတစောင်ကို ရေးသား ဖြန့်ဝေသည့်အမှုဖြစ်သည်။ အမှုတွဲများဖြစ်သော ဖျာပုံနီလုံဦး၊ ဦးစိုးဟန်၊ ဦးထွန်းမြင့်တို့သုံးဦးမှာ ပြန်လည် လွတ်မြောက်လာပြီးဖြစ်သည်။ မုံရွာအောင်ရှင် နှင့် ဦးစောနိုင်းနိုင်းတို့မှာ အကျဉ်းချခံရဆဲဖြစ်သည်။

ကဗျာတွင် ကမ္ဘာကျော် နိုင်ငံရေးအကျဉ်းသားဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ၎င်း၏တောင်အာဖရိကနိုင်ငံ၊ ကဗျာဆရာ၏ အာသီသတို့ကို တွေ့နိုင်သည်။ ယနေ့သည် နယ်လဆင်မင်ဒဲလား၏ အသက် ၉၀ ပြည့် မွေးနေ့လည်းဖြစ်သည်။ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။)

သက်တန့်ရောင် နိုင်ငံသစ်အတွက် တေးတစ်ပုဒ်

မုံရွာအောင်ရှင်
ဇူလိုင် ၁၈၊ ၂၀၀၈


ဒီကနေ့ဟာ
အသေချာဆုံး လမ်းကို ရွေး
နွေးထွေးတဲ့ မျက်ရည်စက်နဲ့
မိုးကုပ်စက်ဝန်းသစ်ကိုဖွင့်
သမိုင်းတန်ဖိုးကို မြှင့်တင်ပြ
တောင်အာဖရိကရဲ့
မဟူရာခြသေ့င်္
ဟိန်းသံပေးတဲ့နေ့တစ်နေ့။

တောင်အာဖရိက
ပြည်သူ့ဆန္ဒသရဖူဆောင်း
ခေါင်းဆောင်များရဲ့အမြော်အမြင်
နာကျင် ရင်နင့် ခံစားချက်နဲ့
သင်တို့ရဲ့
'သက်တန့််ရောင် နိုင်ငံသစ်'
ငါ ဦးညွတ် အလေးပြုလိုက်ပါရဲ့။


မျိုးဆက်ပေါင်းများစွာ
ဒေါသနဲ့ အာဃာတ
ငြိမ်းချမ်းရေးနဲ့ အဟိံသ
ကျဆုံး ရှုံးနိမ့်ခြင်းကို
ချိုမြိန်တဲ့ အောင်နိုင်မှု
လုယူ လဲလှယ် ရဲပေစွ
သည်းခံခြင်းနဲ့ ဇွဲလုံ့လ
ငါ အားကျ လှိုက်လှဲ
ရင်ထဲမှာ ဂုဏ်ပြုထား
သစ္စာတရားရဲ့သင်္ကေတ
'ဆင်ခြင်တုံတရား' ရဲ့ ပြယုဂ်။

ကြာပွတ်သံနဲ့ တိုက်စည်သံ
ကာချင်းသံနဲ့
လေးကင်း ပြကွက်များ
ခါးသီးခြင်း ဒေါမာန်ဟုန်တို့
သိမ့်တုန် လှိုင်းထ
မေ့မရနိုင်ဆဲ
မှောင်မည်း အေးစက်နေဆဲ
အာရုံ ပုံရိပ်တို့ ရစ်ဝဲနေ။

တခါက ဒီနေရာမှာ
'လူမည်းတွေ မလာရ'
'လူမည်းတွေ မနေရ'
'လူမည်းတွေ မ၀င်ရ' တဲ့
ယဉ်ကျေးမှုကို ကန့်သတ်ခဲ့
လွတ်လပ်ရေး ဟစ်ကြွေးသံ
'ဒန်တီ'ရဲ့ ငရဲခန်းကဗျာ
သမိုင်းရဲ့အမှောင်ဆုံးသင်ခန်းစာ
အနံ့အရသာ ကင်းမဲ့
မြူခိုးတွေရဲ့အလား
လွင့်ပါး ကင်းစင်သွားခဲ့ပြီ။

ရှည်လျားတဲ့ ညတွေလို
နေပြောက်မထိုးသော
တောအုပ်မည်းကြီးကို ဖြတ်သန်း
အလင်းတန်းကြောင်းဟာ
ကျွန်ခံတပ်ဟောင်းများထဲက
ဘိုးဘွားဝိညာဉ်အိုတို့ရဲ့
ငိုညည်းသံတွေကို
ဖြေလျော့ နှစ်သိမ့်စေ
နှစ်ပေါင်းသုံးရာမက
ရုန်းကြွလှုပ်ရှားခဲ့
အသားရောင်ခွဲခြားမှုစနစ်
ယဇစ်ပလ္လင်ဟာ
ပြတိုက်ထဲမှာပဲ တွေ့ရတော့မယ်။


စိန်တွင်းရွှေတွင်းတွေထဲက
ချွေးရွှဲ ညစ်ပေနေတဲ့
နီဂရိုးလုပ်သားများရဲ့
ရှားပါးလှစွာ
တသက်တခါအပြုံးတို့
စည်းဝါးကျတေးသံတို့
ပြန်လည်ရှင်သန်မြူးကြွလာတော့မယ်။


ရွှေစာလုံးနဲ့
ရေးထားတဲ့စာမျက်နှာသစ်
စွန့်လွှတ်သူက စွန့်လွှတ်
ခွင့်လွှတ်သူက ခွင့်လွှတ်

ရန်အရှည်မပွားဖို့
ခန္တီတရားနဲ့
'အမျိုးသား ပြန်လည်ပေါင်းစည်းရေး' တဲ့
'အတိတ်ကို မေ့ပျောက်ရေး' တဲ့
'တွေ့ဆုံ ဆွေးနွေးရေး' တဲ့

အေးမြနှလုံးသား
အင်အားရဲ့
ယုတ္တိဗေဒတရားကိုသာ

နားလည်သူများအပေါ်
ကျော်လွှားအနိုင်ယူခဲ့ပြီ။
ကွန်ဂိုတောအုပ်လိုသိပ်သည်း
ကီလီဗန်ဂျရိုး တောင်ကြီးနှယ်

မြင့်မြတ် ထည်ဝါ
ဆာဟာရလို ကျယ်ပြန့်ဘိ
ဝိတိုရိယရေတံခွန်လို အဟုန်ပြင်း
အို သင်တို့ညီညွတ်ခြင်း
ပွင့်လင်းမှု ရိုးသားမှု

လူ့ဂုဏ်သိက္ခာ
ကြာဖြူပွင့်များ
ငါတို့
ဆင့်ကမ်းမျှဝေ ခံစားလိုက်ချင်မိ။

Comments