Ngwe Zin Yaw - Cartoonists are not funny

ကာတွန်းဆရာ ရယ်စရာ
ငွေစင်ယော်
ဇူလိုင် ၂၂၊ ၂၀၀၈

ဒီနေ့ ရန်ကုန်မှာ ကာတွန်းပြပွဲလုပ်မယ်။ မုန်တိုင်းက နိုးထခြင်း တဲ့။ နာဂစ်လေဘေး ရန်ပုံငွေလို့ သိရပါတယ်။ ဖိတ်စာလည်းမရတော့ မသွားနိုင်ပါ။ လက်ထဲမှာ ရှိနေတဲ့ " မြန်မာကာတွန်းဆရာများ - ၁" စာအုပ်လေးကို လှန်ကြည့်ရင်း ရှေ့က ကာတွန်းဆရာကြီးတွေကို ဂါရ၀ပြုတဲ့ ကောက်နုတ်ချက်များကို ဖော်ထုတ်လိုက်ပါရစေ။ ကာတွန်းဆရာတွေကို ပရိသတ်က ပြောလေ့ရှိကြတာက ကာတွန်းဆရာတွေက သူ့ကာတွန်းတွေလိုပဲ ရယ်ရတယ် ဆိုလား … သူတို့ဘ၀နဲ့ ဖြတ်သန်းမှုတွေကို ဖတ်ကြည့်ပါဦး … ကာတွန်းဆရာ ဆိုတာ ရယ်စရာလား လို့။

၂၀၀၂ ခုနှစ်လောက်ကထုတ်ဝေခဲ့တဲ့စာအုပ်တစ်အုပ်ပါ။ မြန်မာကာတွန်းဆရာများ ၁ တဲ့။ ကာတွန်းဆရာ ၁၄ ယောက်ရဲ့ ကာတွန်းသမားဘ၀တွေကို ရှုဒေါင့် အစုံစုံကနေ တွေ့ကြရမယ်။ ဒါ့အပြင် ကာတွန်းတွေရဲ့ သမိုင်းကြောင်းကိုလည်း အမှတ်မထင် တွေ့လိုက်မိပါရဲ့။

ထုတ်ဝေသူ ဦးသက်လှိုင်၊ မိုးစန္ဒာစာပေက ထုတ်ဝေခဲ့တဲ့ စာအုပ်တအုပ်ပါ။ ပြန်ပြီးတော့ကောက်နုတ်တင်ပြရရင်တော့ ဒီလိုပါ။

ကာတွန်းဆရာတွေနဲ့ သူတို့တတွေရဲ့ အမြင်အချို့ကို တင်ပြရရင် လွမ်းစရာလည်းကောင်း ပြန်ပြီး ဖတ်ချင်စရာကောင်းလှတဲ့ စာတစ်အုပ်ပါပဲ။ လွမ်းစရာဖြစ်ရတာက ငယ်ငယ်က မြတ်နိုးခဲ့ရတဲ့ ကာတွန်းတွေဖန်တီးသူ ကာတွန်းဆရာတွေရဲ့ ဘ၀ကို သိမြင် ခံစားခွင့်ရခဲ့လို့၊ ပြန်ပြီး အထပ်ထပ်ဖတ်ချင်သွားရတာက သူတို့ရဲ့ဘ၀ကို ရယ်မောစွာနဲ့ ဖြတ်သန်းကြပုံကို အားကျမိလို့ပါပဲ။

ဘ၀ဆိုတာ ရယ်စရာပါပဲ မဟုတ်ပါလား - ကာတွန်း ဖေသိန်း

" ကျွနိုပ် သတင်းစာကာတွန်းရေးရန်အတွက် မနက်ခင်း လက်ဖက်ရည်ဆိုင်ထိုင်၍ သတင်းနားထောင်သည်။ အိမ်ရောက်လျှင် သတင်းစာဖတ်သည်။ ရေဒီယိုနားထောင်သည်။ ရသည့်သတင်းကို ကြိုက်ပြီဆိုသည်နှင့် ထိမိအောင် စဉ်းစားပြီး နောက်နေ့သတင်းစာတွင် ပါအောင် သတင်းကာတွန်းကို အချိန်မီရေးဆွဲ ပေးပို့လိုက်တော့သည်။ ကာတွန်းဆရာတယောက်အနေနှင့် အထူးသတိထားရမည်မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတို့ကို မသရော်သင့်၊ မလှောင်သင့်ပေ။ ရက်ရက်စက်စက် သတ်ဖြတ်သောပုံများ မဆွဲသင့်ပေ …"

ကာတွန်း အောင်ရှိန်

" ပုသိမ်မြို့ ဗိုလ်ချူပ်ပန်းခြံမှာ အာဇာနည်ကျောက်တိုင်စိုက်ထူဖို့ ကျောက်တိုင်ပုံစံပြိုင်ပွဲပုံ ပုသိမ်တမြို့လုံး တနယ်လုံး ဖိတ်ခေါ်ရာ - သာမန်သာဖြစ်တဲ့ ကျနော့်ကျောက်တိုင်ပုံစံ အရွေးခံရကာ တည်ဆောက်ဖြစ်ခဲ့ပါတယ်။ ရွေးချယ်ခံရသူ ဆုငွေ၂၀၀ကျပ် (ထိုစဉ်က မနည်းလှ) ပေးမယ်လို့ ကြေငြာထားသော်လည်း ခြောက်လကျော်သည့်တိုင် ကျနော် တပြားမှ မရပါ။ ကျောက်တိုင်ကြီးမှာလည်း မိုးလေ၀သဒဏ်ကြောင့် ရေညှိများတက်ကာပြုပြင်သူမရှိ ဖြစ်နေပါသည်။ ထို့ကြောင့် ရေညှိတက်အက်ရာများ ထင်နေသော ကျောက်တိုင်ကြီးက တဟီးဟီး ငိုကြွေးကာ … " ကျုပ် အို နာ သေရတော့မယ်။ ဘယ်သူမှ ကုသမပေးကြတော့ဘူးလား။ ပြီး … ကျုပ် ဒီပုံဖြစ်အောင် မွေးထုတ်ပေးတဲ့ လက်သည်ခ ၂၀၀ လည်း မပေးရသေးဘူးဗျ …" ဆိုသော ကာတွန်းဆွဲ၍ ကျောက်တိုင်တွင် ကပ်ထားလိုက်ပါသည်။ ငွေလိုချင်၍ မဟုတ်သော်လည်း လုပ်ပုံကိုင်ပုံတွေ သဘောမတွေ့၍ ကာတွန်းနှင့် သရော်လိုက်ခြင်းဖြစ်သည်။ မကြာမီ သက်ဆိုင်သူတို့မှ ကျောက်တိုင်ကြီးကို မွန်းမံ သန့်ရှင်းဆေးသုတ်ကာ ကျွန်တော့်ကိုလည်း ငွေ၂၀၀ လာပေးပါသည်။ ကာတွန်းလောက ရှင်သန်ပါစေ။”

ကာတွန်း သော်က (ကွယ်လွန်)

“ကျွန်တော်တို့ ကာတွန်းလောကကို ဖြတ်သန်းရတာ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရသလိုပါပဲ။ သိပ်ပြီး ကြမ်းတမ်းပါတယ်။ ကျွန်တော် ဒစ္စနေးကို အားကျတယ်။ Jungle Book က မောဂ္ဂလီကို အလွန် သဘောကျခဲ့ပါတယ်။”

ကာတွန်း ရွှေမင်းသား

"သူဌေးကြီး ဦးကပ်စီးကို အားကျလို့ "သူဌေးကြီး ဦးဘိုင်တွန်" ဇာတ်ကောင်နံမယ်နဲ့ ကာတွန်းတမျက်နှာရေးပြီး ကာတွန်း ပဒေသာတိုက်ကို သွားပို့တယ်။ ကိုတင်အောင်၊ မစန်း စာပေတိုက်ပိုင်ရှင် ဦးတင်အောင်က ဆယ်တန်တချပ် ထုတ်ပေးပြီး “အေးကွ … မင်းရေးတာ ငါ ကြိုက်တယ်။ ရယ်ရတယ်။ နောက်ကိုလည်းရေးနိုင်ရင် ဒီလိုပဲ လာပို့ကွာ" တဲ့။ ကိုယ့်လုပ်အားနဲ့ စ ရတဲ့ ငွေဆယ်တန် တရွက် စ ကိုင်ဖူးတဲ့ နေ့ပဲ ။ ဘာလုပ်ရမှန်းမသိအောင် ၀မ်းသာမိတော့ ကောင်းမူတခု အရင်လုပ်ရမယ်ဆိုတဲ့ အသိလေးနဲ့ မှတ်မှတ်ရရပဲ … အိမ်ရှိ ဘုရားစင်မှာ ရွှေထီး ၀ယ်လှူလိုက်တယ်။ နောက် ကျန်တဲ့ငွေနဲ့ ဦးလေးတို့မိသားစုကို အစားအသောက် ၀ယ်ကျွေးဖြစ်တာ ၀မ်းသာအားရပဲ။" (၁၉၅၈)

ကာတွန်း မြင့်စိုးလေး

ကျွန်တော် ရေးတဲ့ပုံတွေထဲက နှာခေါင်းမျိုး ၊ ပါးစပ်မျိုးကြီးတွေ မရေးပါနဲ့ဗျာလို့ အကြံပေးတာတောင် ခံရဖူးပါတယ်။ ကျွန်တော့်ပုံတွေကလည်း တော်တော့်ကို အရုပ်ဆိုးပေသကိုး၊ ပြောပေမှာပေါ့။

ကာတွန်း မောင်မောင်

ကာတွန်းရေးသက် ကြာခဲ့ပါပြီ။ ကာတွန်းမာရသွန်ပြေးသမားကနေ ကာတွန်းအညောင်းပြေ လမ်းလျှောက်သမား ဖြစ်ခဲ့ပါပြီ။

ကာတွန်း မြင့်သိန်း

စံရွှေမြင့်ကို ၁၉၆၅ မေလမှာ လျို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် လေးမျက်နှာဖြင့် ပေါ်ပေါက်လာခဲ့ရပါသည်။ စံရွှေမြင့် အောင်မြင်မှု ရလဒ်တွင် အကြီးအကျယ် တိုက်ခိုက်ခံရမှုမျိုး ပါဝင်နေပါသည်။ သတင်းစာမှနေ၍ဆောင်းပါး အမျိုးမျိုးရေးကာ စံရွှေမြင့်ကို အပုပ်ချ တိုက်ခိုက်ကြပါသည်။ ထိုစဉ်က လူငယ်ပီပီ ခံပြင်းစိတ်ဖြင့် ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ဆော်ပါသည်။ ယခုတော့လည်း ရယ်စရာများ ဖြစ်ကုန်ကြပါသည်။ ကျွန်တော်သည် ချိုမြိန်ခဲ့သော အတိတ်ကို သတိရပါသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနုပညာရပ်ဝန်းကို မည်သည့်အခါတွင်မှ စွန့်ခွာမည်မဟုတ်ကြောင်းနှင့် ကာတွန်းဆိုရသော စံရွှေမြင့်ကိုဘယ်တော့မှ နံမည်သေစေမည်မဟုတ်ကြောင်းကို ကျွန်တော်ကို ကျွန်တော် အသိဆုံးသာ ဖြစ်ပါတော့သတည်း။

ကာတွန်း ချစ်ဆွေ

နောက်ပြောချင်ဆိုချင်တာလေးများမှ ဆိုရလျှင် ကလောင်ဘက်လိုက်မူ၊ ဒေါသ၊ အာဃာတကြီးမားမူများကို ဦးစီးခံပြီး ရေးဆွဲသည့်ကာတွန်းများက ကိုယ့်တရားကိုယ် စီရင်တတ်သည်မို့ များစွာ သတိထားစရာဖြစ်ပါသည်။ ချစ်သူ မုန်းသူ ဘက်မလိုက်ဘဲ မေတ္တာဓါတ်တွေ ကမ္ဘာကို လွှမ်းတာမျိုး တိုင်းသူပြည်သားတွေ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်စေချင်သည့် စေတနာမေတ္တာကို အဓိကထား၍ ရေးဆွဲဖန်တီးမူများက နှလုံးကြည်မြရပါသည်။ ဘ၀ရဲ့ကံကြမ္မာ အကြောင်းပေါင်းစုံကြောင့် ကာတွန်းဆရာ အနုပညာတယောက်အနေနှင့် လူ့ဘ၀ဇာတ်ခုံပေါ်မှာ ဇာတ်ရုပ်အတိုင်း လှုပ်ရှားခဲ့ပြီး သတ္တ၀ါတို့ရဲ့ ဓမ္မတာအတိုင်း ဇာတိရှိလို့ ဇရာ၊ မရဏ အဆုံးသတ်ရပါတော့မည်။

ကာတွန်း မြေဇာ

အခုအချိန်အထိ ရင့်ကျက်တယ်လို့ မရှိသေးဘူး ထင်တာပဲ (ကိုယ့်ကိုယ်ကိုယ်ပေါ့)။ မရင့်ကျက်လို့ဘဲ ပြဿနာဆိုတာ ပေါ်ရ ဖြေရှင်းရတာပေါ့။ အကောင်းဆုံး တွေ့ကြုံ ဖြေရှင်းနည်းကတော့ “သည်းခံခြင်း” သို့မဟုတ် ”ဥပက္ခာပြုခြင်း” ပါပဲ။

ကာတွန်း ငွေကြည်

အိုးဝေ၊ ရူထောင့်၊ သတင်းဂျာနယ်၊ ရွှေတူ၊ ပြည်သူ့ကြယ်ဂျာနယ်တွေ၊ ကြေးမုံ၊ လုပ်သား၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း ၊ ဟံသာဝတီသတင်းစာတွေကို နေ့စဉ် ကာတွန်းတွေပို့တယ်။ သတင်းစာ ၅ စောင်အတွက် နေ့စဉ် စိတ်ကူး ၅ ခု ထုတ် ဆွဲရတယ်။ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပုံတွေ ဆက်တိုက်ပါလာပြီး ကျွန်တော့်နံမယ် ခဏအတွင်း လူသိများလာတယ်။ ကျွန်တော့်ကာတွန်းတွေကို ကြည့်ပြီး အရပ်ထဲကလူတွေက မေးကြတယ်။ “စိတ်ကူးကို အယ်ဒီတာတွေက ပေးတာလား”တဲ့။ အထင်ကြီးကြတာလေ။ တကယ်တော့ ခုလို သတင်းစာတွေ အများကြီးဖတ်ခဲ့တဲ့ အကျိုးကျေးဇူးပါပဲ။

ကာတွန်း တင်အောင်နီ

တချို့ဟာသတွေက ရယ်စရာ မဟုတ်ပေမယ့် ရယ်ကြတာ တွေ့ရတယ် ။ဘာကြောင့် ရယ်ရသလဲ ဆိုတာ ကျွန်တော်တွေးခဲ့ ရှာခဲ့တယ်။ စကားလုံး အင်အား၊ စကားလုံး အချိတ် အဆက်၊ အခံ အအုပ် စသည်ဖြင့်ပေါ့။ အဲဒီလို လေ့လာပြီး ကိုယ့်ဇါတ်လမ်းမှာ သုံးကြည့်တာ။ ကျွန်တော်က ကာတွန်းနဲ့ ဘ၀ကိုစခဲ့သူဆိုတော့ ကာတွန်းရေးနေရရင် ကျေနပ်နေတာပါပဲ။ ကျွန်တော်ပြောခဲ့ပါပကော … ကျွန်တော့်ဘ၀ကို ကာတွန်းက ပထမဦးဆုံး ပြောင်းလဲပစ်ခဲ့တယ် ဆိုတာလေ။ ကျောင်းမနေချင်တဲ့သူ ဘားမားစတားကာတွန်း ဖတ်ချင်လာလို့ ကျောင်းနေချင်သွားတယ် ဆိုတာ….။

ကာတွန်း ကံချွန်

ပထမဆုံးရေးတဲ့ ကာတွန်း ဟံသာဝတီသတင်းစာမှာ အသုံးပြုခဲ့ရတယ်။ ပထမဆုံးဝင်ပြိုင်တဲ့ ရှုထောင့်ဂျာနယ်ကာတွန်း ပထမဆုရခဲ့တယ်။ ပထမဆုံး ၀င်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့တယ်။ ဒီနေ့ လူငယ် ကာတွန်းရေးသူများကို စကားလက်ဆောင် ပေးချင်တယ်။ လောကကြီးမှာ မကြိုးစားဘဲ အောင်မြင်တဲ့သူ မရှိဘူး။ မကြိုးစားဘဲနေရာရရင်လည်း မကြာခင် ပြန်ပျောက်သွားမှာပါပဲ။ “ကာတွန်းဆရာ“ဟာ ရည်ရွယ်ချက် ပန်းတိုင် မဟုတ်ပေမယ့် ”ကာတွန်းပညာ” ဟာ ဘ၀ရဲ့ ကျေးဇူးရှင်ပါ။

ကာတွန်း မောင်ဝဏ္ဏ (ကွယ်လွန်)

ကာတွန်း လေ့ကျင့်စဉ် က ပုံဆွဲစက္ကူ နေရာလပ်မကျန် ရေးဆွဲပါတယ်။ နာရီချပြီး ငါးမိနှစ်မှာ ဘယ်နှစ်ပုံပြီးရမယ်ဆိုပြီး အမြန်ဆွဲ လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ပုံရေးတဲ့အခါ မြန်လာပါတယ်။ Freehand ခဲ မရာဘဲ ပုံကို အပြီး ရေးကျင့်ခဲ့ပါတယ်။ ဒါကြောင့် ပုံစံ ခဲရာ မပါဘဲ ရေးနိုင်ခဲ့ပါတယ်။ ငယ်စဉ်က ပုံရေး သက်သက် လေ့ကျင့်ခဲ့လို့ ပုံရေးတတ်လာပေမယ့် ကာတွန်းမှာ “idea”လို့ ခေါ်တဲ့ အတွေးက ဦးဆောင်မှန်း အဲသည်တုန်းက မသိခဲ့သေးပါဘူး။

ကာတွန်း သစ်ထွဏ်း

ကာတွန်းတွေဟာ ကျွန်တော့်ရဲ့မိတ်ဆွေရင်းမက နှစ်ကိုယ့်တစ်စိတ် ဖြစ်ပါတယ်။ ကာတွန်းဆရာဘ၀နဲ့ ခရီးရှည်ကြီး လျှောက်ပြီး လျှောက်လှမ်းလာတဲ့နေရာမှာ ကာတွန်းပညာဟာ အင်မတန် နက်နဲကျယ်ဝန်းလှကြောင်း သိလာပြီး မိမိကိုယ်တိုင်လည်း ကာတွန်းပညာ မပြည့်ဝသေးကြောင်း ခံစားလာမိပါတယ်။ ဒါပေမယ့် ကိုယ် တတ်သိသလောက် ပညာကို အသုံးချပြီး ဘ၀ ရပ်တည်ရင်း ... ကာတွန်းပင်လယ်ပြင်မှာ စုန်ချည် ဆန်ချည် မျောပါလျက်ရှိကြောင်းပါ ခင်ဗျား။

ကာတွန်းဆရာဆိုတာ ဇာတ်လိုက်တော့ မဟုတ်ပါ

ကာတွန်းဆရာဆိုတာ ရယ်စရာလားတော့ မပြောတတ်။ ၀တ္ထု ရုပ်ရှင် ပြဇာတ်တွေမှာတော့ ဇာတ်လိုက် မဟုတ်တာ သေချာပါသည်။ ဟိုတုန်းက ကာတွန်းတပုဒ် ရှိသည် ဖတ်ကြည့်ပါဦး။ ဒီ ကာတွန်းဆရာကတော့ ဇာတ်လိုက် မဖြစ်ခဲ့တာ သိပ်သေချာသည်။

Comments