Tourism Industry in Burma going downhill and security tightened after the bomb blast

ခရီးသွားလုပ်ငန်းများ စီးပွားရေး ထိခိုက်၊ ရန်ကုန်မြို့တွင်း လုံခြုံရေး ပိုတင်းကြပ်လာ
မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၅၊ ၂၀၀၈

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာတော်တော်လေး ဆိုးရွားလာနေတယ်လို့ ခရီးသွားအေဂျင်စီ တချို့က ပြည်တွင်းမီဒီင်္ယာတွေကို မကြာသေးမီက ထုတ်ဖော်ပြောဆိုလာကြတာကိုလည်း ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားခရီးသည်တွေ အ၀င်နည်းပါးမှုကြောင့် ငွေဆောင်ကမ်းခြေက တေဇရဲ့ Htoo Company ပိုင်ဟော်တယ်တွေပိတ်ထားရတယ်လို့ ဒီနေ့ထုတ် The Voice ဂျာနယ်မှာ ဟိုတယ်ဝန်ထမ်းတဦးရဲ့ အပြောကို ကိုးကားပြီးတော့ ဖော်ပြထားပါတယ်။ ပိတ်လိုက်တဲ့ ငွေဆောင်က တေဇပိုင် ဟော်တယ်တွေကတော့ Myanmar Treasure 1, Myanmar Treasure 2 , Aureum Palace ဟော်တယ်တို့ဖြစ်ပါတယ်။ သူတို့ဘက်ကတော့ ဟော်တယ်တွေ ပိတ်လိုက်ရတာကို မိုးရာသီ ဧည့်အ၀င်နည်းတဲ့အတွက်လို့ အကြောင်းပြပါတယ်။

ပြီးတော့ တေဇပိုင် လေကြောင်းလိုင်းဖြစ်တဲ့ အဲယားပုဂံ Air Bagan ရဲ့ ရန်ကုန် -ဘန်ကောက် ခရီးစဉ်ကိုလည်း ဇွန် ၁၅ရက်နေ့ ကစပြီး ရပ်နားထားရပါတယ်လို့ သိရပါတယ်။အဲဒီက လေယျာဉ်တွေဟာ ခဏခဏ စက်ချို့ယွင်းမှုတွေဖြစ်တတ်လို့ စီးတဲ့လူတွေ အယုံအကြည်ကင်းမဲ့လာကြတာလည်းပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုဟာ ပြိးခဲ့တဲ့ နှစ် စက်တင်ဘာ သံဃာအရေးတော်ပုံ နောက်ပိုင်း ကျဆင်းလာတာကို တွေ့ရပါတယ်။ နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့နောက်မှာ အခြေအနေ ပိုပြီးဆိုးသွားပါတယ်။

စစ်အစိုးရ က မှားယွင်းတဲ့ပေါ်လစီ တွေနဲ့ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နေမယ်ဆိုရင်တော့ ခရီးသွား စီပွားရေးတင်သာမက၊ ဘယ်လုပ်ငန်းတွေမျှ တိုးတက်ကောင်းမွန်လာမှာမဟုတ်တဲ့ အကြောင်းကိုလည်း ပြည်တွင်းကလုပ်ငန်းရှင်တွေကက အလွတ်သဘော နဲ့ မီဒိယာတွေကို ထုတ်ပြောလေ့ရှိပါတယ်။

ယမန်နေ့က ရွှေပြည်သာ ဗုံးပေါက်ကွဲပြီင်္းနောက်ပိုင်းမှာတော့ စစ်အစိုးရရဲ့ အာရုံဟာ လုံခြုံရေးနဲ့ နိုင်ငံတော်တံခါးကို ပိတ်သည်ထက်ပိတ်ဖို့ အာရုံကျလာပုံပဲလို့ အချို့က သုံးသပ်လာကြပါတယ်။ ကြံဖွတ်ရုံးတွေကို လုံခြုံရေးတွေ ချထားတာတို့၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တပ်မြေ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနယ်မြေတွေမှာ သန်းကောင်စာရင်းစစ်တာ၊ ဧည့်စာရင်း စစ်တာတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကို တွေ့နေရပါတယ်။

တိုင်းပြည်မှာ စစ်အစိုးရရဲ့ မတရားမှုများကြောင့် အထွေထွေအကြပ်အတည်း ကျရောက်နေချိန်မှာ ယခုလို သဘာဝဘေးဒဏ်ကြီးတခုပါ ထပ်ဆင့်ထားတဲ့ကြားထဲ တိုင်းပြည်ကြီး သာယာဝပြောနေဆဲဖြစ်တယ်၊ အားလုံးကို ကျော်ဖြတ်နိုင်တယ်လို့ ကြွေးကြော်နေကြတာကတော့ အာဏာကို လက်မလွှတ်နိုင်တဲ့ လူနည်းစုကလေးကပဲ ဖြစ်တယ်လို့ သတင်းပို့သူတွေက မှတ်ချက်ပေးပါတယ်။

Comments